News

POST TYPE

PERSPECTIVE

တာဝန်ကိုယ်စီ ရှိပါသည်
18-Jul-2018 tagged as

ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီလောက်က တောင်ဥက္ကလာ သံသုမာလမ်း မြင်သာဈေးအနီးမှာ ရေထဲကျနေတဲ့ ဓာတ်ကြိုးကြောင့် ရှစ်တန်းကျောင်းသားကလေးတစ်ယောက် ဓာတ်လိုက်သေဆုံးခဲ့ရတဲ့သတင်းကို ဖတ်ရပါတယ်။ CCTV မှတ်တမ်းကိုလည်း ကြည့်လိုက်ရပါတယ်။ ဓာတ်ကြိုးက ညနေ ၃ နာရီခွဲ လောက်ကတည်းက ပြတ်ကျနေတာဖြစ်ပြီး အနီးအနားကလူတွေက EPC ကို ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားခဲ့ကြတယ်လို့ ပြောပါတယ်။ (လိုင်းမအားဘူးလို့လည်း သတင်းတချို့မှာဖတ်ရပါတယ်) EPC က ချက်ချင်းရောက်မလာဘဲ ပြုပြင်မှုနှောင့်နှေးခဲ့လို့ အခုလိုဖြစ်ရတယ်လို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ တကယ်လည်း ကလေးဓာတ်လိုက် သေဆုံးပြီးမှ EPC က ရောက်လာခဲ့ပါတယ်။ 

ဒီကိစ္စမှာ အမှန်တကယ် တာဝန်အရှိဆုံးဟာ EPC ပါပဲ။ အနီး အနားကသူတွေ အကြောင်းကြားတာကို အချိန်မီရောက်လာနိုင်ခဲ့ရင် ဒီလိုဝမ်းနည်းဖွယ်အဖြစ်ဆိုးမျိုး ကြုံရမှာမဟုတ်ပါဘူး။ EPC အနေနဲ့ ပြုပြင်စရာနေရာတွေများလွန်းပြီး ဝန်ထမ်းအင်အားနည်းပါးလို့ အချိန်မီရောက်မလာနိုင်တာလား၊ ဒါမှမဟုတ် ဝန်ထမ်းရှိရဲ့သားနဲ့ အရေးမကြီးဘူး၊ ဒီလိုကိစ္စမျိုးထိ မဖြစ်လောက်ဘူးလို့ ယူဆလို့ ချက်ချင်းအရေးတယူလာပြီး မပြုပြင်တာလားဆိုတာကတော့ ကာယကံရှင်တွေသာ သိနိုင်မယ့်အရာဖြစ်ပါတယ်။ တကယ်လို့ EPC အနေနဲ့ ပြုပြင်စရာနေရာတွေများလွန်းပြီး ဝန်ထမ်းအင်အားနည်းပါးလို့ အချိန်မီရောက်မလာနိုင်တာဆိုခဲ့ရင်တော့ EPC မလာခင်မှာ အနီးအနားကလူတွေက ဒီအတိုင်းထိုင်စောင့်မနေကြဘဲ ကိုယ်လုပ်ပေးနိုင်တဲ့ လုပ်စရာရှိတာတွေကို ဝိုင်းလုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ 

အနီးအနားကလူတွေအနေနဲ့ -

(၁) ဓာတ်ကြိုးပြတ်ကျနေတဲ့ ရေထဲကို လူတွေဝင်မလာအောင် အော်ဟစ်ပြီးတော့ဖြစ်စေ၊ ပလတ်စတစ်ထိုင်ခုံတွေမှာ ဓာတ်ကြိုးပြတ်ကျနေသည် စာရွက်ကပ်ပြီး ချထားလို့ဖြစ်စေ တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့ကြံစည်ပြီး သတိပေးနေသင့်ပါတယ်။ 

(၂) ကျနေတဲ့ဓာတ်ကြိုးနားကို ဝါးလုံးတွေတန်းထားတာမျိုး၊ ကားနဲ့တားထားတာမျိုးတွေ စသဖြင့် အရံအတားတွေ လုပ်ပေးထားသင့်ပါတယ်။

(၃) ဖုန်းဆက်လို့မလာရင်၊ လိုင်းမအားရင် EPC ရုံးကို လူကိုယ်တိုင်သွားပြီး အကြောင်းကြားသင့်ပါတယ်။

(၄) ကိုယ်တိုင်မသွားနိုင်ရင် သွားနိုင်သူကို Taxi ငှားပြီးလွှတ်တာမျိုး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဆယ်အိမ်ခေါင်း၊ ရာအိမ်ခေါင်း၊ စာရေးတစ်ယောက်ယောက်ကို EPC ရုံးကို သွားခိုင်းတာမျိုးတွေ လုပ်သင့်ပါတယ်။

အခုတော့ အနီးအနားပတ်ဝန်းကျင်က ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားခဲ့ပေမယ့် EPC က အချိန်မီမရောက်ခဲ့ပါ။ (လိုင်းမအားဘူးလို့လည်း သတင်းတချို့မှာ ဖတ်ရပါတယ်၊ EPC ဘက်ကလည်း Complaint တွေများလို့ လိုင်းမအားတာဖြစ်နိုင်ကြောင်း၊ အဲဒီအချိန်မှာ သံသုမာလမ်းတစ်နေရာမှာ သစ်ကိုင်းတွေ ရှင်းလင်းနေခဲ့ကြောင်း၊ သူတို့ဆီကို ဖုန်းဆက်ထားတယ်ဆိုတဲ့ဖုန်းကိုကြည့်တော့ ကလေးဓာတ်လိုက်ပြီးချိန်မှ ဆက်ထားတာဖြစ်ကြောင်း EPC ဘက်ကပြောထားတာကိုလည်း ဒီနေ့သတင်းမှာ ဖတ်ရပါတယ်)

အနီးအနားကလူတွေက ဓာတ်ကြိုးပြတ်ကျနေတဲ့ ရေထဲကို လူတွေဝင်မလာအောင် သတိပေးတားဆီးတာတွေ ရှိ မရှိတော့ မသိပါ။ CCTV မှတ်တမ်းမှာတော့ စက်ဘီးပေါ်မှာကလေးတစ်ယောက်၊ ထီးနဲ့လမ်းလျှောက်လာတဲ့ သေဆုံးသူကလေးတစ်ယောက် ရေထဲလျှောက်လာတာကို တွေ့ရပါတယ်။ အတားအဆီးရှိတာ မတွေ့ရပါ။ အော်ဟစ်သတိပေးတာ ရှိ မရှိ ကိုတော့ CCTV မှတ်တမ်းမှာ အသံမပါတဲ့အတွက် မသိရပါ။ သေဆုံးသူကလေးရဲ့ သူငယ်ချင်းကလေးငယ်က သူ့သူငယ်ချင်း ရေထဲလဲကျစဉ်မှာ အော်ဟစ်အကူအညီတောင်းပေမယ့် ဘယ်သူမှ ဝိုင်းမကူညီကြဘဲ ငြင်းဆန်ကြတဲ့အတွက် သေဆုံးသူရဲ့မိဘတွေဆီပြန်သွားပြီး အကြောင်းကြားခဲ့ကြောင်း၊ ပြန်လာတော့ သေဆုံးနေပြီဖြစ်ကြောင်း ပြောဆိုထားတာလည်း တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်မဲ့ ကျောင်းသားလေးတစ်ယောက်ကတော့ အသက်မဆုံးရှုံးသင့်ဘဲ ဝမ်းနည်းဖွယ်ရာဆုံးရှုံးခဲ့ရပါပြီ။ ဒါပေမဲ့လည်း ဒါကို သင်ခန်းစာမယူနိုင်ကြသေးဘဲ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုး အပြစ်လွှဲချနေကြတုန်းပဲ ရှိကြပါသေးတယ်။ နေသာသလိုနေကြ၊ ပြီးမှ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ကြတာဟာ ကျွန်တော်တို့မြန်မာတွေရဲ့ ဓလေ့ကြီးတစ်ခုလိုတောင် ဖြစ်နေပြီလားလို့ စိုးရိမ်တကြီးဖြစ်မိပါတယ်။

ဒီကိစ္စကို မကြာသေးခင်က ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံမယ်ဆိုင်ဂူထဲက ကလေးတွေကိစ္စနဲ့ ယှဉ်ပြီးကြည့်တဲ့အခါ ပိတ်မိတဲ့ကလေးတွေ ကယ်ဆယ်ရာမှာ ထိုင်းနိုင်ငံသားတွေ ပြုမူဆောင်ရွက်တာတွေ၊ စိတ်နေစိတ်ထားတွေဟာ ကျွန်တော်တို့ အင်မတန်အတုယူသင့်တယ်ဆိုတာ တွေ့ရပါတယ်။ ကယ်ဆယ်ရေးသမားတွေ၊ မီဒီယာတွေ၊ လာရောက်ကြသူတွေအတွက် စားသောက်ဆိုင်တွေ၊ အဝတ်လျှော်ပေးတဲ့အဖွဲ့တွေ၊ ဖုန်းအားသွင်းဖို့နေရာတွေ၊ ညောင်းညာရင် နှိပ်နယ်ပေးတဲ့အဖွဲ့တွေကို အခမဲ့စီစဉ်ပေးကြပါတယ်။ ညီညီညာညာ ဝိုင်းကူညီကြပါတယ်။ ဂူထဲကရေတွေစုပ်ထုတ်တော့ ဂူအနားက လယ်ယာတွေ ရေလွှမ်းပြီး ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့ လယ်သမားတွေကို ဘယ်လိုခံစားရလဲမေးတော့ “ကလေးတွေအသက်က ပိုအရေးကြီးပါတယ်” ဖြေပါတယ်တဲ့။ တစ်ခါ ဒီလယ်သမားတွေအတွက် ထိုင်းမင်းသမီးတစ်ယောက် ဦးဆောင်တဲ့အဖွဲ့ကရောက်လာပြီး ပျက်စီးသွားတဲ့လယ်တွေက ကျန်လို့ထွက်လာတဲ့သီးနှံတွေကို ဈေးကောင်းရအောင် ရောင်းပေးမယ်လို့ဆိုပါသတဲ့။ တစ်ယောက်နဲ့တစ်ယောက် ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုးမလုပ်ကြဘဲ၊ အပြစ်တင်ဝေဖန်တာတွေ မလုပ်ကြဘဲ ကိုယ်လုပ်စရာရှိတာကို လုပ်သွားကြတာ တကယ့်ကို အတုယူစရာ ကောင်းပါတယ်။

ဒီဖြစ်စဉ်ကို သင်ခန်းစာယူပြီး ကျွန်တော်တို့အားလုံး ပြဿနာတွေဖြေရှင်းကြတဲ့အခါ ကိုယ့်တာဝန်ကိုယ်ယူပြီး လုပ်စရာရှိတာတွေကို ဝိုင်းကြဝန်းကြ လုပ်ဆောင်သင့်ကြပါတယ်။ ဖြစ်ပြီးမှ တစ်ယောက်နဲ့တစ်ယောက် ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုးလုပ်တာတွေ၊ အပြစ်တင်ဝေဖန်တာတွေ၊ လူမှုကွန်ရက်မှာ ပြောဆိုဝေဖန်ဆဲဆိုတာတွေ လုပ်မယ့်အစား ကိုယ်နိုင်တဲ့ဘက်က စေတနာပါပါနဲ့၊ စိတ်စေတနာကောင်းနဲ့ ကိုယ်လုပ်ပေးနိုင်တာတွေကို လုပ်ပေးကြမယ်ဆိုရင်၊ ဝိုင်းဝန်းကြမယ်ဆိုရင် ဒီလိုအဖြစ်ဆိုးမျိုးတွေ နောင်မဖြစ်အောင် ကာကွယ်တားဆီးနိုင်လိမ့်မယ်၊ သာယာလှပတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်ခင်ဗျာ။

အောင်ကျော်သူ

  • TAGS