News

POST TYPE

PERSPECTIVE

ဖက်ဒရယ်ခရီးနီးသလား အဝေးကြီးလာရ၏
18-Jul-2018

ဇူလိုင် ၁၁ ရက်နေ့ကစခဲ့တဲ့ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွေကို ၅ ရက်ဆက်တိုက် ကျင်းပခဲ့ပြီးချိန် ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ စီးပွားရေးကဏ္ဍမှာတစ်ချက်၊ လူမှုရေးကဏ္ဍမှာ ခုနစ်ချက်၊ မြေယာနဲ့ သယံဇာတကဏ္ဍမှာနှစ်ချက်၊ နိုင်ငံရေးကဏ္ဍမှာလေးချက် စုစုပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် (Union Accord  Agreement) အစိတ်အပိုင်း (၂) အဖြစ် လက်မှတ်ရေးထိုးခြင်းနဲ့အတူ တစ်ကြိမ်အဆုံးသတ်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီစာချုပ်ကို တော့ NCA ကို ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs ၁၀ ဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့က လက်မှတ်ရေးထိုးကြခဲ့ကြတာပဲ ဖြစ်ပါတယ်။ ယခုအခေါက် တတိယအကြိမ် အစည်းအဝေးကနေ သဘောတူညီချက်တွေရလာတဲ့ ပြည်ထောင်စုစာချုပ်အစိတ်အပိုင်း (၂) မှာပါဝင်တဲ့အချက်ဟာ ယခင်ဒုတိယအကြိမ်အစည်းအဝေးတွေမှာ သဘောတူညီခဲ့တဲ့အချက်တွေထက် ထက်ဝက်ကျော် နည်းနေခဲ့တာလည်း သိကြပြီးဖြစ်မှာပါ။ ဒီအတွက်ပဲ ဒီတစ်ကြိမ်ပြုလုပ်တဲ့ အစည်းအဝေးနဲ့ပတ်သက်လို့ “ကျွန်တော့်အနေနဲ့လည်း အမှန်တကယ်ပဲ အားမလို၊အားမရဖြစ်မိတာ အမှန်ပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်လောက်ကြာမှကျင်းပတဲ့ ဒီညီလာခံကြီးမှာ ရလာမယ့်ရလဒ်က အားရကျေနပ်ဖွယ်ရာမရှိဘူး”လို့ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဇူလိုင်လ ၁၅ ရက်နေ့က မီဒီယာတွေကိုပြောကြားခဲ့တာ ကြားခဲ့ရပါတယ်။ အခုအကြိမ်မှာ သဘောတူခဲ့တဲ့ ၁၄ ချက်နဲ့ ပတ်သက်ပြီးတော့လည်း ဒီအချက်တွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံမယ့် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အာမခံပေးနိုင်ရန် လုံလောက်တဲ့အချက်များမဟုတ်ဘူးလို့လည်း သူက ဆိုခဲ့ပါသေးတယ်။

ဒီတစ်ကြိမ် သဘောတူညီချက် ရရှိခဲ့တဲ့အချက်တွေအထဲမှာ သဘောတူညီမှု လုံးဝမရခဲ့တဲ့ကဏ္ဍကတော့ လုံခြုံရေးကဏ္ဍပဲဖြစ်ပါတယ်။ ဒီလို ဘာကြောင့်ဖြစ်ခဲ့ရတာလဲဆိုတဲ့ အဖြေကိုလေ့လာကြည့်တဲ့အခါ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ယခုအစည်းအဝေး မကျင်းပမီအထိ အလွတ်သဘော လေးကြိမ်ဆွေးနွေးခဲ့ကြပေမယ့်လည်း သဘောတူညီချက်တစ်စုံတစ်ရာမရှိခဲ့တဲ့အတွက် ယခုအစည်းအဝေးကျင်းပတဲ့ကာလမှာ ဆွေးနွေးကြမယ့်အဆို မတင်သွင်းနိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။ ဒီအတွက် ဒီအပတ်ပြီးဆုံးခဲ့တဲ့ အစည်းအဝေးရဲ့အဖြေကိုသုံးသပ်ကြည့်ရင် အထက်မှာပြောခဲ့သလို အခြေအနေတွေမတိုးတက်ခဲ့ဘူး။ ရရှိလာတဲ့ သဘောတူညီချက်တွေကလည်း ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အဓိကကျတဲ့ အချက်တွေ မဟုတ်ဘူးဆိုတာ တွေ့ရှိကြရမှာဖြစ်ပါတယ်။ ဒါတွေကလည်း အရင်အစိုးရလက်ထက်ကတည်းက NCA ပါအချက်တွေ မူဘောင်တွေကိုသဘောတူပြီး လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၈ ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ ABSDF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊​ KNU၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ KNU၊ KNLA(PC) ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ အခုအစိုးရလက်ထက် ရေးထိုးတဲ့ ၂ ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (MNSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ စုစုပေါင်း ၁၀ ဖွဲ့နဲ့တင်ရှိနေ ဖြစ်ပေါ်နေသေးတဲ့ အခြေအနေတွေပါ။ ကျန်တဲ့ မြောက်ပိုင်း ၇ ဖွဲ့ဖြစ်တဲ့ “ဝ”၊ မိုင်းလား၊ ရှမ်းမြောက်က SSPP ကချင် KIO၊ ပလောင် TNLA၊ ကိုးကန့် MNDAA၊​ ရခိုင် AA နဲ့ လက်ရှိ NCA ကို လက်မှတ်ရေးထိုးဖို့ညှိနှိုင်းနေဆဲဖြစ်တဲ့ KNPP တို့ရဲ့ တောင်းဆိုချက်တွေ၊ ဆွေးနွေးချက်တွေနဲ့ သူတို့အဖွဲ့တွေနဲ့ သဘောတူညီချက်တွေ လုံးဝမပါဝင်သေးပါဘူး။ ဆိုလိုချင်တာကတော့ အခုလက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်ထောင်စုသဘောတူညီချက်စာချုပ်အစိတ်အပိုင်း (၁) ပါ ၃၇ ချက် နဲ့ အခုလက်မှတ်ရေးထိုးတဲ့စာချုပ်အစိတ်အပိုင်း (၂) မှာပါတဲ့အချက် ၁၄ ချက် စုစုပေါင်း ၅၁ ချက်ဟာ ယခင်က NCA ကိုလက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့နဲ့သာ သဘောတူထားခဲ့သေးတဲ့အချက်တွေလို့ ပြောလိုရင်းပဲဖြစ်ပါတယ်။

မြောက်ပိုင်း ၇ ဖွဲ့ထဲက အဓိကအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KIO ကတော့ NCA ကို လက်မှတ်မထိုးဘူးလို့ ပြောဖို့စောနေသေးတယ်လို့ ဆိုထားသလို သူတို့အနေနဲ့ကလည်း တစ်ဖွဲ့တည်းကပဲဆိုတာထက် ကျန် ၇ ဖွဲ့စလုံးရဲ့ သဘောထားကို ကိုယ်စားပြုတယ်လို့ ညီလာခံပထမနေ့မှာ သူတို့နဲ့ မီဒီယာတွေ စတွေ့စဉ်ပြောခဲ့သွားပါတယ်။ KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်ကတော့ အစည်းအဝေးတွေတက်ဖို့ နောက်တစ်ကြိမ်ပြန်လာဖို့ ကြိုးစားမှာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဆက်ရှိနေမှာပါလို့သာ မယုတ်မလွန်ပြောသွားခဲ့တာလည်း ကြားမိကြပြီးဖြစ်မှာပါ။ ဒီ ၇ ဖွဲ့အပေါ်တော့ တရုတ်နိုင်ငံက ဖိအားပေးတယ်ဆိုပေမယ့် သူတို့ကတော့ မြေပြင်က သူတို့ ခံစားချက်တွေကို မသိသေးဘူးလို့ဆိုပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဒုတိယဥက္ကဋ္ဌ စပ်ခွန်ဆိုင်ကတော့ NCA အပစ်ရပ်ဖို့တိုက်တွန်းနေတဲ့ တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ၊ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ဘာကြောင့်လက်မှတ်မရေး ထိုးနိုင်သေးတာလဲဆိုတာ နားလည်သင့်တယ်လို့ ဆိုထားပါတယ်။

တရုတ်အနေနဲ့ မြောက်ပိုင်းအဖွဲ့တွေကို တွန်းအားပေးနေတာဟာ တရုတ်ရဲ့အပိုင်းသာဖြစ်ပြီး၊ တိုင်းရင်းသားတွေရဲ့ ပကတိအခြေအနေတွေကို တရုတ်က ဂဃနဏမသိပါဘူးလို့လည်း သူတို့ကဆိုကြပြန်ပါတယ်။ ငြိမ်းချမ်းရေးအပေါ်ကူညီမှုတွေဟာ နှောင်ကြိုးမဲ့ဖို့လိုသလို ဒီယုန်မြင်လို့ ဒီချုံထွင်တာမျိုး မဖြစ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။ အမှန်တော့လည်း အမှန်ပါလို့သာ ပြောရမယ့်အခြေအနေပါ။ တရုတ်တို့အနေနဲ့ကလည်း မြန်မာအစိုးရ၊ တပ်မတော်နဲ့ သူ့နယ်စပ်က မြောက်ပိုင်း ၇ ဖွဲ့ကို ၂၁ ရာစု ပင်လုံတက်ပြီး NCA လက်မှတ်ရေးထိုးစေလိုတာကလည်း သူ့ရဲ့ One Belt One Road စီမံကိန်းအောင်မြင်ဖို့အတွက် အလဲအထပ်လုပ်နေခြင်းသာဖြစ်ကြောင်းကိုလည်း နိုင်ငံရေးလေ့လာသူတွေက ထောက်ပြထားပါတယ်။ တရုတ်ဟာ သူ့ရဲ့မဟာဗျူဟာ စီးပွားရေးစင်္ကြံစီမံကိန်းဖြစ်တဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ကြောင်း အကောင်အထည်ဖော်နိုင်ဖို့ အသည်း အသန်လုံးပန်းနေတာကို တွေ့နိုင်မှာဖြစ်သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခုလုံးဟာ တရုတ်တို့ရဲ့စီမံမှုအောက်က မလွတ်တာမြင်ကြရမှာပါ။

အမှန်တကယ်တော့လည်း ဒီလိုအခြေအနေမျိုးကို တပ်မတော်ဘက်ကလည်း ကြိုက်ဟန်မတူကြောင်း တတိယအစည်းအဝေးစတင်တဲ့ရက်က ကာချုပ်ပြောခဲ့တဲ့မိန့်ခွန်းတွေအထဲက အချက်အလက်အချို့ကို ပြန်အဓိပ္ပာယ်ဖော်ကြည့်ရင် တွေ့နိုင်ပါတယ်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကလည်း လက်ရှိအခြေအနေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝနီးပါးရနေတဲ့ အနေအထားရှိနေတာမို့ လုံးဝအပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားလှဟန်မတူပါဘူး။ ဒါပေမဲ့ တစ်ဖက်ကလည်း တရုတ်ရဲ့ ဩဇာ ကိုတော့ ပြောင်ပြောင်တင်းတင်း လွန်ဆန်ဖို့အားမရှိတဲ့ပုံပေါ်တာမို့ ဒီညီလာခံကို ရောက်အောင်လာတက်တာကိုကြည့်ရင် မြင်နိုင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ခုနစ်ဖွဲ့နဲ့ ဆက်စပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို မြောက်ပိုင်းမဟာမိတ်အဖွဲ့ တတိယအကြိမ်ပင်လုံညီလာခံကို တက်ရောက်လာနိုင်အောင် တွန်းအားပေးခဲ့တဲ့ တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဟာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ရှောင်လွှဲလို့မရကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကိုရှန်းက သတင်းထောက်တွေကို ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြောခဲ့တာတွေ့ရပါတယ်။

ညီလာခံကိုတော့ အစိုးရအနေနဲ့ ၂၀၁၈ အတွင်းမှာ နောက်ထပ် တစ်ကြိမ်၊ ၂၀၁၉ မှာ နှစ်ကြိမ် ကျင်းပမှာဖြစ်ပြီး ၂၀၂၀ မှာတော့ ရွေးကောက်ပွဲ ရှိပေမယ့်လည်း လိုအပ်မယ်ဆိုရင် ထပ်မံကျင်းပရန်လျာထားကြောင်းနဲ့ အခုအစည်းအဝေးပြီးတဲ့ကာလကစပြီး မြောက်ပိုင်း ၇ ဖွဲ့နဲ့တွေ့ဖို့ စတင်မယ်လို့ ပြောကြားခဲ့တာကိုလည်း လေ့လာမိပါတယ်။ ဒီလိုတွေ့ဆုံခြင်းဟာလည်း မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့တို့က ကိုယ်စားလှယ်တွေ အစည်းအဝေးလာရောက်စဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို သီးခြားစီ အဖွဲ့နှစ်ဖွဲ့ခွဲပြီး တွေ့ဆုံကြစဉ်မှာ ဆွေးနွေးချက်တွေအရလို့ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြောက်ပိုင်း ၇ ဖွဲ့တို့အနေနဲ့ ဇူလိုင် ၁၂ ရက်နေ့ ညနေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ်တုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လမ်းကြောင်းသစ်တစ်ခုနဲ့ဆွေးနွေးနိုင်ဖို့၊ ယခုလက်ရှိလုပ်နေတဲ့ NCA လုပ်ငန်းစဉ်အတိုင်း ခပ်ဝေးဝေးတစ်ခါမှခေါ်ယူပြီး အခုလို ပုံမှန်ဆွေးနွေးနေကြတာထက်စာရင် ပြင်ပကနေ လမ်းကြောင်းသစ်တစ်ခုကနေ အမြဲမပြတ် ဆက်သွယ်ခေါ်ယူပြီး နိုင်ငံရေးဆွေးနွေးကြဖို့ တောင်းဆိုခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာလည်း NCA ထဲမှာပါဝင်တဲ့ မူဘောင်တွေကို ပြန်လည်သုံးသပ် ရေးအတွက် ဆွေးနွေးခဲ့ကြတာကိုလည်း သိကြပြီးဖြစ်မှာပါ။

ဒီအတွက် အပေါ်ကဆိုခဲ့သမျှကို အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင် ယခု လက်ရှိအစိုးရလက်ထက်မှာ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ယခုလက်ရှိအနေအထားမှာတော့ NCA လက်မှတ်ရေးထိုးထားပြီးသား တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ကတစ်ပိုင်း၊ မထိုးရသေးတဲ့ မြောက်ပိုင်း ၇ ဖွဲ့နဲ့ KNPP တို့က တစ်ပိုင်းဖြစ်နေသေးတာကို မြင်ကြရမှာဖြစ်ပါတယ်။ ယခင် NCA ထိုးထားပြီးသားအဖွဲ့တွေနဲ့ ဆွေးနွေးပွဲရလဒ်တွေကို ကြည့်တဲ့အခါမှာလည်း အပေါ်ဆုံးအပိုဒ်မှာပြောခဲ့သလို အားမလိုအားမရဖြစ်နေသေးတဲ့ အခြေအနေမျိုးကိုမြင်တွေ့ကြရမှာပါ။ ဒီလိုဖြစ်ကြရခြင်းကလည်း NCA စာချုပ်ပါ ပထမအဆင့်ဖြစ်တဲ့အခန်း ၃၊ ၄ ပါ နှစ်ဖက်တပ်တွေအကြားမှာ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်လိုက်နာကြရမယ့် သဘောတူညီချက်တွေမှာ အားနည်းခဲ့ကြလို့သာ ဖြစ်ခဲ့ကြရတယ်ဆိုတာကို လုံခြုံရေးကဏ္ဍမှာ တစ်ချက်မျှ အဆိုတင်သွင်း မဆွေးနွေးနိုင်ကြတာကိုကြည့်ရင် မြင်နိုင်ပါတယ်။ ဒီအတွက် စာချုပ်ရဲ့အခန်း ၅၊ ၆ ပါ နိုင်ငံရေးမူဘောင်တွေ ဆက်လက်ဆွေးနွေးကြတဲ့ အခါမှာလည်း အခုလို သဘောတူညီချက်တွေ အနည်းအကျဉ်းသာ ရရှိခဲ့ကြတာဖြစ်ပြီး ရရှိခဲ့တဲ့အချက်တွေအနေနဲ့လည်း အထက်မှာဆိုခဲ့သလို ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုခရီးနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် အဓိကမကျဘဲ စံနှုန်းနိမ့်တဲ့အချက်တွေသာ ဖြစ်တယ်ဆိုတာလည်း ဒီလုပ်ငန်းစဉ်ကြီးထဲမှာ ထည်ထည်ဝင်ဝင် ပါဝင်နေသူတစ်ဦးရဲ့ပြောကြား ချက်ကိုကြည့်ရင် သိကြပြီးဖြစ်မှာပါပဲ။

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ပြောရရင် ကျန်နေသေးတဲ့မြောက်ပိုင်း ၇ ဖွဲ့နဲ့လည်း NCA ကို လက်မှတ်ထိုးရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာစေရေးတို့အတွက်ဆိုရင်လည်း သူတို့ကထောက်ပြ၊ ပြောပြမှအစိုးရနဲ့တပ်မတော်ဘက်က လိုက်လုပ်ပေးနေရသလိုမျိုးတွေ၊ နောက် တရုတ်နိုင်ငံရဲ့ သူ့အကျိုးစီးပွားအတွက် အလဲအထပ် Give & Take Policy ဆန်တဲ့လမ်းကြောင်းအပေါ် ရပ်တည်နေရသလိုမျိုးတွေကနေ ဖောက်ထွက်ပြီး အစိုးရနဲ့ တစ်ခါတွေ့လိုက်၊ တပ်မတော်နဲ့တစ်မျိုးဆုံလိုက်ဆိုတာမျိုး ထက်ကျော်လွန်ပြီး ဒီလုပ်ငန်းစဉ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတအနေနဲ့ကသာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ အခြားနိုင်ငံရေးပါတီတွေ၊ CSO တွေနဲ့ သီးခြားခေါ်ယူတွေ့ဆုံပြီး ဦးဆောင်သင့်တဲ့ကာလဖြစ်နေပါပြီ။ ဒီနေရာမှာ သတိရမိတာက ငယ်ငယ်ကသင်ခဲ့ရဖူးတဲ့ သူငယ်တန်းမြန်မာစာဖတ်စာထဲကလို “ဤခရီး နီးသလား၊ အဝေးကြီးလာရ၏၊ ဇွန်ပန်းရုံအနီး လှည်းဘီးကျွံနေသည်၊ ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်” ဆိုသလို ဖက်ဒရယ်ခရီးက မနီးသော်လည်း ဝေးနေသလိုဖြစ်နေတာဖြစ်တဲ့အတွက် သူတစ်လုငါတမင်ကွဲပြားလုပ်ဆောင်နေကြတာမျိုးမလုပ်ဘဲ ပြိုင်တူဝိုင်းတွန်းကြမှသာ အရွှေ့တစ်ခုကို မြင်တွေ့နိုင်ကြမှာလည်း ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်သမ္မတအနေ နဲ့ အဲ့ဒီအဖွဲ့တွေနဲ့ အရင်ဆုံးတွေ့ဆုံပြီး ဒီအပေါ် ဖြစ်သင့်ဖြစ်ထိုက်တဲ့လမ်းကြောင်းကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာတာ၊ ပထမဦးဆုံးကိုယ့်အဖွဲ့တွေကို အရင်ဆုံး ရင်ကြားစေ့တာတွေပြုလုပ်ပြီးမှသာ အားလုံးညီညွတ်ရေး လမ်းကြောင်းပေါ်ကနေ ထိုမြောက်ပိုင်း ၇ ဖွဲ့အပြင် NCA ထိုးပြီးသား ၁၀ ဖွဲ့တို့နဲ့ပါ တွေ့ဆုံဆွေးနွေး အဖြေရှာမှသာ ဖက်ဒရယ်ခရီးဟာ နီးလာမှာဖြစ်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါတယ်။ 

အောင်ဇေယျ