News

POST TYPE

PERSPECTIVE

ကုမ္ပဏီဥပဒေအသစ် တကယ်အလုပ်ဖြစ်ပါ့မလား
“မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအသစ်ကတော့ အခုဩဂုတ်လ ၁ ရက်နေ့ကစပြီး အာဏာတည်လို့ စတင်ကိုင်တွယ်ကျင့်သုံးခြင်းနဲ့အတူ ပြည်တွင်းပြည်ပက ကုမ္ပဏီတွေ အသီးသီးမှတ်ပုံတင်ကြ၊ ကုမ္ပဏီဆိုင်ရာလုပ်ငန်းတွေ ဆက်လုပ်ကြပါတော့မယ်။ ဒီဥပဒေကို လွန်ခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာ ၆ ရက်မှာ ပြည်ထောင်စု လွှတ်တော်က ဥပဒေအမှတ် ၂၉ နဲ့ ပြဋ္ဌာန်းခဲ့တယ်ဆိုပေမယ့်လည်း ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ အာဏာစတည်မယ့်ရက်ကို နိုင်ငံတော်သမ္မတက ကြေညာပေးရမယ်လို့ဆိုတဲ့အတွက် ဇွန်လ၂၁ ရက် နေ့မှာ ကြေညာခဲ့တာဖြစ်ပြီး အဲ့ရက်ဝန်းကျင်တုန်းကလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌသစ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းနဲ့ စီမံဘဏ္ဍာက ဒုဝန်ကြီးဦးဆက်အောင်တို့ကိုပါ အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းခဲ့တာကိုလည်း အားလုံးသိကြပြီးဖြစ်မှာပါ။ ဒါနဲ့ပတ်သက်လို့ ဇွန်လ ၁၅ ရက်နေ့ကလည်း ရန်ကုန် Melia Hotel မှာ ဩစတြေးလျ၊ USA၊ UK နဲ့ EU တို့က ကုန်သည်ကြီးများအသင်း ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံပြီးြှုဃ ရဲ့ လုပ်ငန်းစဉ်တွေ ပိုပြီးမြန်မြန် ဆန်ဆန်ဖြစ်အောင် ဆောင်ရွက်သွားတဲ့အတွက် ကန့်သတ်ချက်အနည်းဆုံး ဖြစ်စေဖို့ မလိုအပ်တဲ့အဆင့်တွေကို လျှော့ချပြီး ပြည်ပကရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခွင့်ပြုသွားဖို့ ဆွေးနွေးခဲ့တာ တွေ့ခဲ့ရပါတယ်။

အမှန်တော့ တိုင်းပြည်ရဲ့အနာဂတ်စီးပွားရေး တိုးတက်ဖို့ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် အဓိကအရေးကြီးဆုံးဖြစ်လာတဲ့ ဒီဥပဒေကို လွန်ခဲ့တဲ့အစိုးရလက်ထက် သုံးနှစ်လောက်ကတည်းက ဆွဲခဲ့တာဖြစ်ပြီး အရင်ကတော့ ၁၉၁၄ ခုနှစ်က ဥပဒေအဟောင်းနဲ့ပဲ လုပ်ကိုင်ခဲ့ရတဲ့အခြေအနေပါ။ နိုင်ငံခြားသားက သူ့ကုမ္ပဏီရှယ်ယာ တိုးတာ၊ လျော့တာ၊ အမည်ပြောင်းတာကအစ တရားရုံးသွားရတာ၊ ခွင့်ပြု ချက်တင်ရတာတွေရှိခဲ့တဲ့ကြားမှာ နှစ်ပေါင်း ၁၀၀ လောက် ခေတ်နဲ့ညီ အောင် Upgrade လုပ်ပြီးမပြင် မကျင့်သုံးနိုင်ခဲ့တာမို့ ပြည်တွင်းရော ပြည်ပက ကုမ္ပဏီထောင်ပြီး လုပ်ကိုင်ကြမယ့်သူတွေအတွက် အခက်အခဲတွေ ဖြစ်ကာ နိုင်ငံ့စီးပွားရေး ဦးမမော့နိုင်ခဲ့ဘဲ နိုင်ငံတကာထက်နောက်ကျခဲ့ တာအားလုံး သိကြပြီးဖြစ်မှာပါ။ ဒါပေမဲ့လည်း ဒီလိုခေတ်စနစ်နဲ့မညီတဲ့ ဥပဒေကိုပဲ လက်တစ်လုံးခြားလုပ်ပြီး အဖေက ကုမ္ပဏီတစ်ခု၊ သမီးက တစ်ခု၊ အဖေရဲ့ကုမ္ပဏီမှာ သားကမန်နေဂျင်းဒါရိုက်တာလုပ် စတဲ့စနစ်တကျမှတ်ပုံမတင်ထားတဲ့အဖြစ်တွေ အကြားမှာ လွန်ခဲ့တဲ့ကာလတွေမှာ ကုမ္ပဏီအများအပြားသာ မှိုလိုပေါပေမယ့် တကယ့်တကယ်တမ်းမှာ တော့ တိုင်းပြည်စီးပွားရေး တိုးတက်အောင် မပါဝင်မလုပ်ဆောင်နိုင်ခဲ့ကြ တာ၊ အခွန်အခတွေကို စနစ်တကျ တာဝန်ကျေအောင်မထမ်းဆောင်ခဲ့ ကြတာ၊ နာမည်သာရှိပြီး လုပ်ငန်းအဝင်အထွက်၊ ငွေအမြတ်အရှုံးလည်း မရှိတာမို့ အခွန်ကောက်သူတွေအနေနဲ့လည်း အခက်အခဲတွေဖြစ်ခဲ့ရကြ တာလည်း ပကတိအမှန်တရားတွေပါပဲ။ 

စင်ကာပူတို့၊ မလေးတို့၊ တောင်ကိုရီးယား၊ ဂျပန်တို့ကတော့ အင်္ဂလိပ် တို့ရဲ့ ဒီဥပဒေကျောရိုးကိုပဲယူပြီး သူတို့နဲ့ကိုက်ညီမယ့် Version နဲ့ပြောင်း ပြင်ပြီး သုံးလာခဲ့လိုက်တာ အခုဆိုရင် စင်ကာပူမှာ လူ ၃ ဦးရှိရင် တရားဝင် ကုမ္ပဏီတစ်ခု၊ ထိုင်းနိုင်ငံမှာ လူ ၇၀ ရှိရင်တစ်ခု၊ လာအိုမှာ လူ ၃၀၀ ရှိရင် တစ်ခု ရှိတာတွေဖြစ်လာခဲ့ပေမယ့် မြန်မာမှာတော့ လူ ၁၀၀၀ ရှိတာ တရားဝင်ပြီး စနစ်တကျလည်ပတ်တဲ့ ကုမ္ပဏီတစ်ခုမရှိခဲ့တာကြာခဲ့ပါပြီ။ ဒီအတွက်ပဲ ပုဂ္ဂလိကကဏ္ဍ၊ ပြည်သူပိုင်ကဏ္ဍနဲ့ အစုအစပ်ဆိုတဲ့လုပ်ငန်းတွေ မထွန်းကား မတောက်ပြောင်၊ ထုတ်ကုန်တွေလည်း အရည်အသွေးမမီ၊ ဈေးကွက်လည်းပျောက်လို့ နောက်ဆုံးမှာ နိုင်ငံ့စီးပွားရေးလည်း ကမောက်ကမဖြစ်၊ တန်းဆင်းဇုန်ထဲရောက်ပြီး ဇီးရိုးလိုင်းဖြစ်သွားခဲ့ကြတာ အားလုံးသိကြတဲ့အခြေအနေတွေပါပဲ။

အခု သူတို့ကုမ္ပဏီဥပဒေအသစ်အရဆိုရင်တော့ နိုင်ငံအတွင်းက အသေးစားကုမ္ပဏီလေးတွေကအစ အွန်လိုင်းက မှတ်ပုံတင်လာနိုင်ပြီး ဥပဒေကပေးမယ့် တရားဝင်အခွင့်အရေးနဲ့ ဥပဒေကပေးမယ့် အကာအကွယ်တွေ ပိုမိုတိုးတက်လာနိုင်ဖို့ ဖြစ်လာနိုင်တော့မယ်လို့ ဆိုကြသလို အခြားတစ်ဖက်မှာလည်း အခုလိုဖြေလျှော့မှုတွေအကြားမှာ နိုင်ငံခြားသားကုမ္ပဏီတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာကြတော့မှာလို့လည်း ထင်ကြေးနဲ့ ပြောနေကြတာရှိပါတယ်။ ဒါပေမဲ့လည်း ယနေ့လက်ရှိအခြေနေမှာတော့ အွန်လိုင်းကနေ မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်စဉ်မှာတင် ဒီဥပဒေပါပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ခါနီးမှာ စိန်ခေါ်မှုတွေ မြောက်မြားစွာ ရှိနေတယ်လို့လည်း လူထုထံက ထွက်ပေါ်လာနေတာ ကြားနေရပါတယ်။

ပထမတစ်ချက်ကတော့ အခုကစပြီး မှတ်ပုံတင်တဲ့ကိစ္စမှာ အချို့ ကုမ္ပဏီတွေအနေနဲ့ ယခင်ကကုမ္ပဏီအကြီးတွေကိုဖျက်ပြီး အသေးစား အနေနဲ့ပြန်တင်လို့ရ၊ မရ၊ ယခင်ကလို ကုန်သွယ်ခွင့်ပြုမိန့် (Permit to Trade) မလိုတော့တာမို့ ယခုကုမ္ပဏီတည်ထောင်ကြောင်း အသိအမှတ်ပြု လက်မှတ်လို၊ မလို၊ ဒီအပေါ် ကြားထဲမှ ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေ အနေနဲ့ မသမာမှုတွေရှိလာရင် အကာအကွယ်ပေးမယ့် အစီအမံရှိ၊ မရှိ ဆိုတာတွေအပြင် ကုမ္ပဏီအချင်းချင်းအကြား မသမာမှုတွေအတွက် တရား ရင်ဆိုင်ကြမယ့်ကိစ္စတွေအပေါ်လည်း ဘယ်လိုအဆင့် တရားရုံးတွေမှာ ဘယ်လိုလုပ်ရမယ်ဆိုတဲ့အချက်တွေကို ဂဃနဏ သိချင်ကြတယ်ဆိုတဲ့ အချက်တွေပါ။

နောက် ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြမယ့် ကုမ္ပဏီတွေအတွက် မြေ၊ အဆောက်အအုံ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ကိစ္စကတော့ အထူးခြားဆုံးပေါ်ထွက်လာနေတဲ့အသံပဲ ဖြစ် ပါတယ်။ သူတို့ကုမ္ပဏီတွေ ဝင်လာရင်တော့ ကိုယ့်နိုင်ငံအတွင်းက မြေ နေရာ၊ အဆောက်အအုံ၊ လျှပ်စစ်၊ အလုပ်သမား စတဲ့လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးကြရမှာဖြစ်တဲ့အတွက် ဒီဆောင်းပါးမှာ အဓိကထောက်ပြ လိုတဲ့အချက်ကလည်း ဒီကိစ္စပဲဖြစ်ပါတယ်။

ဒါကတော့ အခုလက်ရှိ ဥပဒေသစ်အရ နိုင်ငံခြားသားတစ်ဦးအနေ နဲ့ မြန်မာနိုင်ငံမှာ သူ့ကုမ္ပဏီကို မှတ်ပုံတင်ခွင့်ရပြီး ဆောင်ရွက်ခွင့်ရှိပြီ ဆိုတာနဲ့ မြေ၊ အိမ်ရာအဆောက်အအုံ စတဲ့မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း တွေကို ဝယ်ယူပိုင်ဆိုင်ခွင့်ရှိ၊ မရှိဆိုတဲ့ကိစ္စပါ။ အမှန်ဆိုရင် ၁၉၈၇ ခုနှစ် မရွှေ့ မပြောင်းနိုင်သောပစ္စည်းများကို ကန့်သတ်သည့်ဥပဒေအရဆိုရင်တော့ ဝယ်ယူပိုင်ဆိုင်ခွင့်မပေးထားသလို တစ်နှစ်မှာသာတစ်ခါ အငှားချထားရခွင့်ပဲ ပြုထားပါတယ်။ ဒီအတွက် ဒီဥပဒေအသစ်အနေနဲ့ ပြည်ပက နိုင်ငံခြားသားတွေကိုလည်း ဝင်ရောက်လာအောင်ဖိတ်ခေါ်မယ်၊ နိုင်ငံ့စီးပွားရေး တိုးတက်အောင်လည်း ဆောင်ရွက်ဖို့ အရေးတကြီးလိုလာနေမယ်ဆိုရင်တော့ မြေ၊ အဆောက်အအုံတွေနဲ့ပတ်သကလို့ သူတို့အပေါ် ကွဲကွဲပြားပြားဖြစ်အောင် ယခင်က ဥပဒေကို အမြန်ပြန်လည်ပြင်ပေးရတော့မှာ ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ဝင်ရောက်လာကြမယ့် ကုမ္ပဏီတွေ အတွက်တော့ အခြားနိုင်ငံတွေမှာလည်း ကိုယ့်နိုင်ငံကမြေ၊ အဆောက်အအုံ စတဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေကို အပိုင်ရောင်းချခြင်းကို ခွင့်မပြုထားသလို အငှားစနစ်နဲ့ပဲ နှစ်ကာလကို တိုးပေးထားတာတွေရှိတဲ့အတွက် ဒီမှာလည်း အခုဥပဒေသစ်နဲ့ကိုက်ညီအောင်ဆိုရင် ယခင်ရှိပြီးသား ၁၉၈၇ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ဥပဒေကိုလည်း တစ်နှစ်တစ်ခါ အငှား ကနေ ၅နှစ် တစ်ကြိမ်ပေးမလား၊ ၁၀နှစ် တစ်ကြိမ်ငှားမလားဆိုတာ ပြန် စဉ်းစားသုံးသပ်ရခြင်းနဲ့အတူ သူတို့ကိုလည်း အပိုင်ဝယ်ယူခွင့်ပေးမယ့် အပိုင်းတွေကိုလည်း ခွဲခြားသတ်မှတ်ပေးသင့်ပါတယ်။ ဥပမာမြို့ပြထဲက ပြည်သူတွေနေတဲ့ အဆောက်အအုံတွေ၊ ရပ်ကွက်တွေ၊ မြို့ရွာတွေအတွင်းမှာ မပေးဘဲ ကုန်သွယ်ရေးဇုန်၊ စက်မှုဇုန်တွေမှာသာ ရောင်းချပေးတာမျိုး စတာမျိုးပြုလုပ်ပေးမှသာ ပြည်ပကသူတွေလည်း အလျှိုလျှိုဝင်ရောက်လာနိုင်ကြမှာဖြစ်ပါတယ်။ အခုလက်ရှိအနေအထားအရ အခြားအကြောင်းအရာတစ်ခုအနေနဲ့လည်း အစိုးရနဲ့ တိုက်ရိုက်လုပ်ကြမယ့်သူတွေအနေနဲ့တော့ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြေကို နှစ် ၅၀၊ ၁၀၀ စသဖြင့် စာချုပ်ချုပ် ဆိုငှားရမ်းခွင့်ရှိတာတွေကို နိုင်ငံခြားသားပိုင်ကုမ္ပဏီတွေအနေနဲ့ အခွင့်အရေးရကြတာရှိပြီး အခြားပုဂ္ဂလိကတွေနဲ့ ဖက်စပ်လုပ်မယ့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတွေနဲ့ကျတော့လည်း အခြားအခွန်အကောက်ဆိုင်ရာ သက်သာခွင့်တွေ လျော့ကျကြတာတွေ၊ အခွင့်အရေးရကြတာတွေအတွက်လည်း ပုံစံတစ်ပြေးညီတည်းဖြစ်အောင် ညှိယူကြရမယ့်ကိစ္စတွေ ရှိနေနိုင်ပါတယ်။

အခုလက်ရှိအနေအထားမှာတော့ ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို Myanmar Companies Online (MyCo) စနစ်နဲ့ အခမဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခင်မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ နှင့် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီများဥပဒေတို့အရ မှတ်ပုံတင်ထားတဲ့ တည်ဆဲကုမ္ပဏီ၊ အသင်းအဖွဲ့တွေအနေနဲ့ ဩဂုတ်လ ၁ ရက်နေ့က စတင်ပြီး ၂၀၁၉ ဇန်နဝါရီ ၃၁ ရက်အထိ ၆ လတာကာလမှာ သတ်မှတ်နည်းလမ်းအတိုင်း မှတ်ပုံတင်ကြဖို့လည်း ပါရှိခဲ့ပါတယ်။ ဒီလိုတင်တဲ့နေရာမှာလည်း ယခင်က အဆိုပြုလွှာကိုလက်ခံတဲ့ရက်မှစပြီး ရက်ပေါင်း ၆၀ အတွင်း ခွင့်ပြုမိန့်ကို လုပ်ငန်းရှင်များကိုထုတ်ပေးခဲ့ရရာက အခုဥပဒေအသစ်အရ ရက်ပေါင်း ၆၀ ထက်မြန်အောင် ဆောင်ရွက်ပေးရေးနဲ့ ဒီထက်ဆောလျင်စွာ ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒီဥပဒေအသစ်ရဲ့ ထူးခြားချက်တွေအချို့ကတော့ ယခင်က မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားသားတစ်ဦးက အစုရှယ်ယာတစ်စုပါရင် အလိုအလျောက် နိုင်ငံခြားသားကုမ္ပဏီလိုဖြစ်သွားနိုင်ခဲ့ရာက ယခု ဥပဒေအသစ်အရတော့ နိုင်ငံခြားသားက အစုရှယ်ယာ ၃၅ ရာခိုင်နှုန်းအထက်ပိုင်မှသာ နိုင်ငံခြားသားပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခွင့်ရှိလာမှာ ဖြစ်ပါတယ်။ အခုဥပဒေသစ်အရတော့ ပြည်တွင်းကနိုင်ငံသားလုပ်ငန်းရှင်တွေအတွက်ပါ အသေးစားကုမ္ပဏီဆိုတာတွေပါလာပြီး သူတို့ကို ဖြေလျှော့တဲ့အနေနဲ့ စာရင်းစစ်ခံတာ၊ နေ့စဉ်ကျင်းပတဲ့ အထွေထွေအရပ်ရပ် အစည်းအဝေးတွေလုပ်စရာမလိုတာ၊ မှတ်ပုံတင်ကြေးကို အနည်းဆုံး ၂ သိန်းခွဲအထိလျှော့ချပေးထားတာ ယခင်က ကုမ္ပဏီထောင်ရင် နှစ်ဦးနဲ့မှရရာက ယခု တစ်ဦးနဲ့ရလာတာတွေပါလာတာ မြင်ရသလို သူတို့သာ အမှန် မှတ်ပုံတင်ပြီးဆောင်ရွက်လာမယ်ဆိုရင် ဥပဒေကပေးတဲ့အခွင့်အလမ်း၊ ဥပဒေရဲ့ အကာအကွယ်ရလာကြမယ်ဆိုပါတယ်။ လွယ်ကူရှင်းလင်းအောင်လုပ်ထားသလို ဒါကိုအခွင့်ကောင်းယူပြီး စည်းကမ်းမဖောက်အောင်လည်း အချို့ကို ပြန်တင်းကျပ်ထားတာ၊ ပွင့်လင်းမြင်သာမှုအားကောင်းအောင် ပြဋ္ဌာန်းချက်တွေ အသစ်ထည့်ထားတာတွေပါဝင်သလို ကုမ္ပဏီကို ပြန်လည်မှတ်ပုံတင်ခြင်းဖြင့် စည်းမျဉ်းတွေပြန်ပြောင်းပြီး အခွင့်အာဏာရှိသူကိုလည်း ပြန်ပြောင်းလို့ရတာ၊ ဒါရိုက်တာအဖွဲ့ တိုးချင်လျှော့ချင်တာ၊ ရှယ်ယာတိုးချင်လျှော့ချင်တာရှိရင် အွန်လိုင်းစနစ်ကပဲပြန်ပြီး မှတ်ပုံတင်လို့ရတာတွေ ထူးလာတယ်လို့ဆိုပါတယ်။ မှတ်ပုံတင်တဲ့အခါ ရုံးကိုလာစရာမလိုဘဲ မိမိတို့အိမ်ကပဲလုပ်လို့ရလာပြီး ဥပဒေနဲ့ပတ်သက်တဲ့ ပညာပေးတွေကိုလည်း TV ကနေပြပေးမယ်လို့လည်း ကြားမိပါတယ်။ အွန်လိုင်းကမှတ်ပုံတင်ရင် ကုတ်တွေပါတာမို့ အတုလုပ်လို့မရသလို မှတ်ပုံတင်ပြီးတာနဲ့ ဒါရိုက်တာတစ်ယောက်လိုက်နာရမယ့် အချက်တွေကို အွန်လိုင်းက ပို့ပေးမှာတွေပါတယ်လို့ ဆိုပါတယ်။

ဒီအတွက် နိဂုံးချုပ်ရရင် ယနေ့လက်ရှိနိုင်ငံတော်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှုရှိ မရှိဆိုတဲ့ ကိန်းဂဏန်းဆိုင်ရာကိစ္စရပ်တွေအကြားက အငြင်းပွားမှုတွေအဆုံးသတ်ဖို့ဆိုရင် ယခုစတင်ကျင့်သုံးမယ့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို စနစ်တကျအသက်ဝင်အောင် ဆောင်ရွက်ကြပြီး အခြားဖြေလျှော့သင့်  ပြင်ဆင်သင့်တဲ့အချက်တွေကိုလည်း လိုက်ပါဆောင်ရွက်ပေးမှသာ မြေပြင်မှ ပြည်ပကဝင်ရောက်လာမယ့် ကုမ္ပဏီတွေနဲ့ ပြည်တွင်းက ကိုယ့်နိုင်ငံသားကုမ္ပဏီတွေအတွက် အရာရာ အဆင်ပြေချောမွေ့စေနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဥပဒေပါပြဋ္ဌာန်းချက်တွေအောင်မြင်ပြီး တိုင်းပြည်စီးပွားရေး အမြန်တိုးတက်လာဖို့ဆိုရင် မြေပြင်မှာအကောင်အထည်ဖော်ကျင့်သုံးမယ့်ဌာနအနေနဲ့လည်း ယခုလက်ရှိကာလ မှတ်ပုံတင်ပြုလုပ်ပေးနေကတည်းက ကြုံတွေ့ရမယ့်အခက်အခဲတွေ၊ လိုအပ်ချက်တွေကို အမှန်တကယ်လုပ်ပေးနိုင်တဲ့ အခွင့်အာဏာရှိတဲ့သူတွေထံရောက်အောင် သတ္တိရှိရှိနဲ့တင်ပြတာ၊ ပြင်ဆင်သင့် ပြင်ဆင်ထိုက်တဲ့ ကျန်တဲ့အချက်တွေကို ပြင်တာတွေ လုပ်မှသာ ထိထိရောက်ရောက်ဖြစ်လာနိုင်မယ်၊ ဒါမှသာ ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့အညီ နိုင်ငံခြားကရင်းနှီးမြှုပ်နှံကြမယ့် ကုမ္ပဏီတွေလည်း များများဝင်ရောက်လာပြီး တိုင်းပြည်စီးပွားရေးလည်း အမြန်ပြန်လည်နာလန်ထူလာနိုင်မယ်ဆိုတဲ့အကြောင်း စိတ်ကောင်းစေတနာနဲ့ အကြံပြုရေးသားတင်ပြလိုက်ရပါတယ်ဗျား။ 

အောင်ဇေယျ