News

POST TYPE

PERSPECTIVE

ဥပဒေပြုရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု
11-Aug-2018
ဥပဒေပြုရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါဆုံးသောကဏ္ဍတစ်ခုဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်၏ လုပ်ငန်းတာဝန်များကို ဖွဲ့စည်းပုံဥပဒေဖြင့် သတ်မှတ်ထားပြီးဖြစ်သည်။ ဥပဒေရေးဆွဲရေး၊ ကိုယ်စားပြုရေးနှင့် အပြန်အလှန် ထိန်းကျောင်းရေးတို့ဖြစ်သည်။ ထို့အတူ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အောင်မြင်စေရန် ပြုပြင်ပြောင်းလဲရာတွင် ခိုင်မာသော၊ စွမ်းရည်ပြည့်ဝသော၊ ထိရောက်သော ဥပဒေပြုရေးမဏ္ဍိုင်ရှိရန် လိုအပ်သည်။ လိုအပ်ရသည့်အကြောင်းမှာ ဥပဒေပြုရေးမဏ္ဍိုင်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ မျှော်လင့်ချက်များ၊ စိတ်ကူးများကို စုစည်းခြင်း၊ ပြည်သူလူထု၏ အမြင်သဘောထားနှင့် လိုအပ်ချက်များစုစည်းခြင်းနှင့် အချက်အလက် ကောက်နုတ်စုစည်းခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထု၏ဆန္ဒကို ထင်ဟပ်နေခြင်းဖြစ်သည်။ ဥပဒေပြုရေး မဏ္ဍိုင်သည် ဗျူရိုကရေစီယန္တရား၏ လေးလံထိုင်းမှိုင်းနေမှုအား ကျော်လွှားရာတွင် တွေ့ကြုံရသည့် မူဝါဒဆိုင်ရာ စိန်ခေါ်မှုများ၊ ပြဿနာများဖြေရှင်းရာတွင် စောင့်ကြည့်ထိန်းကျောင်းသည့် အဖွဲ့အစည်း (Oversight Body) အဖြစ် အထောက်အကူဖြစ်စေပါသည်။ 

သို့ဖြစ်ရာ ဥပဒေပြုရေး၏ လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝမှုတွင် ၎င်း၏လုပ်ငန်းများအား ထိရောက်စွာနှင့် အရည်အချင်းပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးသည် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်သည်လည်း အနှောင်အဖွဲ့ကင်းသည့် သို့မဟုတ် ဥပဒေနှင့်အညီ လုပ်ပိုင်နိုင်ခွင့်ရှိသည့် မဏ္ဍိုင်ဖြစ်ရန် လိုအပ်မည်ဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်အနေနှင့် အနှောင်အဖွဲ့မကင်းပါက ဥပဒေပြုရေး၏စွမ်းဆောင်ရည် မည်မျှပင်မြင့်မားစေကာမူ ထိရောက်မှုအားနည်းနေမည်ပြီး ကောင်းမွန်သည့် စီမံအုပ်ချုပ်ရေးဖြစ်ရေးတွင်လည်း ထိရောက်သည့် ထိန်းကျောင်းမှု ပြုလုပ်နိုင်မည် မဟုတ်ချေ။

ဒီမိုကရေစီနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုသည် ဇိမ်ခံရသည့် အရာမဟုတ်သော်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည်။ ဥပဒေပြုရေးသည် ဒီမိုကရေစီစနစ် ပိုမိုထွန်းကားရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု မြှင့်တင်ရေးတွင်လည်း အခရာကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ခံထားရသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သော လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ပြည်သူက ပြည်သူ့အတွက် အုပ်ချုပ်သည့်စနစ် ဖြစ်လာစေရေး တာဝန်ရှိနေပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၎င်းတို့၏ အဓိကတာဝန်ဖြစ်သော ဥပဒေပြုရေး၊ ကိုယ်စားပြုရေးနှင့် အပြန်အလှန်ထိန်းကျောင်းရေးများ ထမ်းဆောင်ရာတွင် ဒီမိုကရေစီနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို မြှင့်တင်ပေးသည့် ဥပဒေများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ အားကောင်းနေစေရေး တက်ကြွစွာထိန်းကျောင်းပေးရန် လိုအပ်ပေမည်။ သို့မှသာ ခိုင်မာသည့် ဒီမိုကရေစီစနစ်နှင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်ပြီး ယင်း၏အကျိုးဆက်ကို ပြည်သူများရရှိမည်ဖြစ်သည်။ ယင်းသည်ပင် ကိုယ်စားပြုရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြစ်ပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ခြင်းဖြစ်ပေသည်။

အာဖရိက၏ စနစ်အပြောင်းအလဲတွင် ဒီမိုကရေစီခိုင်မာစေရန်နှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် မြှင့်တင်ရန်အတွက် ဥပဒေပြုရေးကဏ္ဍ၏ ကိုယ်စားပြုရေးနှင့် အပြန်အလှန် ထိန်းကျောင်းရေးတာဝန်များကို ပြန်လည်ဆန်းစစ်ပြင်ဆင်ခဲ့သည်ကို တွေ့ရသည်။ ပိုမိုကောင်းမွန်သည့် ပြည်သူ့ဝန်ဆောင်မှုများ၊ တာဝန်ယူမှုများ၊ သတင်းအချက်ရယူခြင်းများ၊ ပြည်သူများ ပိုမိုပူးပေါင်းပါဝင်လာစေခြင်းများ စသည့် လူထု၏လိုအပ်ချက်များကို ဥပဒေပြုရေး၏ အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် တုံ့ပြန်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းချက်အဖြစ် မြင်ရသည်။

မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် ပြည်သူလူထုသည် မျှော်လင့်ချက်ကြီးများစွာဖြင့် ရွေးကောက်ပွဲများကို မဲပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ယနေ့အထိ အစိုးရနှစ်ရပ်၊ လွှတ်တော်နှစ်ရပ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ပြောင်းလဲခဲ့သောအချိန်ပမာဏ၊ ပြောင်းလဲခဲ့သည့်အစိုးရနှစ်ရပ်၊ ပြောင်းလဲခဲ့သည့် လွှတ်တော်နှစ်ရပ်၊ ပြည်သူများ၏မျှော်လင့်ချက်၊ လက်ရှိအခြေအနေတို့ကို ပြန်လည်ဆန်းစစ်ပြီး လွှတ်တော်၏တာဝန်များ ထိရောက်ရေးကို အလေးထား တည်ဆောက်ရန် လိုအပ်ပေမည်။ မြန်မာ့နိုင်ငံရေးစနစ်အပြောင်းအလဲကို ပြည်သူများ များစွာမျှော်လင့်ခဲ့ကြသည်။ မတူညီသော စနစ်အကူးအပြောင်းကာလအတွင်း ပြည်သူများ၏မျှော်လင့်ချက် မြင့်မားတတ်သည်မှာ သဘာဝပင်ဖြစ်သည်။ ထိုသို့ မြင့်မားနေသည့်မျှော်လင့်ချက်နှင့် ဖြည့်ဆည်းပေးနိုင်မှုအချိုးသည် အနာဂတ်အတွက် မျှော်လင့်ချက်ဟု ဆိုရမည်။ ပြည်သူများ၏မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ရေးတာဝန်သည် ပြည်သူများရွေးချယ်လိုက်သည့် လွှတ်တော်က ထင်ဟပ်ရန်လိုပေသည်။ 

ထိုမျှော်လင့်ချက် ဖြည့်ဆည်းပေးရေးတွင် စိန်ခေါ်မှုများလည်း ရှိနေတတ်သည်။ ဥပဒေပြုရေး အခြေမခိုင်သေးခြင်း၊ တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် လိုအပ်ချက်၊ ဥပဒေများ၏ကန့်သတ်ချက်၊ ခေါင်းဆောင်နိုင်မှု၊ လွတ်လပ်စွာရပ်တည်နိုင်မှုတို့ ပါဝင်သည်။ ထို့အပြင် လွှတ်တော်၏ အဓိကရည်မှန်းချက်သည် နိုင်ငံတော်၏ အကျိုးစီးပွား၊ ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်ဦးတည်နိုင်ရန်အတွက် လွှတ်တော်၏မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ခိုင်မာစေရေး၊ လွှတ်တော်ဝန်ထမ်းများ စွမ်းရည်ပြည့်ဝရေး၊ ကိုယ်စားလှယ်များ စွမ်းရည်ပြည့်ဝရေး လိုအပ်ပေမည်။ မြန်မာနိုင်ငံ ဥပဒေပြုရေး ခိုင်မာအားကောင်းစေရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းအသီးသီး၏ အကြံပြုတိုက်တွန်းချက်များ၊ ဆန်းစစ်အကဲဖြတ်ချက်များလည်း တွေ့ရသည်။ ယင်းလိုအပ်ချက်များကို ယခုလိုစတင်အားယူဆဲကာလမှာ ပြင်ဆင်နိုင်မည်ဆိုလျှင် ပြည်သူများ၏ မျှော်လင့်ချက်များကို ဥပဒေပြုရေးမှ ထိရောက်စွာ တုံ့ပြန်နိုင်မည်ဖြစ်သည်။ ထို့အပြင် ဆုံးဖြတ်ချက်များချမှတ်ရာတွင် လွှတ်တော်မှတစ်ဆင့် ပြည်သူများ တက်တက်ကြွကြွ၊ ထိထိရောက် ရောက်ပါဝင်စေခြင်းဖြင့် လွှတ်တော်၏ ကိုယ်စားပြုရေးတာဝန်ကို အားကောင်းစေနိုင်မည်ဖြစ်ပြီး အုပ်ချုပ်ရေး၏ လိုအပ်ချက်များကို ထိန်းညှိနိုင်မည်ဖြစ်သည်။

လတ်တလောအခြေအနေများတွင် အုပ်ချုပ်ရေးစနစ်သည် ယခင်စနစ်ဟောင်း၏ အမူအကျင့်၊ စိတ်ဓာတ်၊ သဘောထား၊ လုပ်ထုံးလုပ်နည်းများအတိုင်း ရှိနေဆဲဟု ဆိုရပေမည်။ ပြည်သူလူထု၏ အကျိုးစီးပွားထက် အထက်အဆင့်ဆင့်၏ လိုလားချက်၊ ဆန္ဒ၊ အကျိုးစီးပွားများကိုသာ ထင်ဟပ်နေဆဲဖြစ်သည်။ နောက်ဆက်တွဲအနေနှင့် ဗဟိုဦးစီးစနစ်ကြီးမားခြင်း၊ လုပ်ငန်းနှေးကွေးခြင်း၊ အချိန်ကြန့်ကြာခြင်း၊ အဂတိလိုက်စားမှုဖြစ်ပေါ်စေခြင်း၊ လူ့စွမ်းအားအရင်းအမြစ်အားဖြင့်ဖြစ်စေ၊ လုပ်ငန်းအကောင်အထည်ဖော်မှု အားဖြင့်ဖြစ်စေ စွမ်းဆောင်ရည်နိမ့်ကျလာခြင်း စသည့် အားနည်းချက်များကို ပြင်ဆင်ရန် ခက်ခဲနေဆဲပင်။ အုပ်ချုပ်ရေးစနစ်၏ အားနည်းချက်များကို ပြုပြင်ရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ပြုပြင်ခြင်းများရှိသလို ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့သာမက မီဒီယာဖြစ်သည့် စတုတ္ထမဏ္ဍိုင်တို့၏ ဥပဒေနှင့်အညီ ထိန်းကျောင်းခြင်းများ လိုအပ်နေပါသည်။ ဒီမိုကရေ စနစ်မခိုင်မာသေးသည့် အကူးအပြောင်းအချိန်တွင် စနစ်သစ်၏ အယူအဆ၊ သဘောထား၊ အကျင့်စရိုက်များနှင့် အသားမကျသေးမီ ကိုယ်ပိုင်အသိတရား၊ ကျင့်ဝတ်ဖြင့် ပြုပြင်ရခြင်းထက် ဥပဒေဖြင့် ထိန်းကျောင်းခြင်းများလည်း အထူးလိုအပ်နေပါသည်။

ထို့အတူ အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်များပြုပြင်ရေးတွင် လူသားအရင်းအမြစ်စွမ်းရည် မြှင့်တင်ပေးရေးသာမက စနစ်သစ်နှင့် မကိုက်ညီတော့သည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကိုလည်း ပြန်လည် စိစစ်ပြင်ဆင်ပြဋ္ဌာန်းပေးရန် ဥပဒေပြုရေးမဏ္ဍိုင်တွင် တာဝန်ရှိနေပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အဂတိလိုက်စားသူကို ဥပဒေအရ အပြစ်ပေးအရေးယူခြင်းဖြင့် အဂတိလိုက်စားမှု ပျောက်သွားမည်ဟု တရားသေဆိုရန် ခက်ခဲပေမည်။ အချို့သော တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများသည် အဂတိလိုက်စားမှုဖြစ်စေရန် အားပေးထားသကဲ့သို့ တစ်ဦးတစ်ယောက်တည်းကိုသာ လုပ်ပိုင်ခွင့်များ စွာပေးထားခြင်း၊ အပြန်အလှန် ထိန်းညှိမှုမရှိခြင်းတို့ ရှိနေဆဲဖြစ်သည်။ သို့ဖြစ်ရာ အားနည်းချက်များကို ပြုပြင်ပြောင်းလဲရာတွင် အပေါ်ယံပြုပြင်ခြင်းသာမက ပြဿနာ၏ အရင်းအမြစ်ကိုပြုပြင်မှသာ ရေရှည်ခိုင်မာသည့် စနစ်ကောင်းတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ကောင်းမွန်သောစီမံအုပ်ချုပ်မှုဖြစ်ရေး ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်အများစုသည် ဥပဒေပြုရေးဖြစ်သည့် လွှတ်တော်၏ တာဝန်သုံးရပ်နှင့် ဆက်နွှယ်ပတ်သက်နေပါသည်။ ကောင်းမွန်သည့်စီမံအုပ်ချုပ်မှုရှိမှသာ ပြည်သူများ၏လိုလားချက်များကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ယင်းတာဝန်သည်ပင် ဥပဒေပြုရေး၏ တာဝန်၊ ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်နေပါသည်။ 

သိန်းထွန်း (IR)