News

POST TYPE

PERSPECTIVE

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှ ထင်ဟပ်လာမည့် ဗျာလနှင့် ခွပ်ဒေါင်းတို့၏ ၂၀၂၀ နိမိတ်ပုံများ
11-Jul-2018 tagged as

(တစ်)

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲက နီးကပ်လာပြီဟု ဆိုရမည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၆၀/၂၀၁၈) တွင် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက် စနေနေ့တွင်ကျင်းပမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယခုတစ်ကြိမ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၄ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁ နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် ၈ နေရာ ပါဝင်မည်ဖြစ်သည်။ 

ယခုတစ်ကြိမ် ကြားဖြတ်ရွေးကောက်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွက် ၂၀၂၀ ကို အကြိုဟောကိန်းထုတ်နိုင်မည့် ရွေးကောက်ပွဲတစ်ခုအဖြစ် ပြည်သူအများအကြားတွင် စိတ်ဝင်စားမှုမြင့်တက် လျက်ရှိနေသည်။ လက်ရှိ NLD အစိုးရလက်ထက်တွင် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့၌ ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့ပြီး ထိုစဉ်က လစ်လပ်မဲလွှတ်တော်အမတ်နေရာ ၁၉ နေရာရှိခဲ့သည်။ နိုဝင်ဘာလထဲတွင်ကျင်းပမည့် ယခုတစ်ကြိမ်ကြားဖြတ်ရွေးကောက်ပွဲသည် NLD အစိုးရသက်တမ်းတွင် ဒုတိယအကြိမ်ဖြစ်ပြီး လစ်လပ်နေရာမှာ ၁၃ နေရာအတွက် ယှဉ်ပြိုင်ရွေးကောက်ခံကြရမည်ဖြစ်သည်။ 

(နှစ်)

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသည် ရခိုင်ပြည်နယ်ထဲတွင် စိတ်ဝင်စားစွာ စောင့်ကြည့်ရမည့် ရွေးကောက်ပွဲတစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်ထဲတွင် အင်အားကြီးပါတီများဖြစ်ကြသော ရခိုင်အမျိုးသားပါတီ (ANP)၊ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့အတွက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို အကြိုနိမိတ်ဖတ်ပေးနိုင်ကြလိမ့်မည်ဟု ပြည်သူများက ခန့်မှန်းထားကြ၏။ သို့သော် အင်အားကြီးပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုဝင်ဘာတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဆိုထားသည်။ ထိုအချက်နှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုပါတီတစ်ခုဖြစ်သဖြင့် တိုင်းရင်းသားပြည်နယ်များတွင် ဝင်မပြိုင်ဘဲ တိုင်းဒေသကြီးများတွင်သာ အဓိကယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးမှ ပြောကြားထားသည်ကိုလည်း တွေ့ရ၏။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဇွန်လ ၂၉ ရက်နေ့ထုတ် (ကြေညာချက်အမှတ် ၅/ဝ၆/၂၀၁၈) အရ လစ်လပ်နေရာ ၁၃ နေရာလုံးကို ဝင်ရောက်ရွေးချယ်ခံမည်ပြီးပြီး ရခိုင်ပြည်နယ်၊ ရသေ့တောင်မဲဆန္ဒနယ်အတွက် ဦးခင်သန်းမောင်မှ ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ ရသေ့တောင် မဲဆန္ဒနယ်သည် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့သော ဦးဖိုးမင်း (ကွယ်လွန်) ၏ မဲဆန္ဒနယ်မြေဖြစ်၏။ လစ် လပ်နေသောထိုနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်အမျိုးသားပါတီ (ANP) မှ ဦးလှမြင့်ကိုရွေးချယ်ထားသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှလည်း ရသေ့တောင်မြို့နယ် ရခိုင်ဒီမိုကရေစီအဖွဲ့ (ALD) ပါတီဥက္ကဋ္ဌ ဦးသိန်းမောင် ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရ၏။ ပုဒ်မသုံးခုဖြင့် တရားရင်ဆိုင်နေရသော ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းသည်လည်း ကြားဖြတ်ရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

(သုံး)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲသည် ရခိုင်ပြည်နယ်ထဲမှ အင်အားကြီးပါတီများအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုလက်ကျန်ကိုပြသမည့်ပွဲဟု ဆိုနိုင်သည်။ ရခိုင်ပြည်သူလူထုများသည် ၂၀၁၀ မှစတင်ကာ နိုင်ငံရေးတက်ကြွမှုများရှိလာခဲ့ကြသည်ဟု ဆိုနိုင်သော်လည်းလက်ရှိတွင် ယခင်နှစ်များကဲ့သို့ တက်ကြွမှုမရှိတော့ဟု ထင်စရာရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် ရခိုင်ပါတီနှစ်ခုဖြစ်သော ALD နှင့် RNDP တို့ကို ပူးပေါင်းနိုင်ခဲ့ခြင်းက ပြည်သူလူထုတို့၏ နိုင်ငံရေးစိတ်ကို နှိုးဆွမှုရှိခဲ့၏။ သို့သော် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ရခိုင်အမျိုးသားပါတီ၏ အကွဲအပြဲရုပ်လုံးပေါ်လာခဲ့သဖြင့် ပြည်သူများ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရ၏။ ဒီထက်မက ရခိုင်လူထုကို ဆိုးဆိုးဝါးဝါး စိတ်ပျက်သွားစေနိုင်သောအကြောင်းမှာ ရခိုင်အမျိုးသားပါတီမှ ပါတီကွဲများ ထပ်မံခွဲထွက်ပေါ်လာခဲ့ခြင်းဟု ဆိုနိုင်သည်။ 

ရခိုင်ပြည်သူလူထုတို့သည် ပင်ကိုစိတ်ရင်းအရ ခေါင်းဆောင်ကောင်းများကို မျှော်လင့်တတ်ကြသောသဘောရှိ၏။ ခေတ်အဆက်ဆက်တွင် ပေါ်ပေါက်ခဲ့သမျှသော ရခိုင်ပါတီနှင့် ရခိုင်ခေါင်းဆောင်များအပေါ်တွင်လည်း အလွန်အကျူးမျှော်လင့်ချက်ထားခဲ့ကြကြောင်း ဆိုနိုင်သည်။ သို့သော်ပေါ်ပေါက်ခဲ့သမျှသော ရခိုင်ပါတီများသည် ပြည်သူများမျှော်လင့်သလောက် ဖြစ်လာခြင်းမရှိခဲ့သည်ကို တွေ့ရှိနိုင်သည်။ ရခိုင့်နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လျှင်လည်း တစ်ဦးကောင်းတစ်ယောက်ကောင်း ခေါင်းဆောင်များကိုသာ တွေ့မြင်ကြရမည်ဖြစ်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းသော ပါတီခေါင်းဆောင်မျိုး (သို့မဟုတ်) စုစည်းအားကောင်းသော ပါတီခေါင်းဆောင်မျိုး မပေါ်ထွက်ခဲ့သည်ကို တွေ့နိုင်၏။ ထိုအချက်မှာ ရခိုင်ပြည်သူများ၏ လိုအင်ဆန္ဒများပြားခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ခေါင်းဆောင်တို့၏ ချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်သည်။ 

(လေး)

လက်ရှိရခိုင်ပြည်နယ်သည် နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များနှင့် အယူဝါဒများအချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်လွန်းသောပြည်နယ်ဟု ဆိုနိုင်သည်။ ရခိုင်ပြည်နယ်၏ နိုင်ငံရေးသည် ကိုယ်ယုံကြည်ရာ ကိုယ်စွဲကိုင်နေသော အုပ်စုဖွဲ့နိုင်ငံရေး (သို့မဟုတ်) ဖောင်ပျက်နိုင်ငံရေးနှင့်တူနေသည်။ ပြည်သူအချင်းချင်းတွင်လည်းကောင်း၊ ပါတီများနှင့် ခေါင်းဆောင်များအကြားတွင်လည်းကောင်း အချင်းချင်း တွန်းတိုက်ထိတွေ့မှုများဖြင့် ခရီးနှင်နေကြ၏။ လက်ရှိအချိန်တွင် ရခိုင်အမျိုးသားပါတီမှလွှမ်းမိုးထားသည်ဟု ဆိုသော ရခိုင်ပြည်နယ်လွှတ်တော်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှလွှမ်းမိုးထားသော ရခိုင်ပြည်နယ်အစိုးရတို့သည်လည်း အတိုက်အခံပုံစံ ဖြင့် စခန်းသွားနေကြသည်။ နိုင်ငံတော်၏ ပင်မမဏ္ဍိုင်ကြီးများက အချင်းချင်း အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်းမရှိဘဲ ပြဒါးတစ်လမ်း၊ သံတစ်လမ်းသွားနေကြသော ရခိုင်ပြည်နယ်တွင်းနိုင်ငံရေးပင် ဖြစ်၏။ 

(ငါး) 

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသည် ပုံမှန်အားဖြင့် ရခိုင်အမျိုးသား ရေးအင်အားစုများ အားကောင်းရာဒေသဖြစ်၏။ ရခိုင်လူထုတို့၏စိတ်ထဲတွင် ရခိုင်ပါတီနှင့် ရခိုင်ခေါင်းဆောင်ဆိုသောအစွဲများ ကိန်းအောင်းသည်။ သို့သော် လက်ရှိရင်ဆိုင်ရမည့် ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲတွင် မည်သည့်ပါတီနှင့် မည်သည့်ပုဂ္ဂိုလ်နိုင်ခြေရှိကြောင်း ခန့်မှန်းရန် ခက်ခဲသောအခြေအနေတွင်ရှိ၏။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအချိန်တွင် ရခိုင်ခေါင်းဆောင်များသည် တစ်မိုးတည်းအောက်တွင် တစ်စုတစ်စည်းတည်းရှိခဲ့ကြသဖြင့် မဲဆန္ဒရှင်ပြည်သူများအတွက် ဆုံးဖြတ်ရလွယ်ကူစေခဲ့ဟန်ရှိသည်။ လက်ရှိအချိန်တွင်တော့ ၂၀၁၅ နှင့်မတူသော အခင်းအကျင်းမျိုးရှိနေ၏။ ရခိုင်ပါတီကို မဲပေးမည့်မဲဆန္ဒရှင်များသည် တစ်ခုထက်ပိုသော ရခိုင်ပါတီနှင့်ခေါင်းဆောင်များကို ရွေးချယ်ကြရမည်ဖြစ်သဖြင့် မဲကွဲသွားနိုင်ခြေရှိနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးချယ်မဲပေးမည့် မဲဆန္ဒရှင်များအတွက်မူ ဝေ၀ါးစရာမလိုသည့်အပြင် မဲအရေအတွက် လျော့နိုင်စရာအကြောင်းလည်းမရှိဟု ဆိုနိုင်သည်။ 

အခြားတစ်ဖက်တွင် ရခိုင်ပါတီများသည် သူတို့အချင်းချင်း ယှဉ်ပြိုင်ကြရမည်ဖြစ်သကဲ့သို့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်လည်း ယှဉ်ပြိုင်ကြရမည်ဖြစ်၏။ ရခိုင်ပါတီနှင့် ခေါင်းဆောင်များအချင်းချင်း အားပြိုင်မှုပြင်းထန်လျှင် ပြင်းထန်သည့်အလျောက် NLD ပါတီအတွက် အမြတ်ပိုမိုထွက်လာနိုင်ခြေရှိသည်။ လက်ရှိ ရခိုင်လူထုသည်လည်း ANP လား၊ ALD လား၊ သို့မဟုတ် ပါတီဖြစ်မလာသေးသော အဖရခိုင်ပါတီ (AFP) လားဆိုသည်ကို ကိုယ်တိုင်သဲကွဲဦးမည်မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ရသေ့တောင်ရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှုပြင်းထန်သော ရွေးကောက်ပွဲတစ်ခု ဖြစ်လာနိုင်ခြေရှိသည်မှာ သေချာ၏။ 

ပို၍သေချာသည်မှာ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးကြမည့် ရခိုင်ပြည်သူများသည် ယခင်ကကဲ့သို့ ကိုယ်ထင်လျှင် ခုတင်ရွှေနန်း မဲပေးကြမည်မဟုတ်တော့ဘဲ ပကတိအခြေအနေနှင့်လိုက်လျောညီထွေစွာရွေး ချယ်လာကြလိမ့်မည်ဖြစ်၏။ နိုင်ငံတစ်နိုင်ငံ၏ ပါတီနိုင်ငံရေးသည် ပြဇာတ်တစ်ပုဒ်ဟုဆိုလျှင် ထိုပြဇာတ်ထဲမှ အဓိကဇာတ်ကောင်များသည် ရွေးကောက်ခံအမတ်များပင် ဖြစ်လိမ့်မည်။ ပြဇာတ်ကိုတင်ဆက်ကပြရာတွင် ဇာတ်ကောင်များသည် ဟာကွက်မှားကွက်များကို ကိုယ်တိုင်သတိထားမိနိုင်မည်မဟုတ်သော်လည်း ကြည့်ရှုနေသော ပရိသတ်ကတော့ ပကတိအတိုင်း မြင်တွေ့ကြရမည်ဖြစ်၏။ ထိုပရိသတ်သည် ပါတီနိုင်ငံရေးထဲမှ မဲဆန္ဒရှင်ပြည်သူများပင် ဖြစ်သည်။ ထို့အတူ လာမည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှ ရသေ့တောင် မဲဆန္ဒရှင်များသည် ၂၀၂၀ ခုနှစ်ကို ကြိုတင်နိမိတ်ဖတ်မည့် ဗေဒင်ဆရာများဟုလည်း ဆိုနိုင်သည်။ ထိုဗေဒင်ဆရာများ၏ ဟောကွက်များထဲတွင် ဗျာလနှင့် ခွပ်ဒေါင်းတို့၏ ၂၀၂၀ နိမိတ်ပုံများကို ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲက ထင်ဟပ်ပြနေလိမ့်မည်ပင် ဖြစ်၏။ ။ 

ရက္ခ

  • TAGS