News

POST TYPE

PERSPECTIVE

ဘတ်ဂျက်ကာလ အပြောင်းအလဲကြားက ပြန်လည်ဆန်းစစ်ရမယ့် နိုင်ငံ့စီးပွားရေး တိုးတက်မှု ရှိ မရှိ
ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ပြန်လည် စတင်ကျင်းပနေကြပါပြီ။ ဒီအစည်းအဝေး စတင်ကျင်းပလျှင် ကျင်းပခြင်း နိုင်ငံ့ဘဏ္ဍာ ခွဲဝေသုံးစွဲရေး စီမံကိန်းတွေ ချမှတ်အကောင်အထည်ဖော်ရေးနဲ့ နိုင်ငံတော်ရဲ့ ရငွေတွေအပိုင်းနဲ့ ပတ်သက်တဲ့အစီအစဉ်တစ်ခု ပါရှိလာတာတွေ့ခဲ့ရသလို ဒီအစီအစဉ်ဟာ ယခုရက်ပိုင်းမှာ နိုင်ငံ့စီးပွားရေး တိုးတက်မှု၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်လက်မဲ့ကိစ္စတွေအတွက် လူထုအထဲမှာ အသံမျိုးစုံ ထွက်ပေါ်နေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။ လွှတ်တော်အတွင်း တင်သွင်းခဲ့တာကတော့ လာမယ့်အောက်တိုဘာလ ၁ ရက်နေ့မှာစတင်မယ့် ဘတ်ဂျက်ကာလ ပြောင်းလဲခြင်းအစအတွက် နိုင်ငံ့ဘဏ္ဍာတွေကိုအသုံးပြုပြီး ဆောင်ရွက်ကြမယ့် စီမံကိန်းလုပ်ငန်းတွေ၊ အစိုးရဌာနတွေက ခွဲဝေသုံးစွဲဆောင်ရွက်ကြမယ့် သုံးငွေတွေ၊ သူတို့ရရှိကြမယ့်ရငွေတွေပါဝင်တဲ့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှစ်ခုပဲ ဖြစ်ပါတယ်။

လာမယ့်အောက်တိုဘာ ၁ ရက်မှာ ပြန်စမယ့် ဘတ်ဂျက်ကာလအတွက် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ သမ္မတရဲ့ပြောကြားချက်အရဆိုရင် ရငွေဟာ ၂၀,၀၅၁ ဘီလီယံဖြစ်ပြီး သုံးငွေဟာ ၂၄,၉၅၄ ဘီလီယံဖြစ်တဲ့အတွက် ဘတ်ဂျက်လိုငွေပြမှု ၄၉၀၃ ဘီလီယံဖြစ်တာ တွေ့ခဲ့ရပါတယ်။ လိုငွေနှင့် ဂျီဒီပီအချိုးဟာ ၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြစ်ပြီး ရငွေတွေအထဲမှာ ပြည်ပအကူအညီရငွေ ကျပ် ၆၈၂ ဘီလီယံနဲ့ ပြည်ပ ချေးယူရငွေ ကျပ်၂၁၉၁ ဘီလီယံတို့ပါဝင်တာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရဲ့လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ပေးငွေ ကျပ် ၁၇၉၄ ဘီလီယံလည်း ထိုအသုံးစရိတ်ငွေထဲမှာ ပါဝင်တာတွေ ကြားခဲ့ရပါတယ်။ ဒီအတွက် ဒါတွေကိုကြည့်ရင်ပဲ လက်ရှိနိုင်ငံတော်ရဲ့ ဘဏ္ဍာရေး အခြေအနေတွေကို အကြမ်းဖျင်း ခန့်မှန်းမိနိုင်ကြမယ် ထင်ပါတယ်။

အမှန်တော့ ဒီဘတ်ဂျက်လိုငွေပြမှုဟာ ယခင်အစိုးရလက်ထက် အစ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကစပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာနေခဲ့တာကို စာရင်းဇယားတွေကိုပြန်ကြည့်ရင် မြင်နိုင်ပါတယ်။ ပါတီစုံ ဒီမိုကရေစီနှစ်စတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ ယခု ၇ နှစ်တာကာလ ဘဏ္ဍာရေးနှစ်များအလိုက် ဘတ်ဂျက်လိုငွေပြမှု (Budgetd Eficit) ကိုပြန်ကြည့်ရင် ယခင်အစိုးရလက်ထက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ ၂၉၂၅ ဘီလီယံ၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ ၂၇၅၃ ဘီလီယံ၊၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ ၃၆၁၄ ဘီလီယံရှိခဲ့ပြီး ယခု အစိုးရလက်ထက်၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ၃၇၅၇ ဘီလီယံနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာမူ ဘတ်ဂျက်လိုငွေပြမှုမှာ ၄၁၂၈ ဘီလီယံတို့ အသီးသီး မြင့်တက်ခဲ့ပြီး အခုဆိုရင် ၄၉၀၃ ဘီလီယံ ရှိခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့သတ်မှတ်ချက်အရဆိုရင် လိုငွေပြမှုဟာ နှစ်စဉ်ရေးဆွဲကြတဲ့ နိုင်ငံတော် ဘတ်ဂျက်ရဲ့ ၅ ရာခိုင်နှုန်းထက် မပိုရပါဘူး။ ဘတ်ဂျက်စနစ်အရ ပြောရမယ်ဆိုရင် လိုငွေပြတယ်ဆိုတာ ရငွေကနည်းပြီး သုံးငွေက များနေတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ ကဏ္ဍတိုင်းမှာ လိုအပ်တဲ့ အခြေခံ အဆောက်အဦတွေ ဆောက်လုပ်တာ၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ တိုးမြှင့်ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် လိုငွေတွေပြနေခြင်းပဲ ဖြစ်ပါတယ်။

လိုငွေပြမှုနည်းပါးရေးအတွက် ဖြေရှင်းတဲ့နေရာမှာ နည်းလမ်းနှစ်ခုနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါကတော့ ရငွေအပိုင်းကို တိုးတက်အောင် တိုးချဲ့လုပ်ကိုင်ခြင်းနဲ့ သုံးငွေအပိုင်းကို ခြိုးခြံချွေတာပြီး လျှော့ချခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအပိုင်းတွေကိုတော့ ယခင်အစိုးရလက်ထက်မှာရော ဒီအစိုးရလက်ထက်မှာ ပြောင်းလဲအောင် အားစိုက်ပြီး မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ အခုလို ဘတ်ဂျက်ရာသီနီးလို့ လွှတ်တော်ကို တင်သွင်းချိန်ခါနီးမှာတော့ နိုင်ငံတော်သမ္မတဦးစီးတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးနဲ့ အမျိုးသား စီမံကိန်း အစည်းအဝေးတွေ ပြုလုပ်ကြတဲ့အခါမှာတော့ အသုံးစရိတ်တွေ လျှော့ချကြဖို့၊ စီမံကိန်းတွေကို စနစ်တကျ အောင်မြင်အောင် လုပ်ကြဖို့တော့ အစဉ်အလာ တစ်ခုအနေနဲ့ ပြောပြောနေတာတွေ ကြားရတာ ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတ အိမ်တော်မှာ လွန်ခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဘဏ္ဍာရေးနဲ့ အမျိုးသား စီမံကိန်း အစည်းအဝေးတွေမှာ သမ္မတက ဘာပြောခဲ့သလဲဆိုတော့ “သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေနဲ့ အသုံးစရိတ်များ တောင်းခံရာမှာ ထုတ်လုပ်မှုတိုးတက်ဖို့ တိုက်ရိုက်မသက်ဆိုင်တဲ့ အသုံးစရိတ်တွေဖြစ်တဲ့ ရုံးသုံးစက်ကိရိယာဝယ်ယူတာတွေ၊ ပရိဘောဂ ဝယ်ယူတာတွေ စတဲ့ဌာန အသုံးစရိတ်တွေဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေမယ့် စီမံကိန်းလုပ်ငန်း အသုံးစရိတ်တွေထက် ပိုမိုများပြားနေတာကို တွေ့ရှိရကြောင်း၊ ဒါ့ကြောင့် အသုံးစရိတ်တွေကို ရေးဆွဲရတဲ့နေရာမှာ ဌာနအတွက် အသုံးစရိတ်တွေကို တတ်နိုင်သလောက် လျှော့ချသုံးစွဲဖို့၊ ဘတ်ဂျက်ဟာ အကန့်အသတ်ရှိတာ ဖြစ်တဲ့အတွက် ခွဲဝေချထားပေးတဲ့ အသုံးစရိတ်ဘောင်အတွင်း စီမံကိန်း လုပ်ငန်း အသုံးစရိတ်များကို ဦးစားပေး ထည့်သွင်းရေးဆွဲကြဖို့နဲ့ အကျိုးရှိစွာ ထိထိရောက်ရောက် သုံးစွဲကြဖို့၊ ချင့်ချိန်ဝေဖန်နိုင်တဲ့ သာမန်ပုဂ္ဂိုလ်တစ်ဦးက မိမိပိုင်ငွေများကို သုံးစွဲရာတွင် ချင့်ချိန်သကဲ့သို့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေနဲ့ စီမံကိန်းလုပ်ငန်းများနဲ့ ဌာနတွင်း အသုံးစရိတ်များကို သုံးစွဲတဲ့အခါ စိစစ်ချင့်ချိန်ပြီး သုံးစွဲကြဖို့လိုတယ်လို့”ဆိုခဲ့တာကိုလည်း ကြားပြီးကြပြီးဖြစ်မှာပါပဲ။

အမှန်တကယ်တော့ NLD အစိုးရလက်ထက်မှာ ကျရိပ်သန်းနေတဲ့ နိုင်ငံ့စီးပွားရေး၊ တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ဒေါ်လာဈေးတွေ၊ နောက်အဝင်နည်းလာနေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ၊ လစာနည်းပါးကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ တစ်စတစ်စ ပိတ်စပြုလာနေကြတဲ့ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ အထည်ချုပ်နဲ့ ဖိနပ်ချုပ်ငန်းတွေ၊ အလုပ်လက်မဲ့ ဖြစ်လာနေတဲ့ ပြည်တွင်းက အလုပ်သမားတွေ၊ ပြည်တွင်း ထုတ်ကုန် မရှိသလောက် နည်းပါးလာတဲ့ ကုန်ပစ္စည်းတွေအကြားမှာ နိုင်ငံ့စီးပွားရေးဦးမော့ဖို့ဆိုရင် အခုလို နိုင်ငံ့ဘဏ္ဍာ ခွဲဝေလျာထားသုံးစွဲမှုတွေကိုသာ စနစ်တကျ စီမံခန့်ခွဲ သုံးစွဲစေသင့်ပါတယ်။ ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ရုံတွေ ဆောင်ရွက်သင့်ကြပါတယ်။ နိုင်ငံခြားဝင်ငွေ ရရှိဖို့အတွက် ပိုမိုရင်းနှီးမြှုပ်နှံသင့်တဲ့အပိုင်းကို ပိုမိုရင်းနှီးမြှုပ်နှံအားပေးတာ၊ ဌာနဆိုင်ရာပေါင်းစုံက အသုံးများနေကြတဲ့စရိတ်တွေကို လျှော့ချပစ်တာ၊ အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ၊ ပြည်နယ်အဆင့် ပုဂ္ဂိုလ်တွေ၊ နိုင်ငံ့ဝန်ထမ်း အကြီးအမှူးဆိုသူတွေရဲ့ အဆောင်အယောင် မော်တော်ယာဉ် အသုံးစရိတ်တွေ၊ နေ့တွက်စရိတ်တွေ၊ ဧည့်ခံစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်တွေကို အသီးသီးလျှော့ချတာ ခွင့်ပြုကြတာဆိုတဲ့ ခြိုးခြံချွေတာရေးလမ်းကြောင်းကို ဦးတည်ပြီး သွားသင့်ကြပါပြီ။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနေနဲ့လည်း ဗဟိုအစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရထံကရမယ့် ထောက်ပံ့ကြေးကိုပဲ လက်ဝါးဖြန့်ပြီး ကိုယ့်တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းကရတဲ့ အခွန်အခရန်ပုံငွေတွေကိုတော့ ထင်တိုင်း စိတ်ရှိတိုင်း သုံးစွဲနေမှုတွေ၊ အလဟဿဖြစ်စေမယ့် ပွဲလမ်းသဘင်လိုကိစ္စမျိုးတွေကို သုံးစွဲတာတွေကို ပြင်သင့်နေပါပြီ။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဇယား ၂ နဲ့ ၅ မှာ ပေးထားတဲ့ အခွင့်အာဏာတွေကို အပြည့်အဝ ကိုင်တွယ်ကျင့်သုံးပြီး ဥပဒေပြုတာ၊ အခွန်အခနဲ့ အခြားရန်ပုံငွေတွေကို ပိုမိုတိုးတက်အောင် ရရှိဖို့တွေကို တိုးမြှင့်လုပ်ဆောင်သင့်ပြီး ပြည်ထောင်စုအစိုးရကိုသာ ပြန်လည် ခွဲဝေရန်ပုံငွေ ထည့်ပေးတဲ့စနစ် (ဖက်ဒရယ်အစိုးရနည်းစနစ်)ကို ဦးတည်သင့်ကြပါပြီ။ ပြည်ထောင်စု အစိုးရအနေနဲ့လည်း ကိုယ့်ပြည်တွင်းကနေ ပြည်ပကို ပို့ကုန်များများပို့နိုင်အောင် ထုတ်လုပ်ကြမယ့် ပြည်တွင်းက အသေးစား စက်မှုလက်မှု လုပ်ငန်းလေးတွေကို ပိုမိုပံ့ပိုပေးတာတွေကို စောင်းပေးပြီး ဖော်ဆောင်သင့်တဲ့ကာလ ဖြစ်နေပါပြီ။

ဒါမှမဟုတ်ဘဲ ပြောင်းလဲမှုကို ဖော်ဆောင်မယ်ဆိုတဲ့ အစိုးရအနေနဲ့ ပြောင်းလဲမှုကို ပြည်သူတွေ မျက်ဝါးထင်ထင် မြင်တွေ့ရအောင် လုပ်ဆောင်မယ်ဆိုရင် အခုနှစ်မှာ စတင်ပြောင်းလဲမယ့် ဘဏ္ဍာရေးနှစ်ကာလ စတင် ပြောင်းလဲတဲ့အချိန်မှာ ဒါကိုအထူးတလည်စိစစ်တာ၊ ဘတ်ဂျက်စနစ်ကို လုံးဝ ပြောင်းလဲပစ်တာ၊ သမ္မတပြောသလို ဌာနတစ်ခုချင်းစီရဲ့ တင်ပြလာသမျှ အသုံးစရိတ်တွေကို တစ်ခုချင်း အနုလုံပဋိလုံစစ်တာတွေကို အသေအချာ ပြုလုပ်သင့်ပါပြီ။ စီမံဘဏ္ဍာဝန်ကြီးဌာနအောက်က အရအသုံး ဦးစီးဌာနကစပြီး နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌလုပ်တဲ့ ဘဏ္ဍာရေး ကော်မရှင်အဆုံး၊ နောက်ဆုံး လွှတ်တော်အထဲက ကော်မတီတွေအားလုံးက ဝိုင်းဝန်းစစ်ဆေးပြီး ပြောင်းလဲပစ်ရတော့မယ့်ကာလ ရောက်နေပါပြီ။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ ယခုလက်ရှိဘတ်ဂျက်မှာ ပါဝင်လာမယ့် ဌာနပေါင်းစုံရဲ့ အရအသုံးစာရင်းတွေကို လေ့လာကြည့်မယ်ဆိုရင် ယခင်ကအတိုင်းသာ မပြောင်းလဲဘဲ ရသမျှတင်တောင်းနေကြတာ မြင်ရမှာဖြစ်သလို အစိုးရဌာန ဘတ်ဂျက်စနစ်ဖြစ်နေပြီး ပြည်သူ့ဘတ်ဂျက်စနစ် မဖြစ်သေးတာ၊ ဌာနပေါင်းစုံရဲ့ ဘတ်ဂျက်စနစ် ခွဲဝေသုံးစွဲမှုတွေဟာ ယနေ့အချိန်အထိ ပြည်သူကို ချပြရဲတဲ့အထိ ပွင့်လင်းမြင်သာမှု မရှိသေးတာ၊ တင်ဒါစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကိုယ်နဲ့နီးစပ်ရာ ဆွေတော်မျိုးတော်တွေကိုသာ လက်သင့်ရာ စားတော်ခေါ်နေကြတာ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ စံချိန်မမီဘဲ ဖြစ်နေတာတွေဟာ ပြောင်းလဲမှုကို ဖော်ဆောင်မယ်ဆိုတဲ့အစိုးရရဲ့ပြောစကားအတွက် လူထုက ရယ်စရာပြက်လုံးဟာသတစ်ခုလို မြင်နေကြတာ ကြာနေခဲ့ပါပြီ။

ဒါမှမဟုတ်ဘဲ အစိုးရရဲ့ ဘတ်ဂျက်ရေးဆွဲတဲ့စနစ်မှာ ခြိုးခြံချွေတာရေး လမ်းကြောင်းအပေါ်ကိုလည်း မလျှောက်လှမ်းကြဘူး၊ ရငွေအပိုင်းဖြစ်တဲ့ ကိုယ်ရကြမယ့် အခွန်အခတွေကိုလည်း စနစ်တကျ အလေအလွင့် မရှိအောင် စနစ်တွေပြောင်းလဲပြီး ထင်သာမြင်သာရှိရှိ မကောက်ခံနိုင်ကြဘူး၊ နိုင်ငံတော်ပိုင် စီမံကိန်းတွေက ပြည်တွင်းထုတ်ကုန်အပိုင်းတွေ၊ အရည်အသွေးတွေ၊ ဈေးကွက်တွေကိုလည်း တိုးတက်အောင် မြှင့်တင် မကြီးကြပ်အားမပေးဘူး၊ ကမ္ဘာလှည့်ခရီးသည်တွေ များများဝင်လာအောင်လည်း မဆွဲဆောင်နိုင်ဘူး၊ ပြည်တွင်းမှာလည်း လျှပ်စစ်တွေကို ပိုမိုတိုးတက်ရရှိအောင် မထုတ်လုပ် မဖြန့်ဖြူးနိုင်ဘူး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များများဝင်ရောက်လာနိုင်အောင်လည်း မဆွဲဆောင် လမ်းမဖွင့်ပေးနိုင်ဘူး၊ ကိုယ့်နိုင်ငံသားတွေကိုလည်း ပြည်တွင်း အလုပ်အကိုင်တွေ မရှာဖွေပေးနိုင်ဘူးဆိုရင်တော့ ရလဒ်တွေဟာ ကောင်းမလာနိုင်သလို ပြောင်းလဲမှုဆိုတာနဲ့လည်း ဖီလာဆန့်ကျင်ဖြစ်နေမှာပါပဲ။ အစိုးရတစ်ရပ်အနေနဲ့ သူကြိုက်တဲ့နိုင်ငံရေးစနစ်ကို ကျင့်သုံးနိုင်ပါတယ်။ ကွန်မြူနစ်စနစ် ကျင့်သုံး ကျင့်သုံး၊ ဆိုရှယ် လစ်စနစ်ကိုပဲသွားသွား၊ ဒီမိုကရေစီစနစ်ကိုပဲဦးတည်ဦးတည် သူတို့ကျင့်သုံးတဲ့ နိုင်ငံရေးစနစ် ဘယ်လောက်ကောင်းကောင်း အဂတိတရား ဘယ်လောက်ကင်းပါတယ်ဆိုဆို နိုင်ငံကို စီးပွားရေး တိုးတက်အောင် မလုပ်နိုင်ဘူး၊ ပြည်သူတွေကို ဝမ်းဝခါးလှအောင် မဆောင်ကြဉ်းပေးနိုင်ဘူး၊ အလုပ်အကိုင် မဖန်တီးပေးနိုင်ဘူး၊ ပညာရေးစနစ် မတည်ငြိမ်သလို နည်းစနစ်မမှန်ဘူး၊ နိုင်ငံ့ဝန်ထမ်းတွေ လစာနည်းပါးနေမယ်၊ နိုင်ငံ့ဘဏ္ဍာ ခွဲဝေသုံးစွဲမှုတွေမှာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုရင်တော့ သူ့ကိုထောက်ခံမယ့် ပြည်သူတွေရဲ့ရာခိုင်နှုန်းဟာ အတော်နည်းပါးသွားတာ မြင်ရပါလိမ့်မယ်။ ဥပမာအနေနဲ့ တရုတ်နဲ့ စင်ကာပူအစိုးရတို့ရဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် မြင်ကြရနိုင်ပါတယ်။ ဥပမာယူပြီး ကြိုးစားသင့်ပါတယ်။ သူတို့သမိုင်းကြောင်းတွေကို ပြန်လေ့လာသင့်ကြပါတယ်။

ဒီအတွက် နိဂုံးချုပ်ရရင် ယနေ့နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်လို့ ထွက်ပေါ်လာနေတဲ့ လူထုအတွင်းက အသံတွေ၊ ဘတ်ဂျက်ခွဲဝေသုံးစွဲရေးနဲ့ ပတ်သက်လို့ အောက်ခြေမှာ ဆောင်ရွက်နေကြတဲ့ လုပ်ငန်းတွေအထဲက အသံတွေကို အစိုးရအနေနဲ့ နားစိုက်ထောင်သင့်ပြီး ဆိုင်ရာဌာနတွေကတင်ပြတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ကြည့်သင့်တဲ့ကာလ ရောက်နေပါပြီ။ နိုင်ငံ့စီးပွားရေးဟာ တက်နေသလား၊ ကျနေသလား၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာနေသလား၊ ပိုမိုဆုတ်ယုတ်သွားသလား၊ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်ရောက်မှု ကျဆင်းသွားသလား၊ တိုးတက်လာသလားဆိုတာတွေကို မြေပြင်မှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူထုတွေဆီကအသံကို ယူကြည့်သင့်ပါပြီ။ ကတ္တီပါအဖုံး ရွှေစာလုံးနဲ့ ခေတ်ဟောင်းက အကျင့်တွေအတိုင်း လံကျုတ်လုပ်တင်ပြကြတဲ့ တင်ပြချက်တွေကို လျစ်လျုရှူသင့်ကြပါပြီ။ နိုင်ငံ့စီးပွားရေး၊ ဘဏ္ဍာရေး၊ ဌာနပေါင်းစုံက အသုံးစရိတ်တွေနဲ့ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကို သမ္မတရဲ့စီးပွားရေးဆိုင်ရာအကြံပေး အဖွဲ့ပညာရှင်တွေက တစ်ခုချင်း လေ့လာဆန်းစစ်ပြီး အဖြေမှန်ကို ထုတ်သင့်ကြပါပြီ ဆိုတဲ့အကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျ