News

POST TYPE

PERSPECTIVE

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံပွဲ ရွှေ့ဆိုင်း
11-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၁

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တို့တွေ့ဆုံရန် စီစဉ်ထားသည့်အစီအစဉ်ကို ကော်မရှင်ဘက်က ရွှေ့ဆိုင်းလိုက်ကြောင်း မြောက်ပိုင်းသုံးဖွဲ့တွင်ပါဝင်သည့် တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

တအာင်း ပလောင် လက်နက်ကိုင် အဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စသည့် အဖွဲ့များနှင့် ငြိမ်းချမ်းရေကော်မရှင်တို့ ဩဂုတ်လ ၁၁ ရက်တွင် တရုတ်နိုင်ငံတွင်တွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံမှုကို ကော်မရှင်ဘက်မှ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ် ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားသည်။

ငြိမ်းချမ်းရေကော်မရှင်အနေနှင့် အဆိုပါတွေ့ဆုံပွဲကို စီစဉ်ပေးသည့် တရုတ် အာရှရေးရာ ကိုယ်စားလှယ်မှတစ်ဆင့် တွေ့ဆုံပွဲ ရွှေ့ဆိုင်းကြောင်း အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာကြောင့် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ကြောင်းကိုမူ အသိပေးခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါတွေ့ဆုံပွဲ ရွှေ့ဆိုင်းခဲ့မှုနှင့်ပတ်သက်၍ ငြိမ်းချမ်းရေကော်မရှင်တွင် ပါဝင်သူတစ်ဦးကို မေးမြန်းခဲ့သော်လည်း မှတ်ချက်ပေးပြောကြားလိုခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ရက်က တပ်မတော်မှ ထိပ်ပိုင်း ခေါင်းဆောင်များနှင့်မြောက်ပိုင်းအဖွဲ့တွင် ပါဝင်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်ပိုင်းတို့ တရုတ်နိုင်ငံတွင်တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံပွဲ မပြေမလည်ဖြစ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များသည် တရုတ်အစိုးရ၏ကြားဝင် စေ့စပ်ပေးမှုဖြင့် ပြီးခဲ့သည့် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်ခဲ့ပြီး တပ်မတော် ခေါင်းဆောင်အချို့နှင့်လည်း တွေ့ဆုံမှု ရှိခဲ့သည်။

အဆိုပါ သုံးဖွဲ့နှင့်တပ်မတော်တို့ ဆွေးနွေးစဉ်က NCA လက်မှတ်ထိုးရန် အဓိကထား ဆွေးနွေးမှုများ ရှိခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းမီဒီယာများကို ပြောကြားထားသည်။

J-08