News

POST TYPE

PERSPECTIVE

ပညာပြသောဝန်ထမ်းနှင့် အရည်အသွေးမြှင့်ရမည့်အစိုးရ
02-Aug-2018 tagged as ပညာရေး အစိုးရ

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင်ပြုလုပ်သော အခမ်းအနားတစ်ခုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဝန်ထမ်းတွေဟာ အစိုးရအဖွဲ့ကို ပညာပြမှုတွေရှိနေသည်ဟု ပြောကြားခဲ့သည်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုဖြစ်သည့်အတွက် မထူးဆန်းပါ။ သို့သော် ဒါကို ဘယ်လိုပြုပြင်မလဲဆိုသည်ကိုတော့ အသေအချာပြောသွားတာ မတွေ့ခဲ့ရ။ ဒါမျိုးက မဖြစ်သင့်ကြောင်း ဆုံးမစကားဆန်ဆန် ပြောသွားတာပဲရှိသည်။ အကျိုးတိုင်းတွင် အကြောင်းဆိုတာ ရှိသည်။ အကြောင်းအရင်းကို ရှာဖွေပြင်ဆင်နိုင်လျှင် အကျိုးရလဒ် ပိုကောင်းနိုင်မည်ဖြစ်ရာ ယခုပြဿနာအတွက် နောက်ခံအကြောင်းတရားကို လက်လှမ်းမီသလောက် ရှာဖွေမိပါသည်။

ခေတ်စနစ်အပြောင်းအလဲတစ်ခုမှာ အချိန်နှင့်တစ်ပြေးညီလိုက်ပါ ပြောင်းလဲနိုင်ခြင်းမရှိသည့် အင်စတီကျူးရှင်းများထဲတွင် ဗျုရိုကရက် ယန္တရားသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဆိုရလျှင် ယခုအစိုးရလက်ထက်မှ ဒါမျိုးကြုံရသည်မဟုတ်။ ဒီမိုကရေစီအပြောင်းအလဲ၏ ကနဦးအစိုးရအဖြစ် တာဝန်ယူခဲ့ရသော ဦးသိန်းစိန်အစိုးရလက်ထက်မှာကတည်းက ယခုလိုပြဿနာမျိုးတွေ ကြုံခဲ့ရသည်သာဖြစ်သည်။ သို့သော်လည်း သက်ဆိုင်ရာနယ်ပယ်တိုင်းအတွက် ကျွမ်းကျင်နားလည်သောသူများကို လူမှန်နေရာမှန် အသုံးချနိုင်ခဲ့ခြင်းကြောင့် ယခုလောက် မဆိုးခဲ့ခြင်းသာဖြစ်သည်။

ဘာကြောင့်ဖြစ်ရသလဲ 

ဝန်ထမ်းများ ပညာပြသည်ဟု အစိုးရက စွပ်စွဲသည်။ ဒါက အပြစ်တင်ခြင်း (Blame) ဖြစ်သည်။ ဝန်ထမ်းတွေဘက်က ပြန်ကြည့်လျှင်လည်း ပြောစရာတွေရှိပေလိမ့်မည်။ သို့သော် ပြောခွင့်မရှိ။ အဆင်မသင့်လျှင် မိသားစု ထမင်းအိုးကွဲသွားနိုင်သည်။ သို့ဖြစ်ရာ ပြဿနာ၏ ရှုထောင့်အစုံကို ထောင့်စေ့အောင် ချဉ်းကပ်လေ့လာနိုင်ဖို့လိုသည်။ အပြစ်ရှာလျှင် အပြစ်သာတွေ့မည်။ အဖြေရှာနိုင်မှ လိုအပ်သလို ပြုပြင်နိုင်မည်။ တကယ်တမ်းလေ့လာကြည့်လျှင် အားနည်းချက်တွေက အများကြီး ရှိနေပါသည်။

၁။ သက်ဆိုင်ရာအင်စတီကျူးရှင်းတွေ အားနည်းခြင်း၊

၂။ မလိုအပ်ဘဲ အဆင့်ဆင့်ရှုပ်ထွေးလှသော လုပ်ထုံးလုပ်နည်းတွေ မဖယ်ရှားနိုင်သေးခြင်း၊

၃။ ဌာနတွင်း လုပ်ပိုင်ခွင့်များ ပေးအပ်ထားမှုအပေါ် တာဝန်ခံမှုနှင့် ပြန်လည်ထိန်းညှိမထားနိုင်ခြင်း၊

၎။ ဗျူရိုကရက်ယန္တရားကို အရည်အသွေးပိုင်းနှင့် အခြေခံလိုအပ်ချက်များ မြှင့်တင်ဖြည့်ဆည်းပေးမှုအပိုင်းမှာ အားနည်းခြင်း၊

၅။ ဌာနဆိုင်ရာဝန်ကြီးများ၏ အရည်အချင်းပိုင်းက မေးခွန်းထုတ်စရာဖြစ်နေခြင်း အစရှိသည့် လိုအပ်ချက်များမှာ အထင်းသားမြင်ရသော အကြောင်းအရင်းများ ဖြစ်ပါသည်။ 

ဆိုခဲ့ပါအချက်တို့ကို အရင်ဆုံး ပြုပြင်ပေးနိုင်ဖို့လိုသည်။ သို့မှသာ အစိုးရ၏ မူဝါဒစီးဆင်းမှုက ပိုမိုမြန်ဆန်လာနိုင်မည်ဖြစ်သည်။ အချို့ပြောသလို လက်ရှိအစိုးရဌာနများ၏ အကြီးအကဲဖြစ်သူများမှာ တပ်မတော်မှ ရောက်ရှိလာသောသူများဖြစ်သည့်အတွက် လက်ရှိအစိုးရ၏ မူဝါဒများ ကို တွန်းကန်ဆန့်ကျင်သည်ဟု စွပ်စွဲမှုများလည်းရှိသည်။ မှန်သလောက် မှန်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် တပ်မတော်မှလာသော အရာရှိမှမဟုတ်။ မည်သည့်ဗျူရိုကရက်ပင်ဖြစ်စေ ၎င်းတို့၏ စံသတ်မှတ်မှု၊ တန်ဖိုးထားမှုနှင့် အကျိုးစီးပွားတွေက တစ်မျိုးစီရှိကြသည်သာဖြစ်သည်။ ထို့ကြောင့် ယခုလို “မူဝါဒခုခံမှု” ဖြစ်စဉ်မျိုးက ရှိတတ်သည်။ သို့သော် သက်ဆိုင်ရာ အင်စတီကျူးရှင်းတွေအားကောင်းပြီး ဌာနတွင်းလုပ်ငန်း ချိတ်ဆက်အကောင်အထည်ဖော်မှုပုံစံများကို စနစ်တကျပြုပြင်ပေးနိုင်လျှင် အဆိုပါ ဖြစ်စဉ်များကို ထိန်းချုပ်လာနိုင်မည်ဖြစ်သည်။

ခေါက်ရိုးကျိုးစရိုက်များနှင့် ပွဲစားခေတ်

မြန်မာနိုင်ငံ၏ ဗျူရိုကရက်ယန္တရားသည် စစ်အုပ်ချုပ်ရေးပုံစံအောက်မှာ လိုအပ်သလို ပုံသွင်းခံခဲ့ရသဖြင့် အကျင့်စရိုက်ပိုင်းမှာ ခေါက်ရိုးကျိုးနေခဲ့ပြီဖြစ်သည်။ နှစ်ရှည်လများ အရိုးစွဲလာခဲ့သော အလုပ်လုပ်မှုပုံသဏ္ဌာန်ကို ချက်ချင်းပြောင်းလဲလိုက်နိုင်ဖို့ မလွယ်ကူပါ။ အချိန်ယူပြီး တစ်ဆင့်ချင်း ပြင်ဆင်ဆောင်ရွက်နိုင်ဖို့လိုပါသည်။ ဌာနတွင်း လုပ်ထုံးလုပ်နည်းဟူသည်မှာ အတိအကျမရှိ။ ဟိုလူကိုပုံစံတစ်မျိုးဖြင့် ဆောင်ရွက်ပေးပြီးသည်လူကို နောက်ပုံစံတစ်ခုဖြင့် ဆောင်ရွက်ပေးလေ့ရှိသော အကျင့်စရိုက်များကြောင့် တိကျသော ဥပဒေစည်းမျဉ်းဆိုတာမရှိဘဲ လူအလိုက်၊ အခြေအနေအချိန်အခါအလိုက် ပုံစံမျိုးစုံပြောင်းလဲပြီး လုပ်ဆောင်တတ်ကြသော စနစ်များဖြစ်သည်။ အရင်ဆုံး ဒီလိုအမူအကျင့်တွေကို ဖျောက်ဖျက်ဖို့ လုပ်ဆောင်သင့်သည်။

ပါမစ်တစ်ခုလျှောက်ဖို့၊ လိုင်စင်တစ်ခုလျှောက်ဖို့အရေး မလိုလားအပ်သော အဆင့်များစွာခံနေသဖြင့် အမြန်ပြီးဖို့ ပွဲစားကို အားကိုးကြရသည်။ ပွဲစားဆိုသည်မှာလည်း အမှန်တကယ်တော့ လုပ်ပိုင်ခွင့်ရှိသူများနှင့် ခွဲဝေစားသောက်သူများသာဖြစ်သည်။ မိမိတို့ဘာသာ လျှောက်ထားမည်ဆိုလျှင် အချိန်ကြာသည်။ လုပ်စရာအဆင့်တွေက အများကြီး။ ပွဲစားနှင့်အပ်လျှင်မြန်သည်။ အလုပ်မပျက်။ အချိန်တန်လျှင် အိမ်ထိလာပို့သည်။ သို့နှင့် ပွဲစားခေတ်ဖြစ်သွားသည်။ ဤသည်မှာ ပျက်စီးနေသောစနစ်၏ ဘေးထွက်ဆိုးကျိုးများပင်ဖြစ်သည်။

လာဘ်ငွေပေးရန်မလို

အစိုးရဌာနတိုင်းလိုလိုမှာတွေ့ရသော စာတမ်းတစ်ခုဖြစ်သည်။ အမှန်တကယ်က “လာဘ်ငွေပေးရန်မလို” ဟု ရေးသားထားခြင်းဖြစ်သည်။ သို့သော် ပြည်သူလူထုက လှောင်ပြောင်သည့်အနေနှင့် စာလုံးများကို မလိုအပ်သည့်နေရာ ဖြတ်တောက်ဖတ်ရှုကြခြင်းသာ ဖြစ်ပါသည်။ ဆိုလည်းဆိုရလောက်ပါသည်။ အကျင့်ပျက်ခြစားမှုဖြင့် အသားကျလာခဲ့သော ဗျူရိုကရက်ယန္တရားကို ပြည်သူက ချက်ချင်းယုံကြည်ဖို့ဆိုသည်မှာ မလွယ်ပါ။ ပြည်သူက ချက်ချင်းမယုံကြည်သလို ဌာနများကလည်း ချက်ချင်းကြီး သန့်ရှင်းသွားဖို့ မလွယ်ကူနိုင်ပါ။ တကယ်တမ်းလာဘ်မစားဖို့ အမိန့်ထုတ်ရမှာမဟုတ်။ လာဘ်စားလို့ရနိုင်အောင် ရေးဆွဲထားသောအမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ရမှာဖြစ်သည်။ မလိုအပ်ဘဲ များပြားနေသော လုပ်ထုံးအဆင့်ဆင့်ကို ပြင်သင့်နေပြီဖြစ်သည်။

ဝန်ထမ်းတွေကို ဘာလုပ်ပေးကြမလဲ

ဝန်ထမ်းများကို အပြစ်တင်နေခြင်းသည် အဖြေမဟုတ်။ ဝန်ထမ်းများ စည်းစနစ်တကျလုပ်တတ်ဖို့၊ အရည်အသွေးပိုင်းကို ဖြည့်ဆည်းပေးဖို့ လိုမည်။ အရည်အသွေးနိမ့်ပါးသောအဖွဲ့အစည်းသည် ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်စရာအကြောင်းမရှိ။ သည့်အတွက် မွမ်းမံသင်တန်းလောက်နှင့် အဆင်မပြေ။ လိုအပ်သည့်အရည်အသွေးပိုင်းအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူစီမံဆောင်ရွက်ပေးဖို့လိုသည်။ အရည်အသွေးပိုင်းကို ဖြည့်ဆည်းပေးရုံမျှဖြင့်လည်း မပြည့်စုံသေး။ ဝန်ထမ်းများ လူမှုဘဝ ဖူလုံရေးနှင့် ဘဝအနာဂတ်ဆိုင်ရာ အာမခံချက်အတွက်လည်း ဖန်တီးပေးနိုင်ဖို့လိုပါသည်။ ထို့ပြင် လုပ်ငန်းခွင်သာယာမှုနှင့် ကြိုးစားမှုအလိုက် ရာထူးတိုးတက်ခန့်ထားခြင်းကိစ္စရပ်များကိုပါ စနစ်တကျပြင်ဆင်လုပ်ဆောင် သင့်ပါသည်။ လုပ်ငန်းခွင်အတွက် လုံလောက်သောအတတ်ပညာ သင်ကြားပေးမှုမရှိ၊ ဘဝရပ်တည်မှုခက်ခဲစွာ ရုန်းကန်နေရ၊ နေစရာပင်အဆင်မပြေ၊ လုပ်ငန်းခွင်မှာက ကြီးနိုင်ငယ်ညှဉ်းစနစ်၊ အလုပ်မှာသေလောက်အောင် ကြိုးစားလည်း အထက်လူကြီးနှင့် နီးစပ်သူ ပေးနိုင်ကမ်းနိုင်သူများသာ ရာထူးတက်နေရာကောင်းရ ... ဟူသော အခြေအနေမျိုးများဖြစ်နေခဲ့ပါလျှင် ဝန်ထမ်းအဖွဲ့အစည်းကား မည်သို့မျှ ကောင်းလာနိုင်တော့မည် မဟုတ်ပါပေ။

နိုင်ငံရေးသမားနှင့် ဗျူရိုကရက်ပေါင်းစပ်မှု

အချို့သောဝန်ထမ်းများက အစိုးရကို ပညာပြနေကြသည်ဟု ဆိုခြင်းမှာ ဝန်ထမ်းငယ်တွေဆိုတာထက် ဌာဆိုင်ရာအကြီးအကဲအဆင့်တွေကို ပြောလိုဟန်ရှိပါသည်။ ဖြစ်တတ်ပါသည်။ ဌာနတွင်းမှာ လုပ်သက်နှင့် အရည်အချင်းကြောင့် အကြီးအကဲဖြစ်လာသူများအနေဖြင့် ၎င်းတို့ဌာန အကြောင်းကို ၎င်းတို့ကိုယ်တိုင် အသိဆုံးဖြစ်သည်။ ထို့ကြောင့် တစ်ခါတလေ အထက်လူကြီး (ရွေးကောက်ခံနိုင်ငံရေးသမားဝန်ကြီး) က ဌာန၏ အခြေအနေ၊ လုပ်နိုင်စွမ်းတို့ကို မသိနားမလည်ဘဲ ထင်သလိုမူဝါဒချမှတ်လာလျှင် ၎င်းတို့က ပညာသားပါပါ တုံ့ပြန်ကြပေမည်။ တချို့ကိစ္စတွေမှာ နိုင်ငံရေးသမားတို့ထုံးစံအတိုင်း ဇွတ်အတင်းလုပ်ယူချင်ကြတာမျိုးတွေ ရှိသည်။ လက်အောက်ဌာန၏ အကောင်အထည်ဖော်ဆောင်နိုင်မှုအခြေအနေကို နားမလည်။ သည်မှာတင် ပေကပ်နေပြလိုက်သော ဗျူရိုကရက် အခုအခံနှင့် တွေ့တော့သည်။ အချို့ကိစ္စတွေက ကောင်းမွန်သော်လည်း အခြေအနေအရ လက်တွေ့မကျနိုင်တာတွေ ရှိတတ်သည်။ ဒါကို အကြီးအကဲလုပ်သူ (ဝန်ကြီး) က သိနားလည်ဖို့လိုသည်။

အချို့ကျတော့ အလုပ်နှင့်ပတ်သက်သည့် ပညာရပ်ကို ကျွမ်းကျင်စွာ မတတ်မြောက်ထားဘဲ ရွေးကောက်ခံအစိုးရနှင့် ပလဲနံပသင့်ကာ နေရာရလာသူများလည်းရှိသည်။ ထိုသူများနှင့်ဆိုလျှင် သာ၍ဆိုးတော့သည်။ အချို့ဝန်ကြီးက “ငါဝန်ကြီးပဲ ငါခိုင်းရင် လုပ်ရမှာပေါ့” ဟူသောပုံစံမျိုးဖြင့် ပါဝါပြတတ်သည်များလည်းရှိသည်။ ဘာတစ်ခုမှနားမလည်ဘဲ ပါဝါသာ ပြတတ်သောဝန်ကြီးအတွက် ဗျူရိုကရက်တွေ ပညာပြန်ပြတာ ခံရခြင်းသည်လည်း မထူးဆန်းပါဟု ဆိုရပေမည်။

ဆိုရလျှင် ဗျူရိုကရက်များနှင့် နိုင်ငံရေးသမားတွေအကြားမှာ အကျိုးစီးပွား၊ တန်ဖိုးထားမှုတွေက မတူညီတတ်ကြပေ။ ဒါကို နားလည်ထားဖို့ အထူးလိုအပ်သည်။ အကျိုးစီးပွားနှင့် တန်ဖိုးထားမှုတွေ မတူညီသော သဏ္ဌာန်နှစ်ခုကို လိမ္မာပါးနပ်စွာ ညှိနှိုင်းပေးနိုင်ပါမှ လုပ်ငန်းဆောင်တာတွေ အောင်မြင်နိုင်ပါလိမ့်မည်။ ရွေးကောက်ခံအစိုးရက ခန့်အပ်သော ဝန်ကြီးများနှင့် လက်ရှိဗျူရိုကရက်များ စနစ်တကျပေါင်းစပ်ပေးနိုင်မှ မူဝါဒစီးဆင်းမှု၊ အကောင်အထည်မှုမြန်ဆန်ပြီး တိုင်းပြည်တိုးတက်နိုင်ပါသည်။

သို့ဖြစ်ရာ အရေးကြီးသောလိုအပ်ချက်အချို့ကို တင်ပြလိုပါသည်။

၁။ အစိုးရအနေဖြင့် ဝန်ကြီးများခန့်အပ်ရာတွင် သက်ဆိုင်ရာအလုပ် နှင့်ပတ်သက်၍ အမှန်တကယ် တတ်သိနားလည်ပြီး ကျွမ်းကျင်နှံ့စပ်သူများကိုသာ ရွေးချယ်တာဝန်ပေးခြင်း၊ 

၂။ ဌာနတွင်းအကြီးအကဲများနှင့် ဆက်ဆံရာတွင် အပြန်အလှန်ညှိနှိုင်းမှုနှင့် အလျှော့အတင်းများကို လိုအပ်လိုလုပ်ဆောင်ခြင်း၊

၃။ မိမိဌာန၏ လုပ်ငန်းစွမ်းဆောင်ရည်ကို သိမြင်ပြီး ချမှတ်မည့် မူဝါဒများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခြင်း၊

၎။ မူဝါဒများ ချမှတ်ရာတွင်လည်းကောင်း၊ အကောင်အထည်ဖော်ဆောင်ရာတွင်လည်းကောင်း ဗျူရိုကရက်များ၏ အရည်အသွေးကို လိမ္မာပါးနပ်စွာ ထုတ်ယူအသုံးချတတ်ခြင်း၊

၅။ ဌာနတွင်း ပြင်ဆင်စရာရှိသော လုပ်ထုံးလုပ်နည်းများ၊ အဂတိကိစ္စများကို ကိုင်တွယ်ရာတွင် ညီညွတ်ခြင်း၊ မျှတစေခြင်း၊ အချိန်ယူစီမံခြင်း၊ 

၆။ လူမှန်နေရာမှန်ထားတတ်ခြင်းနှင့် လက်သင့်ရာစားတော်ခေါ်မှုများကို ရှောင်ကြဉ်ခြင်း၊

၇။ နိုင်ငံတော်အဆင့်ကိုတာဝန်ခံသည့်အခါ မိမိတို့မျက်နှာကောင်းရဖို့ထက် ဌာန၏ စွမ်းဆောင်ရည်နှင့်ချိန်ဆပြီး ဖြစ်နိုင်သလောက်ကိုသာ တာဝန်ယူရန်၊ ဌာန၏ လုပ်နိုင်စွမ်းထက်ကျော်လွန်သော သို့မဟုတ် ဌာန၏ စည်းမျဉ်းများနှင့်မလျော်ညီသောကိစ္စများကို ရဲရဲဝံ့ဝံ့ ငြင်းဆန်ခြင်း အစရှိသည့်အချက်များကို အသေအချာလုပ်ဆောင်နိုင်ပါက ဗျူရိုကရက်များနှင့် စနစ်တကျ ပေါင်းစပ်လုပ်ကိုင်လာနိုင်ပါလိမ့်မည်။

ဝန်ထမ်းကပညာမပြနိုင်အောင် အစိုးရက ပညာပြည့်ဝနေဖို့လိုမည်။ အရည်အသွေးမြင့်သော အစိုးရအဖွဲ့ကို ဘယ်ဝန်ထမ်းမှ ပညာပြလို့မရ။ အစိုးရကိုယ်တိုင်ကလည်း အရည်အသွေးမြင့်နေသင့်သည်။ ဝန်ထမ်းတွေ ပညာပြတာခံရပြီ ဆိုကတည်းက သက်ဆိုင်ရာအကြီးအကဲဖြစ်သူ၏ အရည်အသွေးပိုင်းကို အရင်ဆုံးမေးခွန်းထုတ်သင့်သည်။ ကိုယ့်ဌာနကိုယ်မနိုင်လို့ ထွက်လာသောအသံဖြစ်သည်။ ဘယ်လို ညှိနှိုင်းဆောင်ရွက်ရင် အဆင်ပြေနိုင်မလဲဆိုသော အဖြေကို ရှာကြစေချင်သည်။ ဒါက တိုင်းသိပြည်သိ ညည်းညူနေရမည့်ကိစ္စမဟုတ်။ တစ်ဖက်သားကို တရားခံရှာပြီး အပြစ်တင်လိုက်ရုံဖြင့် မိမိအားနည်းချက်တွေကို ဖုံးကွယ်လို့ရပြီဟု ထင်မှတ်မနေသင့်ပါ။ လက်ရှိအစိုးရသက်တမ်းကား နှစ်နှစ်သာကျန်တော့သည်။ နောက်ဆုံးလက်ကျန်ကာလအတွင်း ဝန်ထမ်းနှင့် အစိုးရ အတွဲညီညီဖြင့် စနစ်တကျပေါင်းစပ်ပေးပြီး ပြည်သူအတွက် အားသွန်ရုန်းစေချင်သည်။အပြစ်တင်တာထက် အဖြေကိုရှာတတ်ခြင်းကသာ အဓိကလိုအပ်ချက်ဖြစ်သည်။ ဝန်ထမ်းတွေပညာပြလျှင် အစိုးရက ဒီထက်ပိုပြီးအရည်အသွေးပြည့်ဝအောင်ကြိုးစားသင့်သည်။ အကောင်းဆုံးကတော့ ဝန်ထမ်းတွေကိုလည်း ပညာမပြစေချင်ပါ။ အစိုးရအဖွဲ့ကိုလည်း အရည်အသွေး ပိုမြင့်မားစေချင်ပါသည်။ ဤသို့ဖြင့် “ဝန်ထမ်း” နှင့် “အစိုးရ” အကောင်းဆုံးပေါင်း စပ်လုပ်ကိုင်ရင်း မူဝါဒကောင်းများ ချမှတ်အောင်မြင်နိုင်ကြပါစေကြောင်း ဆုတောင်းရင်း . . . . ။

ဝင်းကို