News

POST TYPE

PERSPECTIVE

ရွေးကောက်ပွဲများ သမိုင်းမှတ်ဉာဏ်နှင့် ကောင်တာဝိတ်
24-Jul-2016

ရွေးကောက်ပွဲများ

ခေတ်ပြိုင်ပညာရှင်တစ်ဦးဖြစ်သူ ဖရန်စစ် ဖူကူယားမားက သူ၏ နာမည်ကျော် ‘သမိုင်းနိဂုံး’ ကျမ်းတွင် လစ်ဘရယ်ဒီမိုကရေစီ၏ နောက်ကွယ်မှ စိတ္တဗေဒ တွန်းအားသုံးပါးကို ယခုလို ဖော်ပြခဲ့သည်။ ‘ဆင်ခြင်တုံတရား’ (Rationality) ‘လိုအင်ဆန္ဒ’ (Desire) နှင့် ‘အသိအမှတ်ပြုခံလိုမှု’ (Recognition) တို့ဖြစ်သည်။ ဤတွန်းအားသုံးပါးကြောင့်ပင် ကွန်မြူနစ်ဝါဒနှင့် ယှဉ်ပြိုင်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖူကူယားမား၏ အဆိုပါ ‘သမိုင်းနိဂုံး’ ကျမ်းကို ဝေဖန်သော ရောဘတ်ကေဂန်က ‘သမိုင်းတစ်ကျော့ပြန်ခြင်းနှင့် အိပ်မက်များ၏ နိဂုံး’ စာအုပ်တွင် လူ့သဘာဝ၏ အခြားသော ဝိညာဉ်သုံးပါး အကြောင်းကို ပြောပြသည်။ ‘ပါဝါကို လိုချင်တပ်မက်မှု’ (Love of Power)၊  ‘လွှမ်းမိုးချုပ်ကိုင်လိုမှု’ (Desire For Dominion) နှင့် ‘ကိုယ်ကျိုးစီးပွား’ (Self interest) တို့ ဖြစ်သည်။ အဆိုပါ ဝိညာဉ်သုံးပါးကြောင့်ပင် ‘သမိုင်းမှာ အဆုံးမသတ်’။ ‘ဂရိတ်ပါဝါယှဉ်ပြိုင်မှုတွေ’ ထပ်ကျော့ပေါ်ထွက်တတ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများကို ပြန်ကြည့်လိုက်လျှင် ပါလီမန် ဒီမိုကရေစီခေတ်က ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် တပ်မတော်အစိုးရလက်ထက် ကျင်းပခဲ့သော ရွေးကောက်ပွဲများမှာ အခြေခံအရ မတူချေ။ ၁၉၅၂-၁၉၅၆ နှင့် ၁၉၆၀ ရွေးကောက်ပွဲများမှာ အိုင်ဒီအိုလိုဂျီ တိုက်ပွဲကို ထင်ဟပ်သည်။ ၁၉၉၀ ရွေးကောက်ပွဲနှင့် နောက်ပိုင်း ရွေးကောက်ပွဲများကား ဝါဒချင်း ယှဉ်ရသည် မဟုတ်။ ပေါ်လစီချင်း၊ ပရိုဂရမ်ချင်း ယှဉ်ရသည့်သဘော ရှိသည်။ ကာလအလိုက် ကြုံကြရသော ဂရိတ်ပါဝါ ယှဉ်ပြိုင်မှု နောက်ခံတွင်  ပါးပါးနပ်နပ် ကစားကြရသည်။ သဘောသဘာဝချင်း မတူကြ။ 

သမိုင်းမှတ်ဉာဏ်

ဂျာမန်သမိုင်းပညာရှင် ‘ဂျာဂင်ကုတ်ကား’ က ‘သမိုင်းမှတ်ဉာဏ်’ (Historical Memory) အကြောင်း  ပြောပြသည်။ သမိုင်းမှတ်ဉာဏ်၏ သက်ရောက်မှု သက်တမ်းကိုလည်း ‘အတို’၊ ‘အရှည်’ ခွဲကြည့်သည်။ သူက ပြီးခဲ့သော ၂၀ ရာစုမှာ သမိုင်းမှတ်ဉာဏ် သက်တမ်း ‘တို’ သည်ဟု ဆိုသည်။ ဤအတွက် နှစ်တစ်ရာပင် မခံသော ဖက်ဆစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒတို့ကို သာဓက ပြသည်။ သို့နှင့်တိုင် အစ္စရေး သမိုင်းပညာရှင် ‘ဒင်ဒိုင်နား’ ကမူ ၂၀ ရာစု၏ သမိုင်းမှတ်ဉာဏ်မှာ ‘အလွန်ရှည်’ သည်ဟု ဆိုသည်။ ဤအတွက် ၂၀ ရာစုကိုကျော်ပြီး ၂၁ ရာစုထဲသို့ ချဉ်းနင်းဝင်ရောက်လာသော ‘ဒီမိုကရေစီ’ နှင့် ‘အမျိုးသားရေးဝါဒ’ ကို အထောက်အထားပြသည်။

၂၁ ရာစုတွင် ကြုံရဖွယ်ရှိသည့် ဒီမိုကရေစီ၏ အနာဂတ်အကြောင်းကို စာရေးသူ ဆောင်းပါးတစ်ပုဒ် ရေးပြီးဖြစ်သည်။ ‘သမိုင်းရဲ့အနာဂတ်၊ ဒီမိုကရက်တိုင်ဇေးရှင်းရဲ့ အနာဂတ်၊ ‘အီလစ်’ ခေတ်လော ...” ဆိုသည့် ဆောင်းပါး။ ယခုစာစုတွင်မူ ‘အမျိုးသားရေးဝါဒ’ အကြောင်း ပြောလိုသည်။ ရှေးဟောင်းဂရိလူမျိုးတို့၏ ယုံကြည်မှုတွင် ‘သာမို(စ)’ (Thumos) ဟု ခေါ်သော စိတ်အခံတစ်ခု စွဲစွဲခိုင်ခိုင် ရှိနေတတ်သည်ဟု ဆိုသည်။ 

‘သာမို(စ)’ ဆိုသည်မှာ မိမိတို့ သက်ဆိုင်ရာ မျိုးတူစု သို့မဟုတ် မြို့ပြ သို့မဟုတ် နိုင်ငံကို ကာကွယ်လိုသည့် ခက်ထန်ကြမ်းတမ်းသော စိတ်အခံကို ဆိုလိုရင်းဖြစ်သည်။ ဤစိတ်ကို ဖယ်ရှားပစ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ‘ကုန်သွယ်ရေး’ သာ ရှိသည်ဟု ပြင်သစ်ဒဿန ပညာရှင် ‘မွန်တက်စကျူ’ က ဆိုပါသည်။

‘မွန်တက်စကျူ’ ၏ ဆိုခဲ့ပါ အမြင်ကို အခြေခံပြီး မျက်မှောက်ခေတ် စစ်ပွဲများအကြောင်း စဉ်းစားကြသည်။ မျက်မှောက်ခေတ်၏ ရှည်ကြာသော စစ်ပွဲများ (အထူးသဖြင့် ပြည်တွင်းစစ်) များကို ရပ်တန့်ပစ်နိုင်ရန် နည်းလမ်းနှစ်သွယ်ရှိသည်။ ပထမနည်းမှာ ပြည်တွင်းစစ်များကို သက်ဆိုးရှည်စေသည့် ‘သယံဇာတ ခွဲဝေရေး’ (Resource Sharing) ကို မျှတအောင် ခန့်ခွဲပေးခြင်း ဖြစ်သည်။ ဒုတိယနည်းမှာ ကူးသန်းရောင်းဝယ်ရေး တစ်နည်း ကုန်သွယ်ရေး ဖြစ်သည်။ ပထမဆုံး ပြည်တွင်းစစ်၏ အကြောင်းရင်းခံ (နိုင်ငံရေး) ကို ရှင်းပြီး ဆိုခဲ့ပါ နည်းလမ်းနှစ်ခုထဲမှ တစ်ခုခု သို့မဟုတ် နှစ်ခုလုံးနှင့် ဖြေရှင်းပါမှ ပြည်တွင်းစစ် အမြစ်ပြတ်လိမ့်မည်ဟု ဆိုပါသည်။

ကောင်တာဝိတ်

ယခုအခါ စာမရေးနိုင်တော့ပြီ ဖြစ်သော ဆရာကြီး မောင်စူးစမ်း၏ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက ရေးခဲ့သော ဆောင်းပါးအချို့မှာ ယနေ့ အရပ်သားအစိုးရအတွက် စဉ်းစားဖွယ်ရာ များပါသလောက် ပါသည်ဟု စာရေးသူက ယူဆသည်။ အဆိုပါ ဆောင်းပါးမျိုးထဲမှ ‘တတိယအမျိုးအစား ဒီမိုကရေစီနှင့် ကောင်တာဝိတ်’ ဆိုသော ဆောင်းပါးကို ညွှန်းလိုသည်။ ဤဆောင်းပါးတွင် ဆရာက ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ‘အထိန်းအထေ’ နှစ်ရပ်ပေါ်လိမ့်မည်ဟု မှန်းဆထားသည်။ ပထမ အထိန်းအထေမှာ ဥပဒေပြုမဏ္ဍိုင် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကြား အထိန်းအထေ၊ ဒုတိယ အထိန်းအထေမှာ စစ်ဘက်နှင့် နိုင်ငံရေးပါတီများကြား အထိန်းအထေ ဖြစ်သည်။ ဒုတိယ အထိန်းအထေကို ဆရာက ‘ကောင်တာဝိတ်’ (Counter Weight) ဟု အမည်ပေးသည်။

နိုင်ငံရေး အတွေ့အကြုံ ရင့်ကျက်ခိုင်မာပြီး ဝါရင့်နိုင်ငံရေးသမားကြီးများကမူ ဆရာညွှန်းခဲ့သော ‘ကောင်တာဝိတ်’ ကို ‘ဆဝါး’ နိုင်ကြဟန် တူပါသည်။ ဥပမာ - KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက “မိမိလိုလားချက် အကုန်ရမှ လက်ခံနိုင်တဲ့ နိုင်ငံရေးအဖြေ မဟုတ်ဘဲ သမာသမတ်ကျတဲ့ နိုင်ငံရေးအဖြေ ရရှိဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်” ဟု ဆွေးနွေးပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။ အလားတူပင် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ပြောခဲ့သော “တောင်းချင်တာတော့ တောင်းပါ၊ ဒါပေမဲ့ အားလုံး အကုန်ပေးနိုင်မယ်လို့တော့ အာမမခံနိုင်ဘူး” ဆိုသော စကားမှာလည်း ဆိုခဲ့ပါ ‘ကောင်တာဝိတ်’ နှင့် ဆက်စပ်နေမည်လား စဉ်းစားဖို့ ရှိသည်။

ဆိုခဲ့ပါ စကားနှင့် ပတ်သက်ပြီး UNFC အတွင်းရေးမှူး ဦးခူးရယ်၏ တုံ့ပြန်စကားမှာလည်း လူပြောများနေသည်။ သူက “တိုင်းရင်းသားနယ်မြေတွေမှာ တောတွေလည်း မရှိတော့ဘူး။ မြစ်ချောင်းတွေလည်း ခန်းကုန်ပြီ။ သယံဇာတတွေလည်း အားလုံးကုန်သွားပြီ။ ကျွန်တော်တို့ဘက်က ဘာထပ်ပေးရဦးမှာလဲ ...” စသဖြင့် ပြောဆိုသွားခဲ့ရာ သူ့စကားတွေကို အမှန်ပင် ငြင်းဖို့ခက်ပါသည်။ အမှန်စင်စစ် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ပြောခဲ့သော စကားမျိုးဆန်ဆန်ကို ၁၉၆၂ ဝန်းကျင်က ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်လည်း ပြောခဲ့ဖူးသည်သာ ဖြစ်သည်။ “- အခု သူတို့လုပ်နေတဲ့ လမ်းစဉ်က “ပေးရင် ပေး၊ မပေးရင် ချမယ်” ဆိုတဲ့ လမ်းစဉ်မျိုး မဟုတ်ဘူး။ ကျွန်တော်တို့ကလည်း “မင်းတို့ချရင် တို့ကလည်း ပြန်ချမယ်” ဆိုတဲ့ လမ်းစဉ်မဟုတ်ဘူး။  ဒါကြောင့် ရှမ်းမူခေါ် ဖက်ဒရယ်မူကို မျက်လုံးမပြူးကြပါနဲ့၊ မိသားစုအနေနဲ့ ရှင်းသွားမယ် ...” စသဖြင့် ...။ သို့တစေ ‘သမိုင်းမှတ်ဉာဏ်’ အရ ‘မျက်လုံးပြူးခဲ့ကြသူများ’ ရှိခဲ့ဖူးရာ ဤအချက်ကို အလေးထားကြဖို့ လိုလိမ့်မည် ထင်သည်။ 

ကျော်ဝင်း (၁၉ ဇူလိုင် ၂၀၁၆)