News

POST TYPE

PERSPECTIVE

အခြေခံပညာရေးကို ရေစုန်မမျောစေလိုပါ
26-Jul-2018

အခြေခံပညာရေးနှင့်ပတ်သက်ပြီး ကြားသိနေရသော သတင်းစကားများမှာ ပညာရေးမြတ်နိုးသူများအနေဖြင့် လွန်စွာစိတ်ထိခိုက် ဖွယ်ရာ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာများသာ ဖြစ်နေရသည်။ ရာထူးတိုးမြှင့်ခန့်ထားမှု၊ နေရာပြောင်းရွှေ့ခန့်ထားမှုများတွင် လုပ်သက်နည်းသူက ရရှိပြီး ရာထူးသက်လုပ်သက်များသူက ကျန်ခဲ့ရသောအကြောင်းများ၊ ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရပြီး တစ်လခန့်ကြာမှသာလျှင် မူလရာထူးသို့ ပြန်လည်လျှောကျ တာဝန်ထမ်းဆောင်စေခြင်း၊ ရာထူးမှ ထုတ်ပယ်ခံရခြင်း စသည်ဖြင့် သတင်းမီဒီယာများမှတစ်ဆင့် အမျိုးမျိုး ကြားသိနေရပါသည်။ နှစ်လိုဖွယ်ရာမဟုတ်သောဖြစ်စဉ်များကို တွေ့မြင်ကြားသိနေရခြင်းသည် ပညာရေးပြုပြင်ပြောင်းလဲမှု၏ အစိတ်အပိုင်းတစ်ခုပေလားဟူ၍ပင် ထင်မှတ်မှားလောက်ပါသည်။

ထူးခြားသည်ဟု ဆိုရမည်လား မပြောတတ်ပါပေ။ အရေးယူအပြစ်ပေးခြင်းခံရသူ အများစုမှာ ပညာရေးရှေ့တန်းတိုက်စစ်မှူးဟု ပညာရှင်ကြီးများက အမည်ပေးကင်ပွန်းတပ်ခဲ့လေသော အခြေခံပညာကျောင်းများမှ ကျောင်းအုပ်နှင့်ဆရာ၊ ဆရာမများသာဖြစ်နေခြင်းပါ။ အပေါ်အဆင့်မှ ပညာရေးအရာရှိဆိုသူများက မိမိတို့လုပ်ဆောင်နိုင်သည့်အခွင့်အာဏာကို အသုံးပြုလျက် အရေးယူအပြစ်ပေးသည့် ဌာနတွင်းအမိန့်စာများ အသုံးပြုပြီး ဟောတစ်ယောက်၊ ဟောတစ်ယောက်ဖြင့် ပညာရေးလုပ်ငန်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေရသူများကို ဖြုတ်ထုတ်လုပ်နေကြခြင်းသည် ပညာရေးဝန်ထမ်းများအတွက် ပြုန်းတီးမှု၊ ပညာရေးဌာန၏ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု ဖြစ်နေပါသဖြင့် ပညာရေးမိသားစု၊ ပညာရေးမြတ်နိုးသူများက နားလည်အသိအမှတ်ပြုရန် မစွမ်းနိုင်ဖြစ်နေကြပါလိမ့်မည်။

ဆရာတစ်ယောက်ဖြစ်လာစေရန်မှာ အတန်းအဆင့်နှင့် အရည်အချင်းသတ်မှတ်ချက်များ ပြည့်မီရန် ကြိုးစားရပါသည်။ ဆရာ့အတတ်ပညာ၊ ဆရာ့အရည်အသွေး ပြည့်ဝစေရန် သင်တန်းအကြိမ်ကြိမ် တက်ခဲ့ကြရပါသည်။ ရာထူးအဆင့်ဆင့်ကို ရယူနိုင်စေရန် ဝင်ခွင့်စာမေးပွဲအမျိုးမျိုး ဖြေဆိုခဲ့ကြရပါသည်။ အခြေခံပညာအဆင့်တွင် လုပ်သက်အမျိုးမျိုးသတ်မှတ်ပြီး နည်းမျိုးစုံဖြင့် ကန့်သတ်ဆောင်ရွက်မှုခံရပြီးမှသာ အရာရှိလစာကို ရယူခံစားကြရခြင်းဖြစ်ပါသည်။ အခြေခံပညာအဆင့်မှ ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမအများစုမှာ အဆင့်ကျော်သွားခြင်း၊ မိုးပေါ်ကနေဆွဲတင်ခြင်း၊ အချောင်ရခြင်း၊ နောက်ဖေးပေါက်ကနေ တက်သွားခြင်းမျိုး မဟုတ်ဘဲ အခြေအနေအမျိုးမျိုးတွင် အချိန်များစွာ ရင်းနှီးမြှုပ်နှံပြီး လှေကားထစ် တစ်ဆင့်ပြီးတစ်ဆင့်တက်ပြီးမှသာ အရာရှိဆိုသောခံစားခွင့်ကို ရယူနိုင်ခဲ့ကြရသူများ ဖြစ်သည့်အတွက် မိမိတို့၏ဆရာ့ဘဝကို မြတ်နိုးဂုဏ်ယူစွာဖြင့် ပညာရေးစီမံခန့်ခွဲမှု သဘောတရားများနှင့်အညီ ထိရောက်ပေါက်မြောက်စေရန် အမှန်တကယ် ကြိုးစားဆောင်ရွက်နေသော ပညာရေးသမားများဖြစ်ကြပါသည်။

ကျောင်းပညာရေးလုပ်ငန်းများကို အမှန်တကယ်ကြိုးစားဆောင်ရွက်မည်ဆိုပါလျှင် ရုံးခန်းနှင့် စားပွဲပေါ်တွင် အခန့်သားထိုင်နေပြီး အမိန့်ညွှန်ကြားချက်အမျိုးမျိုး ထုတ်နေခြင်းများလောက်တော့ အပြစ်ကင်းစင်နိုင်မည်မဟုတ်ပါ။ အခြေခံပညာကျောင်းအဆင့်တွင် ပြစ်မှုအမျိုးမျိုးအတွက် အကြိမ်ကြိမ်စစ်ဆေးအရေးယူနေကြမည့်အစား အဆိုပါပြစ်မှုမျိုးကို ထပ်မံကျူးလွန်ဖောက်ဖျက်မှုမပြုနိုင်စေရန် ကြိုတင်ကာကွယ်ပေးနိုင်မည့် စီမံခန့်ခွဲမှုလုပ်ငန်းများအား စီစဉ်ဆောင်ရွက်ကြပါသလား၊ ဆောင်ရွက်သည်ဆိုပါလျှင်လည်း မည်သူတို့က မည်ကဲ့သို့ စီစဉ်ပြီး မည်ကဲ့သို့ ဆောင်ရွက်နေကြပါသနည်း၊ မည်သူတို့က ကျင့်ဝတ်နှင့်တာဝန်များ ပျက်ယွင်းနေကြပါသနည်းဆိုခြင်းကို စနစ်တကျလေ့လာဆန်းစစ်ရန် လိုအပ်မည်ဖြစ်ပါသည်။ အမိန့်ညွှန်ကြားချက်များထုတ်ပြန်လျက် အသိပေးပြီးဖြစ်သည်ဟု ဆိုကြရုံမျှဖြင့် လုံလောက်မှုမရှိနိုင်ပါ။ အဆင့်ဆင့်သော အခြေခံပညာရေးတာဝန်ရှိသူများသည် မိမိတို့၏လုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်လျက် တာဝန်ယူတာဝန်ခံကြရမည် ဖြစ်ပါသည်။ အခြေခံပညာအဆင့်တွင် ကျောင်းများမှအစ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးလုပ်ငန်းများကို အဆင့်ဆင့်စစ်ဆေးနေကြသည့်တိုင်အောင် အခြေခံပညာအဆင့်ကို အဓိကတာဝန်ယူ စီမံခန့်ခွဲလျက်ရှိသော အခြေခံပညာဦးစီးဌာန၏ လုပ်ငန်းစဉ်များကို မည်သူတို့က မည်သည့်စံနှုန်းများဖြင့် မည်ကဲ့သို့ စစ်ဆေးကြီးကြပ်အကဲဖြတ်နေကြပါသနည်းဆိုခြင်းကို ထည့်သွင်းစဉ်းစားလျက် စီစဉ်ဆောင်ရွက်မှသာလျှင် အမျိုးသားပညာရေးဥပဒေနှင့်အညီ အကောင်အထည်ဖော်လျက်ရှိသည်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။

ပညာရေးအဖွဲ့အစည်း အဆင့်ဆင့်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များသည် မူဝါဒများ၊ ပညာရေးလမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိသည်ဆိုပါက မိမိတို့၏ဆောင်ရွက်ချက်များကို ပွင့်လင်းမြင်သာစွာ လေ့လာကြည့်ရှုစစ်ဆေးခံနိုင်မည်ဖြစ်ပါသည်။ အထူးအားဖြင့် ဝန်ထမ်းများအား အပြစ်ပေးအရေးယူရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ဥပမာ - နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ၊ အပိုဒ် ၁၆၇ တွင် ဖော်ပြထားသော “ဝန်ထမ်းကို အပြစ်ပေးရာ၌ ချမှတ်သည့် ပြစ်ဒဏ်သည် တရားမျှတရေးနှင့် စည်းကမ်းထိန်းသိမ်းမှု ထိရောက်စေရေးအတွက် ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေရှိစေရန် ဂရုပြုဆောင်ရွက်ရမည်။ အပြစ်ရှိသောဝန်ထမ်းကို အပြစ်နှင့်လျော်ညီစွာ ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရန်ဖြစ်သော်လည်း ဝန်ထမ်း၏ဘဝတွင် နာလန်မထူ အညွန့်တုံးစေမည့် အပြစ်ပေးခြင်းမျိုးမဖြစ်စေဘဲ ဝန်ထမ်းကောင်းတစ်ဦး ပြန်လည်ဖြစ်လာစေရန် ပြုပြင်ပေးရေးကို ရှေးရှုရမည်”ဟူသော လမ်းညွှန်ချက်ကို အလေးထားပြီးဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါသည်။

အဆောက်အအုံတစ်ခုကို ဆောက်လုပ်ခြင်းအတွက် အချိန်များစွာ ယူရမည်ဖြစ်သော်လည်း နေ့ချင်းညချင်း တစ်ခဏအတွင်းမှာပင် ဖျက်ဆီးနိုင်သည်ဟူသော ဆိုရိုးစကားတစ်ရပ်ရှိပါသည်။ မင်းခယောကျာ်း ကမ်းနားသစ်ပင်ဆိုသော စကားရပ်မှာ ပဒေသရာဇ်ခေတ်၊ သက်ဦးဆံပိုင်ခေတ်၊ အာဏာရှင်ခေတ်၏ လက်သုံးစကားတစ်ရပ်ဖြစ်ပါသည်။ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်လာစေရန် အချိန်နှင့် အခြေအနေအမျိုးမျိုးကို ဖြတ်သန်းလာရသည့်အားလျော်စွာ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ကြိုးစားလျက်ရှိသည့် ယနေ့အချိန်အခါတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အခန်း ၄၊ ပုဒ်မ ၁၁၊ အပိုဒ်ခွဲ (က) အလုပ်တည်မြဲခွင့်၊ အပိုဒ်ခွဲ (ခ) လုပ်ငန်းခွင်အာမခံချက်ရခွင့်၊ အခန်း ၁၁၊ ပုဒ်မ ၅၄၊ ဝန်ထမ်းအားပြစ်ဒဏ်ချမှတ်သည့်အခါ - အပိုဒ်ခွဲ (က) ပညာပေးပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းမှု ထိရောက်ရေးတို့ကို ဦးတည်ချက်ထားရမည်၊ အပိုဒ်ခွဲ (ခ) ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေရှိစေရမည် ဆိုသောအချက်များကို အလေးထားစဉ်းစားရန် လိုအပ်လိမ့်မည်ဖြစ်ပါသည်။ 

ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများအား လုပ်ချင်ရာလုပ်ဆိုသည့် သဘောဖြင့် မျက်ကွယ်ပြုရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဆရာ့ဂုဏ်သိက္ခာနှင့် မညီသော ကျင့်ဝတ်ဖောက်ဖျက်မှုများရှိပါက အပြစ်ပြုခြင်း၏ နောက်ခံအကြောင်းရင်းကို သေချာစွာ လေ့လာလျက် ပထမအကြိမ် စည်းရုံးပြုပြင်ပေးရပါမည်။ ထပ်မံကျူးလွန်ပါက မှတ်တမ်းထားလျက် ဒုတိယအကြိမ် သတိပေးပြုပြင်ရပါမည်။ ထပ်မံကျူးလွန်ပါက အပြစ်အလျောက် ထိုက်သင့်သော ပြစ်ဒဏ်ကို ပေးအပ်ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် လမ်းညွှန်ထားချက်များနှင့် ကိုက်ညီဆီလျော်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများ၊ အဆင့်ဆင့်သော ပညာရေးဝန်ထမ်းများအား အခြေခံပညာအဆင့်၏ ပညာရေးစီမံခန့်ခွဲမှု အခွင့်အာဏာအရ အပြစ်ပေးအရေးယူမှုပြုနေခြင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ပညာရေးသဘောတရား လမ်းညွှန်ချက်များနှင့် ကိုက်ညီဆီလျော်မှု ရှိခြင်း မရှိခြင်းဆိုသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် ပညာရှင်များပီပီ ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ အခန်း ၁၄၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်း ရေးဆိုင်ရာအခြေခံမူများ၊ အပိုဒ် ၁၆၀ ၌ စည်းကမ်းထိန်းသိမ်းရေးအလို့ငှာ ဝန်ထမ်းကို အရေးယူရာတွင် ပြစ်ဒဏ်ချမှတ်ခံရသည့်ဝန်ထမ်းသည် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြင့် အရေးယူခံရပြီးနောက် ကျူးလွန်ပျက်ကွက်ခဲ့သောပြစ်မှုမျိုး ထပ်မံမဖြစ်စေရေးနှင့် အသိတရားရရှိစေရေးဟူသည့် ဝန်ထမ်းကောင်းတစ်ဦးဖြစ်လာစေရန် ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်ရာ၌ - အပိုဒ်ခွဲ (က) ဝန်ထမ်းသည် သတ်မှတ်ထားသည့်ကျင့်ဝတ်၊ စည်းကမ်းနှင့်တာဝန်များကို စောင့်ထိန်းလိုက်နာ၍ လုပ်ငန်းကျွမ်းကျင်မှု အစဉ်တိုးတက်နေစေရန် ကြိုးစားခြင်းဖြင့် မိမိဝန်ထမ်းအဖွဲ့အစည်းအတွင်း လုပ်ငန်းစွမ်းရည်တိုးတက်မြင့်မားစေရေးကို ဦးတည်ချက်ထားရမည်ဟု ဖော်ပြထားပါသည်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ကိုးကားဖော်ပြလျက် အမိန့်ညွှန်ကြားချက်များထုတ်ပြန်ပြီး အခြေခံပညာအဆင့်မှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများကို အရေးယူအပြစ်ပေးစီမံခန့်ခွဲနေကြသော အဆင့်ဆင့်မှ ပညာရေးတာဝန်ရှိသူများအနေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အပိုဒ် ၁၆၀ နှင့်အညီ ဆောင်ရွက်မှုရှိခြင်း မရှိခြင်းဆိုသည်ကို မိမိတို့ကိုယ်တိုင် လေ့လာသုံးသပ်ရန်လိုအပ်မည်ဖြစ်ပါသည်။

ဥပမာတစ်ခုကို ဖော်ပြလိုပါသည်။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသောစကားကို လက်သုံးကိရိယာတစ်ခုအနေနှင့် အစဉ်အဆက်အသုံးပြုခဲ့ကြပါသည်။ အသုံးပြုနေဆဲလည်း ဖြစ်ပါသည်။ ကျောင်းဖွင့်သည့်နေ့တိုင်း နိုင်ငံတော်အလံကို လွှင့်တင်ရပါသည်။ ကျောင်းလုပ်ငန်းများဆောင်ရွက်ရန် ကျောင်းကောင်စီအသင်းအလံများနှင့် နေ့စဉ် တာဝန်ကျအသင်းအလံကိုလည်း လွှင့်တင်ပေးရပါသည်။ ကျောင်းမတက်မီ နံနက်ပိုင်းတွင် အလံတင်ပြီး ကျောင်းဆင်းချိန် ညနေပိုင်းတွင် အလံချရပါသည်။ ကျောင်းသားများအား အလှည့်ကျတာဝန်ယူစေခြင်းဖြင့် နိုင်ငံတော်အလံကို လေးစားတန်ဖိုးထားတတ်သော အသိစိတ်ဓာတ်နှင့် တာဝန်ယူတတ်သောအသိစိတ်ဓာတ်ကို ကျောင်းပညာရေး အလေ့အကျင့်မှတစ်ဆင့် စွဲမြဲရှင်သန်စေရန် ဖြစ်ပါသည်။ တာဝန်ကျေပွန်သော အလေ့အထတစ်ခုကို လိုက်နာဆောင်ရွက်ခြင်းသည် ကျောင်းစည်းကမ်း ကောင်းမွန်ခြင်း၏ သွင်ပြင်တစ်ရပ် ဖြစ်ပါသည်။ ပကတိအခြေအနေအရ ကျောင်းအများစုတွင် နိုင်ငံတော်အလံနှင့်တကွ အသင်းအလံများအား တစ်နှစ်ပတ်လုံး၊ တစ်နေ့ ၂၄ နာရီပတ်လုံး ကျောင်းပိတ်ရက်များအပါအဝင် လွှင့်တင်ထားသည်ကို တွေ့နေရမည်ဖြစ်ပါသည်။ ထိုသို့သောအခြေအနေများသည် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများတွင် အဓိကတာဝန်ရှိသည်ဟု ဆိုကြမည်ဖြစ်သော်လည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အပိုဒ် ၁၆၀ တွင်ဖော်ပြထားသော မိမိဝန်ထမ်းအဖွဲ့အစည်းအတွင်း လုပ်ငန်းစွမ်းရည် တိုးတက်မြင့်မားစေရေးကို ဦးတည်ချက်ထားရှိရမည်ဆိုသည့်အချက်နှင့် ဆက်စပ်ကြည့်မည်ဆိုလျှင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ အခန်းကဏ္ဍကိုလည်း မျက်ကွယ်ပြု၍ရနိုင်မည်မဟုတ်ပါ။ အခြေခံပညာရေးလုပ်ငန်းစဉ်များမှ တစ်ခုသာလျှင် ဖြစ်ပါသည်။

အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်သော အရေးယူအပြစ်ပေးသည့်စာများတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ အချက်များကို ကိုးကားလျက်ဖော်ပြပြီး ဆောင်ရွက်ရာ၌ ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ချက်များကို အသုံးပြုရာတွင် မိမိဖော်ပြလိုသောအချက်ကိုသာ ထုတ်ယူအသုံးပြုမည့်အစား ဥပဒေ၊ နည်းဥပဒေမှ အခြားသော သက်ဆိုင်သည့်အချက်များ၊ ဆက်စပ်ဥပဒေများ၊ ပညာရေးလမ်းညွှန်ချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။ ဝန်ထမ်းများအား အရေးယူအပြစ်ပေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများသာမက ပြည်ထောင်စုရာထူးဝန်အဖွဲ့က ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ၌ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ၂၀၁၇-၂၀၂၀ တွင် ဖော်ပြထားသည်များကို အထူးအလေးထားလေ့လာပြီး လက်တွေ့ဆောင်ရွက်နိုင်စေရန် မိမိကိုယ်တိုင် သုံးသပ်ဆင်ခြင် ဆောင်ရွက်ခြင်းဖြင့် အခြေခံပညာအဆင့်တွင် ဝန်ထမ်းပြုန်းတီးမှုနည်းပါးသွားမည် ဖြစ်ပြီး ပညာရေး၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးလျက်အခြေခံပညာရေး ရေစုန်မျောခြင်းဘေးမှ ကင်းဝေးစေရန် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦး