News

POST TYPE

PERSPECTIVE

ငါတို့ ဗိုလ်ချုပ် ဘယ်လို အုပ်ချုပ်ခဲ့သလဲ
14-Jul-2018 tagged as

နှစ်တွေ ဘယ်လိုပဲပြောင်းပြောင်း မဟောင်းနိုင်တဲ့ အတိတ်သမိုင်းကြောင်းက နှောင်းနှောင်းမြေ့မြေ့ ရှိဆဲရှိနေကြဆဲပါ။ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ ၇၁ နှစ်ပင် ပြည့်ခဲ့ပါပြီ။ ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ကြပြီလား။ အသက်သွေးနဲ့စတေးပြီး ရယူခဲ့တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ် ကမ္ဘာမှာ မော်ကြွားနိုင်ကြပြီလား။

အတိတ်သမိုင်းကို ရေးရေးလေးမျှ တွေးဆကြည့်ချင်မိတယ်။ ဗိုလ်ချုပ်နိုင်ငံကို ဘယ်လိုအုပ်ချုပ်သွားခဲ့သလဲ။ ဗိုလ်ချုပ်တို့ အုပ်ချုပ်စဉ်က နိုင်ငံရေးအခြေအနေ၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံကို ဦးဆောင်နေကြသူတွေရဲ့ စိတ်နေစိတ်ထားခံယူချက် ဘာကြောင့်ဗိုလ်ချုပ်တို့ရဲ့ ဦးဆောင်မှုအောက်မှာ တစ်စိတ်ဝမ်းတစ်လက်ညီခဲ့ကြတာလဲ။ ဘာကြောင့် ပြည်သူတွေရဲ့ ကြည်ညိုလေးစားမှု ဂုဏ်ပြုမှုခံကြရတာပဲ။ 

ဗိုလ်ချုပ်က ကိုယ်တိုင်အဆင်းရဲခံတယ်။ ဗိုလ်ချုပ်ရုံးတက်ရုံးဆင်း လုပ်တဲ့ကား ဒီကနေ့ထိ ပြတိုက်ထဲမှာရှိတယ်။ အမြဲတမ်းပျက်နေလေ့ရှိတဲ့ ကား၊ ကားကောင်းကောင်းစီးဖို့ စိတ်ကူးမရှိဘူး။ ဝတ်တဲ့အဝတ်အစား သိကြတဲ့အတိုင်းပါပဲ သုံးလေးစုံ။ လန်ဒန်မှာ အက်တလီနဲ့ သွားတွေ့တုန်းက အိန္ဒိယခေါင်းဆောင်ကြီး နေရူးက အမြင်မတော်လို့ ချုပ်ပေးလိုက်တဲ့ လောင်းကုတ်တစ်ထည်။ ကန်တော်ကြီးစောင်းမှာ နံနက်စောစော အနွေးထည်မပါတဲ့ အကြော်သည်လင်မယားကို ဝတ်ထားတဲ့အင်္ကျီကို ချွတ်ပေးခဲ့တဲ့ဗိုလ်ချုပ်။ ပါးစပ်ကလည်း ပြောသွားသေးတယ်။ ဒီလိုပြည်သူတွေ ဆင်းရဲနေတာ တို့အစိုးရတာဝန်ကွ ထွန်းလှရ။ ဖဆပလ လူကြီးမင်းတွေ ဗိုလ်ချုပ်အိမ်သွားတော့ ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်စားနေတဲ့ ထမင်းဟင်းက ခြံဝမှာစောင့်နေတဲ့ ရဲဘော်တွေစားနေတဲ့ ထမင်းဟင်းနဲ့အတူတူပဲတဲ့။ ဪသာ် ပြည်သူနဲ့အတူဆိုတာ ဒါမျိုးပေါ့လို့ တွေးမိလိုက်တယ်။

ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်က ပြတ်သားတယ်၊ ရဲရင့်တယ်၊ လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲတယ်။ အမှန်တရားဟာ ဗိုလ်ချုပ်ရဲ့ ယုံကြည်မှုသစ္စာတရားပါပဲ။ ဒါကြောင့် ပြောစရာရှိရင် သက်သက်ညှာညှာ ပြောလေ့မရှိဘူး။ လူမျိုးရေးနဲ့ ပတ်သက်ရင် “လူမျိုးရေးတရားဆိုတာဘာလဲ။ ကိုယ့်အမျိုးသာချစ်ပြီး ဒီပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေးတရားပဲလား။ မဟုတ်ဘူး ကိုယ့်အမျိုးချစ်ရုံနဲ့ ဒီပြင်လူမျိုးကိုလည်း မုန်းဖို့မလိုဘူး။ ဒါပေမဲ့ ကိုယ့်အမျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ်၊ အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူအဖြစ်သာ နှိမ်နင်းခြင်းဖြစ်တယ်”တဲ့။

ဒါ့အပြင် “လူမျိုးဆိုတာနဲ့ ဒုက္ခသုခ အတူခံစားကြပြီး နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီး နှစ်ပရိစ္ဆေဒကြာရှည်စွာ တစ်မျိုးတစ်စားတည်းလို့ စိတ်ထဲရှိသူတွေကို တစ်စုတစ်စည်းတည်း ပေါင်းပြီးခေါ်ဝေါ်ခြင်းသာဖြစ်တယ်။ အမျိုးအနွယ်ကိုးကွယ်တဲ့ဘာသာတရား ပြောဆိုတဲ့စကားတွေကို အလေးထားရမှာဖြစ်ပေမယ့် တကယ်တော့ အေးတူပူမျှ ကောင်းတူဆိုးဖက် ပေါင်းဖက်လျက် နေလိုတဲ့ အစဉ်အလာ ဆန္ဒအပေါ်မှာသာ ဝံသာနုရက္ခိတ တရားဆိုတာတည်နေတာပါ”လို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့တာပါ။

ဘာသာတရားနဲ့ပတ်သက်လို့လည်း “သံဃာတော်အရှင်မြတ်တို့ ဘုရား၊ ဗုဒ္ဓဘာသာကို သန့်ရှင်းအောင်ဆောင်ရွက်ပြီး ကမ္ဘာအရပ်ရပ်သို့ သာသနာပြုပြီး ဗုဒ္ဓရဲ့မေတ္တာ၊ စေတနာတရားတွေကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ဟောကြားတော်မူပါ။ တပည့်တော်တို့ကလည်း အရှင်ဘုရားတို့ကို အစွမ်းကုန် ကူညီထောက်ပံ့ပါမည်။ ပြည်သူများအတွင်း လှည့်လည်ပြီး ညီညွတ်ရေး၊ မေတ္တာတရားလွတ်လပ်မှုနဲ့ ပတ်သက်တဲ့အကြောင်းတရားများ၊ ဘာသာရေးလွတ်လပ်မှု၊ ဆင်ခြင်ဉာဏ်ကင်းမဲ့ရခြင်းက လွတ်လပ်မှုတရားတွေကို ပြည်သူအများ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထူထောင်လာအောင် ဟောကြားတော်မူကြပါ”လို့ ရိုသေလေးမြတ်စွာ လျှောက်ထားခဲ့တာကို တွေ့ရပါတယ်။

ဗိုလ်ချုပ်က ခေါင်းဆောင်လုပ်မယ့်သူတွေကိုလည်း မိမိရဲ့သဘောထားအမှန်ကို လူတစ်ဦးတစ်ယောက်ဟာ မိမိရဲ့သတ္တိဗျတ္တိကိုပဲဖြစ်ဖြစ်၊ သူတစ်ပါးရဲ့သတ္တိဗျတ္တိကိုပဲဖြစ်ဖြစ် ယုံကြည်အားကိုးမှ ကြီးကျယ်ခမ်းနားတဲ့ အကျိုးများအောင် ဆောင်ရွက်နိုင်တယ်။ ဒါပေမဲ့ သတ္တိ ဗျတ္တိရှိသူကို အရမ်းမဲ့ ဘုရားတစ်ဆူ ဂူတစ်လုံးလုပ်ပြီး အားထားလေးစားကိုးကွယ်မြှောက်စားတဲ့အဖြစ် ရောက်စေခဲ့ရင်တော့ ဘုရားအတုတွေ ပေါ်ပေါက်စေတတ်တယ်လို့ ဆိုခဲ့တယ်။ ဒါ့အပြင် လူတစ်ဦးတစ်ယောက်ဟာ ဘယ်လောက်ပဲစွမ်းအားရှိစေကာမူ လူထုရဲ့အားပေး ရိုင်းပင်းမှုမရှိဘဲ ရာဇဝင်တွင်လောက်တဲ့ လုပ်ငန်းမျိုးဖြစ်အောင် မဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်တယ်။ ကမ္ဘာ့ရာဇဝင်မှာ အလွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အနည်းငယ်သောလူတစ်စုက ရာဇဝင်ကိုမပြောင်းလဲ မပြုပြင်နိုင်ပါချေလို့ အတိအလင်း ဖွင့်ဟခဲ့ပါတယ်။ 

ဗိုလ်ချုပ်ဟာ ဗမာ့တပ်မတော်ရဲ့ စစ်သေနာပတိချုပ်ဖြစ်ခဲ့ဖူးတယ်။ ရဲဘော်တွေနဲ့လည်း အများကြီးဆက်ဆံဖူးတယ်။ ဗမာ့တပ်မတော် ဗိုလ်သင်တန်းကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနား (၁၉၄၄- မတ်လ ၁၃ ရက်နေ့) မှာ “ငါတို့စစ်တပ်ဟာ နိုင်ငံသူနိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ် လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ် စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူးလို့တစ်မျိုး။ မှတ်ထား ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင် တစ်ကောင်မှ မရှိရဘူး၊ မပါစေရဘူး။ လူထုငတ်ရင် အားလုံးငတ်မယ်၊ လူထုဆင်းရဲရင် တို့ရဲဘော်အားလုံး ဆင်းရဲရမယ်၊ ငါလည်းဆင်းရဲရမယ်။ ငါတို့တွေတည် ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်”လို့ မိန့်ခွန်းတစ်ရပ်အဖြစ် မှတ်သားခဲ့ရပါတယ်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ဦးအောင်ဆန်းအမည်နဲ့ တင်သွင်းတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး လမ်းညွှန်မှုပေးရာမှာ နိုင်ငံသားတိုင်းဟာ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံရေးမှာ မျှတမှုရှိပြီး အဆင့်အတန်း၊ အခွင့်အရေးနဲ့ ဥပဒေသက်ရောက်မှုတွေမှာ ဆူကြုံနိမ့်မြင့် မရှိ၊ ပကတိတူညီစေရမယ့်အပြင် တရားဥပဒေနဲ့၊ အကျင့်သိက္ခာနဲ့ မဆန့်ကျင်ရင် လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီး ပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့် ရရှိတည်မြဲစေဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခိုင်အလုံသတ်မှတ်ထားရှိစေရမယ်လို့ လမ်းညွှန်ခဲ့တယ်။ ဒါ့အပြင် အခွင့်အရေး (Equality of Opportunity) တူရမယ်၊ ဥပဒေသက်ရောက်မှု (Before  the law) တူရမယ် စတဲ့အချက်တွေကို အသားပေးဖော်ပြခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ဆုံးရှုံးခဲ့ရသူဖြစ်တယ်။ ဒါပေမဲ့ အရွယ်နဲ့မလိုက်အောင် ကြီးလေးတဲ့ နိုင်ငံ့တာဝန်တွေကို ထမ်းပိုးခဲ့သူဖြစ်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ရဲ့ အတွင်းစိတ်ကတော့ “ခေါင်းဆောင်ဆိုတာ တာဝန်ကိုပဲယူတယ် နေရာကိုမယူဘူး”ဆိုတဲ့ စိတ်အမြဲရှိခဲ့တယ်။ ဗိုလ်ချုပ်ဟာ တာဝန်ကျေပွန်သူတစ်ဦးဖြစ်တယ်။ တာဝန်ယူရဲသူတစ်ဦးလည်းဖြစ်တယ်။ အလုပ်နဲ့ပတ်သက်ပြီး အချိန်ပြည့် စိတ်နှစ်ထားသူဖြစ်တယ်။ ဗိုလ်ချုပ်ပြောကြားခဲ့တဲ့စကားတွေက ဗိုလ်ချုပ်ဘယ်လောက် အလုပ်လုပ်ခဲ့သလဲ၊ ဘယ်လောက်မနားမနေ ကြိုးပမ်းခဲ့သလဲဆိုတာ ဖော်ပြနေတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ရဲ့ ဦးဆောင်မှုအုပ်ချုပ်မှုအောက်မှာ တစ်နိုင်ငံလုံးရဲ့ညီညွတ်မှုအားကိုရယူနိုင်ခဲ့ပြီး တစ်နှစ်အတွင်း ပြည်သူတွေမျှော်လင့်ခဲ့တဲ့ လွတ်လပ်ရေးကြီးကို အရယူနိုင်ခဲ့တာပါပဲ။

ဗိုလ်ချုပ်ဟာ ဖဆပလအဖွဲ့ကြီးနဲ့ပတ်သက်တာ ညီလာခံတွေ အစည်းအဝေးတွေမှာ အကြိမ်ကြိမ်တက်ရောက် ဟောပြောခဲ့တယ်။ စစ်တက္ကသိုလ်မှာ ပြောခဲ့တယ်။ ဆိုရန်တိုဗီလာအဆောက်အအုံမှာ မြန်မာပြည် ပြန်လည်တည်ဆောက်ရေးပြောခဲ့တယ်။ မြို့တော်ခန်းမမှာပြောတယ်။ ရေဒီယိုက အသံလွှင့်ဟောပြောတယ်။ စစ်သေနာပတိချုပ်အနေနဲ့ပြောတယ်။ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ ပြောတယ်။ ဗိုလ်ချုပ်ဟာ နိုင်ငံ့ရှေ့ရေးနဲ့ ပတ်သက်ပြီး များစွာကြိုမြင်ပြီး များစွာပြောကြားခဲ့ခြင်းပါ။ ဒီကနေ့ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်များစွာ ဖြတ်ကျော်ခဲ့ကြပါပြီ။ ဘယ်ရွေ့ဘယ်မျှ ခရီးပေါက်ကြလေပြီလဲ။ ဘယ်ရွေ့ဘယ်မျှအဆင့်အထိ မြင့်မားနေကြပြီလဲ။ ခရီးပေါက်နေကြပြီလဲ။

အဓိကအကျဆုံး မေးခွန်းတစ်ခုက ဗိုလ်ချုပ်စကားကို ဘယ်ရွေ့ဘယ်မျှနားထောင်ကြပါသလဲ။ ဘယ်ရွေ့ဘယ်မျှ လိုက်နာကျင့်ကြံဆောင်ရွက်ကြပါသလဲ။ ဗိုလ်ချုပ်ကတော့ ဟောရင်းပြောရင်းနဲ့ပဲ ကွယ်လွန်ခဲ့ရပါပြီ။ အနယ်နယ်အရပ်ရပ်က ဗိုလ်ချုပ်ကို တမ်းတမှန်းဆပြီး ရုပ်တုတွေ အစီအရီ အပြိုင်အဆိုင် သွန်းလုပ်ဂုဏ်ပြုနေကြပါတယ်။ အမှန်ပဲ ဗိုလ်ချုပ်ကို ချစ်ကြခင်ကြ မြတ်နိုးကြတယ်ဆိုရင်တော့ ဗိုလ်ချုပ်စကားနားထောင် ဗိုလ်ချုပ်ဖြစ်စေချင်တဲ့နိုင်ငံမျိုးတည်ဆောက်ဖို့ပဲ မဟုတ်ပါလား။ ဗိုလ်ချုပ်ရစေချင်တဲ့ စည်းလုံးညီညွှတ်မှုမျိုး ငြိမ်းချမ်းမှုမျိုးရဖို့ပဲ မဟုတ်ပါလား။ 

ခင်မောင်ဌေး (ပညာရေး) 

Ref : ဗိုလ်ချုပ်မိန့်ခွန်းများ

  • TAGS