News

POST TYPE

PERSPECTIVE

ကုန်သွယ်ရေးစစ်ပွဲ
10-Jul-2018

(၁)

လွန်ခဲ့သောလက ဘေဂျင်းသို့ ကျွန်တော်ရောက်ခဲ့ပါသည်။ ဘေဂျင်းမြို့သို့ရောက်လျှင် ဂူးဂဲလ်၊ ဖေ့စ်ဘွတ်ခ်နှင့် အူဘာ (Google, Facebook, Uber) တို့ကို သုံး၍မရနိုင်ကြောင်း သိပါသည်။ ကျွန်တော်သည် အပြင်မှာ သုံးစွဲရသည့်အရာများ တရုတ်ပြည်မှာ မရနိုင်ဆိုခြင်းမှာ ထူးဆန်းနေသည်။ တရုတ်တို့က စိတ်အနှောင့်အယှက်ဖြစ်ဟန်မတူ၊ သူတို့သည် သူတို့နိုင်ငံမှလုပ်သည့် Baidu ကို ဂူဂဲလ်အစားနှင့် ဆိုရှယ်မီဒီယာအတွက် Wechat သုံးမည်၊ တက္ကစီငှားလိုပါလျှင် Didi ကိုသုံးမည်၊ သတင်းတွေဖတ်လိုလျှင် Toutiao  ကိုသုံးမည်၊ ဘေဂျင်းတွင်လုပ်သမျှကို အစိုးရကစောင့်ကြည့်နေမည်ဆိုခြင်းကိုသိပါသည်။ ဤအလုပ်ကို ပုံမှန်လုပ်နေကျ အလုပ်တစ်ခုသဖွယ် သဘောထားကြပါသည်။

(၂)

တရုတ်အစိုးရအနေနှင့် သူတို့နိုင်ငံသားများအတွက် မိမိကိုယ်ပိုင်တံဆိပ် (Brand) ဖြင့်သာ သုံးစွဲခွင့်ပေးခဲ့ပါသည်။ လွတ်လပ်ခွင့် (Privacy) ဆိုသည်မှာမရှိ၊ သူတို့၏ တကယ့်ရည်ရွယ်ချက်မှာ သူတို့တံဆိပ်ကို တရုတ်ပြည်၌သာမက တစ်ကမ္ဘာလုံးစိုးမိုးရန် ရည်ရွယ်ရင်းပင်ဖြစ်သည်။ အမေရိကန်နှင့် အပေါင်းအပါတို့ကလည်း တရုတ်တို့ကြီးစိုးမည့်အရေးကို အစွမ်းကုန်ကာကွယ်ကြမည်ဖြစ်သည်။

သမ္မတထရမ့်မှာ ထိုစစ်ပွဲတွင် အမေရိကန်နိုင်ငံကို ဦးဆောင်နိုင်ဖွယ်မရှိ၊ သူမကြာခင်က သတ်မှတ်လိုက်သော သံမဏိနှင့် အလူမီနီယမ်တို့အပေါ် တင်းကျပ်အခွန်ကောက်ခံမည့် စီမံကိန်းကို တရုတ်ပြည်သာမက မိတ်ဆွေနိုင်ငံဖြစ်သည့် ကနေဒါနှင့် ဂျာမနီအပါအဝင် ဥရောပကောင်စီနိုင်ငံများက ဆန့်ကျင်လျက်ရှိသည်။ သို့သော် သံမဏိအပေါ် အခွန်ကောက်ခြင်းမှာ ဖြစ်ပွားဖွယ်ရှိသော တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲနှင့်စာသော် ဘာမှ အရာမရောက်သည့်ကိစ္စဖြစ်သွားသည်။ ရေရှည်တွင် မည်သည့်နိုင်ငံက စီးပွားရေးတွင်ကြီးစိုးမည်ကို စက်မှုစွမ်းအား (Technology) က အဆုံးအဖြတ်ပေးပါလိမ့်မည်။ တိုင်းပြည်တစ်ခုတွင် လူတို့၏လုပ်အားနှင့် ရင်းနှီးငွေသည် ဂျီဒီပီ GDP ၏ ၂၀ ရာခိုင်နှုန်းမျှသာရှိပြီး ကျန် ၈၀ ရာခိုင်နှုန်းမှာ စီးပွားရေးတိုးတက်မှုဘက်မှဖြစ်သည်။ ထုတ်ကုန်တိုးမြှင့်ရေးအတွက် စက်မှုအားကို အဘယ်မျှသုံးနိုင်မည်ဆိုသည့်အပေါ်တွင် မူတည်ပါသည်။

တရုတ်ပြည်၏ ရည်မှန်းချက်များတွင် သူတို့လူနေမှုအဆင့်အတန်းကို အနောက်နိုင်ငံတို့သို့ အမီလိုက်ရန်တစ်ခု အပါအဝင်ဖြစ်သည်။

လူပေါင်းများစွာက တရုတ်၏ထုတ်ကုန်အပေါ်တွင် အခွန်ကောက်ခံဖို့အရေးကို ရှုတ်ချနေကြသော်လည်း တရုတ်ပြည်အပေါ်တွင် ဒေါ်လာ ၆၀ ဘီလီယံမျှ အကောက်ခွန်ကိုချမှတ်သောအခါ ဝမ်းသာနေကြသည်။ အကယ်၍ တရုတ်ပြည်က တန်ပြန်အကောက်ခွန်ကို သတ်မှတ်ပါလျှင် နောက်ထပ် ၂၀၀ ဘီလီယံ တိုးချမည်ဟုလည်း ခြိမ်းခြောက်ထားသည်။ ထိုအတောအတွင်း တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်တို့နှင့် စက်မှုဆိုင်ရာ ဗဟုသုတများကို တရုတ်ပြည်သို့ တင်ပို့ခြင်းကိုလည်း သေချာစိစစ်နေသည်။

မစ္စတာထရမ့်က သူသမ္မတ မဖြစ်မီကတည်းက စတင်နေခဲ့သော ကုန်သွယ်ရေးစစ်ပွဲကို ပိုမိုကျယ်ပြန့်အောင်၊ အရှိန်အဟုန်ရအောင် ဆောင်ရွက်နေသည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းပြီးကတည်းက နိုင်ငံများမှာ နယ်စပ်ကိုကျော်ဖြတ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် ကုန်စည်နှင့် ငွေကူးသန်းခြင်းနှင့် လူဖြတ်သန်းခြင်း (Immigration) တို့ကို အတားအဆီးများပြုလုပ်ကြသည် ဂလိုဘယ်လိုက်ဇေးရှင်း၏ ချန်ပီယံများက နိုင်ငံတို့၏ နယ်နိမိတ်များပြိုကျပျက်စီးရမည်ဟု နိမိတ်ဖတ်နေချိန်တွင် တရုတ်ပြည်က သမ္မတထရမ့်၏ တရုတ်ပြည်နှင့် ပတ်သက်လျှင် တင်းမာသောသဘောထားမှာ ပြောင်းပြန်ဖြစ်နေသည်။

အနောက်နိုင်ငံများက တရုတ်နိုင်ငံသည် တရားမဝင်သော နည်းလမ်းများဖြင့် အနောက်နိုင်ငံများကို အမီလိုက်လာနေသည်။ တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံရန် ရောက်ရှိလာသောကုမ္ပဏီများကို သူတို့၏အတတ်ပညာများ အတင်းသုံးခိုင်းသည်။ သူတို့၏သတင်းခိုးယူသူများက (Hacker) များက အတတ်ပညာကိုခိုးယူသည်။ ၁၉ ရာစုနှစ်က အမေရိကားသည်လည်း အင်္ဂလန်နိုင်ငံမှ နည်းပညာကို ကူးချဖူးသည်။ ဂျပန်နိုင်ငံ၏ တိုးတက်လာပုံမှာလည်း အမေရိကန်တို့၏ လုပ်ပုံကိုင်ပုံကို ကူးချခြင်းပင်ဖြစ်သည်။ ကူးယူပုံခြင်းတူသော်လည်း တရုတ်တို့လုပ်ကြသည်မှာ ပို၍ကြောက်စရာကောင်းသည်။

ဘေဂျင်းသည် ဂူဂဲလ်နှင့် ဖေ့စ်ဘွတ်ခ်ကို နိုင်ငံတွင်းသို့ အဝင်မခံ၊ (Uber) ကိုလည်း မတရားသောနည်းများဖြင့် ဖိအားကိုသုံးလျက် ပြည်တွင်းကုမ္ပဏီတစ်ခုသို့ ရောင်းချရသည်။ Amazon ကို တရုတ်ပြည်မှထွက်ခွာသွားအောင် ဖိအားပေးသည်။ Chip Maker မာခရွန်ကို တရုတ်ပြည်အတွင်း သူတို့ Chip များကို မရောင်းရဟု တားမြစ်ထားသည်။ ပြည်တွင်းဈေးကွက်မှငွေကို ပြည်ပသို့ထွက်မသွားရအောင်လုပ်သည်။ ပြည်တွင်းကုမ္ပဏီများကို နိုင်ငံခြားတိုင်းပြည်များသို့ လုပ်ငန်းသဘာဝကျယ်ပြန့်အောင် ဆောင်ရွက်ပေးသည်။

ယမန်နှစ်က ပုလဲဆိပ်ကမ်းကို Greater Bay Area ဟု နာမည်ပေး၍ ရှမ်းဇန်း ကံတုံမြို့နှင့် ဟောင်ကောင် (Shenzhen, Guangzhou) တို့ကို အမေရိကန်နိုင်ငံမှ အီလီကွန်တောင်ကြားနှင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးစားမည်ဟု ကြေညာထားသည်။

တစ်ချိန်က Made in China သည် ခေတ်စားခဲ့သော်လည်း ယခုအခါ “တရုတ်ပြည်တွင် ဖန်တီးသည်” (Create in China) ဆိုသော စကားဖြင့် အစားထိုးရန်ကြံစည်နေသည်။ တရုတ်ပြည်တွင် ယခင်က နေရာအနှံ့မှထုတ်လုပ်လိုက်သောပစ္စည်းကို တစ်နေရာတွင် ပြန်လည်တပ်ဆင်ပြီး ရောင်းချရသည်။ ယခုအခါ တစ်နေရာတည်းတွင် ပစ္စည်းသစ်များကို တီထွင်ဖန်တီးထုတ်လုပ်ခြင်းဖြင့် ရှမ်းဇန်းပြည်နယ်သည် ဆီလီကွန်တောင်ကြားထက် ပိုမိုကောင်းမွန်သောအရာများကို ထုတ်လုပ်နိုင်သည်ဟူ၍ ပြောနေကြသည်။

ကမ္ဘာတွင် ငွေကြေးတောင့်တင်းသော အင်တာနက်ကုမ္ပဏီ ၂၀ အနက် ၁၁ ခုမှာ အမေရိကန်မှဖြစ်ပြီး ၉ ခုမှာ တရုတ်ပြည်မှ ဖြစ်သည်။ တရုတ်ပြည်တွင် လွန်ခဲ့သော ၅ နှစ်က အင်တာနက်ကုမ္ပဏီ ၂ ခုသာ ရှိသည်။ အလီဘာဘာနှင့် Tencent တရုတ်ကုမ္ပဏီနှစ်ခုမှာ အသုံးပြုသူ ပြည်တွင်းမှ ၉၀ ရာခိုင်နှုန်းရရှိပြီး ဂူဂဲလ်၊ဖေ့စ်ဘွတ်ခ်တို့၏ ၁၀ ရာခိုင်နှုန်းသာ အမေရိကန်နိုင်ငံအတွင်းမှ ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ တရုတ်တို့က ဤမျှနှင့် အားမရနိုင်ဘဲ ပိုမိုကျယ်ပြန့်လာစေရန် အားထုတ်လျက်ရှိသည်။

ထရမ့်အစိုးရက တရုတ်ပြည်ကုမ္ပဏီများ၏ နယ်ပယ်ခံအင်အားချဲ့ထွင်ခြင်းကို တားမြစ်လိုသည်။ မကြာမီက မန်းနီးဂရမ် (Money Gram) ခေါ် ငွေလွှဲကုမ္ပဏီကို တရုတ်ပြည်မှဝယ်ယူရန် ကြိုးစားခြင်းကို (Block)  တားမြစ်ထားသည်။ Chip များပြုလုပ်သော Qualcomm ကို Broadcomm က ဝယ်ယူရန် အစီအစဉ်ကိုလည်း ခွင့်မပြုပေ။

ထရမ့်က တရုတ်တယ်လီကွန်ကုမ္ပဏီ ZTE သို့ ကုန်ပစ္စည်းမရောင်းချရန် (Supplier) ပိတ်ပင်လိုက်သောအခါ ZTE က အမေရိကန်ပြည်မှ အဓိကကျသောပစ္စည်း မရရှိနိုင်သည့်အတွက် စက်ရုံကို ပိတ်ရတော့သည်။ ထရမ့်က ZTE အပေါ်ချမှတ်ထားသည့် တားမြစ်ချက်ကိုဖယ်ရှားရန် ZTE က ဒေါ်လာ ၅ ဘီလီယံ ဒဏ်ကြေးပေးရန်နှင့်၊ အဓိကအုပ်ချုပ်မှုကော်မတီလူကြီးများကို ထုတ်ပစ်ရမည်ဟုတောင်းဆိုသည်။ ထရမ့်က ထိုအကြောင်းကို ကွန်ဂရက်သို့ တင်ပြသောအခါ ကွန်ဂရက်က သဘောမတူခဲ့ပေ။

ထရမ့်၏လိုအပ်ချက်များမှာ Financial Technology နှင့် AI- Artificial Inteligence ဘက်တွင် တရုတ်ပြည်သို့ စက်မှုပစ္စည်းတင်ပို့ခြင်းနှင့် အမေရိကန်ပြည်မှ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ရန်ဖြစ်သည်။ အလားတူ ဂျာမနီက တရုတ်ပြည်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခြင်းကို ကန့်သတ်ပြီး ဩစတြေးလျက တရုတ်တို့၏ 5G Technology ကို ပြည်တွင်းသို့အဝင်မခံရန် စဉ်းစားနေသည်။

ရုရှား၊ ဘရာဇီးနှင့် အခြားနိုင်ငံများတွင် မိမိတို့နိုင်ငံအတွင်း ပြည်သူများသုံးသော Server များကို နိုင်ငံတွင်းတွင် ထားရမည်ဟူသော ဥပဒေကို ချမှတ်ခဲ့သည်။ သို့မှသာ ထိုဆာဗာများ၏ အလုပ်လုပ်ရမှုများကို စောင့်ကြည့်ရန် ထိန်းချုပ်ရန် လွယ်ကူမည်ဖြစ်သည်။ ကာတာ၊ အီရန်၊ ယူအေအီးနှင့် အခြားနိုင်ငံအများအပြားမှာ နိုင်ငံခြားတွင်သုံးသည်။ WhatsApp နှင့် ဗိုက်ဗာ (Viber) တို့ကို တားမြစ်ထားသည်။ 

စီးပွားရေး ကပ်ဆိုက်ပြီဆိုလျှင် အမေရိကန်၊ ဥရောပနှင့် ဂျပန်နိုင်ငံတို့တွင်တင်ရှိသောကြွေးက များပြားလှပါသည်။ ဤသို့ဆိုလျှင် ထိုအစိုးရများအနေဖြင့် စီးပွားရေးကပ်မှလွတ်မြောက်ရန် မလွယ်ကူလှပါ။ ဤကဲ့သို့ အခြေအနေမျိုးတွင် ကိုယ်ကျိုးစီးပွားကို ကာကွယ်ခြင်း (Protectionism) တစ်ခုသာလုပ်စရာရှိပါသည်။ မိမိအကျိုးကိုကာကွယ်ရန်အတွက် နိုင်ငံတွင်း ဝင်လာမည့်ကုန်ပစ္စည်းအပေါ် အခွန်စည်းကြပ်ခြင်းကိုသာ လုပ်နိုင်ကြပါသည်။ ဤသို့ဖြင့် အမြော်အမြင်ကြီးသူများက ချမှတ်ထားခဲ့ကြသော (Free Trade) နှင့် ဆန့်ကျင်သောအရာများသာ ဆက်တိုက်ဖြစ်လာရန်ရှိပါသည်။ ရင်းနှီးမြှုပ်နှံသူများ ကုန်ထုတ်လုပ်သူများ ကြောက်ကြသည်မှာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်မှာကိုပဲဖြစ်ပါသည်။

(၃)

ထရမ့်၏အစိုးရက သောကြာနေ့ (ဇူလိုင် ၆ ရက်)နေ့က တရုတ်ပစ္စည်း ၃၄ ဘီလီယံပေါ်တွင် အခွန်စကောက်ပြီဖြစ်ရာ တရုတ်က လက်တုံ့ပြန်မည့်အရေးကို စောင့်ရန်သာရှိတော့သည်။ လူအများကမူ ကုန်သွယ်ရေးစစ်ပွဲစပြီဟု ပြောဆိုနေကြသည်။

ကိုသန်းလွင်
Ref: The coming Tech Battle with China, Ruchir Sharma New York Times June 28 2018