News

POST TYPE

PERSPECTIVE

၂၁ ရာစု ပင်လုံရဲ့ တတိယအစည်းအဝေးနဲ့ ဖက်ဒရယ်ခရီး အလားအလာ
11-Jul-2018

၂၁ ရာစုပင်လုံ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ရဲ့ တတိယအကြိမ်အစည်းအဝေးတွေကို အာဇာနည်နေ့မတိုင်မီ လာမယ့် ဇူလိုင်လ ၁၁ ရက်ကနေ ၁၆ ရက်နေ့အတွင်းမှာ ပြန်လည်စတင်ကျင်းပကြပါတော့မယ်။ အခုအကြိမ်ပြုလုပ်မယ့် ဒီအစည်းအဝေးကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးလိုလိုလည်း တက်ရောက်ကြမယ်လို့ ပြောဆိုနေကြတဲ့အသံတွေကိုလည်း ကြားနေရပါပြီ။ ဒါကြောင့် အခုလိုအချိန်အခါမျိုးမှာ ဒီအစည်းအဝေးနဲ့ပတ်သတ်တဲ့ အတိတ်ကကိစ္စတွေ၊ ယခင်လုပ်ခဲ့တဲ့အစည်းအဝေးတွေမှာ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ယခုအစည်းအဝေးမှာ ဆက်လက်ဆွေးနွေးကြမယ့် ကိစ္စတွေကို သိဖို့လိုလာပါတယ်။ ဒီအတွက်ပဲ အတိတ်အကြောင်းအရာတွေကို ပြန်နွေးပေးရင်း အခုတစ်ကြိမ်ပြုလုပ်ကြမယ့် အစည်းအဝေးတွေမှာ ဘယ်လိုထူးခြားချက်တွေ တွေ့ကြရမလဲ၊ ပြည်ထောင်စုစာချုပ် (Union Peace Accord) အသစ်တစ်ခုကို ဘယ်လိုအချက်အလက်တွေ ထပ်တိုးပြီးချုပ်လာကြမလဲ၊ ဒီလိုဆိုရင် ကျွန်တော်တို့အားလုံး မျှော်မှန်းနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကြီးတစ်ခု ပေါ်ပေါက်ချိန်နီးပြီလား၊ ဒီအစည်းအဝေးမှာ ဆွေးနွေးကြမယ့် အဓိကထူးခြားချက်တွေက ဘာတွေဖြစ်လာမလဲ၊ ဘယ်သူတွေ တက်ရောက်လာမလဲဆိုတာတွေကို ကျွန်တော်တို့ လေ့လာစောင့်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။

ဒီအတွက်ပဲ ကျန်တဲ့အချက်တွေမပြောခင် ပထမဦးဆုံးအနေနဲ့ NCA ပေါ်ပေါက်ခဲ့ရာကနေစခဲ့တဲ့ အတိတ်အကြောင်းနဲ့ ၂၁ ရာစုပင်လုံ ပထမအကြိမ်၊ ဒုတိယအကြိမ်ဆွေးနွေးပွဲတွေဆီက အကြောင်းအရာတွေကို ပြန်ကောက်ကြည့်ကြရအောင်ပါ။ ယခင်အစိုးရလက်ထက်ကဖွဲ့စည်းခဲ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (UPWC) နဲ့ တိုင်းရင်းသားလက်နက်ကိုင်များဘက်က အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုကော်မတီ (NCCT) တို့အကြား ပထမဆုံးအစည်းအဝေးကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စတင်ခဲ့ကြသလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကို အလွတ်သဘော (၂၂) ကြိမ်နှင့် တရားဝင် (၇) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်ပိုင်းမှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို ယခင်အစိုးရလက်ထက် သက်တမ်းကုန်ခါနီးချိန်မှာ သမ္မတဟောင်း ဦးသိန်းစိန်ကိုယ်တိုင်ဦးဆောင်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြတာ အားလုံးလည်းသိကြပြီးဖြစ်မယ်ထင်ပါတယ်။

ဒီ NCA စာချုပ်ကြီးမှာ ဘာတွေပါခဲ့သလဲဆိုတာကို လေ့လာကြည်တဲ့အခါ NCA ကို နိုင်ငံရေးလမ်းပြမြေပုံအဖြစ် မူဘောင်ကိုချမှတ်အခြေခံပြီးတော့မှ ဒီအပေါ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပတာ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်တွေ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကြတာနဲ့ နှစ်ဖက်သဘောတူညီတဲ့ ဆောင်ရွက်ဖွယ်ရာကိစ္စများကို ဆက်လက်ဆောင်ရွက်ကြတာ၊ နောက်ဆက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပတာ၊ နိုင်ငံရေးမူဘောင်တွေဆွေးနွေးတာ (Political Dialogue) နဲ့ ဒီကရလာတဲ့အချက်တွေကိုစုစည်းပြီး ပြည်ထောင်စုစာချုပ် (Union Peace Accord) ချုပ်ဆိုတာ၊ ဒီနောက်မှာတော့ နောက်ဆုံးအဆင့်အနေနဲ့ အဆိုပါစာချုပ်ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြတာ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကြတာ ဆိုတဲ့အဆင့်တွေ ပါဝင်ပြီး ဒီအဆင့်တွေအတိုင်းပဲ အခုလိုအစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ပြီး ဆက်သွားကြရမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီသဘောတူညီချက်တွေနဲ့အညီ ယခင်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အဲ့ဒီကရရှိလာတဲ့ ပြည်ထောင်စုစာချုပ်အပိုင်း (၁) ကို ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုလွှတ်တော်မှာတင်ပြပြီး မှတ်တမ်းတင်ထားရှိတာကိုလည်း သိကြ၊ ကြားခဲ့ကြပြီးဖြစ်မှာပါပဲ။

ဒီအတွက် ဒီ NCA အပေါ်အခြေခံပြီး NLD အစိုးရလက်ထက်မှာ ဆက်လက်လုပ်ခဲ့တာတွေကို လေ့လာကြည့်တဲ့အခါ ၎င်းတို့တာဝန်ယူပြီး တစ်လကျော်အချိန် ၂၀၁၆ ခုနှစ် မေလ ၂၇ ရက်နေ့မှာပဲ ယခင်အစိုးရဟောင်းလက်ထက်က ဖွဲ့စည်းထားခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကိုပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကို ယခင်အစိုးရလက်ထက် ဖော်ဆောင်ပေးခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်အခြေခံကာ တပ်မတော်နဲ့လက်တွဲပြီး အောင်မြင်အောင် ပူးပေါင်းဖော်ဆောင်လုပ်ဆောင်သွားမယ်လို့ သူတို့ဆုံးဖြတ်ခဲ့ကြတာ မြင်ခဲ့ရပါတယ်။ ဒီလိုဆုံးဖြတ်ခဲ့ခြင်းနဲ့အတူ ၂၀၁၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် ပြင်ဆင်ရေးကော်မတီ ဝင်များနဲ့ဆွေးနွေးခဲ့တာ၊ နောက်ဇူလိုင်လ ၁၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတက “ငြိမ်းချမ်းရေးကော်မရှင်” တစ်ရပ်ကို အကြံပေးအဖွဲ့ဝင်သုံးဦး၊ အထောက်အကူပြုအဖွဲ့ဝင်ခုနစ်ဦးတို့နဲ့ ထပ်မံဖွဲ့စည်းပေးခဲ့တာတွေကို လုပ်ခဲ့တာ လေ့လာမိပါတယ်။

ဒီနောက်မှာတော့ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့မှခေါင်းဆောင်များ ဇူလိုင်လ ၁၇ ရက်မှာ တွေ့ဆုံညှိနှိုင်းတိုင်ပင်ပြီး၊ ဩဂုတ်လ ၂၂ ရက်နေ့မှာတော့ ယခင်ကရှိခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (Framework For Political Dialogue) ကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့တာတွေကို ဆောင်ရွက်ပြီးချိန်မှာတော့ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ ၂၁ ရာစုပင်လုံဆိုတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို ပထမဦးဆုံးအကြိမ် ကျင်းပနိုင်ခဲ့ကြပါတယ်။ ဒီညီလာခံကို အဲ့ဒီတုန်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက တက်ရောက်မိန့်ခွန်းပြောကြားခဲ့သလို အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ခြောက်နေရာကျင်းပပြီး တင်ပြလာတဲ့ အဆိုတင်သွင်းချက်နဲ့ အစုအဖွဲ့နှစ်ခုက တင်သွင်းတဲ့ စာတမ်းစုစုပေါင်း ရှစ်စောင်ကို အခြေခံပြီးတော့ ဆွေးနွေးခဲ့ကြတာ လေ့လာမိပါတယ်။ နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုတွေမှာတင်သွင်းလာတဲ့ စာတမ်းကို အတည်ပြုခဲ့ကြပြီး အခြေခံမူခုနစ်ခုမှာ ခြောက်ခုကို အတည်ပြုနိုင်ခဲ့ကြပြီး အခြားသဘောတူညီချက်တွေကိုတော့ မေ ၂၄ ရက်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ တင်ပြသွားကြမယ်လို့ သူတို့ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) အနေနဲ့ ဆက်လက်ဆောင်ရွက်ကြရမယ့် ရှေးလုပ်ငန်းစဉ်များအတွက် ကြားကာလတွေမှာ အစည်းအဝေးတွေအကြိမ်ကြိမ် ပြုလုပ်ပြီးချိန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို “၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့ထိ နေပြည်တော် MICC -2 မှာ ပြုလုပ်နိုင်ခဲ့ကြပြန်ပါတယ်။ ဒီအစည်းအဝေးမှာတော့ ပထမကြိမ်ရဲ့သဘောတူညီချက်တွေအပေါ် အစည်းအဝေး ၁၁ ကြိမ်ထိ ပြုလုပ်ခဲ့ကြပြီး နိုင်ငံတွေ့ဆုံဆွေးနွေးမှုမူဘောင်ရဲ့ သတ်မှတ်ချက်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများကို အဆင့်ဆင့်ကျင်းပခဲ့တာ မြင်ခဲ့ရပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလူမျိုးများရဲ့ ဒေသအလိုက်၊ ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့မှုများကို စုစည်းနိုင်ခဲ့ကြပြီး နောက်ဆုံးမှာတော့ တိုးတက်မှုအဖြစ် ပြည်ထောင်စုစာချုပ်အစိတ်အပိုင်း (၁) ကို မေလ ၂၉ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ဒီစာချုပ် အပိုင်း(၁) မှာတော့ နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒသဘောတူညီချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍမူဝါဒ သဘောတူညီချက် ၄ ချက်၊ နောက်မြေယာနဲ့သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက် ၁၀ ချက် စုစုပေါင်း ၃၇ ချက်တို့ပါဝင်ခဲ့ကြပါတယ်။

ဒီဒုတိယအကြိမ်အစည်းအဝေးကိုတော့ “ဝ” ပြည်သွေးစည်းညီညွတ် ရေးတပ်မတော် (UWSA) မှ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိနှင့် အဖွဲ့ဝင်ခုနစ်ဦး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လနှင့် အဖွဲ့ဝင်ခြောက်ဦး၊ AA အဖွဲ့မှ ဒေါက်တာညိုထွန်းအောင်နှင့် အဖွဲ့ဝင်နှစ်ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ တာဂျုတ်ဂျားနှင့် အဖွဲ့ဝင်သုံးဦး၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ရန်ဝမ်ဂျောင်နှင့် အဖွဲ့ဝင်သုံးဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ စိုင်းဘထွန်းနှင့် အဖွဲ့ဝင်လေးဦး၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ဦးဆန်လူနှင့် အဖွဲ့ဝင် ၁၄ ဦးတို့ တက်ရောက်ခဲ့ကြတာမြင်ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ အဆိုပါသဘောတူညီချက်တွေအတွက် လိုက်နာကြရမယ့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ စောင့်ကြည့်မည်သူများအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှလည်း ၎င်းတို့ရဲ့လုပ်ငန်းဆောင်တာတွေကို အသီးသီးဆောင်ရွက်တာ၊ ကျန်ကော်မတီတွေကလည်း သူတို့လုပ်ဆောင်ရမယ့် အစည်းအဝေးတွေကျင်းပတာ၊ ဆွေးနွေးတိုင်ပင်ကြတာတွေကို အချိန်ယူဆောင်ရွက်ပြီးချိန်မှာတော့ အခုလိုတတိယအကြိမ်အစည်းအဝေးကို လာမယ့်ဇူလိုင်လ ၁၁ ရက်နေ့မှာကျင်းပဖို့ ဖြစ်လာတာပဲဖြစ်ပါတယ်။ ဒီ တတိယအကြိမ်အစည်းအဝေးမှာတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၂ ကို ချုပ်ဆိုဖို့ဖြစ်လာနိုင်ပြီး ဖတ်ရတဲ့သတင်းတွေအရဆိုရင် နိုင်ငံရေးမှာ ၇ ချက်၊ စီးပွားရေးမှာ ၁၁ ချက်၊ လူမှုရေးမှာဆိုရင် ၉ ချက်၊ မြေယာနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာမှာ ၅ ချက်နဲ့ လုံခြုံရေးကတော့ ဆွေးနွေးဆဲပဲရှိပြီး မူဝါဒအဆင့်အထိတော့ အဆိုပြုချက်မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအဆိုပြုချက်တွေထဲမှာကလည်း တချို့တချို့အချက်တွေဆိုရင်တော့ အစုအဖွဲ့အားလုံးက သဘောတူထားတဲ့အချက်အလက်တွေလည်းပါသလို Option အနေနဲ့ တပ်မတော်ကဘယ်လို၊ တိုင်းရင်းသားလက်နက်ကိုင်က ဘယ်လို၊ နိုင်ငံရေးပါတီက ဘယ်လိုဆိုတာတွေ စတဲ့အဆိုပြုချက်အပြိုင်တွေကို အဲဒီလိုပုံစံနဲ့ စုစည်းထားတာပဲ ရှိနေသေးကြောင်းနဲ့ ဒါတွေကို UPDJC ကို တင်သွင်းပြီးတော့ ဆက်လက်အတည်ပြုချက် ရယူရမှာဖြစ်တယ်လို့လည်း ပါရှိပါတယ်။

လူမှုရေးကဏ္ဍ ၉ ချက်အပိုင်းမှာတော့ ပထမအချက်က ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ကြီးလေးသောချိုးဖောက်မှု (Sex Grave Violations) တွေ မလုပ်ဖို့၊ ကလေးသူငယ်တွေအပေါ်မှာ သတ်ဖြတ်ခြင်း၊ လိင်အကြမ်းဖက်ခြင်းနဲ့ ကလေးစစ်သားစုဆောင်းခြင်းတွေ စတဲ့အချက်တွေအပြင် မသန်စွမ်း သူတွေရဲ့ အခွင့်အရေးအတွက်လည်း ပါဝင်တယ်လို့ဆိုပါတယ်။ အခြားအချက်တွေအနေနဲ့ကတော့ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးတွေပါဝင်ပြီး အခု တတိယအကြိမ်အစည်းအဝေးမှာတော့ သဘောတူညီချက်ပေါင်း ၉၀ လောက်ကို တင်နိုင်ဖို့ မှန်းထားတယ် ဆိုတဲ့သတင်းတွေလည်း ပေါ်ထွက်လာနေခဲ့ပါတယ်။

ဒီအတွက်သုံးသပ်ရရင် အပေါ်က နောက်ဆုံးဆိုခဲ့သလို ယခုတစ်ကြိမ်ပြုလုပ်မယ့်အစည်းအဝေးမှာတော့ ကဏ္ဍပေါင်းစုံက အချက်ပေါင်း ၉၀ လောက်ကို သဘောတူနိုင်ခဲ့ပြီဆိုရင်တော့ ပြည်ထောင်စုစာချုပ်အပိုင်း (၂) ကို ဆက်လက်ချုပ်ဆိုသွားကြမှာဖြစ်ပြီး ယခင်က တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီး သဘောတူညီချက်တွေများလာတော့မှာလည်း မြင်ရပါတယ်။ ပြီးရင်တော့ ပထမတစ်ခါ ပြည်ထောင်စုစာချုပ်အပိုင်း (၁) ကို ပြည်ထောင်စုလွှတ်တော်တင်ပြီး မှတ်တမ်းတင်ထားသလိုမျိုးပဲ သူတို့တင်သွင်းကြရဦးမှာပါ။ ဒီနေရာမှာ ချန်ပြီးပြောဖို့မသင့်တဲ့ကိစ္စကတော့ လုံခြုံရေးကဏ္ဍပဲ ဖြစ်ပါတယ်။ ဒီကဏ္ဍအပိုင်းက အချက်တွေအတွက်ကတော့ အခုထိ လိပ်ခဲတည်းလည်းနဲ့ အဖြေမထွက်နိုင်သေးသလို ဒီကဏ္ဍဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးပြုလုပ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်တဲ့နေရာမှာလည်း အဓိကကျတဲ့ သဘောတူညီရမယ့်အချက်တွေ ပါဝင်နေပါတယ်။ ကျန်တဲ့လူမှုရေး၊ မြေယာ၊ စီးပွားရေးသဘောတူညီချက်တွေဆိုတာကတော့ ယခင်ရှိပြီး ပြဋ္ဌာန်းပြီးသားဥပဒေတွေကို ပြန်လှန်ဖတ်ရှုကြည့်ရင် အစိုးရက ပြည်သူတွေအတွက် ဖော်ဆောင်ပေးရမယ့်အချက်တွေ ရှိပြီးသားတွေအထဲမှာ ပါပါတယ်။ မဖော်ဆောင်ပေးနိုင်တာတွေပဲ ရှိပါတယ်။ ဥပဒေတွေက ရှိပြီးမြေပြင်မှာ အမှန်အတိုင်း မျှမျှတတအကောင်အထည်မဖော်ကြလို့သာ ဖြစ်နေတာပါ။ ဒီအတွက် နောက်ဆုံးချုပ်ရရင် ဖက်ဒရယ်ခရီးနီးဖို့ဆိုရင် နိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍအတွင်းမှာ ပါရှိလာမယ့်သဘော တူညီချက်တွေကသာ ရှေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အဓိကအခရာကျနေတာမို့ ဒီကဏ္ဍတွေမှာ ဘယ်လိုတွေတိုးတက်မှုရှိလာမလဲ၊ ဆုတ်ယုတ်နေလဲ၊ ဒီအပေါ်ဘယ်သူတွေကတော့ တွန်းတွန်းတိုက်တိုက်လုပ်ပြီး ဘယ်သူတွေ ဘယ်အဖွဲ့တွေကတော့ ကြားခိုနေသလဲ၊ ဘယ်အဖွဲ့တွေက သဘောထားတင်းမာနေသလဲ၊ ဒီတော့ ရလဒ်အဖြေက ဘာဖြစ်လာမလဲ စတဲ့ စတဲ့ အခင်းအကျင်းတွေကိုသာ ကျွန်တော်တို့အနေနဲ့ တတိယအစည်း အဝေးမှာ ဆက်လက်စောင့်ကြည့်လေ့လာသွားကြရင်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ပေါ်ပေါက်ပါစေလို့သာ ဆုတောင်းကြရမှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

အောင်ဇေယျ