News

POST TYPE

PERSPECTIVE

ငါးပိတွင် လူသားရော ဟူသည့်သတင်း ငါးပိ ငါးခြောက်အသင်း ငြင်း၊ လူမှုကွန်ရက်တွင် မူရင်းတင်သူကို တရားစွဲရန်စီစဉ်
24-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၄

ငါးပိနှင့် ငံပြာရည်များတွင် လူသေ အသားများဖြင့် ထုတ်လုပ်ရောင်းချနေသည်ဟူသည့် သတင်းဖြန့်ချိမှုမှာ မဟုတ်မှန်ကြောင်း ငါးပိ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောကြားသည်။

“ငါးလောကမှာ ကျွန်တော်တို့ လုပ်နေတာကြာပါပြီ။ လူငါးပိဆိုတာ တစ်ခါမှ မကြားဖူးပါဘူး။ ဒါက မဖြစ်နိုင်ပါဘူး။ ဖြစ်ခဲ့ရင်လည်း ကျွန်တော်ကိုယ်တိုင် တာဝန်ယူပါတယ်။ ငါးပိ ငါးခြောက်အသင်းအနေနဲ့ ဒါကို အပြင်းအထန် ကန့်ကွက်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

လူမှုကွန်ရက် စာမျက်နှာတွင် မဟုတ် မမှန်သတင်း မူရင်းတင်သူကိုလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၆ ဃ) သို့မဟုတ် တရားမအမှုများဖြင့် တရားစွဲဆိုရန်စီစဉ်နေကြောင်း ၎င်းကဆိုသည်။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် အမှတ် (၁) စက်မှုဇုန် ရေထွက်ပစ္စည်းငံပြာရည်၊ ငါးပိထုတ်လုပ်သည့် ဟင်္သာကုမ္ပဏီတွင် လူသေတို့၏အသားများဖြင့် ထုတ်လုပ်ရောင်းချနေကြောင်း သတင်းရသဖြင့် ဝင်ရောက်စစ်ဆေးရာ မီးတစ်ပိုင်း ကျွမ်းလောင်ထားသည့် လူသေများနှင့် လူအရိုးများကို စက်ရုံဝင်းအတွင်းတွေ့ရှိကာ စက်ရုံပိုင်ရှင်ဦးသောင်းထွန်းကို အစားအသောက် ဥပဒေ ၄၃(က) ဖြင့် အရေးယူထားကြောင်း News Time သတင်းစာမျက်နှာ လူမှုကွန်ရက်တွင် ဇူလိုင် တတိယပတ်အတွင်းက ရေးသားဖော်ပြထားခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ပင်လယ်ပြင်တွင် ငါးမဖမ်းရရာသီအဖြစ် သုံးလသတ်မှတ်ထားပြီး ပင်လယ်ငါးများ ရှားပါးနေသည့်အချိန် ဖြစ်သောကြောင့် လူသားဖြင့် ငါးပိပြုလုပ်သည်ကို ပြည်သူများက အလွယ်တကူ ယုံကြည်နိုင်သောကြောင့် တာဝန်ရှိသူများအနေနှင့်လည်း မဟုတ်မှန်ကြောင်း ဝိုင်းဝန်းဖြေရှင်းပေးရန် ငါးပိ ငါးခြောက် ငံပြာရည် ထုတ်လုပ်ရောင်းချသူများအသင်းက တောင်းဆိုထားသည်။

“ဒီသတင်းကို မူရင်းတင်တဲ့သူက ဘယ်သူမှန်းမသိဘူး။ ဒီသတင်းကို ဝိုင်း Share တဲ့သူတွေကလည်း အများကြီးပဲ။ ငါးဖမ်းရာသီကလည်း သုံးလပိတ်ထားတော့ လူကိုများ ငါးပိလုပ်သလားပေါ့။ ဒီ သတင်းက ငါးပိလောကမှာ တော်တော်ကို တုန်လှုပ်သွားတယ်။ အရောင်းအဝယ်ကိုလည်း ထိခိုက်သွားတယ်”ဟု ဦးထွန်းစိန်က ရှင်းလင်းပြောဆိုသည်။

လူမှုကွန်ရက် စာမျက်နှာတွင် အဆိုပါ မူရင်းသတင်းတင်သူကို တရားဥပဒေအရ တရားစွဲဆိုသင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများကလည်း တိုက်တွန်း ပြောကြားထားသည်။

J-11