News

POST TYPE

PERSPECTIVE

အဖြေမရှိသေးသည့် လိပ်ခဲတည်းလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
ခဲရာခဲဆစ် မဖြစ်ဖြစ်အောင် စီစဉ်ကျင်းပခဲ့ရသော တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေးကြီး ဇူလိုင် ၁၆ ရက်တွင် ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။ ကာလသတ်မှတ်ချိန်အမျိုးမျိုး၊ ဆွေးနွေးညှိနှိုင်းမှုအဖုံဖုံ ပြုလုပ်ခဲ့ရပြီး ရက်ချိန်းအမျိုးမျိုး ပြောင်းလဲခဲ့သော ဤတတိယအကြိမ်ညီလာခံကို နောက်ဆုံးတွင် ဇူလိုင် လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံရေးသဘောတူညီချက်များ ဆုံးဖြတ်ဖို့အသာထားဦး၊ အစည်းအဝေးကျင်းပဖို့ရက်ကိုပင် ခက်ခက်ခဲခဲညှိနှိုင်းခဲ့ရသည့် ဤငြိမ်းချမ်းရေးညီလာခံကြီးမှာ ဘယ်နေ့ဘယ်အချိန်တွင် အပြီးသတ်နိုင်မည်ကို မခန့်မှန်းနိုင်သေးပါ။ 

ခါတိုင်းလိုပင် UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့က ကိုယ်စားလှယ်အချို့ အစည်းအဝေးမပြီးဆုံးမီ အသီးသီး အိမ်ပြန်သွားခဲ့ကြသည်။ UWSA မှ ဒုတိယဥက္ကဋ္ဌနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ရုတ်တရက် ကျန်းမာရေးချို့ယွင်းသွားရာမှ သတင်းစာရှင်းလင်းပွဲပင် မပြုလုပ်နိုင်ဘဲ ပြန်သွားကြခြင်းဖြစ်သည်။ ထိုအထဲတွင် ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ၊ ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA၊ မိုင်းလားအဖွဲ့ NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ ပါဝင်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများနှင့်သာ တိုက်ရိုက်သက်ဆိုင်ပြီး မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိသည့်အတွက် ပြန်သွားကြတာလည်း ဖြစ်နိုင်သည်။ မပြန်မီအချိန်လေးမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ရော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ သီးခြားစီတွေ့ဆုံသွားခဲ့ကြသေးသည်။ သို့သော် အားလုံးမဟုတ်ပါ။ “ဝ” အဖွဲ့ (UWSA/UWSP) ကချင်အဖွဲ့ (KIO/KIA)၊ မိုင်းလားအဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သာဖြစ်သည်။ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA၊ ရခိုင်အဖွဲ့ AA တို့ကိုမူ သီးခြားအနေနှင့် ဒုတိယကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြသည်။ 

NCA တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ဤအဖွဲ့များအနေနှင့် တရုတ်အစိုးရက တိုက်တွန်းသဖြင့် လာဆို၍သာလာလိုက်ကြရသည်။ တက်ဆို၍သာ တက်လိုက်ကြသည်။ ဤညီလာခံကြီးအပေါ် စိတ်ဝင်စားဟန်သိပ်မရှိကြပါ။ ဤညီလာခံကြီးက စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးတစ်ခု အကောင်အထည်ပေါ်လာလိမ့်မည်ဟုလည်း ယုံကြည်ကြပုံမရပါ။ သူတို့နောက်မှာ တွန်းအားပေးနေသည့် တရုတ်ကြီးအလိုကျ နေပြည်တော်ကို မဖြစ်မနေလာခဲ့ကြခြင်းဖြစ်သည်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု ခေါ်ဆိုနေကြသည့် ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ တရုတ်နိုင်ငံနှင့်ထိစပ်နေသော နယ်မြေများတွင် အခြေစိုက်ပြီး အင်အားကြီးမားသော KIA/KIO နှင့် UWSA/UWSP အဖွဲ့တွေ ပါဝင်နေသည်။ အားလုံးသိကြသည့်အတိုင်း အစိုးရတပ်များနှင့် KIA၊ အစိုးရတပ်များနှင့် TNLA၊ အစိုးရတပ်များနှင့် MNDAA၊ အစိုးရတပ်များနှင့် SSPP တို့မှာ ယနေ့တိုင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သလို ဒေသခံများ စစ်ဘေးဒဏ်သင့်နေကြဆဲဖြစ်သည်။ တစ်ဖက်က ပြည်ထောင်စုငြိမ်းချမ်းရေးဟု ကြီးကျယ်ခမ်းနားစွာ ညီလာခံကြီး ကျင်းပနေသော်လည်း တစ်ဖက်မှာမူ အနိဋ္ဌာရုံတိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။ မြောက်ပိုင်းအဖွဲ့များအနက် UWSA/UWSP, NDAA တို့မှာ အစိုးရတပ်များနှင့် မည်သည့်တိုက်ခိုက်မှုမျှ မကြားရသလို ထိုက်သင့်သော ဆက်ဆံရေးကောင်းမွန်မှုရှိနေသည်ကို တွေ့ရသည်။ သို့သော် NCA လက်မှတ်ရေးထိုးမှုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ်တွင်မူ ယုံကြည်သက်ဝင်ခြင်းမရှိကြပါ။ 

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ နေပြည်တော်တွင် ကျင်းပသည့်အခါ KIA/KIO အပါအဝင် UWSA/UWSP အစရှိသည့် အဖွဲ့များမှ ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်ခဲ့ကြသည်။ NLD အစိုးရသစ်တက်လာပြီး ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် ငြိမ်းချမ်းရေးညီလာခံဖြစ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မျှော်လင့်တကြီးဖြင့် အားတက်သရော တက်ရောက်လာကြခြင်းဖြစ်သည်။ NLD အစိုးရသစ်နှင့်တွေ့ဆုံသည့်အခါ ငြိမ်းချမ်းရေးလမ်းစအသစ်တွေ ဖော်ဆောင်ပြီး ပဋိပက္ခပြဿနာတွေကို နည်းလမ်းအသစ်ဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် လက်တွေ့အခြေအနေမှာ သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့ကြရာတွင်လည်း အားတက်ဖွယ်ရာအခြေအနေမရှိခဲ့။ ဖိတ်ကြားရေးအစီအစဉ်မှာပင် အဖုအထစ်တွေရှိခဲ့ပြီး “ဝ” ကိုယ်စားလှယ်အဖွဲ့မှာ အစောကြီးပြန်သွားခဲ့သည်။ အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေဆဲ KIA ကလည်း ပစ်ခတ်တိုက်ခိုက်မှုများ မရပ်တန့်သေးဘဲ NCA ကို လက်မှတ်ရေးထိုးဖို့ကိုသာ တွင်တွင်ပြောနေသဖြင့် စိတ်ပျက်သွားပုံရသည်။ ထိုစဉ်က ကချင်အဖွဲ့ KIO/KIA မှာ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ထဲမှာ ပါဝင်နေသေးသည်။ နောက်တော့ အစိုးရနှင့် NCA အပေါ် အယုံအကြည်မရှိတော့သဖြင့် (UWSP/ UWSA) “ဝ” ဦးဆောင်သည့် FPNCC မှာ အဖွဲ့ဝင်အဖြစ် ရောက်ရှိသွားသည်။ “ဖက်ဒရယ်နိုင်ငံရေးဆွေးနွေးမှု အတိုင်ပင်ခံကော်မတီ” ဟု အဓိပ္ပာယ်ရသည့် ထိုအဖွဲ့မှာ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မတိုင်မီ ၂၀၁၇ ခုနှစ် ဧပြီလတွင် “ဝ” ပြည် ပန်ခန်းမြို့မှာ စတင်ဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်သည်။ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှန်သမျှ ထိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆွေးနွေးသွားရန်ဖြစ်သည်။ သို့သော် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပတိုင်း တရုတ်အစိုးရက ဖိအားပေးသဖြင့် တစ်ဖွဲ့ချင်း တက်ရောက်ရန်သဘောတူခဲ့ရပြီး ညီလာခံသို့ လာတက်ခဲ့ကြသော်လည်း လက်ရှိညီလာခံအခင်းအကျင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်မှုတော့ ရှိပုံမရပေ။ လက်ရှိအခြေအနေမှာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့အချို့က NCA မှတစ်ပါး ငြိမ်းချမ်းရေးအတွက် အခြားရွေးချယ်စရာနည်းလမ်းမရှိဟု တွင်တွင်ပြောနေခြင်းဖြစ်ပြီး ထိုအစီအစဉ်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက လက်မခံလို၊ ဘဝင်မကျလိုနေခြင်းဖြစ်သည်။ ညီလာခံအဖွင့်မိန့်ခွန်းမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ပြောကြားချက်တွေကို ခြုံငုံကြည့်လျှင် NCA တစ်ခုတည်းကိုသာ အဓိကထား Focus လုပ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ 

“ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ” ဟု ခမ်းနားစွာ အမည်ပေးမှည့်ခေါ်ထားသည့် ညီလာခံကြီး၏ အစစ်အမှန်ရည်မှန်းချက်ကား “နိုင်ငံတစ်ဝန်းလုံး လက်နက်ကိုင်ပဋိပက္ခများ လုံးဝချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိရေး” ဖြစ်သည်။ ထိုမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးဆိုသည့် အလွန်တရာကျယ်ပြန့်၊ အလွန်တရာရှုပ်ထွေး၊ အလွန်တရာ အငြင်းအခုံပြုရသော ဆွေးနွေးညှိနှိုင်းသဘောတူညီမှုများ ဆက်လက်ပြုလုပ်ကြဖို့ ဖြစ်သည်။ ပထမအဆင့်အနေနှင့် လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းသွားရေးသည် အရေးအကြီးဆုံးဖြစ်သည်။ ထိုပဋိပက္ခများ ချုပ်ငြိမ်းသွားခဲ့ပြီလားဟု မေးစရာရှိပါသည်။ 

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခက လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်ကတည်းက စတင်ခဲ့သည်။ လွတ်လပ်ရေးမရမီ အချိန်ကတည်းက အကွဲအပြဲဇာတ်လမ်းတွေနှင့်စသည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီက လက်နက်စွဲကိုင်ပြီး မြေအောက်တော်လှန်ရေးဆင်နွှဲသည်။ လွတ်လပ်ရေးကြေညာပြီးစ မြန်မာအစိုးရသစ်မှာ ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရရာတွင် လွတ်လပ်ရေးကြိုးပမ်းစဉ်က အတူတကွပါဝင်ခဲ့သည့် အဖွဲ့အစည်းများ၏ တော်လှန်ပုန်ကန်မှုအပြင် ကရင်လူမျိုးတို့၏ လက်နက်ကိုင်ပုန်ကန်မှုကို ပထမဦးဆုံး ရင်ဆိုင်ခဲ့ရသည်။ ကရင်လက်နက်ကိုင်ပြဿနာက ဆုတ်ခွာသွားသော ဗြိတိသျှတို့နှင့် ဆက်စပ်မှုရှိသည်။ ၁၉၄၈ ခုနှစ်မှ နောင်ဆယ်နှစ်တာကာလအတွင်း အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားကောင်းခြင်းမရှိခဲ့။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အခြားလက်နက်ကိုင်အဖွဲ့များကသာ အစိုးရကို အဓိကဆန့်ကျင်တော်လှန်သူများဖြစ်ခဲ့ကြသည်။ ၁၉၆၀ ဝန်းကျင်ကျမှသာ ရှမ်း၊ ကချင်၊ မွန် စသည့် တိုင်းရင်းသားလက်နက်ကိုင်အစုများ မပြောပလောက်သည့် အင်အားဖြင့် စတင်ပေါ်ပေါက်လာသည်။ 

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တပ်မတော်က အာဏာသိမ်းလိုက်သောအခါ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခက လျော့နည်းမသွားဘဲ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်အပြိုင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ပါ တဖြည်းဖြည်း အင်အားကောင်းလာခဲ့သည်။ ၁၉၈၈ နောက်ပိုင်း နဝတ စစ်အစိုးရလက်ထက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပိုမိုစုံလင်လာသလို အချို့မှာ အင်အားပိုမို ကြီးထွားလာခဲ့သည်။ ၁၉၈၉ တွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ချုပ်ငြိမ်းသွားခဲ့သော်လည်း ထိုမှတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့အသစ်များစွာ ပေါ်ထွန်းလာခဲ့သည်။ စစ်အစိုးရသည် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခြင်းဟူသည့် ခေါင်းစဉ်ဖြင့် ထိုအဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူခဲ့ရာ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တတိယပင်လုံညီလာခံ အဖွင့်မိန့်ခွန်းအရ) စုစုပေါင်း အဖွဲ့ ၄၀၊ (အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့) နှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်ဟု ဆိုသည်။ 

အံ့အားသင့်ဖွယ်ကောင်းသည်မှာ ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တပ်မတော်အစိုးရလက်ထက်အတွင်း အမျိုးအမည်များလှစွာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရရှိပြီး ဆယ်နှစ်တာကာလအတွင်း ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့သာ အင်အားကောင်းခဲ့သော်လည်း နောင်နှစ် ၅၀ ကာလတွင်မူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲအပြီး ပေါ်ထွက်လာသော အမျိုးအမည်စုံသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သည်။ ထိုအဖွဲ့များသည် စစ်အစိုးရကာလအတွင်း ပေါ်ပေါက်လာခြင်းဖြစ်သလို ၎င်းတို့နှင့် စစ်အစိုးရကြား ငြိမ်းချမ်းရေးဆိုသည်မှာ Gentleman Agreement မျှသာဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။ ထိုအဖွဲ့များအပြင် ၂၀၀၉ ခုနှစ်ကမှ ပေါ်လာသော ရခိုင်လက်နက်ကိုင်အဖွဲ့ AA၊ ၁၉၉၂ ခုနှစ်လောက်ကမှ ပေါ်လာသော TNLA အဖွဲ့တွေလည်းရှိသေးသည်။ 

လက်ရှိ ကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ သမ္မတဦးသိန်းစိန်လက်ထက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ နှင့်သဘောတူညီခဲ့သော NCA ဟု ခေါ်တွင်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်၏ နောက်ဆက်တွဲဖြစ်သည်။ NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အပြည့်အဝ သဘောမတူ။ ယုံကြည်မှုရှိ။ အချို့က ဘာမှတ်ချက်မျှ မပေးဘဲနေသည်။ အဓိကပြဿနာက မြောက်ပိုင်းဒေသ ကချင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သလို၊ တအာင်းပလောင်အဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးအဖွဲ့ SSPP/SSA တွေနှင့် အစိုးရတပ်များအကြား ယနေ့တိုင် တိုက်ပွဲကြီးများ ဆက်လက်ဖြစ်ပေါ်နေသည့်ကိစ္စဖြစ်သည်။ ယခု ၂၀၁၈ ခုနှစ်အတွင်းမှာပင် ကချင်ပြည်နယ် တနိုင်းဒေသ၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသည်။ တရုတ်အစိုးရက သူ၏နယ်စပ်မျဉ်းတစ်လျှောက်မှာ ယခုလို ပစ်ခတ်တိုက်ခိုက်ပြီး မငြိမ်မသက်ဖြစ်နေခြင်းကို မလို လား။ တရုတ်က သူ၏ မဟာဗျူဟာ OBOR ကို အထိအခိုက်မခံလို။ မြန်မာအစိုးရနှင့် စီးပွားရေးစင်္ကြံတည်ဆောက်ဖို့လည်း သဘောတူထားပြီးပြီ။ နယ်စပ်ဒေသမှာ ယခုလို တိုက်ပွဲတွေဖြစ်နေလျှင် သူ၏အကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့ခက်မည်။ ထို့ကြောင့် ယခုတစ်ကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်က ပို၍ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာခြင်းဖြစ်သည်။ အိမ်နီးချင်းကို အစိုးရက ရွေးမရသလိုပင် နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ရွေးခွင့်မရှိ။ တရုတ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့၊ NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းနှိုးဆော်မှုတွေရှိလာသောအခါ မြောက်ပိုင်းအဖွဲ့တွေလည်း ငြင်းဆန်ဖို့ အင်အားမရှိတော့။

မြောက်ပိုင်းအဖွဲ့ဟု ဆိုရာမှာလည်း ပုံသဏ္ဌာန်တွေက မတူ။ ကချင်က အစိုးရနှင့် ငြိမ်းချမ်းရေးပျက်ပြီး တိုက်ပွဲတွေဖြစ်နေခဲ့တာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်သည်။ ကေအိုင်အေ လွှမ်းမိုးသည့်ဒေသတွေအားလုံး စစ်ဘေးဒဏ်ကြောင့် ပျက်စီးကာ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ UWSA/ UWSP တို့၏ “ဝ” ဒေသက (အစိုးရနှင့် တိုက်ပွဲမရှိသည့်အတွက်) သူ့ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့်သူ အေးချမ်းတည်ငြိမ်နေသည်။ ကိုးကန့်၊ မိုင်းလား အစရှိသည့်ဒေသတွေလည်း ကေအိုင်အေနယ်မြေလောက် ဆိုးဆိုးရွားရွားမရှိ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ “ဝ”၊ ကိုးကန့်အဖွဲ့တွေက သူတို့ရရှိထားသော လက်ရှိအခြေအနေများကို အပြောင်းအလဲ ပြုလုပ်လိုစိတ်မရှိ။ သူတို့က တရုတ်ပုံစံအုပ်ချုပ်ရေးနှင့် စီးပွားရေးစနစ်အတိုင်း အစိုးရနှင့်လည်း ပြဿနာအဖြစ်မခံဘဲ နေသွားလိုသည်။ NCA ၏ ရှုပ်ထွေးလှသော သဘောတူညီချက်တွေ၊ စည်းမျဉ်းတွေ။ ဘောင်တွေကိုလည်း မလိုချင်။ 

ပြန်စဉ်းစားကြည့်လျှင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ အဓိကအစိတ်အပိုင်းတစ်ရပ်မှာ တရုတ်နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည်။ လက်နက်ကိုင်အစုအဖွဲ့ အင်အားကြီးမားသလို ယနေ့ထိ ပစ်ခတ်တိုက်ခိုက်မှုတွေက ထိုနေရာတွေမှာပဲဖြစ်သည်။ ထိုအဖွဲ့များမပါဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါ။ မိမိတို့ဘက်က NCA မှတစ်ပါး ရွေးချယ်စရာမရှိဟု တစ်နေရာတည်းက ရပ်ပြီးနေလျှင် ငြိမ်းချမ်းရေးသည် အရွေ့မရှိနိုင်။ ငြိမ်းချမ်းရေးကို ဦးဆောင် နေသူတို့သည် ငြိမ်းချမ်းရေးအမြော်အမြင်ရှိဖို့ လိုအပ်သည်။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီး အုတ်မြစ်ချဖို့ဆိုသည်မှာ အဝေးကြီးရှိပါသေးသည်။ လောလောဆယ်ဖြေရှင်းရမည့်ပြဿနာက လက်နက်ကိုင်အဖွဲ့တွေနှင့် ပစ်ခတ်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းပြီး ဒေသအေးချမ်းသွားဖို့ ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဦးစွာတည်ဆောက်နိုင်ဖို့ဖြစ်သည်။ မူတွေ၊ ဘောင်တွေ၊ ဖရိန်တွေကို နောက်မှစဉ်းစားပြီး လတ်တလောအဆင်မပြေဖြစ်နေသည့် မြောက်ပိုင်းအဖွဲ့တွေနှင့် ဘယ်လိုနားလည်မှုတည် ဆောက်မလဲဆိုတာသာ အရေးအကြီးဆုံးဖြစ်ပါသည်။ ထိုပြဿနာတွေ မဖြေရှင်းနိုင်သရွေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ယခုလိုပဲ အနှစ်သာရကင်းမဲ့နေပါလိမ့်ဦးမည်။

ချစ်ဝင်းမောင် (၁၆-၇-၂၀၁၈)