News

POST TYPE

PERSPECTIVE

သက်တမ်းတစ်ဝက်ကျိုးလာတဲ့ NLD အစိုးရရဲ့ ဥပဒေပြုရေး မဏ္ဍိုင်အကြောင်း တစေ့တစောင်း
09-Jul-2018

ဇွန်လ ၂၁ ရက်နေ့ကရပ်နားထားခဲ့တဲ့ ပြည်ထောင်စုအဆင့်လွှတ် တော်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေရဲ့ ပုံမှန်အစည်းအဝေးတွေကို လာမယ့်ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြန်စမယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစည်းအဝေးကိုတော့ လွှတ်တော်သုံးရပ်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉ နဲ့အညီ ၂၁ ရက်ကြိုတင်ပြီး အသီးသီးခေါ်ယူထားရှိတာမြင်ရပါသလို အခုအကြိမ်ပြန်စမယ့်အစည်းအဝေးဟာ NLD အစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာတော့ နဝမမြောက်ပြုလုပ်မယ့် ပုံမှန်အစည်းအဝေးပဲဖြစ်ပါတယ်။ အစည်းအဝေးအကြိမ်အရေအတွက်ဟာ နဝမအကြိမ်ဖြစ်လာတာနဲ့အမျှ ဥပဒေပြုရေး အဖွဲ့တွေရဲ့သက်တမ်းကလည်း တစ်ဝက်ကျိုးလာခဲ့ပါပြီ။ ဒီလိုသက်တမ်း တစ်ဝက်ကျိုးလာတဲ့အချိန်မှာ အာဏာရ NLD ပါတီရဲ့ကိုယ်စားလှယ်တွေကြီးစိုးတဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကြီးအထဲမှာ သူတို့ရွေးကောက်ပွဲကာလအတွင်း စည်းရုံးရေးဆင်းကြတုန်းက ပြောခဲ့တဲ့စကားတွေအတိုင်း လွှတ်တော်အတွင်းမှာ ဆောင်ရွက်လို့ရကြမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ကျန်တဲ့ဥပဒေတွေအပေါ် ဘယ်လောက်ပြုပြင်တာ၊ အသစ်ရေးဆွဲတာတွေ ပြုလုပ်ခဲ့ကြပြီးပြီလဲ၊ အခုလာမယ့်သက်တမ်းတစ်ဝက်ကျိုးအလွန်အစ နဝမအကြိမ်အစည်းအဝေးကာလမှာရော သူတို့ ဘာတွေ ထူးထူးခြားခြား လုပ်ပြလာမလဲဆိုတာတွေကို ကျွန်တော်တို့ပြည်သူတွေ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

NLD အစိုးရလက်ထက် ဥပဒေပြုရေးအဖွဲ့တွေရဲ့ လွှတ်တော်တွေကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ လွှတ်တော်ပေါင်း ၁၇ ရပ်ရှိပြီး သူတို့သက်တမ်းအနေနဲ့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၁ အရ ပြည်သူ့လွှတ်တော်စတင်ခေါ်ယူ ကျင်းပတဲ့ အဲ့ဒီရက်ကပဲစခဲ့တာမို့ အခုလာမယ့်ဇူလိုင်လ ၃၁ ရက်နေ့ဆိုရင် လပေါင်း ၃၀ ပြည့်မြောက်ပါပြီ။ ဒီအတွက်ပဲ သူတို့သက်တမ်းတစ်ဝက်ကျိုးပြီလို့ အပေါ်မှာပြောခဲ့ရခြင်းဖြစ်ပါတယ်။ ဒီလိုသက်တမ်းတစ်ဝက်ပြီးဆုံးခဲ့တာမို့ ပြည်ထောင်စုလွှတ်တော်မှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၆ (က) အရ နာယကတာဝန်ကို လွှဲပြောင်းထမ်းဆောင်ကြရတော့မှာပါ။ ယခုလက်ရှိမှာတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ထမ်းဆောင်နေတာဖြစ်ပြီး လာမယ့်ဩဂုတ်လ ၁ ရက်နေ့ဆိုရင်တော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက စတင်တာဝန်ယူရတော့မှာဖြစ်တာမို့ ဒီအတွက် ယခုလာမယ့် နဝမအကြိမ်မြောက်အစည်းအဝေးရဲ့ အစတစ်ပတ်အတွင်းမှာပဲ ဒီတာဝန်လွှဲပြောင်းခြင်းအခမ်းအနားအစီအစဉ်ကို မလွဲမသွေပါရှိလာတော့မယ်လို့ သုံးသပ်ရပါတယ်။

ယခုကျင်းပမယ့်အစည်းအဝေးကာလမှာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ မလွဲမသွေလုပ်ကြရမယ့်ကိစ္စတစ်ခုလည်း သူတို့ကိုစောင့်ကြိုနေတာ သတိထားမိကြမှာပါ။ ဒါကတော့ ယခု NLD အစိုးရလက်ထက်မှာမှ အသွင်တစ်မျိုးနဲ့ပြောင်းလဲခဲ့တဲ့ ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ခဲ့ တဲ့ကိစ္စပါ။ အသစ်ပြောင်းလဲခဲ့တဲ့ ဘဏ္ဍာရေးနှစ်အသစ်အရဆိုရင် လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ဘဏ္ဍာရေးနှစ်အသစ်စကြရတော့မှာမို့ အခုလာမယ့်အစည်းအဝေးကာလ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတွေအတွင်းမှာတော့ လွှတ်တော်အတွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင်ဆွေးနွေးတာတွေ၊ လျှော့ချတာတွေ ကြားကြရဦးမှာပဲဖြစ်ပါတယ်။ ယခင်လတွေတုန်းကတော့ ဒီအတွက်ကိုရည်ရွယ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လွှတ်တော်အသီးသီးမှာ ကြိုတင်ဆွေးနွေးခဲ့ကြ၊ ငြင်းခုံခဲ့ကြ၊ ဖြတ်တောက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတထံပေးပို့ခဲ့ကြပြီးတာ သိခဲ့ကြပြီးဖြစ်မှာပါ။ 

ဒါ့အပြင် လာမယ့်အစည်းအဝေးကာလမှာတော့ ယခုကာလအထိ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်အကြားမှာ ဆွေးနွေးနေဆဲဥပဒေပေါင်း ၃၀ ခုလောက်ရှိနေတာ လေ့လာမိသလို ဒီအထဲမှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ မူပိုင်ခွင့်ဆိုင်ရာဥပဒေကြမ်း ၄ ခုကိုလည်း အပြီးအပြတ် မြန်မြန်ဆန်ဆန် ဆွေးနွေးထုတ်ပြန်နိုင်တော့မယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့အချိန်မှာ နိုင်ငံအနေနဲ့ စီးပွားရေးဦးမော့ဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဝင်ရောက်လာဖို့၊ မိမိတို့ရဲ့ထုတ်ကုန်တွေ၊ ဉာဏဆိုင်ရာတီထွင်ဖန်တီးမှုတွေအတွက်ဆိုရင် အဓိကအကျဆုံးဥပဒေတွေဖြစ်တဲ့ NLD အစိုးရကာလ သူတို့ လွှတ်တော်က ပြန်လည်ပေါင်းပြီး ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေ၊ ကုမ္ပဏီဥပဒေတို့နဲ့တင်မလုံလောက်ဘဲ ဈေးကွက်မှာ တရားမျှတစွာယှဉ်ပြိုင်ဖို့နဲ့ မသမာမှုတွေကို အကာအကွယ်ပေးဖို့ဆိုရင် ဒါတွေနဲ့ဆက်စပ်ပတ်သက်နေတဲ့ ဒီမူပိုင်ခွင့်ဥပဒေ ၄ ခုကိုလည်း တက်သုတ်နှင်ပြဋ္ဌာန်းပေးမှသာ ဟန်ချက်ညီလာလိမ့်မယ်လို့ ပြောရမှာဖြစ်ပါတယ်။ မူပိုင်ခွင့်ဥပဒေကြမ်း ၄ ခုကတော့ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကြမ်း (Industrial Design Bill)၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်း (Patent Bill)၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်း (Trademark Bill) နဲ့ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကြမ်း (Copyright Bill) တို့ပဲဖြစ်ပါတယ်။ ဒီဥပဒေကြမ်း ၄ ခုကိုတော့ ၂၀၁၇ ဇူလိုင်လလောက်ကတည်းက လွှတ်တော်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ပေးပို့ထားခဲ့တာမို့ အခုဆိုရင် တစ်နှစ်နီးပါး ကြာနေတဲ့ဥပဒေကြမ်းတွေလည်း ဖြစ်ပါတယ်။

NLD အစိုးရလက်ထက် ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ သက်တမ်းတစ်ဝက် လပေါင်း ၃၀ အတွင်းမှာ သူတို့ပြဋ္ဌာန်းခဲ့တဲ့ဥပဒေပေါင်းဟာ ၇၀ ရှိခဲ့သလို ဒီအထဲမှာ အသစ်ရေးဆွဲပြဋ္ဌာန်းတာက အထူးဥပဒေတွေအနေနဲ့ ၁၇ ခု၊ နှစ်စဉ်ဘတ်ဂျက်စီမံကိန်းနဲ့ အခွန်အကောက်ဥပဒေတွေပြဋ္ဌာန်းခဲ့တာက ၁၂ ခု၊ ပြင်တာက ၃၂ ခုနဲ့ ရုပ်သိမ်းခဲ့တာက ၉ ခုတို့ထုတ်ပြန်ပြဋ္ဌာန်းခဲ့တာ လေ့လာမိပါတယ်။

အသစ်ပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေထဲမှာ နိုင်ငံ့စီးပွားရေးအတွက် အထောက်အကူပြုတဲ့ဥပဒေအဖြစ် အထက်မှာပြောတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ကုမ္ပဏီ ဥပဒေတို့ကိုသာ ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး အဓိကနိုင်ငံ့စီးပွားရေးမှာ အခရာကျတဲ့ နိုင်ငံတကာကကျင့်သုံးနေတဲ့ ဘတ်ဂျက်စနစ်တွေ ပြောင်းလဲဖို့၊ အခွန်စနစ်တွေကို ခေတ်နဲ့အညီ မူဝါဒချမှတ်ဖို့၊ ဘတ်ဂျက်တွေသုံးစွဲတဲ့အခါမှာ စနစ်တကျသုံးစွဲတဲ့နည်းလမ်းတွေ ချမှတ်ဖို့တွေပါဝင်တဲ့ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ  (Public Finance Management Law-PFM Law)၊ ပစ္စည်းဝယ်ယူရေးဆိုင်ရာ ဥပဒေ (Procurement Law) တို့နဲ့ အခွန်ကောက်ခံခြင်းတို့ကိုကြီးကြပ်မယ့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ (Tax Administraion and Procedure Law-TAPL Law) တွေလိုမျိုးတွေကတော့ ရေးဆွဲပြဋ္ဌာန်းနိုင်ခြင်းမရှိသေးတာ တွေ့ရပါတယ်။ အမှန်တော့ NLD အစိုးရအနေနဲ့ နိုင်ငံ့ဘတ်ဂျက်တွေ လေလွင့်မှုမရှိအောင်၊ စီးပွားရေးဦးမော့အောင်နဲ့ အဂတိလိုက်စားမှုတွေပပျောက်အောင်၊ မိမိတို့ကာလမှာ အကောင်အထည်ဖော်မယ့်စီမံကိန်းတွေ အောင်မြင်အောင်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်အောင်ဆိုရင် အခြေခံအကျဆုံး အလုပ်ဖြစ်တဲ့ ဒီလိုနိုင်ငံတကာမှာ ကျင့်သုံးဖော်ဆောင်နေတဲ့ဥပဒေတွေ၊ ခေတ်နဲ့စနစ်နဲ့ညီတဲ့ ဥပဒေတွေကို အမြန်ပြဋ္ဌာန်းပြီး မြေပြင်မှာ ထိထိရောက်ရောက် ကျင့်သုံးလုပ်ဆောင်စေရမှာပါ။ အခုအခြေအနေမှာတော့ မူက အသစ်၊ စနစ်၊ လူနဲ့ဥပဒေလုပ်ထုံးလုပ်နည်းတွေက အဟောင်းတွေ ဖြစ်နေတာမို့ ရှေ့မရောက်နိုင်ဘဲ တဝဲဝဲလည်နေကြရခြင်းဖြစ်တယ်ဆိုတာ အမှန်အတိုင်းမြင်ကြရတော့မယ့်အချိန်ပါ။

နောက်အခြားတစ်ဖက်ကလည်း လွှတ်တော်ထဲမှာဆွေးနွေးနေဆဲဖြစ်တဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုဥပဒေတွေကို လေ့လာကြည့်တဲ့အခါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြမ်းတို့၊ စားသုံးသူအကာအ ကွယ်ပေးရေးဥပဒေကြမ်းတို့၊ အခြေခံပညာရေးဥပဒေကြမ်းတို့၊ ခရီးသွား လာရေးဥပဒေကြမ်းတို့၊ ကျောက်မျက်ရတနာဥပဒေကြမ်းတို့၊ အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်းတို့ကလည်း အခုအချိန် လွှတ်တော်သက်တမ်း တစ်ဝက်ကျိုးနေအချိန်အထိ ကြန့်ကြာနေဆဲပဲရှိနေသေးတာ မြင်ရပါတယ်။ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲရေးလုပ်မယ်၊ ပြောင်းလဲမှုကို ပြည်သူတွေ မျက်ဝါးထင်ထင် မြင်တွေ့စေရအောင် လုပ်မယ်ဆိုရင် ပြည်သူ့အသံတွေ များများပါဝင်တဲ့ အပေါ်က ဥပဒေတွေကိုသာ အမြန်ပြဋ္ဌာန်းပြီး မြေပြင်မှာ အကောင်အထည်ဖော်ပေးဖို့ လိုနေတဲ့အချိန်ပါ။

လွှတ်တော်တွေအနေနဲ့ လွှတ်တော်ရဲ့အဓိကတာဝန်ဟာ ပြည်သူတွေကိုကိုယ်စားပြုပြီး ပြည်သူနဲ့နိုင်ငံ့အတွက် အကျိုးရှိမယ့် ဥပဒေပြုရေးဖြစ်တယ်ဆိုတာကို မမေ့ထားသင့်သလို အုပ်ချုပ်ရေးဘက်ကို ထိန်းကျောင်းခြင်းဖြစ်တဲ့ မေးခွန်းတွေ အဆိုတွေကိုပဲ အချိန်ယူပြီး ဆွေးနွေးနေကြတာတွေကို လျှော့ချဖို့သင့်နေတဲ့ကာလပါ။ အချို့သောမေးခွန်းတွေ အဆိုတွေဟာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နှစ်ခုအကြားမှာ စာနဲ့အသွားအလာလုပ်ပြီး အမေးအဖြေပြုနိုင်ရင် ရနိုင်ပါလျက်နဲ့ လွှတ်တော်အတွင်းမှာ လူလုံးထွက်ပြတာမျိုး၊ အချိန်တွေဖြုန်းနေကြတာမျိုး လုပ်နေကြတာဟာ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေကိုကျော်လွန်ပြီး ဆောင်ရွက်နေသလို ဖြစ်နေကြသလားဆိုတာလည်း ဥပဒေပညာရှင်တွေက ထောက်ပြလာနေကြပါပြီ။ မနက်ခင်းဆို ကားကြီးနဲ့လာ၊ အစည်းအဝေးခန်းမထဲအကုန်ဝင်၊ ညနေလွှတ်တော်ပြီးတော့ပြန်ကြတဲ့ သမားရိုးကျ ခေါက်ရိုးကျိုးနေတဲ့ အကျင့်တွေကနေ နိုင်ငံတကာလွှတ်တော်တွေလို ဥပဒေပြုရေးကော်မတီလုပ်ငန်းတွေကို ကော်မတီရုံးခန်းတွေအထဲမှာသာ အချိန်ယူစေချင်ပါပြီ။ ပုံမှန်အစည်းအဝေးဆိုတာ ကိုယ်စားလှယ်သုံးပုံတစ်ပုံတက်ရင် အထမြောက်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို အထူးဂရုပြုထားသင့်တဲ့ကာလ ရောက်နေပါပြီ။ လူများများတက်မှ အစည်းအဝေးနဲ့တူတယ်ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့အတွေးတွေကိုလည်း ဥက္ကဋ္ဌလုပ်သူတွေက ဖယ်ရှားသင့်ကြပါပြီ။ 

အမှန်ဆို ဥပဒေပြုရေးလွှတ်တော်တွေရဲ့ အဓိကအလုပ်တွေဟာ များပြားလွန်းလှပါတယ်။ ဥပမာအနေနဲ့ ယခင်အစိုးရလက်ထက် (၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ဇန်နဝါရီလ ၃၀ ထိ) ပြဋ္ဌာန်းသွားတဲ့ဥပဒေပေါင်း ၂၃၀ ကျော်ထဲမှာ ဥပဒေအသစ်ပေါင်း ၅၀ ကျော်ပါဝင်ပြီး အဲ့ဒီဥပဒေတွေကို မြေပြင်မှာ ဘယ်လောက်အကောင်အထည်ဖော်နေပြီလဲ၊ အဲ့ဒီဥပဒေတွေအပေါ် ဆက်လက်ဆောင်ရွက်ကြမယ့် နည်းဥပဒေတွေကရော ရေးဆွဲဖို့ ဘယ်လောက်ကျန်သေးတာလဲ။ ဘယ်နည်းဥပဒေတွေက ဥပဒေတွေကို ကျော်လွန်နေသလဲဆိုတာတွေအပြင် ယခု NLD အစိုးရလက်ထက်မှာ ထုတ်ပြန်ခဲ့တဲ့ဥပဒေအသစ်တွေကရော မြေပြင်မှာ ဘယ်လောက်အကျိုးသက်ရောက်သလဲ၊ ဘာတွေထပ်ပြင်ဖို့လိုအပ်နေလဲဆိုတာတွေ သုံးသပ်ပြုပြင်ကြရတော့မယ့်အချိန် ရောက်နေပါပြီ။ ဘာလို့ ဒီလိုပြောရသလဲဆိုတော့ လွှတ်တော်တွေရဲ့သက်တမ်းဟာ အခုဆိုရင် ယခင်အစိုးရလက်ထက်အပါအဝင် ၇ နှစ်ခွဲလာပြီဖြစ်သလို ယခုအစိုးရလက်ထက်အတွက်ဆိုရင် ဥပဒေပြုရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြရမယ့်အချိန်ဟာ နောက် ၂ နှစ်တောင် မကျန်တော့ပါဘူး။ သက်တမ်းကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီမှာ နောင်သက်တမ်းအတွက် ကျင်းပကြရမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ၂၀၂၀ နိုဝင်ဘာလအစမှာပြုလုပ်ကြရမှာ ဖြစ်တဲ့အတွက် ၂၀၂၀ ခုနှစ် စက်တင်ဘာလဆန်းဆိုရင် လွှတ်တော်တွေ စတင်ရပ်နားကြရတော့မှာပါ။ အဲ့ဒီမှာ နှစ်လက ရွေးကောက်ပွဲအကြိုစည်းရုံးရေးကာလ၊ နောက်နှစ်လကလည်း နောက်အစိုးရအတွက် ပြန်လည်ဖွဲ့စည်းရေးပြင်ဆင်ရေးနဲ့ အချိန်ကုန်သွားတော့မှာမို့ (၄-၅) လလောက်ဟာ ဥပဒေပြုရေးတာဝန်ကို ထိထိရောက်ရောက် လုပ်နိုင်ကြတော့မှာ မဟုတ်ဘူးဆိုတာ ယခင်အစိုးရလက်ထက်က အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီးကြည့်ရင် မြင်နိုင်ကြမှာပါ။ ဒီအတွက်ပဲ လွှတ်တော်တွေရဲ့သက်တမ်းဟာ နှစ်နှစ်ပဲကျန်တော့တယ်လို့ ပြောခဲ့ရတာဖြစ်ပါတယ်။ 

ဒီအတွက်ပြန်ချုပ်ရရင် နိုင်ငံတစ်နိုင်ငံကို ပြုပြင်ပြောင်းလဲရေးလုပ်တော့မယ်ဆိုရင် အဓိကကျတဲ့ စည်းမျဉ်းစည်းကမ်းတွေပါဝင်တဲ့ ဒီလိုဥပဒေတွေကိုသာ အဓိကထား သုံးသပ်ရေးဆွဲပြဋ္ဌာန်း၊ လိုက်နာဖော်ဆောင်ကြရတာမျိုးဖြစ်တဲ့အတွက် ဒီအပေါ်အလေးထားပြီး မိမိတို့လက်ကျန်နှစ်နှစ် သာသာအချိန်လေးအတွင်းမှာ အားသွန်ခွန်စိုက်လုပ်ကြစေချင်ပါပြီ။ ဒါမှသာ သမ္မတအသစ်ကြီးပြောခဲ့သလို ပြောင်းလဲမှုကို ပြည်သူတွေက မျက်ဝါးထင်ထင်မြင်နိုင်ကြမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ လူလည်းမပြောင်း၊ မူလည်းမပြောင်းဘဲ လမ်းဟောင်းကြီးအတိုင်းသာ ဆက်လက်ချီတက်နေကြမယ်ဆိုရင် ကျွန်တော်တို့အတွက် ရမယ့်အဖြေဟာ ယခုအစိုးရလက်ထက် သက်တမ်းကုန်လည်း ဒုံရင်းဟာဒုံရင်းပါပဲ၊ စီးပွားရေးဦးမော့ဖို့ဆိုတာဝေးလို့ ပြည်သူတွေအကြားမှာလည်း တရားဥပဒေစိုးမိုးမှုတွေလျော့နည်းပြီး ဒေသတွင်းနိုင်ငံတွေရဲ့အောက်မှာ ဆက်လက်ကျရောက်နေလိမ့်ဦးမယ်ဆိုတဲ့အကြောင်း စိတ်ကောင်းစေတနာနဲ့ ပြောဆိုရေးသားတိုက်တွန်း လိုက်ရပါတယ်ဗျား။

အောင်ဇေယျ