News

POST TYPE

PERSPECTIVE

ဘဝနှင့် ဘဝင်
14-Jul-2018 tagged as

သူမဆို ကိုယ့်ဘဝလေးကိုယ် တန်ဖိုးထားကြတယ်။ မြတ်နိုးကြတယ်။ ကိုယ့်ဘဝလေး သာယာလှပဖို့အတွက် ဘယ်အရာတွေနဲ့ အလှဆင်မလဲဆိုတာကို အမြဲတစေ တွေးနေတတ်ကြတယ်။ ဘာတွေလိုအပ်နေသလဲ ဆိုပြီးတော့ စဉ်းစားချင့်ချိန်နေ ကြတယ်။ စဉ်းစားလို့ရလာတဲ့အဖြေလေးတွေကို စုစည်းပြီးတော့ အဲ့ဒီအတိုင်းပဲ ထုဆစ်ပုံဖော်နေကြတယ်။ ကိုယ်လိုချင်တာလေးတွေကို ရှာဖွေနေကြတယ်။ လိုချင်တာတွေရဲ့နောက်ကိုလည်း ကောက်ကောက်ပါအောင် လိုက်နေကြတယ်။ လိုချင်တာလေးတွေကလည်း ရှေးကနေ ပြေးနေကြသလိုလိုရှိတယ်။ ကိုယ်ကလည်း မီအောင်လိုက်နေတယ်။ လိုက်လေ ပြေးလေ၊ ပြေးလေလိုက်လေနဲ့ လိုက်တမ်းပြေးတမ်း ကစားနေကြရသလိုပဲ။

တစ်ခါတစ်ခါမှာ ကိုယ်လိုက်နေတဲ့အရာဆီကို မမီလုလု၊ မီလုလုနဲ့ လက်တစ်ကမ်းအကွာအထိ ရောက်သွားတယ်။ မီလိမ့်မယ်ထင်လို့ အရှိန်ယူပြီး လှမ်းဆွဲလိုက်ကာမှ ခလုတ်တိုက်ပြီး ဟပ်ထိုးလဲကျ ကျန်ရစ်ခဲ့တာမျိုးလည်း ဖြစ်သွားတတ်သေးတယ်။ ကိုယ်လိုချင်တာတွေနဲ့ အလှမ်းကွာဝေး လွန်းသွားပြီဆိုပြန်တော့ ဘဝအမောတွေနဲ့အတူ စိတ်ပျက်အားငယ်နေမိတတ်ပြန်တယ်။ စိတ်ဓာတ်တွေကျနေကြတယ်။ ခြေပစ်လက်ပစ်လှဲချ လိုက်ပြီးတော့ ဘာမှကို ဆက်မလုပ်ချင်တော့လောက်အောင် ဖြစ်သွားတတ်တယ်။

တစ်ခါတစ်ခါကျတော့ ကိုယ်လိုချင်တာလေးတွေက ရလာတယ်။ နည်းနည်းရတာလည်းရှိတယ်။ များများရတာလည်းရှိတယ်။ အားလုံးရတာလည်း ရှိတတ်တယ်။ ရတော့ကျေနပ်တယ်။ ကိုယ်လိုချင်တာလေး ရလာပြန်တော့ “မြင်မြင်သမျှ ဤလောကဝယ် အလှတို့ဖြင့် ပြည့်ဘိ၏” ဆိုတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှအရာအားလုံးဟာ သာယာလှပမှုတွေချည်း ဖြစ်လို့နေပြန်တယ်။ ခါတိုင်းမြင်နေကျ လမ်းကလေးက အခုကျမှ ပိုပြီးသန့်ရှင်းနေသလိုပဲ၊ ခါတိုင်းမြင်နေကျလူတွေက ဒီနေ့ကျမှ ပိုပြုံးနေကြသလိုပဲ၊ ခါတိုင်းမြင်နေတွေ့နေကျ လမ်းဘေးချုံပုတ်လေးတွေကအစ စိုစိုပြည်ပြည်နဲ့ လေအသိမ်းမှာ နွဲ့ယိမ်းနေတာလေးကိုက ချစ်စရာလေး၊ လေအဝှေ့မှာ သစ်ရွက်ကလေးတွေ၊ အမှိုက်ကလေးတွေ မြေမှာလူးပြီး လွင့်ပါနေတာလေးကိုက ချစ်စရာလေး။ 

စိတ်ချမ်းသာနေတဲ့သူတစ်ယောက်အတွက်ကတော့ အရာရာတိုင်းကို ချစ်စရာခင်စရာတွေလို့ပဲ ရှုမြင်နေမိတယ်။ လမ်းဘေးက ခွေးတစ်ကောင် ကိုယ့်ကိုလာဟောင်တာတောင်မှ “ကြည့်စမ်းပါဦး အမွေးအရောင်လေးက လှပါဘိသနဲ့၊ နှုတ်သီးတော့ အကောင်းသား၊ တယ်လဲစွာတဲ့ခွေးပါလား” ဆိုတာမျိုး။ လိုတာမရလို့ စိတ်ညစ်နေတဲ့အချိန် လာဟောင်ကြည့်၊ “ဒီခွေး တော့လားကွာ၊ ငါလုပ်လိုက်ရင် သေတော့မယ်” ဆိုပြီး အော်ဆဲချင်ဆဲမယ်၊ တွေ့တဲ့ကျောက်ခဲနဲ့ ကောက်ထုချင်ထုမယ်၊ ဒီလိုလုပ်တတ်ကြတဲ့သဘောရှိပါတယ်။ စိတ်ဓာတ်တွေ အကျလွန်နေတဲ့သူကျပြန်တော့ ခွေးကလာဟောင်တာကို “ကြည့်စမ်း၊ ငါ့ကိုသူများတွေ မလေးစားကြတာ မပြောနဲ့၊ ခွေးကတောင်ဟောင်တယ်” ဆိုတာမျိုး။ သူကျတော့ ဘယ်လိုလောကဓံပဲ ကြုံကြုံစိတ်ပျက်အားငယ်စရာလို့ချည်း မြင်နေတယ်။

လိုတာမရလို့ စိတ်ဆင်းရဲနေတယ်။ လိုတာရလို့ စိတ်ချမ်းသာနေတယ်။ ဒါက သူ့သဘာဝနှင့်သူ ဖြစ်နေတာ။ ဘာမှ သိပ်ပြီးတော့ ထူးတဲ့ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။

ဒါပေမဲ့လည်း တချို့လူတွေ လိုတာမရတာကျတော့ ဘေးကိုပတ်ရမ်းတတ်တယ်။ ငါ ဒီလိုဖြစ်နေရတာ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်ဆိုပြီး ပတ်ဝန်းကျင်ကို လက်ညှိုးထိုးလာတယ်။ အပြစ်ပုံချလာတတ်တယ်။ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးကွာဆိုတဲ့အတွေးနဲ့ လောကကြီးကိုပါ မကောင်းမြင်ဖြစ်လာပြီး မဲမဲမြင်တိုင်းရန်သူထင်လာတတ်တယ်။ အကုန်ပတ်ရမ်းနေတော့ သူ့ဟာက ဆူးလှည်းကြီးမောင်းလာသလိုဖြစ်နေတယ်။ ဆူးလှည်းကြီး မောင်းလာတာဆိုတော့ လမ်းတစ်လျှောက်မှာရှိသမျှအရာ အားလုံးကို ချိတ်သွားတယ်၊ ငြိသွားတယ်၊ ဆွဲသွားတယ်၊ အပေါက်အပြဲတွေ ဖြစ်ကုန်ကြတယ်။ သွားလေရာအရပ်မှာ အရာရာနှင့် အကြောင်းကြောင်းချည်း ဖြစ်ကုန်တယ်။

တချို့ကျပြန်တော့လည်း ဘဝမှာ လိုအပ်သမျှအရာတိုင်းကို ရနေတတ်တယ်။ သူလိုရင်ရတယ်။ သူကြံရင် ဖြစ်တယ်။ သူလုပ်ရင် အောင်မြင်တယ်။ ဆင်သွားမှ လမ်းဖြစ်တာမဟုတ်ဘဲ သူသွားသမျှလမ်းဖြစ်နေတယ်။ သူလုပ်တိုင်း အထမြောက်နေတယ်။ ဒီတော့ စိတ်ချမ်းသာတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်းရှိလာတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါကျတော့ စိတ်ချမ်းသာတဲ့အဆင့်မှာတင် ရပ်မနေတော့ဘဲ ဟိုဘက်ကို ဆက်သွားတယ်။ ကိုယ်လုပ်ရင်ဖြစ်တယ်ဆိုတဲ့အတွေးမှာတင် ရပ်မနေတော့ဘဲ သူလုပ်ရင် မဖြစ်ဘူးဆိုတဲ့အတွေးဘက်ကို ရောက်သွားတယ်။ ကိုယ်လုပ်မှကို အရာထင်တာဆိုတဲ့ အတွေးအထိရောက်သွားတယ်။ 

ဒီတော့ တစ်ဖက်လူကို အထင်အမြင်သေးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားတဲ့အဆင့်တင်မကဘဲနဲ့ အထင်ကြီးတဲ့အဆင့်အထိပါ ရောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုတွေ မြင့်တက်လာလေလေ၊ တခြားသူတွေအပေါ်မှာ အထင်အမြင် သေးလေလေ ဖြစ်ကုန်ရော။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလာတော့ လမ်းလျှောက်တာကစ ဖနောင့်သံစူးသလို မြောက်ကြွမြောက်ကြွတွေ ဖြစ်လာတယ်၊ ခေါင်းတထောင်ထောင်၊ လည်တဆန့်ဆန့်ဖြစ်လာတယ်။ တစ်ဖက်လူတွေကိုလည်း အထင်အမြင်တွေ စွတ်ရွတ်ပြီးသေးကုန်တယ်။ ပတ်ဝန်းကျင်ကလူအားလုံးကို အပေါ်စီးကပဲ ဆက်ဆံနေတော့တယ်။ ဒါကို ဘဝင်မြင့်လာတယ်လို့ ဆိုရမယ်ထင်တယ်။

လူတိုင်းလူတိုင်းက ကိုယ့်ဘဝခရီးကို ကိုယ့်ဘာသာလျှောက်လှမ်းနေရတဲ့အချိန်မှာ အရာရာမှာ ကိုယ်ကပဲ အရေးပါတယ်လို့ ထင်လာတယ်။ တစ်ဖက်လူတွေက ကိုယ့်လောက်အရေးမပါဘူး၊ အရာမရောက်ဘူးလို့ ထင်လာတယ်။ ဒီတော့ ဘာပဲလုပ်လုပ် ကိုယ်ကသာ ရှေ့ကရောက်နေချင်တယ်၊ ကိုယ်ကသာ အထက်ကနေချင်တော့တယ်။ ဒီလိုမှမလုပ်ရရင် မကျေနပ်ဘူး။ ဒီလိုမဖြစ်လာသမျှ အရာရာတိုင်းကို အလွဲလွဲနဲ့ အမှားမှားချည်းပဲလို့ ယူဆနေတယ်။ 

သူ့အမြင် သူ့အတွေးတွေအပေါ်မှာ ဘေးကတည့်မတ်ပေးပြန်ရင်လည်း မကြိုက်ဘူး၊ မပြင်ဘူး၊ ပြင်စရာလည်းမလိုဘူးလို့ ယုံကြည်နေတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့ရဲ့အတွေးအမြင်ကသာလျှင် တခြားသူတွေရဲ့ အတွေးအမြင်ထက် ပိုပြီးမှန်ကန်နေတယ်လို့ ယုံကြည်နေလို့။

တစ်ခုသောဘဝမှာ ဘုရားအလောင်းတော်မြတ်ကြီးက ဒွန်းစဏ္ဍားမျိုးမှာဖြစ်ပြီးတော့ ဒေဝဒတ်အလောင်းကတော့ ပုဏ္ဏားမျိုးမှာဖြစ်တယ်။ တစ်နေ့တော့ ဒေဝဒတ်အလောင်းပုဏ္ဏားက တောကနေမြက်ရိတ်ပြီးပြန်လာတယ်။ မြက်ထုံးက အကြီးကြီး။ ဒါကိုသယ်ဖို့ ခက်နေတယ်။ ထမ်းပိုးနဲ့ လျှိုထမ်းမယ်လုပ်တော့ ထမ်းဖို့အဆင်မပြေဘူး ဖြစ်နေတယ်။ ဒီတော့ ထမ်းပိုးမှာ ဟိုဘက်ဒီဘက် ချိတ်လို့ရအောင်ဆိုပြီးတော့ မြက်ထုံးနဲ့အလေးချိန်ညီလောက်တဲ့ ကျောက်တုံးကြီးတစ်တုံးကိုရှာတယ်။ ပြီးတော့မှ မြက်ထုံးနှင့်ကျောက်တုံးကို ထမ်းပိုးရဲ့တစ်ဖက်စီမှာ ချိတ်ပြီးတော့ ထမ်းပြန်လာတယ်။ 

ဒါကိုမြင်ရတဲ့ ဘုရားလောင်း ဒွန်းစဏ္ဍားက အမြင်မတော်လို့ ဝင်ပြောတာပေါ့။ တကယ်ဆိုရင် မြက်တွေကို တစ်ဝက်စီခွဲပြီး ထမ်းပိုးရဲ့တစ်ဖက်စီမှာ ချိတ်ပြီးထမ်းသင့်တဲ့အကြောင်း။ ဒီစကားကိုကြားတော့ ဒေဝဒတ်အလောင်း ပုဏ္ဏားက ပြန်ပြောသတဲ့။ “သင်ပြောတဲ့စကားက မှန်တော့မှန်တယ်။ ဒါပေမဲ့ ငါက ပုဏ္ဏား၊ သင်က ဒွန်းစဏ္ဍား။ ဒါ့ကြောင့် သင်ပြောတဲ့စကားကို လက်ခံကျင့်သုံးဖို့ မဖြစ်နိုင်ဘူး”ဆိုပြီးတော့ ကျောက်တုံးတစ်ဖက်၊ မြက်ထုံးတစ်ဖက်ပဲထမ်းပြီးတော့ ခရီးဆက်သွားသတဲ့။ အဲ့ဒီပုဏ္ဏားလိုပါပဲ တချို့တချို့သောသူတွေဟာ တစ်ဖက်က ပြောတာမှန်တယ်လို့ ယုံကြည်ပေမယ့် ကိုယ့်ထက်နိမ့်တယ်လို့ထင်တဲ့သူကပြောတာ မှန်သမျှဆိုရင် လက်ခံပြုပြင်ဖို့ ဝန်လေးတတ်ကြပါတယ်။ 

သူတော်သူမြတ်တွေကျပြန်တော့ ဘယ်သူကပြောတယ်ဆိုတာထက်၊ ဘာကိုပြောတယ်ဆိုတာကိုပဲ ကြည့်ပြီးတော့ ကောင်းတဲ့စကားဆိုရင် လက်ခံပေးလိုက်ကြတဲ့သဘောရှိပါတယ်။ တစ်ခါတုန်းက အရှင်သာရိ ပုတ္တရာကိုယ်တော်မြတ်ကြီး သင်္ကန်းရုံရာမှာ နည်းနည်းလေး မညီမညာဖြစ်နေတာကို ခုနစ်နှစ်သားကိုရင်လေးက “အရှင်ဘုရား သင်္ကန်းဝတ်တာမညီဘူးဘုရား”လို့ လျှောက်တယ်။ လက်ယာတော်ရံကြီးနဲ့ ခုနစ်နှစ်သားကိုရင်လေးဆိုတာ အဆင့်အတန်းအားဖြင့် မိုးမြေမက ကွာခြားလှပေမယ့် အရှင်သာရိပုတ္တရာက လေးလေးစားစားပဲခံယူခဲ့တယ်။ တစ်နေရာမှာသွားပြီး သင်္ကန်းကို ညီညီညာညာပြန်ရုံတယ်။ ပြီးတော့မှာ ကိုရင်လေးဆီပြန်သွား၊ လက်အုပ်ကလေးချီပြီး “သည်လောက်ဆိုရင် သင့်တော်ပါပြီလားဆရာ”လို့ ပြန်ပြောတယ်။ ဒီ့နောက်မှာ “ထိုနေ့ဖြစ်သော ခုနစ်နှစ်အရွယ် သာမဏေငယ်ကလေးကပင် ဆုံးမလာလျှင် ထိုအဆုံးအမကို ဦးခေါင်းထက်မှာ ခံယူပါသည်”ရယ်လို့ ကျူးရင့်တော်မူခဲ့ပါသေးသတဲ့။ 

တကယ့်ကို လေးစားအားကျဖွယ်၊ အတုယူဖွယ်ဖြစ်ရပ်တစ်ခုပါ။ ကျွန်တော်တို့တစ်တွေနဲ့တော့ အရမ်းကိုကွာနေပါတယ်။ ကျွန်တော်တို့ တစ်တွေကတော့ စောစောက တင်ပြခဲ့တဲ့ ဒေဝဒတ်အလောင်းပုဏ္ဏားကြီးလိုပဲ။ တစ်ဖက်ကပြောတာက မှန်နေမှန်းသိရင်တောင်မှ လက်မခံဘဲ ပယ်ပစ်လိုက်ကြတယ်။ မပယ်ဘူးဆိုရင်တောင်မှ အစကသိပြီးသား၊ ဒါကိုတမင် သက်သက် အကွက်လေးဟထားတာ၊ မင်းဘာပြောမလဲဆိုတာ သိရအောင်လို့ တမင်တကာ အကဲစမ်းထားတာဆိုတဲ့အပေါက်မျိုးနဲ့ ကိုယ့်ကို တစ်ဖက်ကအထင်ကြီးလာအောင် မာယာသာဌေယျတွေနဲ့ လှည့်ပတ်ပြီးတော့ ပြောလိုက်ကြသေးတယ်။ ကိုယ်မှားသွားကြောင်း ဝန်ခံဖြစ်ဖို့ဆိုတာကတော့ ဝေးရော။

ဘဝင်မြင့်လာ ထိုရောဂါကား ကုရာနတ္ထိ ဆေးမရှိဘူးလို့များ ဆိုရမလားမသိဘူး။ ဒီရောဂါစွဲသွားရင်လည်း တော်တော်ကုရခက်တဲ့သဘော ရှိပါတယ်။ ရောဂါရဲ့ဇာစ်ဖြစ်တွေကလည်း အမျိုးမျိုးပါ။ တချို့က အဆင်းလှလို့ ဘဝင်မြင့်တယ်၊ တချို့က ဥစ္စာရှိလို့ ဘဝင်မြင့်တယ်၊ တချို့က ရာထူး ဂုဏ်သိန်တွေရှိလို့၊ တချို့က အာဏာရှိလို့ စသည်စသည်အားဖြင့် အမျိုးမျိုး ကွဲပြားနေတယ်။ ဒါတွေက တစ်ခုခုရှိတာကို အကြောင်းပြုပြီးတော့ မြင့်လာတဲ့ဘဝင်လေးတွေ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။ မရှိတာကိုအကြောင်းပြုပြီးတော့လည်း ဘဝင်မြင့်တဲ့ကိစ္စတွေ၊ မာနကြီးတဲ့ ကိစ္စတွေ ရှိကြပြန်သေးတာပဲတဲ့။ ရှိတဲ့သူက ငါ့မှာဘာတွေရှိတာပဲ၊ ဘာထည့်တွက်စရာလိုသလဲဆိုပြီးတော့ မာနတက်ကြသလို၊ မရှိတဲ့သူကလည်း ငါက ဒီ့ထက်ပိုပြီးကျသွားစရာ ဘာအကြောင်းမှမရှိဘူး၊ ဘယ်သူ့မှ ဂရုစိုက်နေစရာမလိုဘူးဆိုပြီးတော့ မာနတွေထားနေကြပြန်သတဲ့။ ဪသြော်၊ ခက်ပါဘိကော။

တချို့က စပါးနှံတွေနဲ့တူတယ်။ စပါးနှံတွေက အတွင်းမှာ အဆံမရှိလေလေ တထောင်ထောင်ဖြစ်လေလေ။ အဆံပြည့်လာတော့မှ ငိုက်ကျသွားတယ်။ ပညာရှိများကတော့ စပါးနှံနဲ့တူပါသတဲ့။ ပညာတွေ ပြည့်လာလေလေ၊ ဂါရဝတရား၊ နိဝါတတရားနှင့် ပြည့်စုံလာလေလေ။

တချို့ကတော့ သားရေအိတ်တွေလိုပဲတဲ့။ အတွင်းမှာ ဘာမှဖြည့်မထားရင်တော့ သားရေအိတ်တွေက ပျော့ပျောင်းလိုက်တာ။ သူ့အထဲကို ရေပဲဖြစ်ဖြစ်၊ လေပဲဖြစ်ဖြစ်၊ တစ်ခုခုထည့်လိုက်လို့ကတော့ အဲ့ဒီသားရေ အိတ်တွေက ဖောင်းကားတင်းမောက်လာတတ်ကြတယ်။ ပညာဉာဏ်လိုအပ်သူများကတော့ သားရေအိတ်တွေလိုပါပဲတဲ့။ ပညာဉာဏ်တွေရှိ မလာဘဲ တစ်စုံတစ်ခုရှိလာခဲ့ရင် အဲ့ဒီတစ်စုံတစ်ခုကို အကြောင်းပြုပြီးတော့ မောက်မာမှုတွေ၊ ဘဝင်မြင့်မှုတွေ ဖြစ်လာတတ်ကြသတဲ့။

မဟော်သဓာဇာတ်တော်မှာ ရှိတယ်လေ။ ဝိဒေဟရာဇ်မင်းကြီးလာ တိုင်းလာတိုင်း ထွက်ပြီးအလေးပြု ရှိခိုးနေကျ ပုတ်သင်လေးက အသားဝယ်လို့မရတဲ့ ဥပုသ်နေ့၊ သူ့အတွက် အစာဝယ်ပေးရမယ့်သူက ငွေလေးနည်းနည်းပါးပါးကိုလည်း သူ့လည်ပင်းမှာ ချိတ်ပေးလိုက်ရော သူလည်း ဥစ္စာရှင်၊ ငါလည်း ဥစ္စာရှင်ဆိုတဲ့အတွေးနဲ့ ဘုရင်မင်းမြတ်ကြီးကိုတောင်မှ အန်တုဘက်ပြိုင်လိုတဲ့ အတွေးတွေ ဝင်လာတယ်။ အလေးမပြုနိုင်တော့ဘူး၊ ရှိမခိုးနိုင်၊ ဦးမညွတ်နိုင်တော့ဘူး။ ခေါင်းတထောင်ထောင်ဖြစ်သွားတယ်လေ။

တကယ်တော့ ကိုယ်လိုတာတွေရနေလို့ ဘဝင်မြင့်စရာမလိုသလို၊ ကိုယ်လိုတာတွေမရလို့၊ ကိုယ်မလိုတာတွေချည်း ရနေလို့လည်း စိတ်ပျက်အားငယ်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာ မကောင်းသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှု ပျောက်ဆုံးနေပြန်ရင်လည်း အဆင်မပြေပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေသူဟာ တခြားသူတွေအပေါ်မှာလည်း ယုံကြည်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားနိုင်မှသာ တခြားသူတွေအပေါ်မှာလည်း ယုံကြည်လေးစားနိုင်မှာ ဖြစ်ပါတယ်။ အရာရာတိုင်းကို သင့်တင့်သော နှလုံးသွင်းနဲ့ ရှုမြင်နိုင်ဖို့လိုပါလိမ့်မယ်။

အရမ်းကာရော ဘဝင်မြင့်နေသူတွေကို ဆက်ဆံရရင် ဘေးပတ်ဝန်းကျင်ကလူတွေဆီပါ သူ့ရဲ့ဂယက်က ရိုက်ခတ်သွားတယ်။ ဘေးကလူတွေမှာ သူ့အတွက်နဲ့ အနေခက်ကုန်ကြတော့တယ်။ အရာရာမှာ သူကချည်း ဦးဆောင်ချင်နေတော့တယ်။ သူကချည်း ရှေ့ကရောက်ချင်နေတော့တယ်။ သူပြောတာတွေကမှ အမှန်၊ သူလုပ်တာတွေကမှ အမှန်လို့ထင်နေတယ်။ သူ့ထက် အသက်အရွယ်အားဖြင့် ကြီးမြတ်တဲ့သူတွေ၊ ဂုဏ်အားဖြင့်ကြီး မြတ်တဲ့သူတွေ၊ ပညာအားဖြင့် ကြီးမြတ်တဲ့သူတွေ ဒီလူတွေရဲ့စကားကိုလည်း နာယူရကောင်းမှန်း မသိတော့ဘူး။ 

တကယ်ဆို မြန်မာတို့ရဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ဂါရဝမင်္ဂလာ၊ နိဝါတမင်္ဂလာဆိုတာတွေကို အလွန်အင်မတန် အလေးထားပြီး လိုက်နာကျင့်သုံးခဲ့ကြတဲ့ အစဉ်အလာရှိပါတယ်။ ဒေဝပုတ္တ - နတ်သား၊ ယောဂါရဝေါစ - အကြင်ရိုသေထိုက်သောသူတို့ကို ရိုသေခြင်းသည်လည်းကောင်း၊ ယောနိဝါတောစ - အကြင် မိမိကိုယ်ကိုနှိမ့်ချခြင်းသည်လည်းကောင်း၊ ယာသန္တုဋ္ဌိစ - အကြင်ရောင့်ရဲလွယ်ခြင်းသည်လည်းကောင်း၊ ယာကတ ညုတာစ - အကြင် ပြုခဲ့ဖူးသောကျေးဇူးကို သိသူ၏အဖြစ်သည်လည်းကောင်း၊ ကာလေန - သင့်လျော်သောအခါ၌၊ ယံ ဓမ္မဿဝနဉ္စ - အကြင်တရားနာခြင်းသည်လည်းကောင်း၊ အတ္ထိ - ရှိ၏၊ ဧတံ - ဤငါးပါးကား၊ ဥတ္တမံ-ကောင်းမြတ်သော၊ မင်္ဂလံ- မင်္ဂလာပေတည်းလို့ ရှင်တော်ဘုရားက မင်္ဂလသုတ်မှာ ဟောကြားတော်မူခဲ့ပါတယ်။ 

ဂါရဝမင်္ဂလာ၊ နိဝါတမင်္ဂလာတို့ရဲ့ကောင်းကျိုးတွေကိုလည်း ဥပရိ ပဏ္ဏာသ၊ စူဠကမ္မဝိဘင်္ဂသုတ်မှာ ဟောကြားခဲ့ပါတယ်။ “လုလင် ဤလောက၌ အချို့သောယောကျာ်း မိန်းမသည် ခက်ထန်မာန်ကြီးသည်ဖြစ်၍ ရှိခိုး ထိုက်သူကို ရှိမခိုး၊ ခရီးဦးကြိုဆိုထိုက်သူကို မကြိုဆို၊ နေရာပေးထိုက်သူကို နေရာမပေး၊ အလေးပြုထိုက်သူကို အလေးမပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်၊ ထိုသူကား သူစွဲယူထားသောကံအရ စုတေသော် ငရဲ ရောက်ရ၏။ ငရဲမရောက်ဘဲ လူဖြစ်စေကာမူ ဖြစ်ရာဖြစ်ရာ၌ နိမ့်ကျသိမ်ငယ်သောအမျိုး၌ ဖြစ်ရ၏။ လုလင် ဤရှိမခိုးခြင်းစသော မရိုသေမှုမှာ နိမ့်ကျသောအမျိုး၌ ဖြစ်တတ်သောအကျင့်ဖြစ်သည်” လို့ ဟောတော်မူပြီးတဲ့နောက်မှာ ရိုသေထိုက်သူကို ရိုသေခြင်းစသည်တို့ကို ပြုမူတဲ့သူတွေမှာ နတ်ပြည်ရောက်ရခြင်း၊ အခြားသော ဖြစ်ရာဘဝတို့မှာလည်း မြင့်မြတ်တဲ့ အထက်တန်းစားမှာ ရောက်ရခြင်း စတဲ့အကျိုးတွေကို ဟောကြားခဲ့ပါတယ်။ 

ဂါရဝတရား၊ နိဝါတတရား ကင်းနေသူတွေအတွက်၊ ဘဝင်မြင့်လွန်းနေသူတွေအတွက် ငရဲမရောက်သေးဘူးပဲထားဦး လက်တွေ့လူမှုဆက် ဆံရေးနယ်ပယ်မှာတော့ အများရဲ့ငြိုငြင်မှုကို ခံကြရနိုင်ပါတယ်။ 

ကိုယ်ဟာ ဘဝင်မြင့်နေတတ်သူလား။ ဒါဆိုရင်တော့ အချိန်မီပြန်လည်ပြုပြင်နိုင်ဖို့လိုပါတယ်။ ပြင်ဖို့လည်း မခက်ပါဘူး။ အတ္တလေး၊ မာနလေးတွေကို နည်းနည်းလေးလောက်ပဲ ခဝါချပေးဖို့လိုတာပါ။ တကယ်တော့ ဒီလိုလုပ်လိုက်တဲ့အတွက် သိမ်ငယ်သွားတယ်လို့လည်း မယူဆသင့်ပါဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတောင်မှ ဂါရဝမင်္ဂလာတို့၊ နိဝါတ မင်္ဂလာတို့ အလွန်ထူးမြတ်တဲ့အကြောင်း ထည့်သွင်းဟောကြားတော်မူ ခဲ့တာပဲလေ။ လိုက်နာနိုင်လေလေ၊ ကိုယ့်အတွက် မင်္ဂလာရှိလေလေပဲပေါ့။ 

တကယ်တော့ ဘဝမြင့်လာအောင် ကြိုးစားကြတာ ကောင်းပါတယ်။ ကိုယ့်ကြိုးစားမှုအတိုင်းအတာအရ အသီးတွေ အပွင့်တွေကိုလည်း အထိုက်အလျောက်တော့ ဆွတ်ခူးနိုင်ကြမှာပါပဲ။ ဒီလိုဆွတ်ခူးနိုင်တဲ့အချိန် အခါကျရင်သာ ခံယူချက်တွေ၊ သဘောထားတွေ ပြောင်းမသွားကြဖို့ လိုပါတယ်။ ဘဝမြင့်တာက သတ်သတ်၊ ဘဝင်မြင့်တာက သတ်သတ်ဆိုတာကို သတိချပ်သင့်ပါတယ်။ ဘဝမြင့်လာတိုင်း ဘဝင်မြင့်မလာဖို့တော့ လိုပါတယ်။ ဘဝင်တွေ အရမ်းမြင့်လာရင် မြင့်နေပြီးသားဘဝလေး ပြန်ကျသွားနိုင်ပါတယ်။ ဘဝင်မမြင့်တဲ့သူတွေမှ ဘဝမြင့်နိုင်ကြမှာ ဖြစ်ပါတယ်။

ဘဝလည်း မြင့်အောင်ကြိုးစားနိုင်ကြပါစေ။ ဘဝင်လည်း မမြင့်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ကြပါစေ။

သိုက်စိုးထွန်း (နတ်ရွာ)

  • TAGS