News

POST TYPE

PERSPECTIVE

တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းပုံစံ ပြောင်းလဲခြင်းအပေါ် သုံးသပ်ခြင်း
04-Jul-2018

(သချာင်္ဘာသာအပေါ် ဆွေးနွေးခြင်း)

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံကို အလွတ်ကျက်စနစ်မှ အတွေးအခေါ်မေးခွန်းအဖြစ် ပြောင်းလဲမှုကို စတင်လိုက်ပါပြီ။ မေလ ၂ မှ ၁၀ ရက်အထိ မေးခွန်းပုံစံသစ် ၉ ခုကို ထုတ်ပြန်ပါတယ်။ ဆရာ၊ ဆရာမများ အခက်အခဲဖြစ်မှာကြောင့် ၂၀၂၃ လောက်မှာ ပြဋ္ဌာန်းစာအုပ်ကအစ ပြောင်းနိုင်ဖို့ကိုဦးတည်ကာ တရွေ့ရွေ့ပြောင်းမယ်ဆိုတဲ့အကြောင်း၊ သို့သော် လက်ရှိမှာ အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ထားတာကို တွေ့ရပါတယ်။ ဘာသာရပ်အားလုံးကို မဆွေးနွေးသေးပဲ သင်္ချာဘာသာတစ်ခုတည်းအပေါ် သုံးသပ်တင်ပြလိုပါတယ်။ သင်္ချာမေးခွန်းပုံစံသစ်ဟာ Spot ရိုက်ပြီး တချို့အခန်းတွေကို ချန်မယ် တချို့အခန်းကိုတော့ အပိုင်လုပ်မယ်ဆိုတာမဖြစ်အောင် အခန်းတိုင်းကို ပိုင်နိုင်စွာလေ့လာအောင် ရွေးစရာသိပ်မပေးဘဲ ပြုပြင်ထားတာမို့ မေးခွန်းပုံစံသစ်ကို ကြိုဆိုရပါမယ်။ 

ကျွန်တော်တို့ဆောင်းပါးပါ အဓိကအချက်အလက်များကို မိတ်ဆွေကြီး ဆရာမောင်မောင်တီအား တိုင်ပင်ဆွေးနွေးရေးသားရပါတယ်။ သင်္ချာသမားသက်သက်ဖြစ်တဲ့ ဆရာမောင်မောင်တီဟာ နှစ်ပေါင်း ၄၀ ကျော် ယနေ့တိုင် သင်္ချာဘာသာရပ်တစ်ခုတည်းကိုသာ စိုက်လိုက်မတ်တတ်သင်နေသူဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံကိုပြောင်းလဲရာမှာ ဘာသာရပ်အားလုံးအနက် သင်္ချာဟာ စတင်ပြုပြင်ပြောင်းလဲဖို့ လွယ်ကူသလို ပြောင်းလဲမှုကြီးတစ်ခုလုံးရဲ့ ရှေ့ပြေးစမ်းသပ်ချက်တစ်ခုသဖွယ်လည်း ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမူကို မြန်မြန်ဖော်ထုတ်ပေးနိုင်သော အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဘာသာဟာ သင်္ချာဖြစ်လို့ပါ။ ရူပ၊ ဓာတု၊ ဇီဝတို့လို အင်္ဂလိပ်စာအခြေခံကောင်းဖို့ စတဲ့ လိုအပ်ချက်မျိုးများစွာမလိုအပ်တဲ့ ဘာသာပါ။ ပြီးတော့ တကယ်တမ်း နားလည်အောင်သင်ရပြီး အလွတ်ကျက်ဖို့ မလိုအပ်ဆုံးဘာသာလည်း ဖြစ်ပါတယ်။

လက်ရှိသင်္ချာသင်ရိုးနဲ့ ပြဋ္ဌာန်းစာအုပ်များဟာ ယေဘုယျအားဖြင့် GCE “O” Level အပေါ်အခြေခံထားတာဖြစ်တော့ မေးခွန်းအဆင့်မြှင့်တဲ့အခါမှာ ယေဘုယျအားဖြင့် GCE “O” Level မေးခွန်းဟောင်းထဲက တက္ကသိုလ်ဝင်တန်းပြဋ္ဌာန်းချက်နဲ့ ကိုက်ညီဆီလျော်တဲ့ မေးခွန်းများကို ပြန်လည်ယူသုံးကာ မေးလေ့ရှိပါတယ်။ ၂၀၁၈ မေးခွန်းကိုကြည့်ရင် ပြဋ္ဌာန်းစာအုပ်ပါ ပုံစံတူမေးခွန်းများကို များစွာထည့်ခြင်းကြောင့် ကျောင်းသား များအနေနဲ့ အခက်အခဲမတွေ့ပါဘူး။ နည်းနည်းအဆင့်မြှင့်ပေးဖို့အတွက် ကျောင်းသားများနဲ့ အလှမ်းမဝေးလောက်သော GCE “O” Level မေးခွန်းအချို့ထည့်သုံးလိုက်တဲ့အတွက် ၂၀၁၈ သင်္ချာမေးခွန်းဟာ ပြဿနာမရှိဘူးလို့ ဆိုရမှာပါ။ အကယ်၍ GCE မေးခွန်းထဲက နည်းနည်းခက်တဲ့မေးခွန်းမေးမိရင် ခက်တယ်ဆိုပြီး ကျောင်းသားများက ဝိုင်းအော်ကြမှာပါ။ ဒီတော့ သင်္ချာမေးခွန်းကို အဆင့်မြှင့်ခြင်းဆိုသည်မှာ သာမန်အားဖြင့် GCE မေးခွန်းဟောင်းထဲက နည်းနည်းပိုမိုခက်ခဲတဲ့ မေးခွန်းအချို့ကို ယူသုံးခြင်းဖြစ်တယ်လို့ အကြမ်းဖျင်းပြောရပါမယ်။ 

မေးခွန်းမြှင့်ခြင်း စသည်တို့မပြုလုပ်မီ ယနေ့ ၉ တန်း၊ ၁၀ တန်း တက္ကသိုလ်ဝင်သင်္ချာပြဿနာကို ပြောကြည့်ပါမယ်။ ၂၀၁၈ မေးခွန်းကိုပဲ ကြည့်ပါစို့။ မြန်မာတစ်ပြည်လုံးရှိ ၉ တန်း၊ ၁၀ တန်းကို သင်ကြားပို့ချနေကြတဲ့ ဆရာ၊ ဆရာမများရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ၂၀၁၈ ခုနှစ် သင်္ချာမေးခွန်းကို မိမိဘာသာ အခြားအထောက်အကူမယူဘဲ ကိုယ်တိုင်မတွက်နိုင်ကြတော့ပါဘူး၊ တွက်နိုင်လောက်သော အရည်အချင်းများမရှိကြတော့ပါဘူး။ ဆရာများစွာတို့ဟာ အထူးထုတ်များအကူအညီဖြင့်သာလျှင် မေးခွန်းများကို တွက်နိုင်ကြပါတော့တယ်။ ဆိုလိုတာက ဆရာများကိုယ်တိုင်က တတ်လို့သင်တာမဟုတ်ကြဘဲ အထူးထုတ်ထဲကအတိုင်း မှတ်သားသင်ကြားပေးခြင်းဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ ထိုကဲ့သို့ ဘာသာရပ်ဆိုင်ရာမှာ စာမတတ်တော့ခြင်းဟာ သင်္ချာတစ်ခုတည်းမှာသာမဟုတ်ကြောင်း အခြားဘာသာတွေမှာလည်း ထိုကဲ့သို့ ပြဿနာများရှိနေတာကတော့ နောင်မှာ ဆက်လက်ဆွေးနွေးရမယ့်ကိစ္စပါ။

၁၉၈၈-၁၉၉၈ ၁၀ နှစ်တာကာလအတွင်း Micro ကူးစနစ်နဲ့ စာမေးပွဲများကို ခိုးချဖြေဆိုကြခြင်း၊ တစ်နှစ်သင်စာများကို ၃ လ၊ ၄ လနဲ့ သင်ကြားကြခြင်း၊ ဒီ ၁၀ ပုဒ်ထဲကသာမေးမယ်ဆိုပြီး မေးခွန်းကို ကြိုတင်ပေးထားခြင်းစတဲ့ အောက်လမ်းနည်းစနစ်များစွာတို့နဲ့ စာမေးပွဲများကို ဖြတ်ကျော်အောင်မြင်လာတဲ့သူများဟာ ယနေ့အချိန်မှာ ဆရာဖြစ်လာကြပါတယ်။ စာကိုကောင်းကောင်းမသင်လိုက်ရသူများ ကြီးစိုးတဲ့ ခေတ်အခြေအနေမှာ ဆရာများကို အရည်အသွေးမြှင့်တင်ဖို့ဆိုတာ အလွန်ခက်ခဲပြီး အချိန်ယူရသော အခြေအနေတစ်ရပ်ဖြစ်ပါမယ်။ ဖြစ်နိုင်ခြေတစ်ခုက မေးခွန်းကိုအဆင့်မြှင့်မယ်ဆိုရင် မေးခွန်းနမူနာကို အရင်တင်ကြိုပေးထားပြီး နမူနာမေးခွန်းနဲ့ မတိမ်းမယိမ်းမေးခြင်းပဲဖြစ်မယ်လို့ အကြမ်းဖျင်းတွက်ကြည့်လို့ရပါတယ်။

ကျွန်တော်တို့ဟာ ပညာရေးဆောင်းပါးများကိုရေးတိုင်း အခက်အခဲ တင်ပြခြင်းသက်သက်မဟုတ်ဘဲ ဖြေရှင်းနည်းကိုပါ ဆွေးနွေးပါတယ်။ လုပ်တာမလုပ်တာအပထား အချက်အလက်တစ်ခုခု အကြံပေးဖြစ်ရပ်အဖြစ် ကျန်ရစ်စေဖို့ ရည်ရွယ်တာပါ။ သင်္ချာမေးခွန်းအဆင့်မြှင့်ဖို့အတွက် ပညာရေး ဌာနအနေနဲ့ အဆင့်မြင့်ပုစ္ဆာများကို နိုင်ငံတကာပြဋ္ဌာန်းစာအုပ်များမှ ရှာဖွေခြင်း အင်တာနက်မှရှာခြင်းတို့လုပ်ပြီး ပုစ္ဆာများတွက်နည်းများကို ကျောင်းများဆီရောက်အောင် စာရွက်စာတမ်းအနေနဲ့ ပို့တာမခက်ပါ။ ထိုသို့သောစာရွက်များဟာ တစ်ပြည်လုံးကို ပျံ့နှံ့နိုင်ပါမယ်။ အထူးထုတ်ဆရာများကလည်း တွက်ပေးကြပါလိမ့်မယ်။ အဆင့်မီ အဆင့်မြင့်ပုစ္ဆာများဟာ ကျောင်းသားကိုင်၊ ဆရာကိုင်စာအုပ်များအဖြစ် ပညာရေးဌာနအနေနဲ့ ထုတ်နိုင်ပါမယ်။ အထူးထုတ်များအဖြစ်လည်း ထွက်ပေါ်လာပါမယ်။ သို့သော် လက်ထဲရောက်နေသော မေးခွန်းနဲ့ အဖြေစုံတို့ကို နားမလည်ဘဲ အလွတ်ကျက်မယ်ဆိုရင် ပိုပြီးခက်ခဲသောပုစ္ဆာများဖြစ်လို့ ဆရာလည်း ဒုက္ခရောက်ကျောင်းသားမှာလည်း ပိုမိုဆိုးဝါးလာပါမယ်။

ဆရာများကိုခေါ်ယူပြီး မွမ်းမံသင်တန်းပေးမယ့်အစား အိမ်တိုင်ရာရောက် အတတ်သင်တဲ့နည်းကိုလုပ်မှသာ တစ်ခါအပင်ပန်းခံတဲ့ကိစ္စဟာ ပင်ပန်းရကြိုးနပ်ပါမယ်။ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ဆေးကုသလို အထူးပညာပေးအဖွဲ့ကြီးများဖွဲ့ကာ အချိန်ပေးပြီး နယ်လှည့်ကြပ်မတ်သင်ကြားခြင်း စသည်တို့ပြုလုပ်မှဖြစ်ပါမယ်။ သင်ပေးပြီးတဲ့အခါ တတ်မတတ်သိချင်လို့ တရုတ်ပြည်မှာလုပ်သလို ဆရာတိုင်းကို သက်ဆိုင်ရာဘာသာရပ်အလိုက် အရည်အချင်းစစ် စာမေးပွဲစစ်ပြီး အောင်သူကိုသာ ဆရာလိုင်စင်ထုတ်ပေးမယ်ဆိုရင် ပညာရေးဌာနမှာ လူကျန်တော့မှာမဟုတ်ပါ။ မေးခွန်းစနစ်ကို မြှင့်တင်ရင်း ဆရာကိုမွမ်းမံရာမှာ အိမ်တိုင်ရာရောက် နယ်လှည့်ကြပ်မတ်ကုစားသင်ကြားပေးနည်း လုပ်ဖို့လိုအပ်ကြောင်းတင်ပြပါတယ်။ “အ” သုံးလုံးကြေလုပ်အားပေးကဲ့သို့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ပညာရေးလှုပ်ရှားအသွင် လူထုအင်အားနဲ့ ပူးပေါင်းဆောင်ရွက်သလို ဆရာများအရည်အချင်းပြည့်ဝရေး လူထုလှုပ်ရှားမှုတစ်ခု လုပ်ယူရမယ်ထင်ပါတယ်။

ဒါဟာလည်း အပြောလွယ်သလောက် အလုပ်ခက်တဲ့ကိစ္စပါ။ ဒီတော့အနည်းဆုံး တက္ကသိုလ်သင်္ချာဌာနက တာဝန်ယူကာ လစဉ်ထုတ် သင်္ချာဂျာနယ်တစ်စောင်ထုတ်ဝေပြီး သင်ရိုးညွှန်းတမ်းသတ်မှတ်ချိန်နဲ့ပါ အချိန်ကိုက်အောင် လမ်းညွှန်သင်ကြားခြင်းလောက်တော့ အနည်းဆုံးလုပ်ဖို့လိုလာပါမယ်။ ဖြစ်နိုင်ပါရင် စာပေးစာယူသင်နည်းလောက်တော့ အနည်းဆုံးရှိရပါမယ်။ ဒီနေရာမှာလည်း နယ်မှာရှိတဲ့ ဆရာ၊ ဆရာမများအတွက် သင်္ချာဂျာနယ်စာအုပ်ကြီး တကိုင်ကိုင်နဲ့ မတတ်တဲ့ မေးခွန်းပုစ္ဆာတွက်နည်းများအတွက် တတ်တဲ့သူကို ရှာဖွေမေးလို့ရရင် တော်ပါရဲ့၊ ကူညီသင်ပြပေးမယ့်သူမရှိလို့ကတော့ သူတို့လည်း တောင်မင်းမြောက်မင်း မကယ်နိုင်တဲ့ဘဝ ရောက်ဖို့ရှိပါတယ်။ သို့သော်လည်း အခြေအနေများစွာ တိုးတက်တယ်လို့တော့ ပြောလို့ရလာမှာ ဖြစ်ပါတယ်။ 

အထက်တန်းပြသင်္ချာဆရာများကို ဖိဖိစီးစီးကြပ်မတ်ပြီး မွမ်းမံသင်ပေးမယ့်ဆရာတွေကတော့ အမြန်ဆုံးလိုအပ်လှပါတယ်။ မွမ်းမံသင်တန်းပေးမယ့်ဆရာများကို ပညာရေးဌာနအနေနဲ့ တစ်ဦးချင်းအလိုက်ဖြစ်စေ၊ အုပ်စုအနေနဲ့ဖြစ်စေ၊ အချိန်ပိုင်းအလိုက်ငှားရမ်းခြင်းဖြစ်စေ၊ လုပ်အားပေးပါရန် မေတ္တာရပ်ခံလို့ဖြစ်စေ ရှာဖွေလုပ်ကိုင်သင့်ပါတယ်။ တခြားတိုင်းပြည်တွေမှာဆိုရင် အထက်တန်းဆရာ မလုံလောက်လို့ နိုင်ငံခြားက ဆရာများစွာကို ငှားရမ်းရပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ တစ်ချိန်က ပညာတတ်များစွာတို့ဟာ အခြားတိုင်းပြည်ရောက်နေမယ်၊ တချို့လည်း ပင်စင်ယူနေမယ် စသည်ဖြင့် ရှိပြီးသားဖြစ်ပါတယ်။ အသက်ကြီးတဲ့ အချိန်ပိုပေးနိုင်သူပညာရှင်တွေလည်း ရှိသလို အသက်မကြီးသော်လည်း သူတို့ အားလပ်ချိန်ကိုဖဲ့ပေးကာ ကိုယ့်နိုင်ငံအတွက် တစ်နှစ်ကို ၂လ၊ ၃လ စသည်ဖြင့် လုပ်အားပေးလုပ်နိုင်သူများလည်း ရှိနိုင်ကောင်းပါမယ်။ 

ဥပမာပြရရင် ၁၉၈၈-၉၀ အတွင်း တက္ကသိုလ်ဆရာပေါင်း ၂၀၀ ကျော် ၃၀၀ ခန့်ဟာ ထိုင်း၊ စင်ကာပူကို ထွက်သွားကြပါတယ်။ သူတို့ဟာ ယနေ့အချိန် ပြန်လည်လုပ်ပေးနိုင်ကြသူများစွာရှိနိုင်ပါတယ်။ ကမ္ဘာအနှံ့ ရောက်နေသူများကိုလည်း ၉တန်း၊ ၁၀တန်းဆရာများကို မွမ်းမံသင်တန်းပေးရာမှာ ကူညီဖို့ မေတ္တာရပ်ခံ အကူအညီတောင်းသင့်ပါတယ်။ မိမိတိုင်းပြည်က အကူအညီတောင်းလို့ နိုင်ငံတကာပျံ့နှံ့ရောက်နေသူများ ပြန်လာဝိုင်းကူတဲ့အစဉ်အလာဟာ အသစ်အဆန်းမဟုတ်ပါ။ ပြန်လာချင်အောင် ဆွဲဆောင်ခြင်း၊ ပြန်လာတဲ့အခါ နေရာပေး အသိအမှတ်ပြုခြင်း စတဲ့အလုပ်ဟာ တိုင်းတစ်ပါးသားကိုလုပ်ရတာမဟုတ်ဘဲ ကိုယ့်အချင်းချင်း ဖြစ်တာမို့ အပြန်အလှန် နားလည်သည်းခံစိတ်နဲ့ ရေရှည်တိုင်းပြည်အတွက် လိုအပ်တာမို့ ပညာရေးဌာနကစလို့ လေ့ကျင့်သင့်ပါပြီ။ တစ်နည်းနည်းနဲ့ အချိန်ပိုင်းစာသင်ပေးနိုင်မယ်ဆိုပါက သူတို့လုပ်အားကိုစုဆောင်းဖို့ ပညာရေးဌာနအနေနဲ့ လုပ်သင့်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ ပညာရှင်များကိုလည်း ရှာဖွေဖော်ထုတ်ရယူသင့်ပါတယ်။ မွမ်းမံပညာပေးဆိုင်ရာ ပညာရှင်များ စုဆောင်းရေးအဖွဲ့ သို့မဟုတ် လှုပ်ရှားမှုလုပ်ငန်းတစ်ခုခု စသင့်ပြီလို့ တင်ပြပါတယ်။

သူများတိုင်းပြည်တွေမှာ လုပ်လေ့ရှိတဲ့ နည်းလမ်းတစ်ခုကတော့ သင်္ချာဘာသာအတွက် Maths Team (သင်္ချာအသင်း) ဆိုတာဖွဲ့ပါတယ်။ ဒီအသင်းမှာ ကျောင်းတွင်းရော ကျောင်းပြင်ပပါ လူငယ်လူကြီးတို့ပါဝင်ပါတယ်။ ဒီအလုပ်ဟာ အန်ဂျီအို ပရဟိတလုပ်ငန်းမျိုးဖြစ်ပါတယ်။ အသင်းဝင်အချို့က သင်္ချာပညာရှင်တွေမဟုတ်ကြပါ။ သင်္ချာသမားတွေကို လိုက်လံရှာဖွေနေသူများနဲ့ သင်္ချာသမားတွေကို လိုအပ်သလို ထောက်ပံ့ကူညီလိုသူများ ဖြစ်လေ့ရှိပါတယ်။ အနည်းဆုံးတော့ စာအုပ်စာတမ်းတွေကို ဝယ်ယူစုဆောင်းပေးတာလောက်ကို လုပ်ပေးကြတာပါ။ အာဏာရှိသူများ ချမ်းသာသူများပါဝင်လာရင်တော့ ဒီအဖွဲ့ဟာ အားကောင်းလာတတ်ပါတယ်။

နောက်ဆုံးတင်ပြလိုတာကတော့ ၂၀၁၉ စာမေးပွဲအတွက် မေးခွန်းထုတ်ရာမှာ ဖြစ်နိုင်ပါရင် သင်္ချာဘာသာမေးခွန်းကို နှစ်စုံထုတ်စေချင်တာပါ။ တစ်စုံက အခြေခံသင်္ချာမေးခွန်းနဲ့ နောက်တစ်စုံက အဆင့်မြင့်မေးခွန်းဖြစ်ပါမယ်။ ဆိုလိုတာက အခြေခံသင်္ချာမေးခွန်းမှာ ၉ တန်း၊ ၁၀ တန်းပြဋ္ဌာန်းချက်အားလုံးကို မေးမှာမဟုတ်ဘဲ အချို့သောအခန်းများကို ချန်လှပ်ရပါမယ်။ ဘယ်လိုအခန်းကို ချန်လှပ်သင့်တယ်ဆိုတာ သင်္ချာသမားအနေနဲ့ လွယ်ကူစွာဆုံးဖြတ်လို့ရပါတယ်။ လူတိုင်း မေးခွန်းနှစ်စုံလုံးကိုဖြေဖို့မလိုဘဲ အချို့က အခြေခံသင်္ချာဖြစ်တဲ့ အလွယ်ဆင့်ကိုပဲ ဖြေပါလိမ့်မယ်။ အချို့ကလည်း အဆင့်မြင့် ခက်ခဲတဲ့မေးခွန်းကိုပဲ ဖြေသူလည်းဖြေပါမယ်။ အချို့ ကတော့ နှစ်ဆင့်လုံးကိုဖြေသူလည်း ရှိကောင်းရှိလာပါမယ်။ ဒီနေရာမှာ လူကို နည်းနည်းခွဲလို့ ရလာပါမယ်။ (မေးခွန်းနှစ်ခုလုံးကို ပေးဖြေသင့် မသင့်ဆိုတာလည်း စဉ်းစားရမှာပါ) အမှတ်ကိုတွက်ချက်ရာမှာတော့ စနစ်တစ်ခု လိုပါမယ်။ ဥပမာ - အလွယ်ဆင့်သင်္ချာ အမှတ် ၈၀ ဟာ အဆင့်မြင့်သင်္ချာ ၅၀ နဲ့ညီမယ် စသည်ဖြင့် တစ်ခုခုစီစဉ်ဖို့လိုပါမယ်။ နှစ်မျိုးလုံးဖြေသူကိုတော့ ဘယ်လိုစဉ်းစားမယ် စသည်ဖြင့် လုပ်နိုင်မယ့်နည်းတွေ ရှာယူရမှာ ဖြစ်ပါတယ်။

ကောင်းကျိုးဆိုးပြစ်ကိုဝေဖန်ရရင် အလုပ်ရှုပ်တာ အပိုကုန်တာတွေထက် တက္ကသိုလ်ဝင်ခွင့်ဆုံးဖြတ်ရာမှာ ခက်ခဲသွားတာတွေရင်ဆိုင်ရဖို့ ရှိပါတယ်။ ဒါပေမဲ့ အနှစ်သာရအနေနဲ့ကြည့်ရင် သင်္ချာအားနည်းပေမယ့် အခြားဘာသာ အားကောင်းသူတွေအတွက် အခွင့်အရေးရမယ် သင်္ချာအားကောင်းသူအတွက်လည်း တစ်ပန်းသာမယ်။ မေးခွန်းအဆင့်မြင့်လာမယ်။ အကယ်၍ မေးခွန်းနှစ်စုံမထုတ်လိုဖူးဆိုရင်လည်း မေးခွန်းတစ်စုံတည်းမှာ အပိုင်းနှစ်ပိုင်းခွဲလိုက်ပြီး ပထမပိုင်းမှာ ၆၅ မှတ်ဖိုး အခြေခံသင်္ချာပိုင်းကိုမေးပြီး ဒုတိယပိုင်းမှာ ကျန် ၃၅ မှတ်ထဲက အထူးသင်္ချာဆင့်မေးဖို့ပါ။ အခြေခံပိုင်းနဲ့ အဆင်မြင့်ပိုင်းကို ခွဲခြားခြင်းရဲ့ အနှစ်သာရက မည်သူကိုမဆို အခြေခံသိသင့်တာတွေကို ပိုင်နိုင်စေဖို့ပါ။ သင်္ချာအားကောင်းသူကိုလည်း အခွင့်အရေးပေးဖို့ ပြိုင်တူစဉ်းစားရမှာဖြစ်ပါတယ်။ သင်္ချာနဲ့ ဆက်လက်အသုံးပြုသွားမယ့်သူများကို အဆင့်အတန်းမီမီ အရည်အချင်းပြည့်စေချင်တာပါ။ 

၁၅ နှစ်စတဲ့ ပညာသင်ချိန်အရွယ်လူငယ်များဟာ ပညာကိုတန်ဖိုးမထားတော့ဘဲ ငွေရလွယ်လို့ ထိုင်းစတဲ့ တိုင်းပြည်တွေကို အလုပ်ထွက်လုပ်ကြတာ ၂ သန်းလောက်ရှိနိုင်တဲ့ ယနေ့ခေတ်မှာ အခြေခံပညာကရော တကယ်တမ်း အားကိုးလောက်အောင် လူငယ်များကို ပေးနိုင်ပါရဲ့လားဆိုတာပါ စဉ်းစားမိပါကြောင်း။ ။

တင်ဝင်းသိန်း (RIT 1977)၊ အောင်ကျော်စိုး (RIT 1980)