News

POST TYPE

PERSPECTIVE

စစ်တုရင်ခုံပေါ်မှ ငြိမ်းချမ်းရေး
15-Jul-2018 tagged as

ပြည်တွင်းစစ် ဇာစ်မြစ်

မြန်မာနိုင်ငံ ပြည်တွင်းစစ်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ပွား ခြင်းဖြစ်သဖြင့် ယနေ့ချိန်ဆိုလျှင် နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပျောက်ကွယ်သွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ရှိခဲ့သလို အသစ်ထွက်ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများလည်း ရှိခဲ့ပါတယ်။ ယနေ့ဆိုရင် နိုင်ငံတော်အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီး အဖွဲ့များနဲ့ ဆွေးနွေးမှု များရှိနေသလို လက်မှတ်မထိုးရသေးတဲ့အဖွဲ့များနဲ့လည်း ဆွေးနွေးလျက်ရှိပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ယခင် အစိုးရအဆက်ဆက်ကလည်း ဆောင်ရွက်ခဲ့ကြပါတယ်။ သို့သော်လည်း ပြည်တွင်းစစ်ဖြစ်ပွားရခြင်းရဲ့ ဇာစ်မြစ်တွေဖြစ်တဲ့ တိုင်းရင်းသားအရေး၊ နိုင်ငံရေးအယူအဆ၊ ပုဂ္ဂိုလ်ရေး အကွဲအပြဲ စတဲ့အခြေခံအကြောင်းတရားတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့ဘဲ လက်နက်ကိုင်တိုက်ခိုက်မှုရပ်စဲရေးကိုသာ ဦးတည်ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။ ဒီလိုဖြေရှင်းနည်းအားဖြင့် ပြဿနာအချို့ကို ဖြေရှင်းနိုင်ခဲ့ပေမယ့် ပြဿနာအားလုံးကို လွှမ်းခြုံဖြေရှင်းရန်အတွက်တော့ လိုအပ်ချက်တွေ များစွာရှိနေခဲ့ပါတယ်။ ဖြေရှင်းမှုကြာမြင့်လာတာနဲ့အမျှ တိုင်းရင်းသားများအကြား ယုံကြည်မှုပျောက်ဆုံးလာခြင်းနဲ့အတူ ဖြေရှင်းဖို့လည်း တဖြည်းဖြည်းခက်ခဲလာတာ တွေ့ရပါတယ်။ ဒါ့အပြင် ပြင်ပရဲ့စွက် ဖက်မှု၊ သွေးထိုးမှု၊ ကြိုးကိုင်မှုတွေကိုလည်း မြင်တွေ့လာရပါတယ်။ ငြိမ်းချမ်းရေးကို ဝှက်ဖဲတစ်ချပ်သဖွယ် အသုံးချခံလာရပါတယ်။ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး နိုင်ငံရဲ့အကျိုးစီးပွားနဲ့ အလဲအထပ်ပြုလုပ်ကြရတော့မှာပါ။ ပြည်သူများအတွက်တော့ မိအေးနှစ်ခါနာရပါတယ်။

ပြည်တွင်းစစ် ရှည်ကြာလာတဲ့အကျိုးဆက်အနေနဲ့ အဓိကအားဖြင့် ပြည်တွင်းစစ်ဖြစ်ပွားရာဒေသတွေမှာရှိတဲ့ ပြည်သူများရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အတွေးအခေါ် စတဲ့ ဘက်စုံနိမ့်ကျလာသလို နိုင်ငံရဲ့အခြေအနေတွေလည်း နိမ့်ကျလာခဲ့ရာမှာ ဒေသတွင်းနိုင်ငံများ အဆင့်မှာပင် အနိမ့်ဆုံးကို ရောက်ခဲ့ရပါပြီ။ လက်ရှိအခြေအနေအထိလည်း ပြည်တွင်းစစ်ရဲ့ဒဏ်တွေကို ခံစားနေရဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်သူများအတွက် ငြိမ်းချမ်းရေး တည်ဆောက်ကြမှာလား မိမိတို့လိုလားချက်အတွက် ငြိမ်းချမ်းရေးတည် ဆောက်ကြမှာလားဆိုတာ ဦးစားပေးစဉ်းစားရမယ့်အချက်လို့ ယူဆပါတယ်။ ယနေ့အချိန်မှာတော့ ဖြေရှင်းရမယ့်ပြဿနာရဲ့ ဇာစ်မြစ်ကိုသိပြီး ဖြစ်နေသလို၊ သူ့ဘက်ကိုယ့်ဘက် လိုလားချက်၊ ပြည်သူများအတွက် ဘုံလိုလားချက်တွေကို သိနေပြီဖြစ်တဲ့အတွက် ဖြေရှင်းနည်းမှန်ကန်ဖို့၊ စိတ်သဘောထား ရိုးသားကြဖို့သာ လိုအပ်မယ်လို့ မြင်ပါတယ်။

ငြိမ်းချမ်းရေးခရီးစဉ်

၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့မှာ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် ငြိမ်းချမ်းရေးရဲ့ ပြဿနာဇာစ်မြစ်တွေကို ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်နဲ့ စတင်ခဲ့ပါတယ်။ ဒီကြိုးပမ်းမှုကိုလက်ခံတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ပြည်နယ်အဆင့်သဘောတူညီချက်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အကျိုးဆက်ကတော့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ နိုင်ငံတော်အစိုးရတို့အကြား ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကတိကဝတ်ပြုထားတဲ့ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ သမိုင်းဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့တို့အကြား ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ 

အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးနဲ့ ဒုတိယအစည်းအဝေးများကို အောင်မြင်စွာ ကျင်းပလုပ်ဆောင်ပေးခဲ့ပါတယ်။ ယင်းအကျိုးဆက်အနေနဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက် တစ်အစည်းအရုံးတို့ (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး မှာ UPDJC အတွင်းရေးမှူးအဖွဲ့ကတင်ပြခဲ့တဲ့ အချက်ပေါင်း ၄၅ ချက် အနက် ၃၇ ချက်ကို သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။ ဒီသဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သဘောတူညီခဲ့ပါတယ်။

သို့သော်လည်းပဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကျန်ရှိနေပါသေးတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ပစ်ခတ်တိုက်ခိုက်မှုများကို လျှော့ချနိုင်ခဲ့တာကို တွေ့ရသလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မရေးထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရှိနေတဲ့ ဒေသများမှာတော့ တိုက်ပွဲများရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီဒေသတွေက ပြည်သူများဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ကို မခံစားရသေးပါဘူး။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေမှာလည်း နိမ့်ကျနေဆဲပဲဖြစ်သလို စစ်ဘေးဒဏ်ကိုလည်း ခါးစည်းခံနေရဆဲပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းလုံးအနေနဲ့ကြည့်ရင်လည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးမတည်ဆောက်နိုင်သေးတဲ့အတွက် နိုင်ငံစီးပွား ရေးဖွံ့ဖြိုးမှုကိုလည်း အဟန့်အတားဖြစ်နေတာ မြင်တွေ့ရပါတယ်။ 

ငြိမ်းချမ်းရေးမျှော်လင့်ချက်

၂၀၁၈ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု တတိယပင်လုံအစည်းအဝေးကို ကျင်းပနေပါပြီ။ အစည်းအဝေးဖွင့်ပွဲမှာ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြတာ နားထောင်ရပါတယ်။ မိန့်ခွန်းများတွေမှာ ကိုယ်စီကိုယ်စီရဲ့ သဘောထား၊ ရပ်တည်ချက်၊ အမြင်အယူအဆတွေကို နားထောင်ရပါတယ်။ (အဖွင့်မိန့်ခွန်းပြောကြားချက် အသေးစိတ်အား မဖော်ပြတော့ပါ။) အဖွင့်မိန့်ခွန်းတွေအရ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ရည်ရွယ်ချက် တစ်နည်းအားဖြင့် ဘုံသဘောတူညီချက်တွေ တူညီပေမယ့် လုပ်နည်းလုပ်ဟန်နဲ့ မိန့်ခွန်းများနောက်ကွယ်က အခြေအနေတွေကိုလည်း ခန့်မှန်းမိပါတယ်။ ဒီနေရာမှာ အဖွင့်မိန့်ခွန်းအားလုံးထဲက ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့ မိန့်ခွန်းနောက်ဆုံးပိတ် ပြောကြားချက်ကို ဖော်ပြလိုပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ ချောတိုင်တက်သည်နှင့်တူကြောင်း၊ လက်ရှိရောက်နေသည့်နေရာမှ နိမ့်ကျမသွားရန်လိုအပ်ပါကြောင်း၊ ထို့အတူ ဆွဲမချဖို့လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးရရှိ ဖို့ကြိုစားနေချိန်မှာ ဆွဲမချဖို့လိုအပ်ကြောင်း စကားရပ်ဟာ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုအတွက် သတိပေးခေါင်းလောင်းသံလို့ ယူဆရပါတယ်။

ငြိမ်းချမ်းရေးခရီးဆက်လက်ဖို့အတွက် ဆွေးနွေးရမယ့်ကဏ္ဍတွေ၊ အကြောင်းအရာတွေ၊ မြေပြင်မှာ လိုက်နာစောင့်စည်းရမှာတွေ၊ ကတိကဝတ်တွေလုပ်ဆောင်ရန် များစွာကျန်ရှိနေပါသေးတယ်။ လုပ်ငန်းပမာဏ ကြီးမားမှု၊ များပြားမှု၊ ရှုပ်ထွေးမှုတွေရှိနေပေမယ့် အခြေခံအုတ်မြစ်ချတဲ့ အဖွဲ့အသီးသီးက တာဝန်ရှိသူများရဲ့ ရိုးသားမှုနဲ့ ဖြစ်မြောက်စေလိုတဲ့ဆန္ဒသာ အရေးကြီးဆုံးလို့ မြင်ပါတယ်။ ရိုးသားမှုနဲ့ဆန္ဒသာ မှန်ကန်ကြမယ်ဆိုရင် ပြေလည်အောင် ညှိနှိုင်းနိုင်ကြပါလိမ့်မယ်။ ဒီအဖြေကို ယခုကျင်းပနေတဲ့ တတိယပင်လုံအစည်းအဝေးရလဒ်တွေနဲ့ ချိန်ထိုးသုံးသပ်နိုင်ပါလိမ့်မယ်။ လက်ရှိ အစိုးရလက်ထက်မှာ တတိယအကြိမ် ပင်လုံညီလာခံကျင်းပပြီးရင် အစိုးရသက်တမ်းအားဖြင့် တစ်နှစ်ကျော်သာကျန်ပါတော့မယ်။ ကျန်ရှိတဲ့ သက်တမ်းကာလအတွင်းမှာ ဘယ်လောက်အတိုင်းအတာအထိ ခရီးပေါက်နိုင်သလဲ၊ နောက်တစ်ကြိမ် ပင်လုံညီလာခံအတွက် ယခုတတိယပင်လုံအစည်းအဝေးက မည်မျှအထိ ပံ့ပိုးပေးနိုင်မလဲဆိုတာ အချိန်ကာလရရှိမှု၊ လုပ်ငန်းပမာဏ၊ ညှိနှိုင်းနိုင်မှုအခြေအနေ၊ ပါဝင်နေသူအားလုံးရဲ့ ဆန္ဒသဘောထားများနဲ့သာ တိုက်ရိုက်အချိုးကျနေပါလိမ့်မယ်။

ယခုကျင်းပနေဆဲ တတိယပင်လုံအစည်းအဝေးမှာ NCA လက်မှတ်ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သလို လက်မှတ်မထိုးရသေးတဲ့အဖွဲ့များလည်း ပါဝင်တက်ရောက်နေပါတယ်။ အားလုံးစုံစုံညီညီ တက်ရောက်လာကြတာဖြစ်ပါတယ်။ ဒီအခွင့်အရေးကို အမိအရ အသုံးချနိုင်မယ်ဆိုရင် အားလုံးအတွက် မမျှော်မှန်းနိုင်တဲ့အကျိုးရလဒ်တွေ ရရှိနိုင်မှာပါ။ ဒီအခွင့်အရေးကိုလည်း ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တစ်ရပ်အဖြစ် ရှုမြင်ပါတယ်။

စစ်တုရင်ခုံပေါ်က ငြိမ်းချမ်းရေး

စစ်တုရင်ထိုးရာမှာ တစ်ဖက်ရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး၊ သုံးသပ်ပြီးမှ မိမိအကွက်ကို ရွှေ့ကြတာပါ။ ဒီလိုရွှေ့တဲ့အခါမှလည်း မိမိလိုလားချက်ကို ရရှိဖို့ ကြိုတင်အကွက်ဆင်ရသလို တစ်ဖက်ကလည်း ကွက်ကျော်ကြိုတင်ပြင်ဆင်ကြပါတယ်။ လက်ရှိရွှေ့နေတဲ့အကွက်ကိုသုံးသပ်ပြီး တစ်ဖက်ရဲ့ နောက်ကွယ်က ရည်မှန်းချက်အစစ်အမှန်ကို သုံးသပ်ကစားကြရတာပါ။ နိုင်ငံရေးမှာလည်း အလားတူပါပဲ။ 

သို့သော်လည်း နိုင်ငံရေးရည်မှန်းချက်အတွက် ငြိမ်းချမ်းရေးကို လုပ်ဆောင်နေကြပေမယ့် ငြိမ်းချမ်းရေးကိုတော့ စစ်တုရင်ကစားသလို နိုင်ငံရေးစစ်တုရင်ခုံပေါ်မှာ မကစားသင့်ပါဘူး။ ငြိမ်းချမ်းရေးဟာ နိုင်ငံအတွက်၊ ပြည်သူအတွက် ဘုံရည်မှန်းချက်ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေ၊ အနာဂတ်တွေနဲ့ ရင်းထားရတာပါ။ ယခင်ကလည်း ပြည်သူတွေရဲ့ဘဝတွေ ရင်းခဲ့ကြရပြီးပါပြီ၊ ယခုလည်း ရင်းနေကြရဆဲပါ။ နောင်အနာဂတ်မှာရော ပြည်သူတွေရဲ့ဘဝတွေကို အရင်းပြုကြဦးမှလားဆိုတာ ယနေ့လုပ်ဆောင်ချက်များနဲ့ သက်သေပြပါလိမ့်မယ်။ သေချာတာကတော့ ပြည်သူများဟာ စစ်တုရင်ခုံပုံပေါ်က နယ်ရုပ်လေးများဖြစ်နေဆဲပါပဲ။ တစ်ဦးတစ်ယောက်အတွက်၊ အဖွဲ့တစ်ဖွဲ့အတွက် ထိုးကျွေးခံရသလို အသုံးချလည်းခံနေကြရဆဲဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိဆိုရင် ၆၃ နှစ်၊ ၂၀၁၁ ခုနှစ်က ၂၀၁၈ ခုနှစ်ဆိုရင် ၇ နှစ် နောင်နှစ်မည်မျှစောင့်ရဦးမယ် မသိသေး။ လက်ရှိအချိန်အထိတော့ ငြိမ်းချမ်းရေးသည် စစ်တုရင်ခုံပေါ်တွင် ရှိနေသေးတယ်လို့ မြင်မိပါတယ်။

သိန်းထွန်း (IR)

  • TAGS