News

POST TYPE

PERSPECTIVE

မြန်မာ့နိုင်ငံရေးထဲ ဗြောင်ဝင်လာပြီဖြစ်သည့် တရုတ်
23-Jul-2018

ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေတို့ ထူထောင်ထားသည့် BMW ခေါ် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးစင်တာက ဖိတ်သဖြင့် သူတို့ထုတ်ဝေသည့် စာအုပ်မိတ်ဆက်ပွဲကို ရောက်ဖြစ်ခဲ့သည်။ ထိုအဖွဲ့က စာအုပ်နှစ်အုပ်ထုတ်ရာတွင် တစ်အုပ်က “အမျိုးသား ပြန်လည်သင့်မြတ်ရေးပြဿနာများ၊ တိုးတက်မှုများနှင့် မျှော်လင့်ချက်များ” ဖြစ်ပြီး တစ်အုပ်က “ဖက်ဒရယ်ဆိုင်ရာဆောင်းပါးများ” ဖြစ်သည်။ ထိုအဖွဲ့ CPR (Center For Peace and Reconciliation) ၏တာဝန်က ပြည်တွင်းငြိမ်းချမ်းရေးကို Promote လုပ်ရန်ဖြစ်ရာ ထိုစာအုပ်များ ထုတ်ဝေခြင်းကလည်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယခင်တုန်းက (သမ္မတဦးသိန်းစိန်လက်ထက်က)  MPC သည် ပြည်တွင်းငြိမ်းချမ်းရေးအကျိုးဆောင်လုပ်ငန်းတွင် အဓိကနေရာမှ ပါဝင်ခဲ့သော်လည်း NLD အစိုးရတက်လာသောအခါ ဟိုလိုလို ဒီလိုလိုနှင့် ပျက်သွားခဲ့သည်။ ယခင်တာဝန်ယူခဲ့သော ဝန်ကြီးဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့လည်း နားသွားသည်။ နောက်တော့ MPC နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NRPC ပြန်ပေါ်လာသည်။ ဦးလှမောင်ရွှေက ထိုကောင်စီတွင် ပြန်ပါလာသော်လည်း အတော်များများကတော့ ပြန်ပါမလာတော့။ ဒီကြားထဲမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုရန် ရည်ရွယ်၍ CPR အဖွဲ့ကို သူတို့ဖွဲ့ထားခြင်းဖြစ်သည်။

စာအုပ်မိတ်ဆက်ပွဲဖြစ်၍ လူတော်တော်စုံပါသည်။ နိုင်ငံရေးအသိုင်း အဝိုင်းကလူတွေ၊ အရပ်ဘက်အဖွဲ့အစည်းကပုဂ္ဂိုလ်တွေ၊ ဂျာနယ်လစ်တွေနှင့်အတူ ယခင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ပါဝင်ခဲ့ကြသည့် ဝန်ကြီးဟောင်းတချို့ကိုလည်း တွေ့လိုက်ရသည်။ စာအုပ်ပွဲတို့ထုံးစံအတိုင်း အမှာစကားတွေ တစ်ယောက်ပြီးတစ်ယောက် တက်ပြောကြသည်။ ယခင် MPC မှာ တာဝန်ယူခဲ့ကြသည့် ဝန်ကြီးဟောင်းဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီအပါအဝင် ပြည်ပြေးဖြစ်ခဲ့သူ ဦးအောင်နိုင်ဦးတို့က သူတို့၏ ပြည်တွင်းငြိမ်း ချမ်းရေးအတွေ့အကြုံတွေကို ပြောကြသည်။ စကားကို မာမာပြတ်ပြတ်ပြောတတ်သော ဝန်ကြီးဟောင်း ဦးစိုးသိန်းကတော့ “Trust မရှိရင်တော့ မိန်းမတောင် ခင်ဗျားနောက်ပိုးလို့မရဘူး” ဆိုပြီး ခပ်ပြတ်ပြတ်ပြောတာကြားလိုက်ရသည်။ ယခုချိန်တွင် သာမန်အရပ်သားတွေဖြစ်သွားကြပြီဖြစ်သော (ယခင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အဓိကပါဝင်ဖူးသူ) ဗိုလ်ချုပ်ကြီးဟောင်းသုံးဦးကို တစ်နေရာတည်းမှာတွေ့မြင်ရသဖြင့် မိမိအဖို့တော့ ထူးခြားနေသည်။ 

ပွဲပြီးတော့ ခန်းမအပြင်ဘက်မှာ ကော်ဖီသောက်ရင်း ရှမ်းတိုင်းရင်း သားဂျာနယ်လစ် ကိုစိုင်းနှင့်တွေ့သည်။ သူက မနေ့တစ်နေ့ကမှ နေပြည်တော် ၂၁ ရာစု ပင်လုံက ပြန်လာသူဖြစ်သည်။ ဘာတွေထူးလဲမေးတော့... “ ဘာလဲဗျာ အချုပ်အခြာအာဏာ။ ဒီတရုတ်တွေ ကိုယ့်နိုင်ငံထဲလာပြီး လုပ်ချင်တာလုပ်နေတာ” ဆိုပြီး အဆုံးအစမရှိ ဒေါနှင့် မောနှင့်ပြောသည်။ ရုတ်တရက် သူ့စကားအဓိပ္ပာယ်ကို နားမလည်။ ပြီးမှ နေပြည်တော်မှာ မြောက်ပိုင်းအဖွဲ့တွေနှင့် အင်တာဗျူးခွင့်မရခဲ့တာကို စိတ်တိုနေမှန်းသိလိုက်သည်။ “ခင်ဗျားစဉ်းစားကြည့်ဗျာ တပ်ချုပ်နဲ့တွေ့တော့ တရုတ်ထောက်လှမ်းရေးတွေရော တရုတ်မီဒီယာနှစ်ခုပါ အထဲထိဝင်သွားကြတယ်။ ကျုပ်တို့ကမဝင်ရဘူး”၊ “ပြီးတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ကျုပ်တို့ကို တွေ့ခွင့်မပေးဘူး” သူ စိတ်တိုလျှင်လည်း တိုလောက်သည်။ ယခုညီလာခံက မြန်မာနိုင်ငံနေပြည်တော်မှာ ကျင်းပသော ညီလာခံဖြစ်သည်။ မြောက်ပိုင်းအဖွဲ့တွေကို တရုတ်က သူ့လေယာဉ်နှင့် ခေါ်လာတာဖြစ်သော်လည်း ပြည်တွင်းမီဒီယာတွေနှင့် တွေ့ခွင့်မပေးလောက်သည်အထိ ဝင်ရောက်စွက်ဖက်ဖို့တော့မကောင်း။ တရုတ်သည် ပြည်တွင်းငြိမ်းချမ်းရေးတွင် ဆရာဝင်လုပ်နေသည်ကို မည်သူမျှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရသလိုဖြစ်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ မြောက်ပိုင်းအဖွဲ့တွေ ၂၁ ရာစု ပင်လုံလာတက်ကြသည်မှာ တရုတ်အစိုးရ၏ တိုက်တွန်းချက်ကြောင့်ဖြစ်သည်။ နေပြည်တော်ရောက်သည်အထိ ထိုအဖွဲ့တွေကို တရုတ်က ကြိုးကိုင်ထားသလိုရှိသည်။ မီဒီယာ တွေနှင့် မတွေ့ရန်၊ စကားမပြောရန် မှာထားပုံရသည်။ ဖြစ်ချင်တော့ “ဝ” ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေ ရုတ်တရက် နေမကောင်း ဖြစ်သွားကြသည်။ ပထမတစ်ယောက် နေမကောင်းဖြစ်ပြီး နောက်တစ်ယောက်ပါ ထပ်မံနေမကောင်း ဖြစ်သွားတာကျတော့ ထူးဆန်းသည်။ 

သည်နေရာမှာ ယုံကြည်မှုတည်ဆောက်ပြနိုင်လိုက်သူက တပ်ချုပ်ဖြစ်သည်။ ဆေးရုံသို့ ကိုယ်တိုင်သွားပြီး ငှက်သိုက်တိုက်သည်။ ဒါ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးတည်ဆောက်နေစဉ်မှာ အရေးကြီးသည်။ အစိုးရဘက်ကရော ငြိမ်းချမ်းရေးကောင်စီဘက်ကရော ဘယ်သူမှ လာပြီးအားပေးတာမတွေ့ရ။ မြောက်ပိုင်းအဖွဲ့တွေထဲမှာ ကေအိုင်အိုက ဗိုလ်ချုပ်ဂွမ်မော်ကတော့ ပါးနပ်သည်။ နေပြည်တော် ရောက်ရောက်ချင်း “ဥပါယ်နှစ်မျဉ်” စကားဖြင့် အရွှန်းဖောက်ကာ ရင်းနှီးမှုပြသည်။ ယခု ငြိမ်းချမ်းရေးကောင်စီမှာ စေ့စပ်ညှိနှိုင်းရေး သဘောတရားကို လိမ္မာကျွမ်းကျင်သော ခေါင်းဆောင်တွေမရှိ။ ငြိမ်းချမ်းရေးစကားမပြောခင် တစ်ဦးနှင့်တစ်ဦး Trust အရင်ရှိထားဖို့လိုသည်။ Trust ရှိထားမှ နောက်တစ်ဆင့်ကို အလွယ်တကူ စကားပြောလို့ရမည်။ အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် အားနည်းသည်။ ဒါတွေကိုလည်း ယခင်လူဟောင်းတွေကပဲ ဦးဆောင်ပြီး လုပ်နေရသည်။ 

ပြည်တွင်းငြိမ်းချမ်းရေးမှာ တရုတ်ပါဝင်ပတ်သက်မှုနှင့် ပြောရလျှင် ယခု တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ပိုပြီးသိသာလာတာတွေ့ရသည်။ တရုတ်သံအမတ်ကြီး ဟုန်လျံကို နေရာအတော်များများမှာ တွေ့ရသည်။ တရုတ်၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်ကတော့ ယခုညီလာခံကြီးကို အထူးအောင်မြင်စေလိုသည်။ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် မြောက်ပိုင်းအဖွဲ့တွေ လက်မှတ်ထိုးကြဖို့ ထပ်တလဲလဲ တိုက်တွန်းနေသူဖြစ်သည်။ “ခင်ဗျားတို့ တိုင်းပြည်ကြီး ငြိမ်းချမ်းသွားဖို့ အကူအညီပေးရုံသက်သက်ပါ” ဟု ဆိုသော်လည်း တရုတ်က သိသိသာသာ ငြိမ်းချမ်းရေး ဖိအားပေးလာနေခြင်းမှာ တရုတ်၏မဟာဗျူဟာ OBOR ၏ အစိတ်အပိုင်းတစ်ခုအဖြစ် မကြာမီ အကောင်အထည်ဖော်တော့မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China- Myanmar Economic Corridor) အတွက်ဖြစ်သည်။

မြန်မာနှင့်တရုတ်အကြား စီးပွားရေးစင်္ကြံတည်ဆောက်ရေး စီမံကိန်း အကောင်အထည်ဖော်ရန် အချက် ၁၅ ချက်ပါ နားလည်မှုစာချွန်လွှာ MoU ကို လက်မှတ်ရေးထိုးရန် အသင့်အနေအထားမှာရှိနေပြီ။ MoU ခေါ် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းမှာ တရုတ်နိုင်ငံယူနန်ပြည်နယ်မှ မန္တလေးအထိ၊ ထိုမှတစ်ဆင့် အရှေ့ဘက်တွင် ရန်ကုန်အထိ၊ အနောက်ဘက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်အထိ ပါဝင်သော မော်တော်ကားလမ်း၊ မီးရထားလမ်း စသည့် အခြေခံအဆောက်အဦများ တည်ဆောက်ရေး၊ ဆောက်လုပ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး၊ နည်းပညာသုတေသန အစရှိသည့် စီမံကိန်းများပါဝင်သည်။ 

OBOR ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော တရုတ်-မြန်မာစီးပွား ရေးစင်္ကြံစီမံကိန်းကို ပထမဦးဆုံးအဆိုပြုခဲ့သူမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဖြစ်သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက နေပြည်တော်သို့ ရောက်ရှိစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပဏာမသဘောတူညီမှုရယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ်တွင်လည်း ဤစီမံကိန်းကို အဓိကထားဆွေးနွေးခဲ့သည်။ China-Myanmar Economic Corridor မှာ တရုတ်အတွက် အရေးကြီးသော စီမံကိန်းဖြစ်သည်။ ရှီကျင့်ဖျင်၏ မဟာဗျူဟာလည်းဖြစ်၊ ၂၁ ရာစု အဏ္ဏဝါပိုးလမ်းမသစ်ဟုလည်း ခေါ်တွင်သည့် One Belt One Road Initiative တွင် စီးပွားရေးစင်္ကြံလမ်း ၆ ခုပါဝင်ရာ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ လမ်းကြောင်းလည်း တစ်ခုပါဝင်သည်။ တရုတ်က ထိုစီမံကိန်းကြီး ရှောရှောရှူရှူ အကောင်အထည်ဖော်ဖို့ အထူးလိုလားသည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီတို့ ဘေဂျင်းမြို့မှာ တွေ့ကြစဉ်တွင်လည်း ဝမ်ရီက ထိုစီမံကိန်းကိုပင် ထပ်လောင်းဆွေးနွေးသည်။ အထူးသဖြင့် နယ်စပ် (Border Areas) ဒေသများတည်ငြိမ်ရေးကို လိုလားကြောင်းပြောသည်။ ဟောင်ကောင်တွင် တတိယအကြိမ် OBOR ထိပ်သီးဆွေးနွေးပွဲသွားတက်ခဲ့သော ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌသစ် ဝန်ကြီးဦးသောင်းထွန်းကလည်း မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ကမ်း ကြိုဆိုနေကြောင်း၊ အထူးသဖြင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မှုကို ဦးစားပေးနေကြောင်း ပြောကြားခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအပါအဝင် အခြားသောစီမံကိန်းများအတွက် တရုတ်က မြန်မာ့ပြည်တွင်းရေးကို ငြိမ်းချမ်းစေလိုသည်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနှင့် နယ်စပ်ဒေသမှာ တခြိမ်းခြိမ်းတိုက်ပွဲတွေ ဆက်ဖြစ်နေတာကို မလိုလား။ ထို့ကြောင့် ယခုတစ်ခေါက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တရုတ်ကိုယ်စားလှယ်တွေ ပျာယာခတ်နေကြခြင်းဖြစ်သည်။ 

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ထဲက အချို့အဖွဲ့တွေပင်လျှင်တရုတ်ကို နားမလည်နိုင်ဖြစ်လာသည်။ “တရုတ်က NCA ထိုးဖို့၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ တိုက်တွန်းနေပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ရဲ့ အခြေအနေမှန်ကို သူတို့မသိပါဘူး” ဟု ကေအိုင်အေအဖွဲ့က ဆိုသည်။ ပထဝီနိုင်ငံရေးအရ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တရုတ်ကို ကျောထောက်နောက်ခံပြုထားကြရသည်။ တရုတ်ကို လွန်ဆန်၍မရကြ။ တစ်ခုသတိထားမိသည်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်က ယခင်ကထက် လက်ရဲဇက်ရဲ ပါဝင်လာနေခြင်းဖြစ်သည်။ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဟုဆိုသည့် တရုတ်၏မူဝါဒမှာ ယခုအခါ ပြောင်းလဲစ ပြုလာပြီဖြစ်သည်။ တရုတ်သည် အာဖရိကတွင်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတွင်လည်းကောင်း ဩဇာဖြန့်ကြက်မှုတွေ သိသိသာသာ လုပ်နေပြီဖြစ်သည်။ အိမ်နီးချင်းကို ရွေးချယ်ခွင့်မရှိသည့် မြန်မာအနေနှင့် မိမိအချုပ်အခြာအာဏာ မသိမသာဆုံးရှုံးသွားနိုင်သည့် အရေးများကိုတော့ သတိပြုမိဖို့လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

ချစ်ဝင်းမောင် (၂၁-၇-၂၀၁၈)