News

POST TYPE

PERSPECTIVE

ကျိုက်မရောနှင့် သထုံတွင် ရေကြီး၍ လေးဦးသေဆုံး၊ လူသုံးသောင်းကျော် ရေဘေးသင့်


မော်လမြိုင်၊ ဩဂုတ် ၎

မွန်ပြည်နယ် သထုံနှင့် ကျိုက်မရောမြို့နယ်တွင် ဩဂုတ်လ၁ရက်မှစ၍ ၄ ရက်အထိ ရေကြီးမှုကြောင့် လူလေးဦး သေဆုံးပြီး လူသုံးသောင်းကျော် ရေဘေးသင့်နေကြောင်း ယင်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။ 

ကျိုက်မရောမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ ရေများဝင်ရောက်ခဲ့ရာ ဩဂုတ်လ ၄ ရက်အထိ အနည်းငယ်ကျဆင်းကြောင်း၊ အဆိုပါရေကြီးမှုကြောင့် ဩဂုတ် လ ၂ ရက်က အသက် ၆၀ ကျော် ဇနီးမောင်နှံနှစ်ဦး လှေမြုပ်သေဆုံးခဲ့ပြီး ဩဂုတ်လ ၃ ရက်ကလည်း အမျိုးသားတစ်ဦး လှေပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။ 

အလားတူ သထုံမြို့နယ်တွင် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများအတွက် တစ်ဦးလျှင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ကျပ်သုံးသိန်းနှုန်း၊ မြို့နယ်သဘာဝဘေးအန္တရာယ် တားဆီးရေးကော်မတီမှ တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ထောက်ပံ့ခဲ့သည်။

ကျိုက်မရောမြို့နယ်ရှိ ရှင်စောပု (၁) ရပ်ကွက်၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃) နှင့် ရန်မျိုးအောင် ရပ်ကွက် (၄) နှင့် ရပ်ကွက် (၅) တို့အပြင် ကော့ဝမ်းကျေးရွာ၊ ကွမ်းငမ်းကျေးရွာ၊ နှီတုံကျေးရွာ၊ ငါးပြင်မကျေးရွာ၊ ဦးလေးကျေးရွာ၊ ဖာသိမ်း (ကမ်းနား) စသော ကျေးရွာအုပ်စုပေါင်း ၂၃ အုပ်စု ရေဝင်ရောက်ခဲ့ပြီး ရေဘေးသင့်သူ နှစ်သောင်း လေးထောင်ကျော်ရှိကြောင်း၊ ရွှေပြောင်းလုပ်သား ၇၇၀ ဦးအတွက် ကယ်ဆယ်ရေး စခန်း ၄ ခု ဖွင့်လှစ်ထားကြောင်း ကျိုက်မရော လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောသည်။ 

“ရေက ၁ ပေ ၂ ပေလောက်တော့ ကျသွားပြီ၊ နိမ့်တဲ့နေရာမှာတော့ ရေက လူတစ်ရပ်စာလောက်ရှိသေးတယ်၊ မြင့်တဲ့နေရာကတော့ ရေ ၂ ပေလောက်ထိ ရှိနေသေးတယ်၊ တစ်ချို့ဆိုရင် အိမ်မြှုပ်တာ တွေရှိတယ်”ဟု ကျိုက်မရောမြို့နယ် နှီတုံကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ 

သထုံမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ခန့် ရေလွှမ်းနေပြီး ရေဘေးသင့်သူ တစ်သောင်းခွဲရှိကြောင်း၊ ရေဘေးသင့် ကျေးရွာများတွင် သောက်ရေတွင်း တစ်ထောင်ကျော် ရေမြုပ်နေသဖြင့် သောက်သုံးရေ သန့်ရှင်းမှုရှိစေရန် အဓိကထား လုပ်ဆောင်နေရကြောင်း၊ ရေဘေးသင့်သူများ ဝမ်းရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဆိုင်ရာ စောက်ရှောက်မှုကို သထုံမြို့နယ်မြို့နယ် ဆေးရုံကြီးမှ ဆရာဝန်ကြီးနှင့် သူနာပြုဆရာမတို့က ကျေးရွာတိုင်းတွင် အလှည့်ကျသွားရောက်ကာ စစ်ဆေးပေးနေကြောင်း သထုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။ 

“ရေက မစိုသလောက်လေးကျတယ်၊ လုံးဝမြုပ်သွားတဲ့ရွာကတော့ အနည်းအကျဉ်းရှိတယ်၊ ရေဝင်ပြီး သွားလာလို့ မရတာတွေကများတယ်၊ ကယ်ဆယ်ရေး စခန်းတော့ မဖွင့်ထားဘူး သူတို့ကျေးရွာ ကိုယ်စီမှာပဲ သူတို့နေကြတယ်၊ မိုးကလည်း ဆက်နေတယ် နောက် ၂ ရက်နေလို့ ရေထရက်နဲ့ ထပ်ဆုံရင် ဒီရွာတွေက ရေထပ်တိုးဖို့ပဲရှိမယ်”ဟု ၎င်းက ဆိုသည်။ 

ရေဘေးသင့်သူများအတွက် လိုအပ်သည့် စာနပ်ရိက္ခာများကို သက်ဆိုင်ရာ မြို့နယ်တို့တွင် ရေဘေးသင့် ကူညီမှုကွပ်ကဲရေးရုံများမှတဆင့် ကူညီထောက်ပံ့ပေးနေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ 

R-21