News

POST TYPE

PERSPECTIVE

မြင့်တက်လာသည့် ကုန်ဈေးနှုန်း စီးပွားရေးရပ်တန့်မှုနှင့် ဂယက်များ
10-Jul-2018

မြန်မာလူမျိုးများ မဖြစ်မနေစားရသည့် ဆန်ဈေးနှုန်းက တစ်ပြည်ပျမ်းမျှ ၄၀၀ ကျပ်ခန့်တက်သွားသည်။ ကြက်ဥတစ်လုံး က ၁၄၀ ကျပ်နှင့် ၅၀၀ ကျပ်ဖိုး လေးလုံးပင် မရချင်။ ခရမ်းချဉ်သီးတစ်ပိဿာ ၂၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စည်းပင်လျှင် ၁၀၀ ကျပ်ဖြစ်နေပေပြီ၊ ဂေါ်ဖီတစ်ထုပ်တောင် ၇၀၀ ကျပ်ဆိုတော့။

ပြည်သူများ၏ စီးပွားရေးနှင့် အခြေခံအကျဆုံးစားဝတ်နေရေး အသင့်အတင့်ချောင်လည်ရန်တော့ ဦးစားပေးရမည်ထင်ပါသည်။ ကုန်ဈေးနှုန်းက ယခင်ကတည်းက ကျသည်ဟူ၍မရှိ။ တဖြည်းဖြည်း တရိပ်ရိပ်တက်နေသည်သာ။ ယခုလတ်တလော ကုန်ဈေးနှုန်းတက်မှုကတော့ မြန်မာငွေကြေးဖောင်းပွမှုနှင့် ပြည်တွင်းဒေါ်လာငွေလဲလှယ်နှုန်း ရုတ်တရက်တက်လာမှုနှင့် ဆက်စပ်နေသလား။ အမေရိကန်ပြည်တွင်း စီးပွားရေးဦးစားပေး ကုန်သွယ်ရေးမူဝါဒပြောင်းလဲမှု၊ ကုန်သွယ်ရေးစစ်ပွဲတာစူနေမှု၊ ကမ္ဘာ့စီးပွားရေးဈေးကွက်အခြေအနေက အမေရိကန်ဒေါ်လာခိုင်မာမှုသို့ တွန်းပို့နေသလို မြန်မာငွေတန်ဖိုးကျဆင်းလာမှုကလည်း ဒေါ်လာများစွာ လိုအပ်နေသော မြန်မာနိုင်ငံအတွက် ကုန်ဈေးနှုန်းရုတ်ခြည်းတက်လာမှု၏ အဓိကလက်ညှိုးထိုးစရာလိုဖြစ်နေသည်။ အမေရိကန်ဒေါ်လာပြင်ပပေါက်ဈေး ဇူလိုင် ၉ ရက်စာရင်းအရ ဝယ်ဈေး ၁၃၉၈ ကျပ်ရှိနေပြီဖြစ်သည်။

လက်ရှိတိုင်းပြည်စီးပွားရေးတုံ့နှေးနေမှုအပေါ် နိုင်ငံတကာ စီးပွားရေးအခြေအနေဂယက်က ပိုမိုဆိုးရွားစေပြီး တိုင်းပြည်စီးပွားရေး ကိုယ်ခံအားကျဆင်းနေမှုက ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်နိုင်သည့်အတွက် အထူးဂရုပြုရန် လိုအပ်မည်ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သော မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ညီလာခံတွင်လည်း စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးဆောင်ရွက်မှုကဲ့သို့ စီးပွားရေးကဏ္ဍကို ထိပ်ဆုံးဦးစားပေးအဖြစ် သတ်မှတ်သင့်ကြောင်းကို အစိုးရက ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ကြေညာပေးရန် အပါအဝင် တိုင်းပြည်စီးပွားရေးတိုးတက်စေရေး အချက်လေးချက် ဆောင်ရွက်ရန် တင်ပြခဲ့ဖူးသလို စီးပွားရေးကို အခြားကဏ္ဍများထက် ဦးစားပေး တွန်းတွန်းတိုက်တိုက်ဆောင်ရွက်သင့်ပါသည်။

သို့သော် ယခုအစိုးရလက်ထက် မေခရိုစီးပွားရေး (Macroeconomic) အခြေအနေ တည်ငြိမ်မှုရှိနေပြီး အကျဘက်သို့ ရှေးရှုနိုင်သည့် အန္တရာယ်များရှိနေသော်လည်း အကောင်းဘက်သို့ ဦးတည်နေကြောင်း IMF မှ ခန့်မှန်းထားသည်များလည်း ရှိပါသည်။ မည်သို့ပင် အပြုသဘောမြင်ပါစေ နိုင်ငံတကာနှင့်ယှဉ်သော အန္တရာယ်များနှင့် စွန့်စားရမှုကို ထည့်တွက်ရပါမည်။ တည်ငြိမ်မှုမရှိသော ကမ္ဘာ့ငွေကြေးဈေးကွက်နှင့် အင်အားကြီးနိုင်ငံများ၏ အစိုးမရသောမူဝါဒများသည် မိမိတို့ကဲ့သို့ တိုးတက်စနိုင်ငံငယ်များအပေါ်တွင် များစွာဂယက်ရိုက်ခတ်နိုင်ပြီး စီးပွားရေးမဟာဗျူဟာကို ယခုထက် ပိုမိုအသေးစိတ်ချမှတ်ဆောင်ရွက်ရန်လိုအပ်သည်ကို ပြသနေပါသည်။

ဒေါ်လာလဲလှယ်နှုန်းတက်ရုံဖြင့်လည်း ဘာ့ကြောင့် ဒီလောက်ကုန်ဈေးနှုန်းတွေတက်လာပြီး စီးပွားရေးဂယက်ထရသနည်းဆိုလျှင် ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်ပကတင်သွင်းလာသမျှပစ္စည်းအားလုံး အားကိုးသုံးစွဲနေရတာလည်းပါပါသည်။ တင်သွင်းသောလူသုံးကုန်နှင့် ဇိမ်ခံပစ္စည်းများအတွက်လည်း ဒေါ်လာဖြင့်သာ ဝယ်ရသည်။ အခြေခံအဆောက်အဦ တည်ဆောက်ရေးအတွက်လည်း လိုအပ်ချက်မှန်သမျှ ပြည်ပမှသာ တင်သွင်းနေရသည်။ လောင်စာစွမ်းအင်လိုအပ်ချက်ကိုလည်း ဒေါ်လာဖြင့်သာ ဖြေရှင်းနေရသည်။ ယခုလို အမေရိကန်ဒေါ်လာတန်ဖိုး မြင့်လာသည့်အခါ ငွေလဲနှုန်းတက်လာပြီး ငွေကြေးဖောင်းပွမှုသို့ဦးတည်ကာ ကုန်ဈေးနှုန်းများလည်း တစ်နွယ်ငင်တစ်စင်ပါဆိုသလို လိုက်ပါတက်လာသည့် သဘောဖြစ်ပါသည်။

မြန်မာနိုင်ငံ ပို့ကုန်သွင်းကုန်အခြေအနေ ကြည့်ပြန်လျှင်လည်း ပို့ကုန်ပမာဏမြင့်တက်လာသော်လည်း သွင်းကုန်ပမာဏလည်း မြင့်တက်နေ၍ ကုန်သွယ်ရေးလိုငွေပြမှုရှိနေဆဲပင်။

အဓိကအားကိုးရမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘက်ကြည့်ပြန်လျှင်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုအသစ်များ၊ ဗဟိုချုပ်ကိုင်မှုလျှော့ချမှုများ၊ အခွန်သက်သာခွင့်များ၊ ဥပဒေပြင်ဆင်ချက်များဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှု မျှော်မှန်းသကဲ့သို့ ဝင်မလာသေးဘဲ လျော့နည်းဆဲပင်ဖြစ်၍ ဒေါ်လာအသုံးများသလောက် ဒေါ်လာပြန်လည်ရှာဖွေရာတွင်မူ အခက်အခဲများ ရှိနေဆဲဖြစ်ပါသည်။ ဘာ့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ကျဆင်းနေရသည်ကို အဖြေရှာရာတွင် “ရခိုင်ပြည်နယ်အရေးကိစ္စကို အဓိကတရားခံအဖြစ် သတ်မှတ်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်း ကန့်သတ်ချက်များရှိလာသည်ကို” ထောက်ပြနိုင်သလို တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေးတိုးတက်မှု/ ဆုတ်ယုတ်မှုလက္ခဏာများ၊ လူ့အခွင့်အရေးအခြေအနေများ၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှု အခြေအနေအပေါ် သံသယရှိနေမှုများကလည်း ရင်းနှီးမြှုပ်နှံမည့် ပြည်ပနိုင်ငံများအတွက် Risks များဖြစ်နေသည်ကို လျှော့တွက်၍မရပါ။

ယခုအခြေအနေကတော့ ဒေါ်လာဈေးလည်းတက်နေသည်။ လောင်စာဆီဈေးနှုန်းများလည်း တက်နေသည်။ အလုံးစုံဈေးနှုန်းများ ဆက်လက်တက်လာမည့်သဘောများ တွေ့နေရသလို မြွေပူရာကင်းမှောက်ဆိုသလို နိုင်ငံတွင် ရေကြီးရေမြုပ်မှု၊ သီးနှံစိုက်ခင်းများပျက်စီးမှု၊ သဘာဝဘေးအန္တရာယ်ကပ်ဆိုးများကလည်း စီးပွားရေးတိုးတက်မှုအတွက် ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။

မြင့်တက်လာသည့်ကုန်ဈေးနှုန်း၊ စားဝတ်နေရေး မပြေလည်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ လုပ်အားခနည်းပါးမှုနှင့် ဘဝရပ်တည်ရန် ခက်ခဲလာမှုများကြောင့် အဖိုးတန် လူငယ်စွမ်းအား အရင်းအမြစ်များ၊ ပြည်ပနိုင်ငံများသို့ အလုပ်ရှာဖွေထွက်ခွာမှုများလည်း ဆက်လက်မြင့်တက်လာမှုနှင့်အတူ မတည်မငြိမ်မှုများ ဖြစ်လာနိုင်သည်ကိုလည်း သတိပြုရမည်ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ စီးပွားရေးတွင် ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် အကန့်အသတ်ဖြင့်ရှိနေသော်လည်း စည်းလုံးညီညွတ်မှု၊ ပညာဉာဏ်အမြော်အမြင်၊ စိတ်ရှည်သည်းခံမှုများ၊ ပူးပေါင်းညှိနှိုင်းမှုများဖြင့် ရင်ဆိုင်ဖြေရှင်းရမည်သာဖြစ်ပါသည်။

အစိုးရအနေနှင့် မှန်ကန်သော မူဝါဒချမှတ်နိုင်ရန်၊ တကယ့်အခြေအနေမှန်ကိုသိရန်၊ မြေပြင်တွင် လေ့လာသုံးသပ်အဖြေရှာဖို့လိုသလို မူဝါဒများသည်လည်း ပွင့်လင်းမြင်သာဖို့လိုပါသည်။ ဒုက္ခရောက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက်ဆိုလျှင်လည်း မည်သည့်ကဏ္ဍတွင် မည်သို့မည်ပုံ အကူအညီပေးလျှင်ဖြင့် အောင်မြင်နိုင်မည်ကို လေ့လာသုံးသပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းများအပေါ် မှီခိုနေရသည့် ဝန်ထမ်းမြောက်မြားစွာ၏ စားဝတ်နေရေးကို ဖြေရှင်းပေးရာရောက်ပါသည်။ ဈေးကွက်ယှဉ်ပြိုင်မှုနှင့် အမျိုးသားအကျိုးစီးပွားနှစ်ခုကြား ချိန်ဆပြီး အဖြေရှာနိုင်ရန် လိုအပ်ပါသည်။ ဘဏ်များနှင့် ပတ်သက်လာလျှင် ဘဏ်လုပ်ငန်းသဘောတရားများကို အခြားတိုးတက်သော အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံအချို့၏ ဆောင်ရွက်ပုံကို အတုယူလေ့လာသင့်ပါသည်။ နိုင်ငံတော်အစိုးရအနေနှင့်လည်း တိုင်းပြည်တွင် ဖြေရှင်းရန် အာရုံများပြားစွာနှင့် ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲနေသော်လည်း စီးပွားရေးကျဆင်းမှုနှင့်အတူ ပြည်သူများ စီးပွားရေးကျပ်တည်းမှုကိုတော့ ဦးစားပေးစဉ်းစားဖြေရှင်းသင့်ပါသည်။ မည်သို့မည်ပုံ ဆောင်ရွက်လျှင် အကောင်းဆုံးဖြစ်မည်ဆိုသည့် တင်ပြချက်မျိုးအပေါ် အခြေခံ၍ လက်တွေ့မြန်မာ့စီးပွားရေးအခြေအနေနှင့်ကိုက်ညီသော Decision Making မျိုး ဖြစ်သင့်ပါသည်။ ဆရာဝန်တစ်ယောက် လူနာတစ်ဦးအား ခွဲစိတ်ကုသရမှ အသက်ရှင်မည်ဖြစ်၍ အကြီးစားခွဲစိတ်မှုတစ်ခု မဖြစ်မနေပြုရတော့မည်ဆိုလျှင် ထိုလူနာတွင် သွေးတိုး၊ ဆီးချို ရှိ/မရှိ ချိန်ဆရသလို မှန်ကန်မြန်ဆန်စွာ ဆုံးဖြတ်ချက်ချပြီး အသက်ကယ်နိုင်ဖို့ အရေးတကြီးကုသဆောင်ရွက်ရသကဲ့သို့ ဖြစ်ပါသည်။ 

ပြည်သူများ၏ စီးပွားရေးနှင့် စားဝတ်နေရေးကိုတော့ ဦးစားပေးစောင်းငဲ့ကြည့်ဖို့တော့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါသည်။ စီးပွားရေးကို ဥပေက္ခာမပြုခြင်းသည် အစိုးရနှင့်နိုင်ငံကိုပင် ပြန်လည်ဒုက္ခရောက်စေမည့်အရေးမှလည်း ကယ်တင်ရာရောက်ပါမည်။ အခြားကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းသကဲ့သို့ “စီးပွားရေး နာလန်ပြန်လည်ထူထောင်ရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီ” ကဲ့သို့သော ကော်မတီမျိုးဖွဲ့စည်းရန် လိုအပ်မည်လား၊ အမြင့်ပျံတက်ချင်နေတဲ့ မိုးပျံပူဖောင်းကို ခဲဆွဲထားသလို ဖြစ်နေသလားဆိုသည်ကိုတော့ တွေးတောကြည့်မိပါတော့သည်။

မိုးကေနိုင်