News

POST TYPE

PERSPECTIVE

၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံ သို့မဟုတ် ရှစ်လေးလုံးအရေးတော်ပုံကြီး၏ သမိုင်းတစ်စ
19-Jul-2018

ဒီစာစုကိုရေးဖို့ ကျွန်တော် အကြိမ်ကြိမ်အဖန်ဖန် ကြိုးစားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအထဲမှာပါတဲ့အကြောင်းအရာ အချက်အလက်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ခန့်က ပေါ်ပေါက်ခဲ့ဖူးတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ သမိုင်းဆိုင်ရာအချက်အလက်များနဲ့ နှီးနွှယ်နေလို့ပဲ ဖြစ်ပါတယ်။ 

နောက်တစ်ခုက ကျွန်တော်က တောင်ဥက္ကလာပချက်မြှုပ်မဟုတ်တောင် တောင်ဥက္ကလာပစတည်တဲ့ ၁၉၅၈ ခုနှစ်ထဲက အခုချိန်ထိ တောင်ဥက္ကလာပမှာပဲ နေထိုင်ကြီးပြင်းခဲ့လို့ တောင်ဥက္ကလာပသားစစ်စစ်ဆိုရင်လည်း မမှားပါဘူး။ အခု ကျွန်တော်ရေးမယ့်အကြောင်းအရာကလည်း ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်းမှာ ဖြစ်ပျက်ပေါ်ပေါက်ခဲ့ဖူးတဲ့ “တောင်ဥက္ကလာပစီမံကိန်း အရေးအခင်း” အကြောင်း ဖြစ်ပါတယ်။ 

ဒီစာစုကိုရေးဖြစ်အောင် တွန်းအားပေးတဲ့နောက်တစ်ချက်ကတော့ “အမတ်ဒိန်” ဆိုသူရေးတဲ့ “ဒေါ်စု၏ ဖြေမရသောဆက်ထုံးများ” စာအုပ်ကြောင့်ဖြစ်ပါတယ်။ ထိုစာအုပ်ကိုဖတ်ကြည့်ပြီး ကျွန်တော် အတော်ပင်တုန်လှုပ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အမတ်ဒိန်ဆိုတဲ့သူက သမိုင်းဖြစ်ရပ်မှန်လည်း တိတိကျကျမလေ့လာဘဲ လေဖမ်းဒန်းစီး အသံကြားဖမ်းတရားနာ အချက်အလက်အမှားတွေနဲ့ သမိုင်းကို ဗြောင်လိမ်ပြီးရေးထားတာတွေ့ရပါတယ်။ နမူနာအနေနဲ့ “ဒေါ်စု၏ဖြေမရသော ဆက်ထုံးများ” စာအုပ်၏ စာမျက်နှာ ၃၆ နှင့် ၃၇ တွင် အောက်ပါအတိုင်း ရေးသားထားတာကို ဖတ်ကြည့်စေလိုပါတယ်။ 

(ထိုနေ့က ၁၉၈၈ ခု စက်တင်ဘာလအလယ်ပိုင်းက ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီတောင်းဆိုမှုတိုက်ပွဲကြီးသည် နေ့ခင်းကြောင်တောင် လည်ပင်းဖြတ်ကြသည့် ခေတ်ဆိုးကြီးအဖြစ် ပြောင်းလဲခဲ့ပြီဖြစ်သည်။ အစိုးရကုန်တိုက်များ၊ စက်ရုံများကို လူအားဖြင့် လုယက်ယူငင်နေကြပြီဖြစ်သည်။ ဒီမိုကရေစီကို ဟစ်ကြွေးပြီး သတ်ဖြတ်ကြသော ဒုစရိုက်သမားများကြောင့် လည်ပင်းဖြတ်အသတ်ခံ၊ မီးရှို့အသတ်ခံရ၊ ရရာတုတ်ဓားတို့နှင့် ထိုးခုတ်သတ်ဖြတ်ခံရသည့် အပြစ်မဲ့ပြည်သူ ၇၃ ဦးအထိ ရှိခဲ့ပြီဖြစ်သည်။ ရန်ကုန်မြို့လယ် ဦးဝိစာရလမ်းပေါ်တွင်ပင် နေ့ခင်းကြောင်တောင် ဓားမတုံးတုံးဖြင့် လည်ပင်းကိုဖြတ်ကာ တရားစီရင်နေကြပြီဖြစ်သည်။ တောင်ဥက္ကလာစီမံကိန်းရပ်တွက်တွင် သွေးဆာနေသောလူတစ်စုက လူ ၂၃ ယောက်ကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် လည်ပင်းဖြတ်သတ်ခဲ့ကြပြီဖြစ်သည်။)

အထက်ပါစာများသည် အဖြစ်မှန်နှင့်ကင်းကွာနေပြီး နောက်မျိုးဆက်များ အမှတ်မမှားစေရန်ဟူသောစေတနာနှင့် တောင်ဥက္ကလာပသားစစ်စစ်ဖြစ်သော ကျွန်တော်သည် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု စိတ်သက်သက်နှင့် ဒီစာစုကို ရေးခြင်းဖြစ်ပါတယ်။ 

ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်မီက ကျွန်တော်သည် အလုပ်တစ်ဖက်နှင့် စာပေးစာယူ (စတုတ္ထနှစ်-ဥပဒေ) တက်နေရသူတစ်ဦးဖြစ်ပါတယ်။ ကုန်သွယ်/လယ်ယာဝန်ထမ်းတစ်ဦးဖြစ်သော ကျွန်တော်သည် ဗိုလ်တထောင် C.O.D ဝင်းအတွင်း၌ FAO ၏ တန်တစ်ရာဆန်စက် တည်ဆောက်မည့်ပစ္စည်းများ ထိန်းသိမ်း ထုတ်ပေးရသည့် ဂိုဒေါင်မှူး တစ်ဦးဖြစ်တယ်။ ၈.၈.၁၉၈၈ ရက်နေ့မှစ၍ အလုပ်နှင့်ကျောင်းသားဘဝကို တစ်ခါတည်းစွန့်လွှတ်ကာ ရှစ်လေးလုံးအရေးတော်ပုံအတွင်းသို့ ခုန်ဆင်းရင်း ကျရနေရာမှ တာဝန်ယူရန် သန္နိဋ္ဌာန်ချ၍ ဘဝကို စတေးလိုက်ပါတယ်။ 

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် SCS (ကျောင်းသားလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီ) ၏ စည်းရုံးရေးမှူး၊ နောက်ပိုင်း (မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးဗဟိုအဖွဲ့ချုပ်) ၏ အထွေထွေအတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်ရင်း အရေးတော်ပုံတပ်သားတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်။ 

ကျွန်တော်နှင့် တောင်ဥက္ကလာပစီမံကိန်းအရေးအခင်း

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ကျွန်တော်သည် ကျွန်တော်၏အဖွဲ့ (မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးဗဟိုအဖွဲ့ချုပ်) အဖွဲ့သားများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ တန်ဆောင်းတစ်ခု (ယာယီကွပ်ကဲရေးစခန်း) တွင် ရှိနေပါတယ်။ ထိုအချိန်က တောင်ဥက္ကလာပမြို့နယ် ကွပ်ကဲရေးစခန်းကို အမှတ် (၁၇) တောင်ဥက္ကလာပရဲစခန်းတွင် ဖွင့်လှစ်ထားရှိပြီး မြို့နယ်တပ်ပေါင်းစု သပိတ်စခန်းကို (၁၀) ရပ်ကွက်ရှိ တိုင်းအားကစားကွင်း (ယခု ပဒေသာ အားကစားကွင်းကြီး) ထဲတွင် ဖွင့်လှစ်ထားရှိပါတယ်။ 

တောင်ဥက္ကလာပရဲစခန်း (ကွပ်ကဲရေးစခန်း) ကို ကိုကိုကြီး (ဗကသ) နဲ့ ကျောင်းသားများ၊ အကသကျောင်းသားများ၊ ရွှေချိုးဖြူနှင့် သုံးရောင်ခြယ်အဖွဲ့မှ လူငယ်များ စုပေါင်းဦးဆောင် ကွပ်ကဲနေပြီး ကစားကွင်း (သပိတ်စခန်း) အား (၉) ရပ်ကွက်နေ ရှေ့နေဦးကြီးမြင့် (ဥက္ကဋ္ဌ) နဲ့ ကိုသူရ (အတွင်းရေးမှူး) တို့ ဦးစီးဆောင်ရွက်ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ 

၎.၉.၈၈ ည ၇ နာရီအချိန်မှစ၍ ကျိုက္ကဆံဘုရားထဲတွင် ကျွန်တော်နဲ့ အဖွဲ့သားများ လုံခြုံရေးအစည်းအဝေးကျင်းပနေစဉ် လူနှစ်ဦး ရောက်ရှိလာပြီး ကျွန်တော်နဲ့စကားပြောရာ သူတို့နှစ်ယောက်လုံး စီမံကိန်း (၁) ထဲမှာ နေကြောင်း၊ အခု ည ၆ နာရီလောက်မှာ ဘယ်ကလူတွေမှန်းမသိတဲ့ လူ ၃၀ ကျော်လောက် စီမံကိန်း (၁) အဆောက်အအုံကြီးထဲမှာ ဟိုတစ်စု ဒီတစ်စုတွေ့ရကြောင်း၊ မသင်္ကာလို့ သွားမေးတော့လည်း ဘာမှပြန်မပြော ကြောင်း၊ အရက်မူးမူးသလိုလို ဆေးကြောင်သလိုလိုတွေဖြစ်နေလို့ ကျွန်တော်တို့ဆီ သတင်းလာပို့ကြောင်းပြောပါတယ်။ ကျွန်တော့်အဖွဲ့ထဲမှ ကိုတင်ဦးက “ခင်ဗျားတို့ ဒီကိုပဲ သတင်းလာပို့တာလား။ တခြားဘယ်နေရာတွေရော ပြောသေးလဲ” မေးတော့ တောင်ဥက္ကလာပယာယီကွပ်ကဲရေး စခန်း (ရဲစခန်း) နဲ့ ဗဟိုသပိတ်စခန်းတွေကိုလည်း လူလွှတ်ပြီး အကြောင်းကြားထားကြောင်း ပြောပြပါတယ်။ 

ကျွန်တော်က အခင်းဖြစ်ပွားရာကို ညတွင်းချင်းလိုက်ကြည့်မယ်လုပ်တော့ ကျွန်တော်အားထားရသော အဖွဲ့သားများဖြစ်တဲ့ ကိုတင်ဦး (နောင် ABSDF)၊ ကိုအောင်မင်းသိန်း (နောင် ABSDF)၊ ကိုခင်ဇော် (AAPP - ကွယ်လွန်) တို့က ကျွန်တော့်ကို စခန်းမှာပဲနေခဲ့ဖို့နဲ့ သူတို့ နောက်ထပ်လူ ၁၀ ဦးနဲ့ ဦးပဉ္စင်း ၅ ပါး ထပ်ခေါ်သွားမှာဖြစ်ကြောင်း၊ အကြောင်းထူးရင် ညတွင်းချင်းသတင်းပို့မှာဖြစ်ကြောင်း ပြောကြပါတယ်။ 

သူတို့အဖွဲ့ ထွက်သွားပြီးနောက်စခန်းအတွင်း ကျန်ရှိနေသော ရဲဘော်ရဲဘက် (ဦးပဉ္စင်း၊ ကိုရင်၊ လူငယ်နှင့် လူလတ်) များအား နိုးနိုးကြားကြားနေဖို့နဲ့ အလှည့်ကျကင်းတာဝန်ယူရန် လှုံ့ဆော်ရင်း ကိုယ်တိုင်လည်း ကျိုက္ကဆံဘုရားဝင်းကြီးကို လက်ယာရစ် လှည့်ပတ်ကင်းစောင့်နေခဲ့တယ်။ 

ထိုသို့ ကင်းလှည့်လိုက်၊ ညောင်းလျှင် ဘုရားရင်ပြင်ပေါ်ထိုင်လိုက်၊ ဆေးပေါ့လိပ်ဖွာလိုက်နဲ့ ကျွန်တော်၏ အိပ်ချင်သောစိတ်ကို တတ်အားသမျှ မောင်းထုတ်နေစဉ် ကင်းအချက်ပေး သံချောင်းခေါက်သံများ ဆူညံစွာပေါ်ထွက်လာပါတယ်။ ထိုကင်းအချက်ပေးသံများနှင့်အတူ စခန်းမှထွက်သွားသော ကိုတင်ဦးနဲ့အဖွဲ့ ပြန်ရောက်လာတာကိုတွေ့ရပြီး ကိုတင်ဦးက သူ့ရဲ့လက်ပတ်နာရီကို ကြည့်လိုက်ပြီး “အခြေအနေကတော့ တော်တော်ဆိုးတယ် ကိုစစ်အောင်ရေ။ အခု ၁၁ နာရီခွဲတော့မယ်။ ကျွန်တော်တို့ရောက် သွားတော့ တောင်ဥက္ကလာပလုံခြုံရေးကွပ်ကဲမှုစခန်းနဲ့ ဗဟိုသပိတ်စခန်းက ကျောင်းသားနဲ့ ရဟန်းသံဃာတချို့လည်း ရောက်နေတာ တွေ့ရတယ်။ သူတို့ကိုမေးကြည့်တော့ ယာယီကွပ်ကဲရေးအဖွဲ့တစ်ယောက်ပဲ လွတ်လာပြီး ပြန်ပြောပြလို့ အခုစခန်းမှာရှိနေတဲ့လူတွေ စုပြီးလာတာ” လို့ ကိုတင်ဦးက ကျွန်တော့်ကို ပြောပါတယ်။ 

ကိုအောင်မင်းသိန်းကလည်း “သူတို့ (ကွပ်ကဲရေးအဖွဲ့) က ကားပါတော့ ကားမီးနဲ့ထိုးကြည့်တာ၊ အဲဒီကောင်တွေ၊ ကောင်မတွေ (အဖျက်သမားများကို ဆိုလိုသည်) က လုံချည်၊ ထဘီ လှန်ပြတယ်။ ဆဲတာလည်း မိုးမွှန်နေတာပဲ” လို့ ပြောတယ်။ 

ကိုခင်ဇော်  (AAPP - ကွယ်လွန်) ပြောပြသည်မှာ “တောင်ဥက္ကလာပ ဗဟိုသပိတ်စခန်းက ဘုန်းကြီး ၃ ပါးနဲ့ ကျောင်းသား ၅ ဦးကို စေလွှတ်လိုက်တာ တစ်ယောက်မှပြန်မလာတာနဲ့ အနီးနားရပ်ကွက်ကင်းစခန်းက လူတွေထပ်စုပြီး လိုက်သွားကြတာ ည ၁၀ နာရီအချိန်လောက်ရှိပြီး စီမံကိန်းရပ်ကွက်တစ်ခုလုံးကို အမှောင်ချထားကြောင်းနဲ့ ကားမီးနဲ့ထိုးကြည့်မှ ပထမဆုံးလွှတ်လိုက်တဲ့ ဘုန်းကြီး ၃ ပါးနဲ့ ကျောင်းသား ၅ ဦးကို ငမိုးရိပ်ချောင်းထဲမှာ ခေါင်းဖြတ်သတ်ထားတာတွေ့ရကြောင်း ပြောပါတယ်။ 

ကျွန်တော်လည်း မိမိရဲ့ ရဲဘော်အသီးသီး၏တင်ပြချက်များကို နားထောင်ရင်း မည်ကဲ့သို့လုပ်ရင်ကောင်းမလဲဟု စဉ်းစားနေစဉ်အဖွဲ့ထဲမှ ညီတစ်ယောက်လိုချစ်ခင်ရသော မောင်ချိုက “အစ်ကိုကြီး အခုချိန်က မီးမရှိ ဘာမရှိနဲ့ တစ်မြို့လုံး မှောင်မည်းနေတာ။ ကျွန်တော်တို့ လိုက်သွားလည်း သူ့လူ ကိုယ့်လူမှန်းမသိလို့ ဂျင်ဂလိစာ ဓားစာဖြစ်နေပါဦးမယ်။ မနက်စောစော အလင်းရောင်ပေါ်မှ သွားကြရအောင်ပါ” လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်၏အသက်ထက် ဇနီးမယား သားသမီးများရှိကြသော ကျွန်တော့်အဖွဲ့ဝင်အချို့၏အသက်ကို ငဲ့ကွက်ကာ ထိုညကတစ်ရေးမှ မအိပ်ဘဲဘုရားအဝက ယက္ခညီနောင်ဘီလူးရုပ်ကြီးလို ဆေးလိပ်ဖွာရင်း ငုတ်တုတ်မိုးလင်းခဲ့ရပါတယ်။ 

၅.၉.၈၈ ရက်နေ့နေ့ နံနက် ၅ နာရီထိုးတွင် ကျွန်တော်တို့အဖွဲ့ထဲမှ အားကောင်းမောင်းသန်ယောကျာ်း ၂၀ ဦးနဲ့ ဦးပဉ္စင်း ၅ ပါး ရွေးထုတ်ပြီး ကျွန်တော်နှင့်အတူ ကိုတင်ဦး၊ ကိုအောင်မင်းသိန်းနှင့် ကိုခင်ဇော်တို့ကိုခေါ်ကာ အခင်းဖြစ်ပွားရာစီမံကိန်း (၁) ရပ်ကွက်သို့ ထွက်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ အဖွဲ့ဟာ ကျောင်းသားခေါင်းဆောင်များနဲ့ ရဟန်းသံဃာများရဲ့ အသက်အန္တရာယ်ကို တန်ပြန်အဖျက်သမားများရဲ့ရန်မှ ကာကွယ်ရန်ဟူသော ရည်ရွယ်ချက်နှင့် ဖွဲ့စည်းထားသောအဖွဲ့တစ်ခု ဖြစ်ပါတယ်။ 

ကျွန်တော့်အဖွဲ့သားများသည် ငှက်ကြီးတောင်ဓား၊ ဝါးရင်းတုတ်များနဲ့ ဂျင်ဂလိများကို ကိုင်စွဲ၍ လိုက်ပါလာကြပါတယ်။ ကိုတင်ဦးနှင့် ကိုအောင်မင်းသိန်းတို့နှစ်ဦးသည် ကျွန်တော့်ရှေ့မှကာ၍ လျှောက်ပြီး ကျန်အဖွဲ့ဝင်များမှာ ကျွန်တော့်ရဲ့ ဘယ်ညာနှင့်နောက်ကျောဘက်မှရံ၍ လျှောက်ကြပါတယ်။ ကျွန်တော့်မှာတော့ အင်္ကျီအဖြူ၊ အိတ်ထောင်ထဲတွင် ချိတ်ထားသော Pilot ဖောင်တိန်တစ်ချောင်းသာပါပြီးကချင်ပုဆိုး တစ်ပတ်နွမ်းနှင့် ကချင်လွယ်အိတ်အဟောင်းတစ်လုံးကိုလွယ်ပြီး ရည်မှန်း နေရာသို့ ခပ်သုတ်သုတ်လျှောက်နေခဲ့ပါတယ်။ 

ကျွန်တော်တို့ ကျိုက္ကဆုံဘုရားမြောက်ဘက်မုခ်မှထွက်ပြီး ရတနာလမ်းကြီးအတိုင်း လျှောက်ခဲ့ကြရာ သံသုမာလမ်းနှင့် ရတနာလမ်းဆုံ (ယခု လိုင်စင်ရုံးမှတ်တိုင်) သို့ ရောက်သောအခါ ကိုအောင်မင်းသိန်းရဲ့ မိတ်ဆွေကိုဆင်ပေါက်နဲ့ တွေ့ပါတယ်။

ကိုဆင်ပေါက်သည် ကျွန်တော်တို့နှင့်အတူလိုက်လာရင်း “ညက ကိုအောင်မင်းသိန်းတို့၊ ကိုတင်ဦးတို့ ဘုရားဘက်ပြန်သွားတော့ တောင် ဥက္ကလာပ ဗဟိုသပိတ်စခန်းကလူတွေ ရောက်လာတယ်။ စီမံကိန်း(၁) နှင့် (၂) က စစ်မှုထမ်းဟောင်းများ တန်းလျားတွေမှာ တန်ပြန်အဖျက် သမား ၃၀ ကျော် ရောက်နေကြပြီး ကြည်ကြည်ဘီစကွတ်စက်ရုံ၊ ထီးစက်ရုံနဲ့ အထပ်သားစက်ရုံတွေကို အကြမ်းဖက်လုယက်ဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေကြောင်း ရပ်ကွက်အတွင်းရှိ တချို့အိမ်တွေကိုလည်း ငွေပေးစည်းရုံးနေတယ်ဆိုတာ ဟုတ်သလား” လို့ သူ့ကိုမေးကြောင်းကိုဆင်ပေါက်က ပြောပြတယ်။ 

ကိုဆင်ပေါက် ဆက်ပြောပြတာက “ည ၁၂ နောက်ပိုင်းမှာတောင် ဥက္ကလာပကွပ်ကဲရေးရုံးက ကျောင်းသားနဲ့ဘုန်းကြီးတွေပါ ထပ်ရောက်လာပြီး ရပ်ကွက်လုံခြုံရေးယူထားတဲ့အဖွဲ့တွေနဲ့ပေါင်းပြီး စီမံကိန်း (၁) ထဲမှာ ခိုအောင်းနေတဲ့ အဖျက်သမားတွေကို ဖမ်းဖို့လုပ်ကြတယ်။ အဲဒီမှာ သူတို့ (အဖျက်သမားများ) ဘက်မှ ကိုဆင်ပေါက်တို့ လုံခြုံရေးကင်းအဖွဲ့တွေကို လေးခွတွေ၊ ဂျင်ဂလိတွေနဲ့ စပစ်ကြပါတယ်တဲ့။ အဖျက်သမားတွေဘက်မှာ မိန်းမတွေလည်းပါကြောင်းနဲ့ သူတို့ဘက်ကပစ်တဲ့ ဂျင်ဂလိတွေဟာ က.စ.လ ထုတ် ဂျင်ဂလိတွေဖြစ်ကြောင်းပြောရင်း ကိုဆင်ပေါက်က သူ့လွယ်အိတ်ထဲမှာပါလာတဲ့ (ညကသိမ်းမိထားတဲ့) သေနတ်ကဲ့သို့ မောင်းခလုတ်ဆွဲပြီးပစ်လို့ရတဲ့ ဂျင်ဂလိနဲ့မြားတံတွေကို ထုတ်ပြပါတယ်။ 

ညက သူတစ်ပြန် ကိုယ်တစ်ပြန်ပစ်ခတ်ရင်း ဂျင်ဂလိမြားတံတွေ ကုန်သွားတော့မှ အဖျက်သမားတွေဟာ ခြေဦးတည့်ရာ ထွက်ပြေးကြပါတယ်။ အဲဒီလူတွေကို ရပ်ကွက်သူရပ်ကွက်သားတွေက လိုက်လံဖမ်းဆီးရတယ်။ အဖျက်သမား ၁၂ ယောက်ကို ဂျင်ဂလိတွေနဲ့အတူ ဖမ်းမိတယ်။ အဲဒီအချိန်မှာပဲ စီမံကိန်း (၁) ရပ်ကွက်ကို မီးလောင်နေတာတွေ့ရကြောင်းနဲ့ အဲဒီအရေးအခင်းမှာ ရပ်ကွက်လုံခြုံရေးဘက်မှ ၁၀ ဦး ဒဏ်ရာ ရပြီး ကျောင်းသား ၁ ဦး ထပ်ပြီးသေဆုံးခဲ့ပါတယ်။ 

ကျွန်တော်က အခုဖမ်းမိထားတဲ့သူတွေရောလို့ မေးကြည့်တော့ (ယခုဂိတ်ဟောင်းမှတ်တိုင်) သံသုမာလမ်းနှင့် မေတ္တာလမ်းဆုံ၊ ၁၄/၁ မြင်သာရှိ ဓမ္မာရုံထဲမှာ ဖမ်းဆီးထားကြောင်းနဲ့ ညက အနီးနားကရပ်ကွက် တွေဖြစ်တဲ့ (၁၃) ရပ်ကွက်၊ မြင်သာ (၁၄/၁)၊ (၁၄/၂) နှင့် စီမံကိန်းက ရွာခံလူမိုက်တွေနဲ့ ထောင်ထွက်တချို့က စီမံကိန်းရပ်ကွက် မီးရှို့မှုနဲ့ တန်ပြန်အဖျက်သမားဆိုပြီး မဆိုင်သူရော၊ ဆိုင်သူရော ပေါင်း ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်လောက် ဖမ်းဆီးထားကြောင်း ပြောပါတယ်။ 

ဆက်လက်ဖော်ပြပါမည်။ 
စစ်အောင်