News

POST TYPE

PERSPECTIVE

အတ္တဟိ အတ္တနော နာထော
07-Jul-2018 tagged as



မြတ်စွာဘုရား ဟောကြားတော်မူတဲ့ လောကီ/လောကုတ္တရာ တရားတော်တွေထဲမှာ လူသားတွေအတွက် လိုက်နာကျင့်ကြံဖို့ တရားအများအပြား ပါရှိပါတယ်။ “အတ္တာဟိ အတ္တနော နာထော”ဆိုတာ လောကုတ္တရာတရား ကျင့်ကြံအားထုတ်လိုသူတွေအတွက် ရည်ရွယ်လိုရင်း ဖြစ်ဟန်ရှိပေမယ့် လောကီမှာလည်း လိုက်နာကျင့်ကြံနိုင်ရင် လူသားတွေအတွက် အကျိုးထူးများစွာရရှိစေမယ့် ဗုဒ္ဓနှုတ်ထွက်တရားတော်ပဲ ဖြစ်ပါတယ်။ ဒီပါဠိတော်ရဲ့အဓိပ္ပာယ်ကို အများနားလွယ်အောင် လွယ်လွယ်ရှင်းရှင်းပြောရရင်တော့ “လူသည် မိမိကိုယ်မှတစ်ပါး အခြားတစ်ပါးသောသူကို မကိုးကွယ်အပ်” ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။ လိုရင်းကို ပြောရရင်တော့ “မိမိကိုယ်သာ မိမိအားကိုးပါ” လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီတရားတော်ဟာ လူသားတွေရဲ့မူလစိတ်ရင်းနဲ့ တော်တော်ကိုနီးစပ်ပြီး လက်တွေ့ကျတဲ့တရားတော်လို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူသားတွေရဲ့ ပင်ကိုသဘာဝစိတ်ဓာတ်ဟာ သူတစ်ပါးကိုအားကိုးချင်တဲ့စိတ်မရှိဘဲ မိမိကိုယ်မိမိ အားကိုးချင်တဲ့ မူလအခြေခံစိတ်သဘာဝ ရှိလို့ပဲ ဖြစ်ပါတယ်။

ဘာ့ကြောင့် ဒီလိုပြောရသလဲဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ကျော်က ကျွန်တော်မြေးမလေးတစ်ယောက်ရပါတယ်။ သူဟာ မှောက်ရမယ့်အရွယ်ကျရင် သူ့ဟာသူကြိုးစားပြီးမှောက်ပါတယ်။ ထို့အတူပဲ ထိုင်ရမယ့်အရွယ်၊ မတ်တတ်ရပ်ရမယ့်အရွယ်တွေမှာ သူ့ဟာသူကြိုးစားပြီး ထိုင်၊ ထ၊ မတ်တတ်ရပ်ပါတယ်။ နောက်ဆုံးတော့ ဘယ်သူ့အားကိုးမှမပါဘဲ သူ့အားသူကိုးပြီး လမ်းလျှောက်ပါတယ်။ ဘေးကနေ ကူညီကိုင်တွဲပေးပြီး လမ်းလျှောက်ပေးတာကို လက်မခံပါဘူး။ မတ်တတ်ရပ်တုန်းကလည်း ပထမအစဦးသာ ဘေးကတစ်ခုခုကို ကိုင်ပြီးရပ်ပေမယ့် မကြာခင် ဘာကိုမှ မကိုင်ဘဲ သူ့ရဲ့ခြေထောက်အား၊ ဒူးအားကို အသုံးပြုပြီးတော့ပဲ မတ်တတ်ရပ်ပါတယ်။ ထမင်းစားတာကအစ လူကြီးလက်ထဲကဇွန်းကို အတင်းလုယူပြီး သူ့ဟာသူခတ်စားတာ။ အင်္ကျီဝတ်ပေးရင်လည်း လက်အပေါက်ကို သူ့ဟာသူရှာပြီးထိုးသွင်းတာ၊ ရေချိုးပေးရင်လည်း ခွက်ကိုယူပြီး သူ့ကိုယ်ပေါ်ကို သူကိုယ်တိုင် ရေလောင်းတာမျိုးလုပ်ပါတယ်။

ဒါဟာ ဘာကိုပြသလဲဆိုရင် လူသားဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်အားကိုယ်ကိုးတတ်အောင် သူတစ်ပါးကိုအားမကိုးဘဲ ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်အောင် သဘာဝက ပေးထားတဲ့လက်ဆောင်ပါပဲ။ နောက်တစ်ခုကတော့ မှတ်ဉာဏ်ဆိုတဲ့လက်ဆောင်ပါပဲ။ ကလေးတွေဟာ ဘယ်သူမှမသင်ပေးရပဲ မိမိရဲ့မှတ်ဉာဏ်ကို အသုံးပြုတတ်တာပဲဖြစ်ပါတယ်။ လူတွေကိုမှတ်မိတယ်။ ပစ္စည်းတွေကိုမှတ်မိတယ်။ ဘာလုပ်ရင် ဘာဖြစ်တယ်။ ဘယ်ဟာကို ဘယ်လိုလုပ်ရင်ရတယ်။ ဘယ်ဟာကိုတော့ လုပ်လို့မရဘူး စတာတွေကိုလည်း သူ့မှတ်ဉာဏ်က မှတ်သားပေးပါတယ်။ ဥပမာ-ပုလင်းအဖုံး၊ ဘူးအဖုံးလေးတွေကို မရရအောင်ဖွင့်တယ်။ နည်းလမ်းတစ်မျိုးနဲ့ဖွင့်လို့မရရင် နောက်ထပ်နည်းလမ်းတစ်မျိုးနဲ့ ဖွင့်တယ်။ တစ်ခါဖွင့်ပြီးရင်မှတ်ထားပြီး နောက်တစ်ခါ အလားတူဖွင့်တယ်။

ဒါပေမဲ့ ကျွန်တော်တို့တစ်တွေဟာ အရွယ်လေးရလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်တဲ့စိတ်တွေ လျော့နည်းလာပြီး သူတစ်ပါးကို အားကိုးချင်တဲ့စိတ်တွေ မသိမသာတိုးပွားလာပါတယ်။ နောက်ဆုံး သူတစ်ပါးအပေါ် လုံးဝနီးပါးမှီခိုသွားပြီး ဘာကိုမှ ကိုယ်တိုင်မလုပ်ချင်၊ သူများကိုသာ အားကိုးချင်လာတဲ့စိတ်ဓာတ်တွေ တစ်စတစ်စ တိုးပွားလာတာကို တွေ့ရပါတယ်။ အဲဒါဟာ ဘာ့ကြောင့်လဲဆိုရင် ပတ်ဝန်းကျင်ကြောင့်ပါပဲ။ သူ့ဘဝမှာ ပထမဆုံးကြုံတွေ့ရတဲ့ မိဘ၊ ဘိုးဘွားတွေဟာ သူ့ရဲ့ပထမဆုံး ပတ်ဝန်းကျင်ပါပဲ။ ကလေးတစ်ယောက်ရဲ့ ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေ၊ သူတစ်ပါးကို အမှီအခိုမပြုချင်တဲ့စိတ်တွေကို ပပျောက်သွားအောင် ပထမဆုံးဖျက်ဆီးပစ်တာကတော့ မိဘ၊ ဘိုးဘွားတွေပဲဖြစ်ပါတယ်။ ကလေးက ဘာပဲလုပ်လုပ် မိဘ၊ ဘိုးဘွားတွေက စိတ်မချပါဘူး။ ချော်လဲမှာစိုးလို့၊ နာကျင်မှာစိုးလို့ အတင်းနောက်ကနေလိုက်ဆွဲ၊ ဟိုဟာဖြစ်မယ်၊ ဒီဟာဖြစ်မယ်ဆိုပြီး ဆူပူကြိမ်းမောင်း၊ နောက်ဆုံးတော့ ကလေးဟာ လူကြီးမိဘဆူမှာစိုးလို့ ဟိုဟာမလုပ်ရဲ၊ ဒီဟာမလုပ်ရဲရာကနေ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်တွေ လျော့နည်းသွားတယ်လို့ ထင်တာပဲ။

နောက်ပတ်ဝန်းကျင်တစ်ခုကတော့ စာသင်ကျောင်းက ဆရာ၊ ဆရာမတွေပါပဲ။ ကလေးတွေရဲ့စဉ်းစားဉာဏ်၊ အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ့်အစား၊ ကလေးတွေကို အလွတ်ကျက်ခိုင်း၊ အလွတ်ဖြေခိုင်းရာကနေ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်တဲ့စိတ်တွေ၊ စဉ်းစားဉာဏ်ကွန့်မြူးချင်တဲ့စိတ်တွေ ငုံ့လျှိုးကုန်တယ်လို့ထင်တာပဲ။ (အခုတော့ အလွတ်ကျက် အလွတ်ဖြေစနစ်တွေကု စတင်ပြောင်းလဲဖို့ လုပ်ဆောင်နေပါပြီ)။

မြန်မာ့ပညာရေးလောကကို သမင်လည်ပြန်ပြန်လို့ကြည့်ရင် ကျွန်တော်တို့နေနဲ့ မြန်မာ့ပညာရေးစနစ်သစ်ရဲ့ အစအဦးကိုမီလိုက်ပြီး ပဉ္စမတန်းကစလို့ အင်္ဂလိပ်စာကို သင်ရတယ်ဆိုပေမယ့် ခေတ်ဟောင်း၊ စနစ်ဟောင်းက အင်္ဂလိပ်စာ အသင်အပြကောင်းတဲ့ဆရာကြီး၊ ဆရာမကြီးတွေကို ကပ်ပြီးမီလိုက်တဲ့အတွက် ကိုယ့်ရှေ့က နောင်တော်ကြီးတွေကို မမီပေမယ့် အလယ်တန်းလောက်ကစပြီး အင်္ဂလိပ်စာ စာစီစာကုံး (Essay) တွေ၊ ပေးစာအရေးအသား (Letter Writing) တွေကို ကိုယ့်ဟာကို ရေးသားနိုင်ခဲ့ပြီး နဝမတန်းအစိုးရစစ် (High School Final) နဲ့ အခြေခံပညာအထက်တန်း (တက္ကသိုလ်ဝင်တန်း) အစိုးရစစ်စာမေးပွဲတွေမှာ ကိုယ်ပိုင်အတွေးနဲ့ ကိုယ်ပိုင်ရေးသားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တက္ကသိုလ်တက်ရတဲ့အခါကျတော့ ဒုတိယအကြိမ် စနစ်သစ်နဲ့ထပ်တိုးပြီး အဓိကဘာသာရပ် (Major Subject) ကလွဲပြီး သာမန်ဘာသာရပ် (Minor Subject) တွေဖြစ်တဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ စတဲ့ ဘာသာရပ်တွေကို အဖြစ်လောက်ပဲ သင်ကြားကြလို့ ကိုယ့်ရဲ့အင်္ဂလိပ်စာအဆင့်အတန်းဟာ အများကြီးကျဆင်းသွားခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေကတော့ သစ်ပြီးရင်းသစ်နေတဲ့ အမျိုးမျိုးသောစနစ်သစ်တွေရဲ့ အစမ်းသပ်ခံဘဝရောက်ပြီး အင်္ဂလိပ်စာဝေးလို့ ကိုယ့်ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစာကိုတောင် ကောင်းစွာမတတ်ကျွမ်းကြတော့ပါဘူး။ အတန်းတိုင်းမှာ ကျူရှင်ယူနေကြရပြီး အများစုဟာ မြန်မာစာစာစီစာကုံးကိုတောင် ကိုယ်တိုင်မရေးနိုင်ကြတော့ဘဲ အလွတ်ကျက်ဖြေဆိုနေကြရပါတယ်။ အင်္ဂလိပ်စာဆိုရင်တော့ ပိုလို့တောင်ဆိုးပါသေးတယ်။ စာမေးပွဲမေးခွန်းကို နည်းနည်းလေးလှည့်လိုက်တာနဲ့ မဖြေနိုင်ကြတော့ဘဲ အင်္ဂလိပ်စာခက်တယ်ဆိုတဲ့အသံတွေ ထွက်လာကြတော့တာပါပဲ။ ကျူရှင်ယူပြီး အလွတ်ကျက်တဲ့စနစ်ဟာ အခြေခံပညာအဆင့်သာမကဘဲ တက္ကသိုလ်အဆင့်တွေမှာတောင် ကျူရှင်နဲ့မကင်းကြတော့ပါဘူး။ ဒါကြောင့် အခုခေတ်မှာ ဘွဲ့ရတွေ ဘာမှမတတ်ဘူးဆိုတဲ့ စကားသံတွေ လှိုင်လှိုင်ထွက်ပေါ်လာတာပဲဖြစ်ပါတယ် (ကျွန်တော်ပြောတာမဟုတ်ပါ)။

ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်အပါအဝင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကလွဲလို့ သာမန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရလာတဲ့လူငယ်တစ်ယောက်ဟာ ဘွဲ့ရပြီးလို့ အလုပ်ခွင်ဝင်တဲ့အခါ အင်္ဂလိပ်စာ၊ စာရင်းကိုင်ပညာနဲ့ ကွန်ပျူတာပညာအပါအဝင် အခြားအတတ်ပညာတစ်ခုခုကို ထပ်မံသင်ကြားပြီးတော့မှ အလုပ်ခွင်ကို ဝင်ရောက်ကြရပါတယ်။ အထူးသဖြင့်တော့ ပြင်ပစီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီအဖွဲ့အစည်းတွေက အလုပ်ခေါ်တဲ့အခါ ရိုးရိုးသာမန်ဘွဲ့အပြင် အတတ်ပညာတစ်ခုခုတတ်မှသာလျှင် အလုပ်ခန့်ထားကြပါတယ်။

ဒါပေမဲ့ အစိုးရဌာနတွေကတော့ သာမန်ရိုးရိုးဘွဲ့ရတွေကို အသင့်အတင့် အရည်အချင်းစစ်ဆေးပြီးတော့မှ ခန့်ထားကြပါတယ်။ နိုင်ငံ့ဝန်ထမ်းအဖြစ်ခန့်ထားပြီးတော့မှသာ ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ ဌာနတွင်းသင် တန်းတွေကို တက်ရောက်စေပြီး လိုအပ်တဲ့ဘာသာရပ်တွေကို သင်ကြားလေ့ကျင့်ပေးပါတယ်။ ဒါပေမဲ့ အဲဒီဘာသာရပ်တွေဟာ သက်ဆိုင်ရာဌာနအတွက် လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဆိုင်ရာတွေပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်စာဘာသာရပ်နဲ့ ပတ်သက်တဲ့ သင်ကြားလေ့ကျင့်မှုမျိုးကိုတော့ ဆောင်ရွက်ပေးတာမတွေ့ရပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေကိုကျတော့ စတင်ခေါ်ယူကတည်းက အင်္ဂလိပ်စာအဆင့်အတန်းကို သတ်မှတ်ခေါ်ယူပြီး ဌာနတွင်းမှာလည်း လိုအပ်တဲ့အဆင့်မြှင့်သင်တန်းတွေကို ပို့ချပေးပါတယ်။ အခုနောက်ပိုင်းတော့ နိုင်ငံခြားနဲ့ပတ်သက်ဆက်ဆံရတဲ့ စီးပွား/ကူးသန်းလိုဌာနမျိုးတွေကလည်း ဌာနတွင်း အင်္ဂလိပ်စာသင်တန်းတွေ ပို့ချလာတာ တွေ့ရပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာကျတော့ ဘယ်ဌာနရယ်လို့မဟုတ်တော့ဘဲ ဌာနတော်တော်များများဟာ အလျဉ်းသင့်သလို နိုင်ငံခြားသားတွေနဲ့ပြောဆိုဆက်ဆံရတာတွေ၊ နှစ်နိုင်ငံသဘောတူစာချုပ်တွေ ရေးသားချုပ်ဆိုရတွေကို ဆောင်ရွက်လာကြရပါတယ်။ ဒီတော့ အစိုးရဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အင်္ဂလိပ်စာကို မေးထူးခေါ်ပြောအဆင့်သာမက ကျွမ်းကျင်စွာတတ်မြောက်ဖို့ အထူးလိုအပ်လာပါတယ်။ ဒီတော့ တချို့ဌာနတွေက ဌာနတွင်းသီးသန့်သင်တန်းတွေဖွင့်ပြီး မိမိဝန်ထမ်းတွေ အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်လာကြသလို တချို့ဌာနတွေကျတော့လည်း နိုင်ငံခြားဘာသာတက္ကသိုလ်ကဖွင့်တဲ့ သီးသန့်သင်တန်းတွေကိုစေလွှတ်ပြီး တက်ရောက်စေခဲ့ပါတယ်။

တချို့ဌာနတွေအနေနဲ့ကတော့ ရေရှည်စီမံကိန်းတွေနဲ့ အကောင်အထည်ဖော်ဖို့ကလည်း အခြေအနေမပေး။ အဆင့်မြင့်အရာရှိတွေကိုလည်း အင်္ဂလိပ်စာကျွမ်းကျင်သူတွေ ဖြစ်စေချင်တဲ့အခါကျတော့ ဖြတ်လမ်းနည်းကိုလိုက်တဲ့အနေနဲ့ အရာရှိငယ်တွေကို ရာထူးတိုးစာမေးပွဲတွေ စစ်ဆေးတဲ့အခါမှာ အင်္ဂလိပ်စာမေးခွန်းလွှာကို အဆင့်မြှင့်ပြီး မေးမြန်းခဲ့ကြပါတယ်။ ဒီတော့ ဖြေဆိုသူအရာရှိငယ်တွေအနေနဲ့ ဒုက္ခရောက်ကြရပြီး သူတို့အနေနဲ့ နောက်တစ်ဆင့် ရာထူးတိုးတက်ဖို့ဆိုတာကို အကောင်အထည်မဖော်နိုင်တော့ဘဲ စိတ်ကူးယဉ်အိပ်မက်ပမာသာ ဖြစ်ခဲ့ကြရပါတယ်။ တကယ်တော့ သူတို့ဟာ ကျွန်တော်အထက်မှာရေးခဲ့သလို ညံ့ဖျင်းတဲ့ပညာရေးစနစ်တွေရဲ့ သားကောင်တွေဖြစ်ခဲ့ကြရလို့သာ အင်္ဂလိပ်စာအားနည်းခဲ့ကြတာဖြစ်ပါတယ်။

နောက်ပြီး ဌာနတစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်လည်း တချို့ဝန်ထမ်းတွေဟာ အင်္ဂလိပ်စာအားနည်းပေမယ့် ဌာနရဲ့တခြားလုပ်ငန်းတွေမှာ အားကိုးရတဲ့ဝန်ထမ်းတွေ ဖြစ်နိုင်ပါတယ်။ ဌာနရဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေမှာ ကျွမ်းကျင်သူတွေ၊ တာဝန်တစ်ခုပေးလိုက်ရင် နေ့ညမဟူ မညည်းမညူ လုပ်ငန်းပြီးမြောက်အောင် တာဝန်ထမ်းဆောင်နိုင်သူတွေ၊ နယ်စွန်နယ်ဖျားဒေသတွေမှာနေထိုင်ပြီး တောတောင်လျှိုမြှောင် ချောက်ကမ်းပါးတွေကို မတွန့်မဆုတ် ကျော်လွှားဖြတ်သန်းနိုင်သူတွေ စသည်ဖြင့် အခြေအနေ၊ အချိန်အခါနဲ့ နေရာဒေသကိုလိုက်ပြီး အားကိုးရတဲ့ဝန်ထမ်းတွေရှိပါတယ်။ ဒီလိုဝန်ထမ်းမျိုးတွေဟာ အင်္ဂလိပ်စာအားနည်းတာ တစ်ခုတည်းနဲ့ပဲ အဆင့်မြင့်ရာထူးတွေကို တက်လှမ်းခွင့်မရဘူးဆိုရင် ဌာနအတွက်ရော ဝန်ထမ်းအတွက်ပါ များစွာနစ်နာလှပါတယ်။

ဒါကြောင့် တချို့သောဝန်ကြီးဌာနနဲ့ ဦးစီးဌာနတွေအနေနဲ့ မိမိဌာနဝန်ထမ်းတွေရဲ့ အင်္ဂလိပ်စာအဆင့်အတန်းကို မြင့်မားတိုးတက်စေချင်တယ်ဆိုရင် ရာထူးတိုးစာမေးပွဲတွေမှာ အင်္ဂလိပ်စာမေးခွန်းကို အဆင့်မြှင့်တင်ခြင်း နည်းလမ်းတစ်ခုတည်းနဲ့ အောင်မြင်မှုရမှာမဟုတ်ဘဲ ရေတိုစီမံချက်တွေဖြစ်တဲ့ ဌာနတွင်းအင်္ဂလိပ်စာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်း၊ ပြည်နယ်နဲ့တိုင်းဒေသကြီးများအနေနဲ့ သက်ဆိုင်ရာတက္ကသိုလ်/ကောလိပ်များနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်း၊ မြို့နယ်များအနေနဲ့လည်း သက်ဆိုင်ရာပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီးများနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် ရေတိုအောင်မြင်မှုများ ရရှိနိုင်မှာဖြစ်ပါတယ်။ ရေရှည်အနေနဲ့ကတော့ နောင်ကို အရာရှိငယ်အလုပ်ခေါ်ယူတဲ့အခါ ရှိသင့်ရှိထိုက်တဲ့ အင်္ဂလိပ်စာအရည်အချင်းကို သတ်မှတ်ခေါ်ယူခြင်းအားဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်ငယ်စဉ်က ရှမ်းပြည်နယ်က မြို့နယ်ငါးမြို့နယ်မှာ ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ လျှပ်စစ်မီးကို အချိန်ပိုင်းပဲရပြီး တချို့မြို့နယ်တွေဆို လုံးဝမရခဲ့ပါဘူး။ ညဘက်ဆို ဖယောင်းတိုင်လေးတွေကို နှစ်တိုင် သုံးတိုင် ပူးပြီးမီးထွန်းပါတယ်။ ရတဲ့အလင်းရောင်နဲ့ အင်္ဂလိပ်စာတွေကို လေ့လာကျက်မှတ်ခဲ့ရပါတယ်။ အဲဒီအကျိုးကျေးဇူးကြောင့် သုတပဒေသာစာစောင်မှာ ဘာသာပြန်ဆောင်းပါးတွေတောင် ရေးသားနိုင်ခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ဝန်ထမ်းဘဝမှာ အဆင့်ဆင့်ရာထူးတွေတက်ပြီး အဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ချင်တယ်ဆိုရင်တော့ မိမိကိုယ်မိမိ ပျိုးထောင်ယူရမှာပဲဖြစ်ပါတယ်။ ရတဲ့အချိန်လေးမှာ အင်္ဂလိပ်စာအပါအဝင် မိမိဘဝတက်လမ်းအတွက် အရေးပါတဲ့ ဘာသာရပ်တွေ၊ စာတွေကို ဖတ်မှတ်လေ့လာနေရမှာပဲ ဖြစ်ပါတယ်။ သူတစ်ပါးကို အားမကိုးပါနဲ့။ ကိုယ့်ကိုယ်ကို အားကိုးပါ။ မြတ်စွာဘုရားက ဟောထားပါတယ်။ “အတ္တာဟိ အတ္တနော နာထော”ပါတဲ့ ...။

သိန်းထက်အောင်

  • TAGS