News

POST TYPE

PERSPECTIVE

တတိယမဏ္ဍိုင် အရွဲ့အစောင်း အပြိုအလဲနှင့် ဟန်ချက်ထိန်းခြင်း အနုပညာ
07-Aug-2018
၁။

ဟာသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခြင်းဟာ မြန်မာတစ်ပြည်လုံးကို အုန်းအုန်းကျွက်ကျွက် ပွက်လောညံ ဂယက်ထစေခဲ့တယ်။ နဂိုအခြေအနေက ယိုင်နဲ့နဲ့ ရွဲ့စောင်းနေပြီလို့ လူပြောသူပြောများလှတဲ့ တရားစီရင် ရေးမဏ္ဍိုင်ကြီးဟာ လေတစ်ချက်ပြင်းပြင်းအဝေ့မှာ ဗုန်းခနဲပြိုလဲသွားတဲ့ သစ်ခြောက်ပင်အိုကြီးလိုပဲ ဗုန်းဗုန်းလဲကျပြီး အများပြည်သူ တံတွေးကွက်ထဲ ပက်လက်မျော မှောက်ခုံမျော မျောခဲ့ရလေရဲ့။ တရားစီရင်ရေးသမိုင်းမှာ မကြုံဖူး မကြားဖူးသေးတဲ့ တုန်လှုပ်ချောက်ချားဖွယ် တရားရုံးအမိန့်ကြောင့် နိုင်ငံအကြီးအကဲ သမ္မတကြီးတောင် မနေသာတော့ဘဲ ကိုယ်ထင်ပြပြီး ဝင်ရောက်ထိန်းညှိပေးလိုက်ရတဲ့အထိ ရုပ်ပျက်ဆင်းပျက် ပုံပျက်ပန်းပျက်နိုင်လှတဲ့ အမှုရယ်လို့ ပြောစမှတ်တွင်စေခဲ့တယ်။ အောင်ရဲထွေးသေဆုံးမှုမှာ စွပ်စွဲခံရသူ သံသယတရားခံ ၃ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ စွဲဆိုတင်ပို့ပြီး တရားရုံးက ကြားနာစစ်ဆေးနေဆဲအဆင့်မှာပဲ အမှုတိုင်ကြားသူ အောင်ရဲထွေးရဲ့အစ်ကိုက အမှုရုပ်သိမ်းလွှာတင်ခဲ့လို့ ဥပဒေရုံးအဆင့်ဆင့်က ထပ်မံစိစစ် အတည်ပြု တင်ပြလာတဲ့အတွက် အမှုစစ်တရားသူကြီးက လက်ခံခဲ့ပြီး ဇူလိုင် ၂၅ ရက်နေ့မှာ အမှုကို ရုပ်သိမ်းပေးလိုက်တာပါ။ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ဘက်က ဒီအမှုရုပ်သိမ်းလွှာကို စာနဲ့ ပေနဲ့ တရားဝင် ကန့်ကွက်ထားတဲ့အထဲကပဲ အမှုစစ်တရားသူကြီးက အငြင်းပွားဖွယ်စီရင်ချက်နဲ့ ဒီအမိန့်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

မြန်မာ့တရားစီရင်ရေးသမိုင်းမှာ ရာဇသတ်ကြီးဥပဒေကိုပြဋ္ဌာန်း ခဲ့တဲ့ ၁-၅-၁၈၆၁ နေ့ကနေ ၂၅-၇-၂၀၁၈ အထိ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့တဲ့ တုန်လှုပ်ချောက်ချားဖွယ် ဒီအမိန့်ကြောင့် ပြည်သူလူထုအများ အံ့ဩမှင်တက်ခဲ့ကြရတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင် တွဲဖက်တရားသူကြီး ဦးအောင်ကြည်က လက်မှတ်ရေးထိုးပြီး ချမှတ်ခဲ့တဲ့အမိန့်ပါ။

၂။

ဒီအံ့အားသင့်ဖွယ်အမိန့်ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ဂယက်တွေကဖြင့် ကြီးမားပြင်းထန်လွန်းလှပါပေရဲ့။ ဥပဒေပညာရှင်တွေ၊ ရှေ့နေရှေ့ရပ်တွေ၊ သတင်းမီဒီယာတွေ၊ ပြည်သူတွေက ဒီအမိန့်ကို လက်မခံနိုင်ကြောင်း၊ ကန့်ကွက်ကြောင်း၊ ပြင်ဆင်ကုစားမှုတွေ ချက်ချင်းဆောင် ရွက်သင့်တဲ့အကြောင်း ကျယ်ကျယ်လောင်လောင် တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။ ဒါလည်း မြန်မာ့တရားစီရင်ရေးသမိုင်းမှာ မကြားခဲ့ဖူးသေးတဲ့ အံ့ဩစရာဖြစ်ရပ်ဆန်းပါပဲ။

ပိုပြီးအံ့အားသင့်ဖွယ်ကောင်းပြန်တာက အမှုစစ်တရားသူကြီးရဲ့ အငြင်းပွားဖွယ်အမိန့်ကို ပြင်ဆင်ကုစားတည့်မတ်ပေးဖို့ တာဝန်ရှိတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်ကရော၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စု ရှေ့နေချုပ်ကရော တုတ်တုတ်မျှမလှုပ်ဘဲ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အလေးမထားဘဲ လျစ်လျူရှုနေခဲ့ကြတာပါပဲ။ “ဆိတ်ဆိတ်နေဝန်ခံ” ဆို သလို အမှုစစ်တရားသူကြီးရဲ့အမိန့်က မှန်တယ်လို့ အသံတိတ် အတည်ပြုပေးလိုက်ကြတာလို့ ဆိုနိုင်ပါတယ်။ ဒီအမိန့်ကိုသာ ဒီအတိုင်းပဲ ဘယ်အခွင့် အာဏာပိုင်သူတွေကမှ ပြုပြင်မှု၊ ကုစားမှု၊ တည့်မတ်ထိန်းကျောင်းမှုမပြုခဲ့ကြရင် ဒီအမိန့်ဟာ မြန်မာ့တရားရေးလောကကို အစဉ်အလာဆိုးကြီး တစ်ခုအနေနဲ့ အမည်းစက်အကြီးကြီး စွန်းထင်ကျန်ရစ်စေတော့မယ့် အခြေအနေပါ။

သိပ်တုန်လှုပ်စရာကောင်းပါတယ်။ သိပ်ထိတ်လန့်ချောက်ချားဖို့ ကောင်းပါတယ်။ ဒါကိုမြင်တဲ့ဥပဒေပညာရှင်ဖြစ်သူ သမ္မတကြီးက နိုင်ငံတော်အကြီးအကဲ (The Head of the Union) အနေနဲ့ ဝင်ရောက်ထိန်းညှိပေးခဲ့ရတာပါ။

အငြင်းပွားဖွယ် ဒီအမှုကို ရာဇဝတ်ပြင်ဆင်မှု ဖွင့်လှစ်စေပြီး အထက် တရားရုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ပြန်လည်ကြားနာတည့်မတ်ပေးဖို့ ဖြစ်ပါတယ်။ သိကြတဲ့အတိုင်းပါပဲ။ လွှတ်ပေးလိုက်တဲ့ သံသယတရားခံတွေကို ပြန်လည်ဖမ်းဆီးပြီး တရားရုံးရှေ့ ပို့ဆောင်ပေးဖို့ ရဲတပ်ဖွဲ့ဘက်က အလုပ်လုပ်နေကြပြီဖြစ်သလို ဒီအငြင်းပွားဖွယ် အမိန့်၊ စီရင်ချက်ရဲ့နောက်ကွယ်က အဂတိဇာတ်လမ်းတွေကို ဖော်ထုတ်ဖို့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တာဝန်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါလည်း မြန်မာ့တရားရေးသမိုင်းမှာ မကြုံစဖူး မြန်ဆန်လွန်းတဲ့ လျှပ်စီးလက်သလို ကုစားမှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တာပါပဲ။

၃။

အမှုကို ပြန်လည်ကြားနာစစ်ဆေးပြီး တည့်မတ်ပေးနိုင်ဖို့ တရားရေးဆိုင်ရာအလုပ်တွေ စတင်နေတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ သတင်းမီဒီယာနဲ့ ပြည်သူ့ဘက်က မေးခွန်းကြီးနှစ်ခုရဲ့အသံက ဟိန်းထွက်လာပါတယ်။

သမ္မတက တရားစီရင်ရေးမဏ္ဍိုင်ကို ဝင်ပြီးစွက်ဖက်ခွင့်ရှိသလား။

ဒီလိုရာဇဝတ်ပြင်ဆင်မှုဖွင့်ပြီး တည့်မတ်ကုစားပေးတာကရော ဥပဒေနဲ့ ညီညွတ်ရဲ့လား။

တော်ချက်ကဖြင့် ဩချလောက်ပါရဲ့။ မြန်မာပြည်သူတွေ မခေကြတော့ပါဘူး။

ဒီမေးခွန်းနှစ်ခုဟာ ကြောင်းကျိုးဆက်စပ်မှုရှိနေသလို ရုတ်တရက် ပြိုကျသွားတဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်ရာမှာ အခရာကျလွန်းတဲ့ သော့ချက်အကြောင်းခြင်းရာတွေ ဖြစ်နေလို့ပါပဲ။

၄။

ခရိုင်တရားရုံးရဲ့အမိန့်ကို သူ့အထက်တရားရုံးဖြစ်တဲ့ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်က ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၃၈၊ ၃၉ တို့နဲ့အညီ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာ ရှိပါတယ်။ ပြင်ဆင်ပုံနည်းလမ်းကဖြင့် မတူပါဘူး။

တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်က ဘယ်သူ့ရဲ့ လျှောက် ထားတင်ပြမှုကြောင့်မှ မဟုတ်ဘဲ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ ထင်မြင်ယူဆတဲ့အမိန့်များကို တည့်မတ်ပြင်ဆင်ဖို့ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်တဲ့နည်းလမ်းနဲ့ နစ်နာသူ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားလာလို့ လက်ခံကြားနာ စစ်ဆေးပေးခြင်း နည်းလမ်းရယ်လို့ နှစ်ခုရှိပါတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ပုဒ်မ ၄၃၅ မှာ အောက် တရားရုံးရဲ့အမှုတွဲများကို တောင်းခေါ်နိုင်ခွင့်အာဏာကို ပြဋ္ဌာန်းထားပြီး ပုဒ်မ ၄၃၆ မှာ စုံစမ်းစစ်ဆေးရန် အမိန့်ချမှတ်နိုင်ခွင့်အာဏာကို ပြဋ္ဌာန်းထားပါတယ်။

မိမိရဲ့စီရင်ပိုင်ခွင့်အာဏာနယ်မြေအတွင်းရှိ လက်အောက်ရာဇဝတ် တရားရုံးတစ်ရုံးရုံးက မှတ်တမ်းတင်သော သို့မဟုတ် ချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်၊ သို့မဟုတ်၊ အမိန့်မှန်မမှန်၊ ဥပဒေနဲ့ညီမညီ၊ သင့်မြတ်ခြင်း ရှိမရှိ ဒါ့အပြင် လက်အောက်တရားရုံးရဲ့ မှုခင်းဆောင်ရွက်ချက်ဟာ နည်းလမ်းကျမကျသိရှိဖို့ ခေါ်ယူစိစစ်နိုင်တဲ့ အခွင့်အာဏာနဲ့ အမှုမှတ်တမ်းတစ်ခုခုကို ပုဒ်မ ၄၃၅ အရ ကြည့်ရှုစစ်ဆေးပြီးတဲ့အခါ ခရိုင်ရာဇဝတ်တရားသူကြီးကိုယ်တိုင်၊ သို့မဟုတ် သူ့လက်အောက်က ရာဇဝတ်တရားသူကြီး တစ်ဦးဦးကို ထပ်မံစုံစမ်းစစ်ဆေးဖို့ ညွှန်ကြားစေနိုင်တဲ့ အခွင့်အာဏာတွေကို အပြည့်အဝ ပြဋ္ဌာန်းသတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။

အောင်ရဲထွေးအမှုမှာ တိုင်ကြားသူက အမှုရုပ်သိမ်းလွှာတင်တာကို တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့က ကန့်ကွက်တယ်၊ တိုင်းဥပဒေချုပ်အပါအဝင် ဥပဒေရုံးအဆင့်ဆင့်က ထောက်ခံတင်ပြတယ်။ ဒီဥပဒေပဋိပက္ခကြီး ထင်ထင်ရှားရှားရှိနေပါလျက် ရန်ကုန်တရားလွှတ်တော်ချုပ်က ဘာကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၃၅ နဲ့ ၄၃၆ တို့အရ သုံးစွဲပိုင်ခွင့်ရှိတဲ့ အခွင့်အာဏာတွေကို မကျင့်သုံးခဲ့တာလဲ။ ရဲတပ်ဖွဲ့ရဲ့ တရားဝင်ကန့်ကွက်စာကို ၁၉-၃-၁၈ နေ့မှာတင်ပြခဲ့တာဖြစ်ပြီး ရန်ကုန်ဥပဒေချုပ်ရဲ့ ထောက်ခံစာက ၇-၇-၂၀၁၈ မှာ ပေးပို့ခဲ့တာဖြစ်တယ်။ အမှုစစ်တရားသူကြီးက အမှုရုပ်သိမ်းဖို့အမိန့်ကို ၂၅-၇-၁၈ မှာ ချခဲ့တာဖြစ်တယ်။ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံးတို့ရဲ့ ကွဲလွဲတဲ့တင်ပြချက်တွေအပေါ် ရန်ကုန်တရားလွှတ်တော်နဲ့ အမှုစစ်တရားသူကြီးက ဥပဒေနဲ့အညီသုံးသပ်ခြင်း၊ ဆင်ခြင်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းမပြုခဲ့ကြဘူးဆိုတာ ထင်ရှားပါတယ်။ အမှုရုပ်သိမ်းတဲ့အမိန့်ချ မှတ်ပြီးတဲ့နောက်လည်း ၂၉-၇-၂၀၁၈ မှာ သမ္မတကြီးက တည့်မတ်ထိန်း ကျောင်းပေးတဲ့အချိန်အထိ ရန်ကုန်တရားလွှတ်တော်က သူ့အလုပ်သူမလုပ်ဘဲ တာဝန်မဲ့စွာ လျစ်လျူရှုထားခဲ့တာလည်း ထင်ရှားနေပါတယ်။

အလားတူပဲ ရှေ့နေချုပ်ရုံးဥပဒေ၊ ပုဒ်မ ၁၂၇ အရ ရှေ့နေချုပ်ဟာ သူ့လက်အောက်ဥပဒေရုံးက ရုပ်သိမ်းခြင်းမပြုသင့်တဲ့အမှုကို ရုပ်သိမ်းခြင်းပြုရန် လျှောက်ထားတဲ့အတွက် အမှုစစ်တရားရုံးက အမှုကို ရုပ်သိမ်းခွင့်ပြုလိုက်တဲ့အခါ ဒီတိမ်းစောင်းမှုကို တည့်မတ်ပြင်ဆင်ဖို့ အခွင့်အာဏာကို တိတိကျကျ ပြဋ္ဌာန်းပေးထားပါလျက် ၂၉-၇-၂၀၁၈ မှာ သမ္မတကြီးက ပြောတဲ့အချိန်အထိ ဘယ်လိုအရေးယူဆောင်ရွက်မှုမှမလုပ်ဘဲ ငုတ်တုတ်ထိုင်ကြည့်နေခဲ့တာဟာ သိသာပေါ်လွင်လွန်းပါတယ်။ သမ္မတကြီးက တည့်မတ်ထိန်းကျောင်းဖို့ ခေါ်ယူပြောဆိုမှပဲ ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ပုဒ်မ ၃၉၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၃၉ တို့အရ ရာဇဝတ်ပြင်ဆင်မှုဖွင့်ဖို့ ဆောင်ရွက်ခဲ့ကြတာဟာဖြင့် အများပြည်သူသိကြတဲ့အတိုင်းပါပဲ။ အဲဒီတော့ရင် တရားရေးဘက်ဆိုင်ရာတွေက ကိုယ့်အလုပ် ကိုယ့်တာဝန်ကို မလုပ်ကြလို့ သမ္မတကြီးက နိုင်ငံအကြီးအကဲအနေနဲ့ တည့်မတ်ထိန်းကျောင်းပေးခဲ့ရတာလား။ သမ္မတကပဲ တရားစီရင်ရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်တာလား။ ကိုယ့်ဆင်ခြင်တုံတရားနဲ့ကိုယ် အဖြေရှာကြဖို့ပါပဲ။

၅။

၂၀၁၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက် လွှမ်းမိုးခြယ်လှယ်လို့မရပါဘူး။ သို့သော်လည်း အပြန် အလှန်ထိန်းကျောင်းခွင့်ရှိပါတယ်။ အထူးသဖြင့် နိုင်ငံတော်သမ္မတတစ်ဦးဟာ မဏ္ဍိုင်သုံးရပ်စလုံးကို တည့်မတ်ထိန်းကျောင်းပေးဖို့ အခွင့်အာဏာ အပြည့်အဝရှိပါတယ်။

၂၀၁၈ အခြေခံဥပဒေ ပုဒ်မ ၁၆ မှာ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတော်အကြီးအကဲ (The Head of the Union) ဆိုတာ မဏ္ဍိုင်သုံးရပ်လုံးကို ထိန်းကျောင်းပေးနိုင်တဲ့ အခွင့်အာဏာအပ်နှင်းခြင်းခံရသူပါ။ အခြေခံဥပဒေပုဒ်မ ၁၁ (က)မှာ နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်လို့ ပြဋ္ဌာန်းထားပါတယ်။ တတ်နိုင်သမျှဆိုတဲ့ (to the extent possible)  ခြွင်းချက်စကားလုံးလေးက အရာကျယ်လှပါပေတယ်။ 

ဆိုတော့ ... သမ္မတကြီးရဲ့ဆောင်ရွက်ချက်သည် ဥပဒေနဲ့အညီဖြစ် တယ်ဆိုတာ သဘောပါကြပြီ ထင်ပါရဲ့။

၆။

အောင်ရဲထွေးရဲ့ သေဆုံးခြင်းဟာ အကျိုးမဲ့ အချည်းနှီးတော့ မဖြစ်ခဲ့ပါဘူး။

တရားရေးမဏ္ဍိုင်အရွဲ့အစောင်း၊ အပြိုအလဲမှာ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတရဲ့ ဟန်ချက်ထိန်းခြင်းအနုပညာကို ပြည်သူအများ မျက်ဝါးထင်ထင် ရှုစားခွင့်ရခဲ့ကြကြောင်းပါ။

ဇေယျမင်းသျှင်