News

POST TYPE

PERSPECTIVE

ဘတ်ဂျက်ပြတ်နေတဲ့ ပညာရေးဌာန
16-Jul-2018

မပြောမပြီး မတီးမမြည်ဆိုသလို ပြောရဦးမယ်။ တစ်လောက ရန်ကုန် တိုင်းဒေသကြီး ဆိတ်ကြီးခနောင်တိုမြို့နယ်မှာရှိ ထက်၊ လယ်၊ မူ ကျောင်းအုပ်တွေနဲ့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တွေ့ဆုံပွဲ လုပ်ဖြစ်သွားတယ်။

သိကြတဲ့အတိုင်းပဲ ပညာရေးဝန်ကြီးလာတယ်ဆိုတော့ ဆိုင်ရာဆိုင်ရာ ကျောင်းအုပ်တွေ ရောက်လာကြတာပေါ့။ မြို့နယ်အတွင်းမှာရှိတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေက လိုအပ်ချက်တွေ တင်ပြကြမှာပေါ့။ အဓိကက ဆရာအင်အားမလုံလောက်တာပဲ။ လိုအပ်နေတဲ့ ဆရာ၊ ဆရာမအင်အား ဖြည့်တင်းပေးဖို့ ဝိုင်းပြီးတင်ပြကြတယ်။ ပညာရေးဝန်ကြီးကလည်း လက်ရှိဖြစ်နေတဲ့ အခြေအနေအပေါ်မှာ ပွင့်လင်းမြင်သာစွာပဲ အောက်ပါအတိုင်း ပြောလိုက်ပါတယ်။

“ဆိတ်ကြီးခနောင်တိုမြို့နယ်ရဲ့ မူလတန်းမှာ၊ အလယ်တန်းမှာ၊ အထက်တန်းမှာရော ဆရာ၊ ဆရာမတွေ လိုနေတယ်။ အထက်တန်းကျောင်းခွဲမှာဆိုရင် အထက်တန်းပြဆရာမသုံးဦးပဲရှိတယ် ဆိုတော့ တော်တော် အဆင်မပြေဘူး၊ ထပ်ပေးဖို့အတွက် တော်တော်လေးခက်ခဲတဲ့ အနေအထားဖြစ်တယ်။ ဒီဒေသမှာ ဆရာ၊ ဆရာမဖြည့်ဆည်းပေးဖို့ ဦးစားပေးဆောင်ရွက်သွားမယ်။ ဘယ်အချိန်လဲဆိုတော့ ကတိပေးလို့မရဘူး၊ လောလောဆယ် ခြောက်လအတွင်း ခန့်ထားဖို့ရှိလားဆိုရင် ဘဏ္ဍာငွေ အခက်အခဲရှိလို့ မရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ပုံနှိပ်စာအုပ်အသစ်တွေ၊ လစာငွေနှုန်းအသစ်တွေရှိတဲ့ ဘတ်ဂျက်ထဲက ခွဲပေးထားရတဲ့အတွက် ဘတ်ဂျက်ဟာ စက်တင်ဘာလအထိ လုံးဝမရှိပါဘူး”လို့ပြောလိုက်တာ တွေ့ရပါတယ်။ (10 – July – 2018 စံတော်ချိန်)

ကဲဗျာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်စတာ ခုမှ နှစ်လကျော်ကျော်ပဲရှိ သေးသပ။ ထက်၊ လယ်၊ မူကျောင်းတွေဆိုတာကလည်း တစ်နှစ်တစ်နှစ်ကို တိုးချဲ့ ဖွင့်လှစ်တာကလည်း မနည်းဘူးဗျ။ ဟိုတစ်လောက တိုင်းနဲ့ပြည်နယ်အလိုက် တိုးချဲ့ ဖွင့်လှစ်လိုက်တဲ့ တိုးချဲ့ကျောင်းစာရင်းတွေ တခမ်းတနားတွေ့လိုက်ရသေးသဗျ။ ပညာရေးဌာနရဲ့ လုပ်နည်းလုပ်ဟန်တွေကလည်း တိုင်းဒေသကြီးအစိုးရလုပ်ပုံနဲ့ တူနေသဗျ။ ဘာလဲဆိုတော့ ရန်ကုန်မြို့ကြီးကို နေချင်စဖွယ်မြို့ကြီးဖြစ်အောင်တော့ ကြုံးဝါးနေတာပဲ။ ဒါပေမဲ့ ရန်ကုန်မြို့ကြီးကိုကြည့်လိုက်ပြန်တော့လည်း အမှိုက်ဆိုတာကလည်း တောင်လိုပုံ၊ ရေမြောင်းတွေက အမှိုက်ပိတ်ဆို့ ရေစီးရေလာမကောင်း၊ ခြင်၊ ယင်နဲ့ ကြွက်ကလည်းပေါ၊ ကားကကျပ်၊ လူကကျပ်၊ လျှပ်စစ်မီးက ပြတ်တစ်ခါလာတစ်လှည့် ပြောရရင် ပြောစရာကြီးပါပဲ။ အဲဒီလိုအနေအထားကြီးထဲမှာ ရုန်းကန်လှုပ်ရှားနေရတဲ့ ရန်ကုန်နေပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေကို ဖြည့်ဆည်း ရှင်းလင်းဆောင်ရွက်ရမယ့်အစား မြို့သစ်တွေတည်ဖို့လောက်ပဲ အာရုံရနေသလားမျိုးပဲ။

ပညာရေးဌာနလည်း ဒီအတိုင်းပဲ ရှိပြီးသားကျောင်း ဖွင့်ပြီးသား ကျောင်းတွေရဲ့ လိုအပ်ချက်တွေ ပြီးပြည့်စုံအောင် မဖြည့်ဆည်းနိုင်သေးဘဲ ဖွင့်လှစ်နေတဲ့ကျောင်းတွေ။ ကျောင်းအရေအတွက်တွေများသလောက် ထွက်လာတဲ့ အရည်အချင်းပြည့်ကျောင်းသားက နည်းလွန်းလှပါတယ်။ ဒေသအသီးသီးကလည်း ကျောင်းတွေဖွင့်ဖို့ အပြိုင်အဆိုင်ကြိုးစားလာကြတယ်။ အရင်ခေတ်က လေးငါးရွာ အုပ်စုတစ်စုလောက်မှ မူလတန်းကျောင်းတစ်ကျောင်းလောက်ရှိတာ။ ရွာတိုင်း မူလတန်းကျောင်းမရှိဘူး။ ကျေးရွာအုပ်စု ၃-၄-၅-စုပေါင်းမှ အလယ်တန်းကျောင်းတစ်ကျောင်းရှိတာ ဝန်းကျင်ကျေးရွာတွေကလာပြီး တက်ကြရတာ။ အရင်က ကျောင်းတစ်ကျောင်းဖွင့်ဖို့ အဆောက်အအုံဆောက်နိုင်ရုံနဲ့ မရဘူး။ ကျောင်းသားဦးရေ၊ ရွာအနီးအဝေး စတဲ့အချက်တွေနဲ့ စိစစ်ပြီးမှပေးတာ။ ခုတော့ ကျောင်းတွေများလာတယ်။ တချို့ကျောင်းတွေမှာ ကျောင်းသားဦးရေနည်းတယ်။ ကျောင်းလေးပြုတ်မှာစိုးတော့ ကျောင်းသားစာရင်းတွေကို ကြံဖန်ပြကြတယ်။ အဲဒါမျိုးတွေကိုလည်း ဘယ်သူမှ စိစစ်တာမရှိဘူး။ ကျေးရွာအုပ်စုတစ်စုမှာကိုပဲ လိုအပ်တဲ့ကျောင်းအရေအတွက်ထက်ပိုများနေတာတွေ အများကြီးပဲ။ ကုန်ကုန်ပြောရရင် မြို့ပေါ်(ရန်ကုန်)မှာတောင် အလွန်နည်းပါးလှတဲ့ ကျောင်းသားအရေအတွက်နဲ့ ဖွင့်လှစ်ထားတဲ့အစိုးရကျောင်းတွေ မြို့လယ်မှာတောင် ရှိနေပါတယ်။

ပြောချင်တာက ဘာလဲဆိုတော့ ကျောင်းတွေဖောင်းပွနေတဲ့ကိစ္စ။ ရှိသင့်တဲ့ကျောင်းသားမရှိဘဲ ဖွင့်နေတဲ့ကျောင်းတွေ၊ ကျောင်းသားဦးရေထက် ပိုမိုများပြားနေတဲ့ ဝန်ထမ်းဦးရေ အဲဒီအခြေအနေကို စစ်ဆေးဖို့ ဘယ်သူတွေမှာ တာဝန်ရှိတာလဲ။ ကျောင်းဖွင့်ပြီးရင် ပြီးရောပဲလား။ နှစ်စဉ် ကျောင်းအရေအတွက်တွေ တိုးတက်လာတိုင်း ပညာရေးမြင့်မားလာတယ်လို့ မဆိုနိုင်ပါဘူး။ ကျောင်းသားနှစ်ဆယ်မရှိတဲ့ မူလတန်းကျောင်း မှာ ဆရာ၊ ဆရာမ ဘယ်လောက်ရှိဖို့ လိုတာလဲ။ ဘယ်လောက်ပိုနေသလဲ။ ဘာကြောင့် မစစ်ဆေးနိုင်ကြတာလဲ။ လိုရင်ဖြည့်ပေးရမယ်။ ပိုရင်လျှော့ရ မယ်။ လိုတိုးပိုလျှော့ မလုပ်တတ်ကြတာလား၊ မလုပ်ရဲကြတာလားလို့ပဲ မေးရမလို ဖြစ်နေတယ်။ ဒီတော့ အဲဒီရဲ့ရလဒ်က ဘာဖြစ်လာသလဲဆိုတော့ ပိုတဲ့ကျောင်းမှာပိုနေပြီး လိုတဲ့ကျောင်းမှာလိုနေတာပေါ့။ မြန်မာနိုင်ငံ အထက်ပိုင်းက ပြည်နယ်တစ်ခုမှာဆိုရင် လစ်လပ်ဆရာ၊ ဆရာမ နေရာ ၁၀၀၀ လောက်တောင်ရှိတယ်လို့ ဖတ်ခဲ့ရဖူးတယ်။

ဒီတော့ပြောရရင် ကျောင်းတွေဖွင့်နေတာ ကောင်းတာပေါ့ဗျ။ သိပ်ကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ ကျောင်းတံခါးတွေ များများဖွင့်နိုင် လေလေ ထောင်တံခါးတွေ များများပိတ်နိုင်လေတဲ့။ တစ်ခုတော့ရှိတာပေါ့ တစ်ဖက်က ကျောင်းတွေဆက်တိုက်ဆိုသလို တိုးချဲ့ ဖွင့်နေပြီး လိုအပ်တဲ့ ဆရာ၊ ဆရာမ ဖြည့်တင်းပေးရမယ်။ အဆောက်အအုံပရိဘောဂတွေ ပြည့်စုံအောင် ဖြည့်ဆည်းပေးရမယ်။ အဲဒီလိုမှမဟုတ်ပဲ ဆရာ၊ ဆရာမ မပြည့်စုံ သင်ကြားမှုမပြည့်စုံပဲ လိုအပ်ချက်ပေါင်းများစွာကြောင့် ကျောင်းဟာကျောင်းနဲ့မတူတော့ဘဲ ကလေးတွေအတွက် ပျင်းရိငြီးငွေ့စရာနေရာတစ်ခု ဖြစ်သွားမယ်။ အားကိုးလို့မရနိုင်တဲ့ နေရာတစ်ခုဖြစ်သွားမယ်ဆိုရင်တော့ အမည်ခံကျောင်းက ကျောင်းသားအမည်ခံ ပညာမဲ့တွေ တိုးပွားလာရင် ထောင်တံခါးတွေ ပိုတိုးပွားစေမယ့်အဖြစ်မျိုးတော့ စိုးရိမ်မိတာ အမှန်ပါပဲ။ ပညာရေးအဟောသိကံ ဖြစ်မှုတွေရဲ့ အဓိကအချက်ကလည်း ကျောင်းတွေဟာ ကျောင်းသားတွေအတွက် အားကိုးအားထားမပြုလောက်တဲ့ အချက်တွေရှိနေခြင်းကြောင့် ဆိုတာပါပဲ။

ပြောရမယ်ဆိုရင် ဒီနှစ်ပညာသင်နှစ်က စတာပဲရှိသေး ဘတ်ဂျက် ကမရှိတော့ဘူး။ လာမယ့် စက်တင်ဘာလအထိ ဆရာ၊ ဆရာမ လစ်လပ်နေတဲ့နေရာတွေအတွက် ခန့်ဖို့အစီအအစဉ်မရှိသေးဘူး။ ဘတ်ဂျက်ကုန် နေပါတယ်။ အထက်တန်းကျောင်းခွဲကြီးတစ်ခုလုံးမှာ ဆရာမ ၃ ဦးပဲရှိရင်လည်း ခေတ္တစောင့်ကြပါ။ ဆရာ၊ ဆရာမတစ်ဦးက အနည်းဆုံး နှစ်ဘာသာ ကျော်ကျော် သင်ပေးကြပါ။ ဒါပေမဲ့ နှစ်ကုန်ရင်တော့ စာမေးပွဲကြီးကို မလွဲမသွေ ဖြေဆိုရပါ့မယ်။ အဲဒီစာမေးပွဲကြီးမှာလည်း ဘာသာရပ်အလိုက် မေးခွန်းပုံစံတွေ ပြောင်းနေပါတယ်။ ကလေးတွေမြင်ဖူးကြားဖူးအောင် နေ့စဉ်ထုတ်သတင်းစာတွေ ယူငင်ပြသပေးကြပါ။ (သင်နိုင်မသင်နိုင်တာ ညှိနှိုင်းဆွေးနွေးကြပါ) မေးခွန်းပုံစုံသစ်တွေအတွက် ဆရာ၊ ဆရာမတွေကို သင်တန်းပေးတာတို့၊ ပညာပေးဆွေးနွေးပွဲတွေဆိုတာကလည်း ဘတ်ဂျက်မရှိလို့ လုပ်နိုင်သေးဟန် မတူသေးပါဘူး။ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကြံဖန်ကြိုးစားကြစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မေးခွန်းပုံစံသစ်ဟာ အတွေးအမြင်ရင့်သန်ဖို့၊ တီထွင်ဖန်တီးဉာဏ်တွေ ထက်မြက်လာဖို့ စေတနာကောင်းနဲ့ ပြင်ဆင်ထားကြလို့ပါပဲ။ ပြင်ပဈေးကွက်မှာတော့ မေးခွန်းပုံစံသစ်အတွက် အထောက်အကူပြုစာစဉ်တွေ ထွက်နေပါပြီ။ ကလေးတိုင်း မဝယ်နိုင်ပါဘူး။ တစ်ထောင်တန်က နှစ်ထောင်ဖြစ်နေတယ်။ ဆရာ၊ ဆရာမတွေကပဲ အိတ်စိုက်ဝယ်ပြီး လေ့လာကြပါ။ ဘာပဲပြောပြော အထောက်အကူဖြစ်စေတာမို့ ကျေးဇူးတောင်တင်ရပါလိမ့်မယ်။

အချုပ်ပြောချင်ပါတယ် ပညာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးကဏ္ဍတစ်ခုပါ။ ဘယ်လောက်ပဲ စီးပွားရေးတွေကောင်းနေပါစေ အရည်အချင်းရှိတဲ့ စွမ်းရည်ပြည့်လူသားတွေ မွေးထုတ်ပေးနိုင်တဲ့ ပညာရေးစနစ်မျိုးမဟုတ်ရင် အဲဒီစီးပွားလောကကြီးဟာ ရေရှည်မှာ စကားပြောသွားပါလိမ့်မယ်။ ဒါမှမဟုတ် ဘယ်လောက်ပဲ စီးပွားရေးညံ့နေပါစေ စွမ်းရည်ပြည့် လူသားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်တဲ့ ပညာရေးစနစ်ဖြစ်ဖို့က ပိုပြီး အရေးကြီးမနေသင့်ဘူးလား။ အဲသလောက် အဓိကနေရာမှာရှိနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုကို အမှန်ပဲဆုံးရှုံးသွားကြပြီလို့ ယူဆနေကြသလား။ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်ရင် ဘာဖြစ်မလဲ။ ပညာရေးနိမ့်ကျရင် တိုင်းပြည်နိမ့်ကျတာပဲ။ ပညာရေးချွတ်ခြုံကျရင် တိုင်းပြည်လည်း ချွတ်ခြုံကျနိုင်တာပါပဲ။ လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးကတော့ ဘတ်ဂျက်မရှိတဲ့ ပညာရေးဌာနဖြစ်နေလို့ အချိန်မီ အခါမီ ဝိုင်းကြဝန်းကြပါဦးလို့ ဗျို့ဟစ်လိုက်ချင်တော့တာပါပဲ။

ခင်မောင်ဌေး (ပညာရေး)