News

POST TYPE

PERSPECTIVE

ဆင်ပြောင်ကြီးခေါင်းကျမှ မတစ်စေလိုပါ
21-Jul-2018 tagged as

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က စတင်ကျင်းပခဲ့သည့် သမိုင်းဝင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကြီးသည် ဇူလိုင်လ ၁၆ ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ထိုအစည်းအဝေးကြီးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများနှင့်စပ်လျဉ်း၍ အချက်ပေါင်း ၁၄ ချက် ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။ အဆိုပါသဘောတူညီချက်များမှာ နိုင်ငံရေး ၄ ချက်၊ စီးပွားရေး ၁ ချက်၊ လူမှုရေး ၇ ချက်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ၂ ချက် စသည်တို့ဖြစ်ပြီး ယင်းသဘောတူညီချက်များကို ပြည်ထောင်စုသဘောတူညီချက်စာချုပ်၏ အစိတ်အပိုင်း (၂) အဖြစ် ချုပ်ဆိုမည်ဟု သိရှိရပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ၎င်းအနေနှင့် ပင်လုံညီလာခံနှင့်ပတ်သက်၍ အားမလို၊ အားမရဖြစ်မိကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် တစ်နှစ်လောက်ကြာမှကျင်းပနိုင်သည့် ညီလာခံကြီးတွင် ရလာသည့်ရလဒ်က အားရကျေနပ်စရာမရှိကြောင်း၊ ပြီးခဲ့သည့် ဒုတိယအကြိမ်အစည်းအဝေးတွင် ၃၇ ချက်ကို သဘောတူညီမှုရရှိခဲ့သော်လည်း ယခုတတိယအကြိမ် အစည်းအဝေးတွင် ၁၄ ချက်သာ သဘောတူညီမှုရရှိပြီး ယင်း ၁၄ ချက်မှာလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အားရကျေနပ်ဖွယ်မရှိကြောင်း ညီလာခံအပြီးတွင် မီဒီယာများအား ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါပြောဆိုချက်အတိုင်းပင် ရုပ်သံအစီအစဉ်များနှင့် သတင်းစာ စာမျက်နှာများကို ကြည့်ရှုနေကြသည့် ကျွန်တော်တို့ပြည်သူများအနေနှင့်လည်း အမှန်တကယ်ပင် အားမလိုအားမရ ဖြစ်မိပါသည်။ တစ်နှစ်ကျော် ကြာ စိတ်ရှည်စွာဖြင့် စောင့်စားခဲ့ရသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကြီးတွင် သဘောတူညီချက် ၁၄ ချက်သာရရှိခဲ့သလို ရရှိခဲ့သည့်သဘောတူညီချက်များမှာလည်း အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးအဖြေရှာကြရမည့် လုံခြုံရေးနှင့် ဖက်ဒရယ် အရေးကိစ္စများမဟုတ်ကြဘဲ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်အရေးကိစ္စများသာ ဖြစ်နေခြင်းပင်ဖြစ်ပါသည်။

အလွတ်သဘောညှိနှိုင်းဆွေးနွေးချက်များအရ ကြိုတင်ကြားသိထား ရသောသတင်းများမှာလည်း လုံခြုံရေးနှင့် ဖက်ဒရယ်အရေးကိစ္စများမှာ ညှိနှိုင်းရခက်ခဲလျက်ရှိပြီး သဘောတူညီချက်ရရှိရန် အချိန်ယူရမည်ဖြစ်၍ ယခုအစည်းအဝေးတွင်တင်ပြခြင်းမပြုဘဲနောင်လာမည့်အစည်းအဝေးတွင်သာ ဆွေးနွေးကြမည်ဟု သိရှိရပါသည်။ ပြီးခဲ့သည့် ဒုတိယအကြိမ် အစည်းအဝေးတွင်လည်း “ခွဲမထွက်ရ” ဆိုသောစကားလုံးကို ညှိနှိုင်း၍မရသဖြင့် ဆက်လက်ဆွေးနွေးခြင်းမပြုဘဲ နောက်အစည်းအဝေးတွင်မှ ဆက်လက်ဆွေးနွေးရန် ချန်ထားခဲ့ရပါသည်။ နောင်လာမည့်အစည်းအဝေးတွင် အဆိုပါကိစ္စအပြင် အခြားကိစ္စရပ်များလည်း ထပ်မံပါဝင်လာမည်ဖြစ်ရာ ယင်းကဲ့သို့ ညှိနှိုင်းရခက်ခဲသည့်ကိစ္စများကို အရင်ဆွေးနွေးပါက အစည်းအဝေးမှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေနိုင်ပါသည်။ ထိုသို့ဖြစ်မည်ကို စိုးရိမ်သောကြောင့် ညှိနှိုင်းရခက်သည်များကိုနောက်သို့ရွှေ့ပြီး ညှိနှိုင်းရလွယ်ကူမည့်ကိစ္စများကို ရှေ့သို့ပို့ခြင်းဖြစ်နိုင်ပါသည်။

မြန်မာစကားပုံတွင် “ဆင်ပြောင်ကြီးအမြီးကျမှတစ်” ဆိုသော စကားပုံရှိပါသည်။ ဆိုလိုသည့်အဓိပ္ပာယ်မှာ အလုပ်တစ်ခုကိုလုပ်ရာတွင် ခက်ခဲသောအပိုင်းကို အရင်လုပ်ကိုင်၍ ပြီးစီးအောင်မြင်သော်လည်း လွယ်ကူသောအပိုင်းကိုရောက်ခါမှ အထစ်အငေါ့ဖြစ်ပြီး မအောင်မမြင်ဖြစ်ရခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် ထိုကဲ့သို့မဖြစ်စေရန် အချို့က လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာတွင် လွယ်ကူသောအပိုင်းကို အလျင်ဆောင်ရွက်၍ ခက်ခဲသော အပိုင်းကို နောက်မှဆောင်ရွက်လေ့ရှိပါသည်။ ယခုလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ထိုကဲ့သို့မဖြစ်စေရန်အလို့ငှာ လွယ်ကူသော အပိုင်းများကို အလျင်ဆွေးနွေး၍ ခက်ခဲသောကဏ္ဍများကို နောက်မှဆွေးနွေးရန်အတွက် ချန်ထားခဲ့ခြင်းဖြစ်ဟန်တူပါသည်။ သို့ရာတွင် အချိန်ကာလကန့်သတ်ချက်မရှိသော လုပ်ငန်းစဉ်များအတွက် အကြောင်းမဟုတ်သော်လည်း ၂၀၂၀ တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်အောင်မြင် စေရန် ရည်မှန်းချက်ထားသည့်အနေအထားတွင် လုံခြုံရေးကဲ့သို့ခက်ခဲပြီး အထိအခိုက်မခံသောကဏ္ဍမျိုးကို နောက်တွင်ချန်ထားခြင်းအားဖြင့် လုပ်ငန်းစဉ်များ ပို၍ကြန့်ကြာသွားလေမည်လားဟု ပြည်သူတို့က စိုးရိမ်ပူပန်နေကြပါသည်။

ဆိုလိုသည်မှာ အမြီးပိုင်းကို ရှောရှောရှူရှူ ဝင်သွားသောဆင်ပြောင်ကြီးသည် ခေါင်းပိုင်းကျမှတစ်နေမည်လားဟူသည့် စိုးရိမ်ပူပန်မှုမျိုး ဖြစ်ပါသည်။ ဇူလိုင်လ ၁၆ ရက်နေ့ကပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ပြီးဆုံးသည့်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ပင်လုံညီလာခံပြီးဆုံးသည်အထိ အဖြေထွက်ရှိလာခြင်းမရှိသည့် လုံခြုံရေးဆိုင်ရာအခြေခံမူသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် များစွာအရေးကြီးကြောင်း” ပြောကြားခဲ့သလို “ပြီးပြည့်စုံသော ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီချက်ဖြစ်ရန် လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်ပါဝင် ရမည်ဖြစ်ပြီး ယင်းအခက်အခဲကိုပြေလည်အောင် ဖြေရှင်းရန် နိုင်ငံရေးဆွေးနွေးမှုမူဘောင်၊ ဖွဲ့စည်းတည်ဆောက်မှုနှင့် ဒီဇိုင်းများကို အရှိအတိုင်း ရဲရဲတင်းတင်း ပြန်လည်စဉ်းစားသုံးသပ် အကောင်အထည်ဖော်ရဦးမည်ဖြစ်ကြောင်း” ဟူ၍ ဆက်လက်ပြောကြားခဲ့ပါသည်။

အလားတူ UPDJC အတွင်းရေးမှူးများအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းကလည်း “လုံခြုံရေးကဏ္ဍတွင် အခြေခံမူ ချမှတ်နိုင်ရန် လိုအပ်နေပြီး လာမည့်ညီလာခံတွင်ထည့်သွင်းနိုင်ရေးအတွက် ယခုညီလာခံပြီးသည်နှင့် အစုအဖွဲ့အသီးသီးမှ ဆွေးနွေးပွဲများ လုပ်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အမြင်မတူမှုများရှိနေပြီး တစ်ခုတည်းသောတပ်မတော်ဆိုသည့် အချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများရှိနေကာ အမြန်ဆုံးလုပ် ဆောင်ရမည်ဖြစ်ကြောင်း၊ ရှေ့ဆက်၍လည်း အစုအဖွဲ့အချင်းချင်းကြား ပိုမိုနီးကပ်အောင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့်လည်း အလွတ်သဘောသီးသန့်ဆွေးနွေးပွဲ များ အမြန်ဆုံးစတင်နိုင်ရန် အစိုးရဘက်က ဦးစားပေးလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ညီလာခံအပြီးတွင် မီဒီယာများအား ပြောကြားသွားသည်ဟု သိရှိရပါသည်။

ထို့ကြောင့် ပြည်သူတို့အနေနှင့် ယခုကျင်းပပြီးစီးသွားသော တတိယ အကြိမ်အစည်းအဝေးနှင့် ၂၀၁၈ ခုနှစ်အတွင်း ဆက်လက်ကျင်းပမည့် စတုတ္ထအကြိမ်အစည်းအဝေးတို့အကြား အစုအဖွဲ့များတွေ့ဆုံဖြစ်ကြပြီး အလွတ်သဘောဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ကြသည်ကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကြမည် ဖြစ်ပါသည်။ ထိုကဲ့သို့ သောတွေ့ဆုံဆွေးနွေးမှုများ မလွဲမသွေရှိနေဦးမည်ဆိုသည်ကား ယုံမှားဖွယ်ရာမရှိပါ။ အဘယ်ကြောင့်ဆိုသော် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ KIO/KIA ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ရှိနေမည်ဖြစ်သည့်အတွက် ပြန်လာပါမည်”ဟု ပြောဆိုသွားရာ ပြည်သူတို့အတွက် ငြိမ်းချမ်းရေးရောင်ခြည် အနည်းငယ်သန်းလာသည့် သဘောပင်ဖြစ်ပါသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင်ပါဝင်သည့် “ဝ” အဖွဲ့ (UWSP/UWSA)၊ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ မိုင်းလားအဖွဲ့ (NDAA) ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ကြသလို၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်အပြင် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သီးခြားစီတွေ့ဆုံခဲ့ကြသည်။ ထိုကဲ့သို့တွေ့ဆုံကြရာတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

အထက်ဖော်ပြပါအဖွဲ့များမှာ NCA ခေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိသေးသောအဖွဲ့များဖြစ်ကြပြီး ယခင်အစည်းအဝေးများတွင်လည်း တက်ရောက်ခြင်းမပြုခဲ့ရပါ။ သို့ရာတွင် ယခုကျင်းပခဲ့သည့် တတိယအကြိမ်အစည်းအဝေးကိုမူ ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) က ဖိတ်ကြားခဲ့သလို ယင်းအဖွဲ့များကလည်း တက်ရောက်ခဲ့ကြပါသည်။

မြောက်ပိုင်းအဖွဲ့များ ညီလာခံသို့တက်ရောက်ခဲ့ခြင်းနှင့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည်က “တစ်ချိန်တည်းမှာပဲ NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ကျွန်မတို့ရဲ့ ဖိတ်ကြားချက်အရ ညီလာခံကို တက်ရောက်ခဲ့ကြပါတယ်။ ညီလာခံအစည်းအဝေးတွေမှာ ဆွေးနွေးညှိနှိုင်းခဲ့ကြတာတွေကို လက်တွေ့မြင်တွေ့သိရှိခွင့်ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဒီအဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ အစိုးရပိုင်း၊ တပ်မတော်ပိုင်းနဲ့ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံရာမှာ လွတ်လပ်ပွင့်လင်းစွာ၊ ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်စေမယ့် အလားအလာကောင်းတွေ များစွာရရှိခဲ့တဲ့အတွက် အားလုံးအတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒါဟာလည်း ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးရဲ့ ရလဒ်ကောင်းတွေထဲက တစ်ခုဆိုတာ တွေ့ရှိနိုင်ကြမှာပါ” ဟူ၍ ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်သည် ဗိုလ်ချုပ်ဂွမ်မော်ပြောကြားခဲ့သည့် “ကျွန်တော်တို့ ပြန်လာခဲ့ပါမယ်” ဟူ၍ ပြောဆိုသွားသော စကားနှင့်ဆက်စပ်ကြည့်လျှင် ငြိမ်းချမ်းရေးခရီးစဉ်ကြီးသည် ပြည်သူတွေအတွက် မျှော်လင့်စရာတွေ တပုံတပင်နှင့် များစွာကျေနပ်အားရဖွယ်ပင် ဖြစ်ပါသည်။

ပြောရမည်ဆိုလျှင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ပါဝင်သည့် UWSP/UWSA နှင့် KIO/KIA အဖွဲ့တို့သည် အင်အားကြီးမားပြီး အဓိကကျသည့်အဖွဲ့များဖြစ်ရာ ၎င်းတို့သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲတွင် ပါဝင်လာမည်ဆိုလျှင် ယနေ့မြောက်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ကြိုးကြားကြိုးကြားတိုက်ပွဲများ အရှိန်လျော့ကျလာမည်ဖြစ်ပြီး အကယ်၍သာ လုံးဝပျောက်ကွယ်သွားမည်ဆိုပါက လတ်တလောကြုံတွေ့နေရသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း၏ အကျိုးအာနိသင်ကို ပထမဦးစွာ ခံစားရရှိမည့်သူများ ဖြစ်လာကြမည်ဖြစ်ပါသည်။

အကယ်၍သာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး NCA စာချုပ်ကို လက်မှတ်ရေးထိုးကြပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် ရောက်ရှိလာမည်ဆိုပါက တိုင်းရင်းသားပြည်သူတွေမျှော်မှန်းသည့် ဒီမိုကရေစီစနစ်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာမည်ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ပြည်သူတွေက “ဆင်ပြောင်ကြီး ခေါင်းကျမှ မတစ်ပါစေနဲ့” ဟူ၍ ဆုတောင်းနေကြမည်ဖြစ်ပါသည်...။

သိန်းထက်အောင်

  • TAGS