News

POST TYPE

PERSPECTIVE

ပျောက်ဆုံးနေသော အစိုးရ
28-Jul-2018
ပြည်နယ်ဝန်ကြီးချုပ်၏ ပြောစကားကို တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးက ပြန်ရှင်းသည်။ ကယားပြည်နယ်ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည်မှုလွဲမှားစွာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး တပ်မတော်အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရသာ ဆောင်ရွက်သွားမည်ဟုဆိုသည်။ ဖြစ်ရပ်က ကယားပြည်နယ်ဝန်ကြီးချုပ်၏ ဇူလိုင်လ ၁၆ ရက် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့သောစကားကို အခြေခံသည်။ ဝန်ကြီးချုပ်က ကယားပြည်နယ်မှာ ဆူပူသောင်းကျန်းမှုတွေ၊ မငြိမ်သက်မှုတွေဖြစ်လာလျှင် တပ်မတော်ကို တာဝန်ပေးပြီး ထိန်းခိုင်းမည်ဟုဆိုသည်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူ့မှာ တာဝန်အပြည့်အဝရှိနေတယ်” ဟုလည်း ဆိုသည်။ အစကိုပြန်ကောက်ရလျှင် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေးက အစပြုသည်။ ထိုကြေးရုပ် စိုက်ထူမှုကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းတွေက သဘောမတူ။ ဆန့်ကျင်ကန့်ကွက်ကြသည်။ ဆန္ဒပြကြသည်။ ရုန်းရင်းဆန်ခတ်တွေဖြစ်သည်။ ပြည်နယ်အစိုးရအနေနှင့် ဒေသခံတွေသဘောမတူသော ဗိုလ်ချုပ်ကြေးရုပ်ကို သယ်ဆောင်လာပါက တိုင်းရင်းသားအဖွဲ့တွေက မရရသည့်နည်းဖြင့် တားဆီးမည်ဟု ဆိုသည်။ ထိုမှတစ်ဆင့် အခြေအနေဆိုးလာလျှင် တပ်ကိုပါ တာဝန်ပေးထိန်းခိုင်းမည်ဟု အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က လက်လွတ်စပယ်လား၊ အမှုမဲ့အမှတ်မဲ့လား၊ ဒါမှမဟုတ် သူသိထားသလို ပြောလိုက်သလားတော့ မသိ။ မီဒီယာတွေမှာ ပျံ့သွားသည်။ “ကယားဝန်ကြီးချုပ်က ဆူပူလာလျှင် တပ်ကို ထိန်းခိုင်းမတဲ့” ဆိုပြီး အသံတွေထွက်လာသည်။ သည်စကား  နည်းနည်းတော့ ထူးခြားသည်။ တပ်မတော်နှင့်ပတ်သက်လာလျှင် ဆတ်ဆတ်ထိမခံသော လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက သို့လော သို့လော ပြောဆိုဝေဖန်လာသည်။ ကယားဝန်ကြီးချုပ်၏ စကားက အစွန်းမလွတ်။ ထို့ကြောင့် သူကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ပြန်လုပ်ရ။ ကြေးရုပ်စိုက် ထူရေးအစီအစဉ် ဖျက်သိမ်းကြောင်း ကြေညာရတာတွေ ဖြစ်လာသည်။ 

သည်ကြားထဲကပဲ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ဝန်ကြီးချုပ်ပြောဆိုချက်ကို ရှင်းချက်ထုတ်ပြန်လိုက်ရသည်။ တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရသာ တာဝန်ယူသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ကို ကျော်လွန်ပြီး လုပ်ဆောင်မှု မရှိ။ ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးအနေနှင့် တပ်မတော်ကို တိုက်ရိုက်တာဝန် ပေးပိုင်ခွင့်မရှိဘဲ အခြေခံဥပဒေ၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရသာ လုပ်ဆောင်မည်ဟု ရှင်းလင်းသည်။ ကယားပြည်နယ်ဝန်ကြီးချုပ်အနေနှင့် ဆူဆူပူပူလုပ်လာသူတွေကို မလုပ်ဝံ့အောင် ပြောလိုက်တာဖြစ်သော်လည်း ထိုပြောဆိုချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်နေသည်ဟုဆိုသည်။ ဝန်ကြီးချုပ်အနေနှင့် တပ်ကို တိုက်ရိုက်တာဝန်ပေးပိုင်ခွင့်မရှိဟု တပ်မတော်ဘက်က ပြောချင်သည်။ အဖြစ်အပျက်က ဒါပဲဖြစ်သည်။ ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်လို့ ပြောလိုက်သလား။ လက်လွတ်စပယ်ပြောမိလိုက်သလားတော့မသိပါ။ ဝန်ကြီးချုပ်တစ်ဦးအနေနှင့် ပြည်နယ်တွင်းဆူဆူပူပူဖြစ်လာလျှင် ထိန်းသိမ်းရန် တာဝန်ရှိတာမှန်သည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဖြစ်ရမည်။

ပြီးခဲ့သည့်ရက်များအတွင်း ဗိုလ်ချုပ်ဆောင်ဆန်းကြေးရုပ်တွေနှင့် ပတ်သက်ပြီးသတင်းတွေ အတော်ကြားရသည်။ မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်ကြေးရုပ်မျက်နှာကို ဆေးရည်နှင့်ပက်ပြီး အောက်ခြေကို ထုရိုက်ဖျက်ဆီးသွားသည့်သတင်းကိုကြားရတော့ အတော်စိတ်ထိခိုက်ရသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ အမျိုးသားခေါင်းဆောင်ကြီးတစ်ဦးဖြစ်သလို တိုင်းရင်းသား ပြည်သူအားလုံးကလည်း ကြည်ညိုလေးစားပြီးဖြစ်သည်။ ယခုအချိန်မှာတော့ ပါတီနှင့် အစိုးရအဖွဲ့၏ အလွဲတွေကြောင့် ဗိုလ်ချုပ်ပုံရိပ်ပါ ထိခိုက်နေရပြီဖြစ်သည်။ မြို့အနှံ့ရွာအနှံ့မှာ ပုံသဏ္ဌာန်မျိုးစုံ၊ အရွယ်စုံ စိုက်ထူထားကြသော ရုပ်တုတွေက ဗိုလ်ချုပ်ကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေသည်။ ဗိုလ်ချုပ်ကို ချစ်ခင်မြတ်နိုးကြသူတွေပါ စိတ်ဘဝင်မကျစရာတွေ ဖြစ်လာသည်။ တကယ်ဆိုလျှင် ဗိုလ်ချုပ်ရုပ်တုတွေက နေရာအနှံ့မှာ များလှပြီ။ တခြားမြို့တွေ၊ ရွာတွေ မပြောနှင့်ဦး။ တောင်ဥက္ကလာပပန်းခြံထဲမှာပင် ရုပ်တုက နှစ်ခုဖြစ်နေသည်။ အဲသလောက်ထိလိုလို့လားဟု မေးစရာရှိသည်။ ယခုတော့ လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေးကို ရပ်ထားလိုက်ပြီဟု သိရသည်။ 

လက်ရှိ ပြည်သူတွေ ရင်ဆိုင်နေရသည့်ပြဿနာက စီးပွားရေးဖြစ်သည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ကို အကြောင်းပြု၍ ကျန်သည့် နိုင်ငံတွေ ငွေတန်ဖိုးကျရသည်။ နဂိုကတည်းက ဘတ်ဂျက်အကျပ်အတည်း မရှိသောနိုင်ငံတွေကခံသာသော်လည်း မြန်မာနိုင်ငံလို ပို့ကုန်နှင့် သွင်းကုန်ကြား ဒေါ်လာ ဘီလီယံနှင့်ချီ ကွာဟနေသည့် နိုင်ငံအတွက်တော့ ပိုဆိုးသည်။ ငွေတန်ဖိုးတွေ ယခုရက်ထဲ ဆက်တိုက်ကျလာခဲ့ရာ ၁၄၃၀ ကျော်သွားသည်။ ထိုရိုက်ခတ်မှုကို စားသုံးသူပြည်သူတွေ ချက်ချင်းလက်ငင်း ခံစားရသည်။ အခြေခံစားသုံးကုန်ကအစ ဈေးတွေ တရိပ်ရိပ်တက်သွားသည်။ သည်လိုအခြေအနေမှာ ပြည်သူတွေက မိဘသဖွယ်ဖြစ်သော တာဝန်ရှိ အစိုးရဆီက တစ်စုံတစ်ရာ ကြားချင်သည်။ အဖြေမရသည့်တိုင်အောင် နှစ်သိမ့်စကားလေးပဲဖြစ်ဖြစ်၊ ခြိုးခြံချွေတာကြဖို့ဆိုတာလေးဖြစ်ဖြစ်၊ သည်းခံပေးကြပါဆိုတာဖြစ်ဖြစ်၊ ပြောစကားလေး ကြားချင်သည်။ စီးပွားရေးသမားတွေလည်း တိုင်းပြည်မျက်နှာကြည့်ပြီး လောဘသိပ်မတက်ကြပါနဲ့ဆိုပြီး တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဦးကဝင်ပြီး နှစ်သိမ့်ပေးမလား၊ ဘယ်သူကများ ထွက်ပြောပေးမလဲ မျှော်ကြသည်။ ဘာသံမျှမကြားရ။ မကြားရသည့်အပြင် “မြန်မာ့စီးပွားရေး တိုးတက်နေပါသည်” ဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီးက ဆိုလိုက်သေးသည်။ 

အံ့အားသင့်နေမိသည့် အချက်တစ်ချက်မှာ အစိုးရဘက်က နိုင်ငံအရေးကိစ္စအတော်များများမှာ တုံ့ပြန်မှုမရှိသလို ဖြစ်နေတာဖြစ်သည်။ ရေကြီးလည်း ဘာသိဘာသာ၊ မြေပြိုလည်း မသိသလို၊ မီးလောင်၊ တံတားပြို သဘာဝဘေးတစ်ခုခုကြုံလည်း အစိုးရဆီက တုံ့ပြန်မှု (Responses) က အလွန်နှေးကွေးလှသည်။ တခြားနိုင်ငံတွေမှာတော့ ဒေါ်နယ်ထရမ့်ဖြစ်စေ၊ ပူတင်ဖြစ်စေ၊ ဒူတာတေးဖြစ်စေ တာဝန်ရှိ အစိုးရခေါင်းဆောင်တစ်ဦးအနေနှင့် နိုင်ငံ့အရေးတစ်ခုခုကြုံလာတာနှင့် ဟောဟောဒိုင်ဒိုင်း ထွက်ပြောတာ၊ အရေးတယူ တုံ့ပြန်တာတွေ့ရသည်။ သမ္မတ ဦးထင်ကျော်က ရိုးရိုးအေးအေး၊ နိုင်ငံရေးအတွေ့အကြုံမရှိသူမို့ လွန်ခဲ့သည့် နှစ်နှစ်တာမှာ အပြင်ထွက်တာလည်း သိပ်မတွေ့ရ၊ ပြည်သူလူထုနှင့် အထိအတွေ့မရှိ။ သမ္မတသစ် ဦးဝင်းမြင့်ကတော့ လွှတ်တော်နိုင်ငံရေးအတွေ့အကြုံရော ပါတီနိုင်ငံရေးအတွေ့အကြုံပါများသည်။ ယခု သမ္မတသစ်ကလည်း ယခင်သမ္မတလိုပဲ အသံတိတ်ပြီး ပျောက်နေပြန်သည်။ မူဝါဒမိန့်ခွန်းတွေ ပြောတာလောက်ပဲ ကြားရသည်။ 

ပြည်သူတွေက မိမိတို့ကို တာဝန်ယူ၊ တာဝန်ခံနေသည့် အစိုးရထံမှ စကားတွေကို ကြားချင်သည်။ အလုံးစုံ မဖြည့်ဆည်းပေးနိုင်သည့်တိုင် အနည်းဆုံး နွေးထွေးနှစ်သိမ့်မှုကို ခံယူလိုသည်။ ဒီမိုကရေစီစနစ်မို့ ပြည်သူတွေဆီက ကောင်းတာတွေရော မကောင်းတာတွေပါ အသံမျိုးစုံ ကြားရနိုင်သည်။ ကျေနပ်သူတွေရော မကျေနပ်သူတွေရော ရှိနေကြမည်။ ယခုအခြေအနေက ပြည်သူတွေနှင့် အစိုးရ သီးခြားစီလိုဖြစ်နေသည်။ လွှတ်တော်တွေက လွှတ်တော်အလုပ် ပုံမှန်လုပ်နေသော်လည်း လွှတ်တော်ကတိကဝတ်တွေကို အစိုးရက ဝတ်ကျေတမ်းကျေလောက်ပဲ ဆောင်ရွက်နေသည်။ နိုင်ငံက ရွေ့သင့်သလောက်မရွေ့။ အဓိက အရေးကိစ္စတွေကို ဆောင်ရွက်ရမည့်အစား ဗိုလ်ချုပ်ရုပ်တုစိုက်ထူရေးလို၊ ပွဲလမ်းသဘင်အခမ်းအနားလို ကိစ္စတွေကိုပဲ ဦးစားပေးနေတာတွေ့ရသည်။ သူများနိုင်ငံ အစိုးရခေါင်းဆောင်တွေ သူ့ပြည်သူအရေးအတွက် ကိစ္စကြီးငယ်မဟူ အရေးတယူတုံ့ပြန်တာမြင်ရတိုင်း ကိုယ့်အစိုးရကို အားမလိုအားမရဖြစ်မိသည်။ 

ချစ်ဝင်းမောင်
၂၆-၇-၂၀၁၈