News

POST TYPE

PERSPECTIVE

ဆူးခင်းလမ်းဖြစ်သွားမှာကို စိုးရိမ်မိပါတယ်
09-Jul-2018

လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြသူတွေကို ဖြိုခွဲလိုက်တဲ့သတင်းတွေကို ဖတ်ရပါတယ်။ သတင်းများ စတင်ဖတ်ရချိန်မှာတော့ သိပ်တော့မထူးဆန်းမိပါဘူး။ ယခင်က အလားတူဖြစ်စဉ်တွေကိုလည်း အားလုံးကြားမိပြီးဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းတံတားကိစ္စ၊ ထန်တလန်မှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ၊ ကချင်ပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ စတဲ့ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ ဒီတော့ လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမယ့်ကိစ္စဟာ မထူးဆန်းတာမို့ ဆောင်းပါးရေးဖို့လည်း စိတ်မကူးပါဘူး။ ဒါပေမဲ့ ဇူလိုင်လ ၅ ရက်နေ့မှာတော့ ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်တည်မယ့်ကိစ္စ ကန့်ကွက်တဲ့ လူငယ် ၁၀ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) တို့နဲ့ တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ စိုက်ထူရန် ညွှန်ကြားထားခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် အာဏာရပါတီ ပြောခွင့်ရပုဂ္ဂိုလ်များက ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။ ဒေသခံပြည်သူများဆန္ဒမရှိရင်၊ စစ်မှန်တဲ့ ပြည်သူတွေရဲ့ဆန္ဒမဟုတ်ရင် ဒီလိုရုပ်တုတွေ စိုက်ထူတာတော့ မလုပ်သင့်ကြောင်း၊ ဆန္ဒရှိမယ်ဆိုပါကလည်း ပြည်သူအများရဲ့ဆန္ဒအရ လုပ်တယ်ဆိုရင် ကောင်းတဲ့အလုပ်ဖြစ်ကြောင်း၊ ပြည်ထောင်စုစနစ်ကို စတင်အာမခံ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လက်မခံနိုင်သည့်အပေါ် သံသယဖြစ်မိကြောင်းနဲ့ နောက်ကွယ်မှာ နိုင်ငံရေးရည်ရွယ်ချက်ရှိသလား ဆိုသည်ကို သံသယဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ဇူလိုင် ၃ ရက်က ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့ ဆန္ဒထုတ်ဖော်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားကြောင်းလည်း သိရပါတယ်။ 

ဆန္ဒပြသူများကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားသလို ဗိုလ်ချုပ်ရဲ့မူဝါဒတွေကိုလည်း ထောက်ခံပေမယ့် ကရင်နီပြည်နယ်ဟာ သီးခြားပြည်နယ်ဖြစ်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရှိတဲ့အတွက် ဗိုလ်ချုပ်ရုပ်တုထားမှာထက် တိုင်းရင်းသားခေါင်းဆောင်ရုပ်တုတွေထားဖို့ကိုပဲ လက်ခံယုံကြည်တယ်လို့ ဆိုပါတယ်။ ဆိုတော့ ဗိုလ်ချုပ်ရုပ်တုထားရှိရေးမှာ သူ့အမြင်ကိုယ့်အမြင်ရှိနေကြလို့ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ပြောဆိုဖို့ထက် အကြောင်းနဲ့အကျိုး အပြုသဘောထောက်ပြလိုတဲ့အတွက် ယခုဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေကို တွေ့မြင်မိတာ ၄ ချက်ရှိပါတယ်။ ပထမအချက်က ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေး ဖြစ်စဉ်ဖြစ်တဲ့နေရာတွေဟာ တိုင်းရင်းသားဒေသတွေ ဖြစ်နေတာပါ။ ဘာကြောင့် တိုင်းရင်းသားဒေသများမှာ ဖြစ်နေသလဲ။ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ တိုင်းရင်းသားများနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ ပြဋ္ဌာန်းထားပါတယ်။ လက်ရှိအကောင်အထည်ဖော်နေတာကလည်း ပြည်ထောင်စုစနစ်ဖြစ်သလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ဆဲကာလဖြစ်တာကို သတိထားသင့်တယ်လို့ ယူဆပါတယ်။ အထက်တာဝန်ရှိသူအဆင့်ဆင့်ဖြစ်စေ၊ အောက်ခြေအဆင့်ဖြစ်စေ သတိထားစေချင်ပါတယ်။ အောက်ခြေကဆောင်ရွက်လို့ အထက်တာဝန်ရှိသူများနဲ့မဆိုင်ဘူးလို့ ဆိုလို့မရပါဘူး။ ယခင်က နိုင်ငံရေးစနစ်၊ ယခင်က ခေတ်အခြေအနေ၊ ယခင်ခေတ်လုပ်နည်းလုပ်ဟန်၊ ယခင်က စိတ်သဘောထားများနဲ့ ကွာခြားနေပြီဆိုတာလည်း ထည့်သွင်းစဉ်းစားပေးရပါလိမ့်မယ်။ ဒီလိုမှ ထည့်သွင်းမစဉ်းစားပေးဘူးဆိုရင် ယနေ့သွားနေတဲ့ အပြောင်းအလဲဆိုတာ ဝိဝါဒကွဲစရာဖြစ်နေနိုင်ပါတယ်။ မကြာခင်မှာ ပင်လုံညီလာခံကို ကျင်းပပါတော့မယ်။ ရည်ရွယ်ချက်က ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ဖို့၊ အနာဂတ်မြန်မာနိုင်ငံကို အားလုံးဝိုင်းဝန်းတည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒါဆိုရင် တိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲစေမယ့် အခြေအနေတွေကို ရှောင်ရှားသင့်တယ်လို့ တိုက်တွန်းလိုပါတယ်။ ယခုဖြစ်စဉ်တွေကြောင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုမလား၊ တိုင်းရင်းသားစည်းလုံးရေးကို အထောက်အကူပြုမလား၊ ဒါမှမဟုတ် အဟန့်အတားဖြစ်မလား။ သေချာပါတယ် အဟန့်အတားမဖြစ်တောင် အထောက်အကူမပြုတာတော့ အမှန်ပါပဲ။

ဒုတိယအချက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့သဘောထားပါ။ ဦးဖေခင်ရေးသားထားတဲ့ ကိုယ်တွေ့ပင်လုံစာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ မေမြို့ကအပြန် ပျော်ဘွယ်မှာ ထမင်းစားရန်စီစဉ်ထားရာ စိတ်အခန့်မသင့်၍ ကားပေါ်မှမဆင်းကြောင်း၊ ဒေါ်ခင်ကြည်က ချော့မော့ပြောမှ မကောင်းတတ်သဖြင့် ဆင်းလာသော်လည်း ထမင်းမစားဘဲနေကြောင်း၊ ဗိုလ်ချုပ်သည် ၎င်း၏အမည်ကို အလွဲသုံးစားလုပ်တာမျိုးဆိုလျှင် ပို၍စိတ်ဆိုးကြောင်း၊ လုံးဝမကြိုက်ကြောင်း၊ ထိုထမင်းစားပွဲကို ၎င်း၏အမည်ကို အလွဲသုံးစားလုပ်ပြီး အကျယ်ချဲ့ခြင်းဖြစ်သည်ဟု ထင်၍စိတ်ဆိုးနေခြင်းဖြစ်ကြောင်း ရေးသားထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ရင်းသဘောထားကို သိမြင်ရပါတယ်။ ဗိုလ်ချုပ်ကို လေးစားရင် ဗိုလ်ချုပ်စိတ်ဓာတ်ကို အတုယူရပါလိမ့်မယ်။ သူ့စိတ်ဓာတ်အတိုင်း ကျင့်ကြံကြဖို့လိုပါတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထက် သူ့စိတ်ဓာတ်၊ သူ့လုပ်ရပ်ကို လေးစားလိုက်နာဖို့က ပိုအရေးကြီးမယ်လို့ ယုံကြည်ပါတယ်။ ဘယ်လိုအခြေအနေမှာဖြစ်စေ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ဟာ ဗိုလ်ချုပ်အောင်ဆန်း၊ လွတ်လပ်ရေး ဖခင်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာကသာမက၊ ကမ္ဘာ့ကပါ အသိအမှတ် ပြုခံထားရပြီးသူဖြစ်ပါတယ်။ ဒါကို ဘယ်သူမှပြောင်းလဲလို့ မရနိုင်ပါဘူး။ ဗိုလ်ချုပ်ရဲ့အလုပ်သက်သေတွေဟာ သမိုင်းမှာဂုဏ်ဆောင်နေဆဲပါ။ 

ဒါကြောင့် ဗိုလ်ချုပ်ကို ချစ်ရင်၊ ဗိုလ်ချုပ်ကိုလေးစားရင် ဗိုလ်ချုပ်ရဲ့စကားကို နားထောင်ဖို့လိုပါတယ်၊ ဗိုလ်ချုပ်မကြိုက်တာကို မလုပ်ဖို့လိုပါတယ်။ အနှစ်နဲ့အကာကို ခွဲခြားသိမြင်ဖို့လိုသလို ခွဲခြားလုပ်ဆောင်တတ်ဖို့လည်း လိုပါတယ်။ အနာဂတ်မျိုးဆက်သစ်တွေကို စံနာမူနာကောင်းပြဖို့က လက်ရှိမျိုးဆက်များရဲ့တာဝန်ဖြစ်တယ်လို့ ခံယူမိပါတယ်။ ယနေ့ဆောင်ရွက် မှုတိုင်းဟာ အနာဂတ်မျှော်မှန်းချက်တွေကို အထောက်အကူပြုဖို့ လိုအပ်သလို အဟန့်အတားအနှောင့်အယှက်မဖြစ်ဖို့လည်း ဂရုစိုက်ရပါလိမ့်မယ်။ ယခုလိုအချိန်မျိုးဟာ အသေးအဖွဲကစပြီး ဂရုစိုက်ရမယ့်အချိန်လို့လည်း မြင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် အထင်အမြင်အယူအဆလွဲမှားစေမယ့်၊ အဓိပ္ပာယ်ကောက်လွဲစေမယ့် အပြုအမူတွေကို သတိထားသင့်တယ်လို့လည်း ယူဆမိပါတယ်။

တတိယအချက်က မြန်မာနိုင်ငံလက်ရှိလျောက်လှမ်းနေတဲ့စနစ်ပါ။ အားလုံးသိပြီးဖြစ်ပါတယ်။ ဒီမိုကရေစီကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီကိုလိုချင်ရင် ကိုယ်တိုင်က ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ အတွေး၊ အပြော၊ အလုပ်တွေဖြစ်ဖို့ ပြင်ကြရမှာပါ။ သူတစ်ပါးပြောင်းလဲတာကို မျှော်လင့်နေတာထက် ကိုယ်စီကိုယ်စီက ကိုယ်တိုင်ပြောင်းလဲကြမယ်ဆိုရင် အမြန်ဆုံးဒီမိုကရေစီအနှစ်သာရကို ရရှိနိုင်ပါလိမ့်မယ်။ မတူကွဲပြားမှုကို လက်ခံပေးနိုင်တာ၊ နားလည်ပေးနိုင်တာ၊ မတူကွဲပြားမှုနဲ့အတူ ပေါင်းစည်းနေနိုင်တာ၊ တာဝန်ယူတာဝန်ခံနိုင်တာ၊ အများရဲ့ဆုံးဖြတ်ချက်ကို လိုက်နာရသလို အနည်းစုရဲ့ဆန္ဒကိုလည်း လေးစားပေးဖို့စတဲ့ အယူအဆတွေ ကျွန်တော်တို့ ကိုယ်စီကိုယ်စီမှာ ရှိနေပြီလား ကိုယ့်ကိုယ်ကိုယ် ဦးဆုံးမေးကြရပါလိမ့်မယ်။ မိမိတို့မှာ ကိုယ်ပိုင်ဆန္ဒတွေ၊ လိုလားချက်တွေ ရှိနေသလို သူတစ်ပါးမှာလည်း သူတို့ရဲ့ဆန္ဒတွေ၊ လိုလားချက်တွေ ရှိနေနိုင်တယ် ဆိုတာ သတိပြုမှသာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု ရှိလာမှာဖြစ်ပါတယ်။ ဒါမှလည်း တိုင်းရင်းသားများအားလုံးပေါင်းစည်း နေထိုင်ကြမယ့် ပြည်ထောင်စုစနစ်ကို ဦးတည်နိုင်မှာဖြစ်ပါတယ်။ 

လက်ရှိအနေအထားမှာ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုနိုင်ငံကြီးတည်ဆောက်ဖို့၊ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် အဓိကလိုအပ်နေတာက ယုံကြည်မှုပါ။ ရိုးသားမှုမရှိဘဲ ယုံကြည်မှုလည်း မရှိနိုင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ခဲ့သလဲ။ လွတ်လပ်ရေး ဘယ်လိုရယူခဲ့သလဲ။ တိုင်းရင်းသားတွေက ဘာကြောင့် ဗိုလ်ချုပ်ကို ယုံကြည်ကြသလဲ။ ဘာကြောင့်လက်တွဲခဲ့ကြသလဲ။ လေ့လာသုံးသပ်အဖြေထုတ်မယ်ဆိုရင် ယနေ့အကျပ်အတည်းများအတွက် သင်ခန်းစာများ ရရှိပါလိမ့်မယ်။ ယနေ့ အရေးတကြီးလိုအပ်နေတဲ့ ယုံကြည်မှုရရှိဖို့ဆိုရင် တိုင်းရင်းသားအားလုံးအကြား ရိုးရိုးသားသား လက်တွဲကြဖို့ လိုနေပါတယ်။ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုများ ရှိဖို့လိုပါလိမ့်မယ်။ ဒီလိုပဲ ယုံကြည်မှုပျက်စေမယ့် အခြေအနေများမဖြစ်စေဖို့၊ ထိန်းသိမ်းကြဖို့ လိုအပ်မယ်လို့ အကြံပြုလိုပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ပါ။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ဘာကြောင့်ပြောင်းလဲခဲ့ကြသလဲ။ ရည်ရွယ်ချက်အများကြီးထဲက တစ်ချက်ကတော့ နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့လည်း ပါဝင်ပါတယ်။ ဖိနှိပ်မှုတွေ၊ ကြောက်ရွံ့မှုတွေမရှိဘဲ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရှိဖို့ ကြိုးစားခဲ့တာပါ။ သို့ပေမယ့် ယနေ့အချိန်အခါမှာတော့ ကြောက်ရွံ့မှုတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေကို ပြန်လည်ဦးတည်နေသလို ဖြစ်နေပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်နဲ့ ပတ်သက်လို့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ နောက်ဆုံးကောက်ခံရရှိတဲ့စာရင်းအရ တရားရုံးတင်စွဲဆိုမှုပေါင်း ၁၃၄ မှုအထိ ရှိသွားပြီလို့ ဖတ်ရပါတယ်။ တရားရုံးတင်စွဲဆိုမှု တိုးလာခြင်း ဖြစ်ပါတယ်။ တိုးတက်မှုလို့ ဆိုရမလား၊ ဆုတ်ယုတ်မှုလို့ ဆိုရမလား ဝေခွဲနိုင်ဖို့ပါ။ ယခုဖြစ်စဉ်မှာလည်း လူငယ် ၁၀ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) တို့နဲ့ တရားစွဲခြင်းဟာ စဉ်းစားစရာတွေ ပိုမိုဖြစ်စေတာတော့ အမှန်ပါပဲ။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်နဲ့ပတ်သက်လို့ လွှတ်တော်မှာ ဥပဒေပြင်ဆင်ဖို့ ကြိုးစားစဉ်ကလည်း ဝေဖန်မှုတွေကြားခဲ့ရပါတယ်။ ဒါဟာ အားလုံးလိုလားတဲ့ အဖြေဖြစ်မယ်လို့ မယုံကြည်ပါဘူး။ ယခုတရားစွဲဆိုခြင်းဟာလည်း Rule of Law လား၊ Rule by Law လား မေးခွန်းထုတ်ရမယ့် အခြေအနေလို့ ဆိုချင်ပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ဖို့ အကြောက်တရားတွေနဲ့ ဝန်းရံခံထားရတယ်လို့ ခံစားမိပါတယ်။

နိဂုံးချုပ်အနေနဲ့ကတော့ ဒီလိုအခြေအနေတွေမှာ အဓိကနဲ့ သာမညခွဲခြားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ သူ့လိုလားချက်၊ ကိုယ့်လိုလားချက်၊ ဘုံလိုလားချက်... လတ်ရှိအခြေအနေမှာ ဘယ်လိုလားချက်က အရေးကြီးဆုံးလဲ မှန်မှန်ကန်ကန် ဆုံးဖြတ်ကြစေလိုပါတယ်။ အားလုံးက ကိုယ့်ဆန္ဒ၊ ကိုယ့်လိုလားချက်၊ ကိုယ့်သဘောထားတွေချည်းသာ ဦးစားပေးနေကြ ဦးမယ်ဆိုရင် ကျွန်တော်တို့လျှောက်လှမ်းနေတဲ့ခရီးလမ်းက ဆူးခင်းလမ်းဖြစ်သွားမှာကို စိုးရိမ်မိပါတယ်။

သိန်းထွန်း (IR)