News

POST TYPE

PERSPECTIVE

စောင့်ကြည့်လေ့လာရမယ့် ကြားဖြတ်ရွေးကောက်ပွဲ
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လစ်လပ်တဲ့နေရာများကတော့ ပြည်သူ့လွှတ်တော်အတွက် ကန်ပက်လက်၊ လဲချား၊ တာမွေနဲ့ မြင်းခြံလေးနေရာ၊ အမျိုးသားလွှတ်တော်အတွက် မြစ်ကြီးနားတစ်နေရာနဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များအတွက်ဆိုရင် မတူပီ၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ရန်ကုန်ဆိပ်ကမ်းမြို့နယ်နဲ့ မန္တလေး စတဲ့ရှစ်နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတို့ကို ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲတွေရဲ့ အကြိုကာလသဘာဝအတိုင်းဆိုရင် ရွေးကောက်ပွဲမတိုင်မီ နှစ်လကြိုတင်ပြီး မဲဆွယ်စည်းရုံးရေးကာလသတ်မှတ်လေ့ရှိတာဖြစ်တဲ့အတွက် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက်ဆိုရင် နောက်နှစ်လအကြာ စက်တင်ဘာ ၁ ရက်နေ့လောက်ဆိုရင် စတင်ကြတော့မှာပါ။ ဒီကာလက ဝေးသေးပါတယ်ကွာလို့ ပြောလို့ရနိုင်ပေမယ့်လည်း ပါဝင်ယှဉ်ပြိုင်အရွေးခံကြမယ့်ပါတီတွေကတော့ အခုလကတည်းက ပြင်ဆင်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာကြတာ သတင်းတွေမှာ မြင်နေကြရတာမို့ ဝေးပါသေးတယ်လို့ မယူဆကြဘဲ ရွေးကောက်ပွဲအကြိုကာလတွေကို ကျွန်တော်တို့ ကြိုတင်လေ့လာစောင့်ကြည့်ကြဖို့လိုနေတာပဲ ဖြစ်ပါတယ်။ NLD ဆိုရင် ပြီးခဲ့တဲ့ဇွန်လ ၂၉ ရက်နေ့က စာအမှတ် ၅/ဝ၆/၂၀၁၈ နဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကနေ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပြီးပြီဖြစ်သလို ပြည်ခိုင်ဖြိုးပါတီကတော့ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံဖို့သင့်မသင့်ကို မဆုံးဖြတ်ကြရသေးဘူးလို့ ဆိုပါတယ်။

အာဏာရပါတီဖြစ်တဲ့ NLD အနေနဲ့ အထက်မှာပြောခဲ့သလို မဲဆွယ်စည်းရုံးမှုကာလမတိုင်မီ နှစ်လလောက်ကတည်းက ကြိုတင်ပြီး ပါဝင်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကို ကြိုတင်စိစစ်တာ၊ ထုတ်ပြန်ကြေညာထားတာတွေနဲ့ ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကို ကြိုတင်မဲဆွယ်စည်းရုံးရေးကာလပိုရအောင် လုပ်ပေးထားတာတွေ မြင်နေရပေမယ့်လည်း အဓိကပြိုင်ဘက်ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးကတော့ အခုအချိန်အထိ မပြင်ဆင်နိုင်သေးတာမြင်ကြရမှာပါ။ ဒီအပေါ် သူတို့ဘာလို့ဒီလိုဖြစ်ကြရသလဲဆိုတာ လေ့လာကြည့်တဲ့အခါ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အငြင်းပွားမှုတွေနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အငြင်းပွားမှုတွေအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖြေရှင်းပေးမှုများဟာ မျှတတယ်လို့ ယုံကြည်မှုမရှိတာကြောင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် သင့် မသင့်ကို ဇူလိုင်လအတွင်း ပြုလုပ်မယ့် ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးကျမှသာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သတင်းတွေမှာမြင်ရပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှစပြီး နောက်ပြုလုပ်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲဆန္ဒနယ်အားလုံးနီးပါးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပါတီဆိုတာလည်း အထူးပြောဖို့လို မယ်မထင်ပါဘူး။ NLD ပါတီကတော့ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကျမှ ပါဝင်ယှဉ်ပြိုင်အရွေးခံလာတဲ့ပါတီဖြစ်ပြီး အခုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ယနေ့လက်ရှိအချိန်အထိတော့ အာဏာရပါတီတစ်ခုသာ အမည်စာရင်းထုတ်ပြန်ထားရှိနိုင်ခဲ့ပြီး မှတ်ပုံတင်ထားပြီးဖြစ်တဲ့ ကျန်ပါတီတွေကတော့ ထူးထူးခြားခြား လှုပ်ရှားမှုပြုသေးတာ မမြင်ကြရသေးပါဘူး။ ဒီနေရာမှာ ထည့်ပြောစရာကျန်နေတာက ယခင်က သတင်းတွေအရ ယခုကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ သတင်းရထားတဲ့ ရှစ်လေးလုံးပါတီအနေနဲ့ကလည်း သူ့ပါတီအတွက် အမည်နာမ်မပေးရေးကိစ္စအတွက်နဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြန်လည်စိစစ်မှုတွေအကြားမှာ မှတ်ပုံတင်ခွင့်ရဖို့အရေး နှောင့်နှေးနေဆဲသာဖြစ်နေတာ၊ ဒီအပေါ် သက်ဆိုင်ရာပါတီနဲ့ ရွေးကောက်ပွဲကော်မရှင်ကြားထဲမှာ မကျေလည်မှုတွေဖြစ်နေတာ မြင်နေရဆဲပါ။

ဒီတစ်ကြိမ်ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ NLD အစိုးရလက်ထက်မှာတော့ ဒုတိယအကြိမ်ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပြီး ယခင်တစ်ကြိမ်ကိုတော့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာကျင်းပခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ မဲဆန္ဒနယ် ၁၉ ခုမှာပြုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းကဆိုရင် ဧပြီလမတိုင်ခင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ရွေးကောက်ပွဲလုပ်မယ့် မြို့နယ်ကော်မရှင်ရုံးခွဲတွေမှာကပ်ထားပေးတဲ့ မဲပေးကြရမယ့်စာရင်းတွေကို ပြည်သူတွေလာကြည့်ကြတာဟာ မဲစာရင်းပါသူများရဲ့ ၆ ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာပါရှိခဲ့ဖူးပါတယ်။

အဲ့ဒီကာလတုန်းက ပြည်သူတွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုနည်းနေသေးတယ်လို့ ကောက်ချက်ဆွဲလို့ရနိုင်ခဲ့တာဖြစ်တဲ့အတွက် အခုလာမယ့်ရွေးကောက်ပွဲဆိုရင် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဒီမိုကရေစီစစနစ်ရဲ့ အခြေခံဖြစ်တဲ့ ဒီလိုရွေးကောက်ပွဲတွေအပေါ် စိတ်ဝင်တစားနဲ့ အလေးထားမှုရှိလာစေရေးအတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးသားပြီး ထပ်မံတင်ပြဖြစ်ဖို့ဖြစ်လာရတာပါ။

အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ မဲဆန္ဒနယ် ၁၃ နေရာမှာသာပြုလုပ်မှာဖြစ်ပေမယ့်လည်း နိုင်ငံနဲ့ဆိုင်တဲ့ နိုင်ငံရေးလှုပ်ရှားမှု တစ်ခုဖြစ်တာနဲ့အညီ ကျွန်တော်တို့အနေနဲ့ကလည်း ကိုယ့်မဲဆန္ဒနယ်မှာ မပြုလုပ်၊ မဲပေးရမယ့်အထဲမပါပေမယ့်လည်း စိတ်မဝင်စားဘဲ မနေစေချင်ပါဘူး။ ဒီကာလမှာလည်း ရွေးကောက်ပွဲအကြိုကာလမှာ ပြုလုပ်တတ်၊ ကြေညာချက်တွေထုတ်တတ်တဲ့ ကော်မရှင်ရဲ့ ပြုမူဆောင်ရွက်ချက်တွေနဲ့ ဒီအပေါ်မှာလိုက်ပါ ပါဝင်ယှဉ်ပြိုင်လာကြမယ့် နိုင်ငံရေးပါတီတွေရဲ့ သဘောတရားတွေ၊ သူတို့ပြုလုပ်လေ့ပြုလုပ်ထရှိတတ်တဲ့ ပုံစံတွေနဲ့ သူတို့ချမှတ်တဲ့ လမ်းစဉ်နဲ့ ကျင့်သုံးတဲ့မူဝါဒတွေကို အကဲခတ်သုတေသနပြုတာတွေပြု လုပ်ထားကြရမှာပါ။ ဒီလိုလုပ်ထားခြင်းအားဖြင့် ကျွန်တော်တို့ပြည်သူတွေအားလုံး မလွဲမသွေ ထပ်မံလို့ ကိုယ်စီကိုယ်စီမဲထည့်တာတွေ၊ ပါဝင်အကဲဖြတ်ရမှာတွေအတွက် ရင်ဆိုင်ကြရဦးမယ် ၂၀၂၀ ခုနှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီးအတွက်ပါ ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ငန်းစဉ်တွေကို အခုကတည်းက ကြိုတင်လေ့လာစောင့်ကြည့်ထားကြဖို့ ကြိုတင်ပြင်ဆင်ချိန် ရလိုက်ကြတယ်လို့ ဆိုလို့လည်း ပြောလို့ရနိုင်ပါတယ်။

ဘာလို့ ဒီလိုပြောရသလဲဆိုတော့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအကျဆုံးအလုပ်က ရွေးကောက်ပွဲတွေဖြစ်ပြီး ဒီရွေးကောက်ပွဲတွေဆိုတာကလည်း ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာသာ တွေ့ရှိရတတ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ကိုယ်နဲ့ဆိုင်တဲ့မဲဆန္ဒနယ်တွေအတွက်ဆိုရင် ကိုယ်ကိုယ်တိုင်ကိုယ့်ရဲ့ကိုယ်စားလှယ်ကို တိုက်ရိုက်ရွေးချယ်မဲပေးနိုင်တဲ့ အခွင့်အရေးလည်းရကြပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေအတွက် အဓိကအကျဆုံး ပင်မလုပ်ငန်းကတော့ ဒီလိုရွေးကောက်ပွဲတွေသာဖြစ်ပြီး ဒီပွဲတွေကလည်း တရားမျှတမှုရှိဖို့ အရမ်းအရေးကြီးသလို သူ့အနေနဲ့အာဏာ ရပါတီအပေါ်သို့တည်းမဟုတ် ပါတီတစ်ခုခုအပေါ်ဘက်လိုက်ပြီး ဆောင် ရွက်ခဲ့မယ်ဆိုရင်လည်း သူ့အပေါ်မှာ အငြင်းပွားချက်တွေကို စစ်ဆေးအ ရေးယူနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဆိုတာ ရှိပါတယ်။ ရွေး ကောက်ပွဲတွေကနေ ပြည်သူတွေက အရည်အချင်းရှိတဲ့ကိုယ်စားလှယ် ကိုသာ ၎င်းတို့ဆန္ဒအမှန်နဲ့ ရွေးချယ်မဲပေးခဲ့ကြတဲ့အပေါ် ကော်မရှင်အနေ နဲ့လည်း ဒီရလဒ်ကို မှန်မှန်ကန်ကန်ထုတ်ပြန်ပေးဖို့ အရေးကြီးပါတယ်။

ဒါမှသာ အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာပြီး နိုင်ငံနဲ့လူမျိုးအတွက်အကျိုးရှိတဲ့ ဥပဒေတွေပြုစုရေးဆွဲ ဆွေးနွေးကြတာတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဘက်ကို နည်းမှန်လမ်းမှန်နဲ့ ပြန်လည် ထိန်းကျောင်းကြတာတွေဖြစ်လာမှာပါ။ ဒီအတွက် ဒီလိုဖြစ်ဖို့ဆိုရင် ကော်မရှင်အနေနဲ့လည်း ပါတီတစ်ခုခုဘက်ကို ဘက်လိုက်တာမျိုးမဖြစ် အောင် အထူးသတိထားကြရမယ့်အပြင် ရွေးကောက်ပွဲတွေရဲ့အသက်ဖြစ် တဲ့ ပွင့်လင်းမြင်သာမှုဆိုတာကိုလည်း ဦးစားပေးလုပ်ငန်းစဉ်ထဲထည့်ပြီး ပြည်သူ့ရှေ့မှာသာ ဆောင်ရွက်ကြရလေ့ရှိတတ်ပါတယ်။ ဒီလိုကော်မရှင် က အမှန်ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဥပဒေပြုရေး လုပ်ငန်းတွေမှာ တာဝန်မကျေဘူး၊ ကျင့်ဝတ်တွေဖောက်ဖျက်မယ်ဆိုရင် လည်း ရွေးကောက်ပွဲကော်မရှင်ကသာ ပြန်လည်ထိန်းကျောင်းရလေ့ရှိ ကြသလို လွှတ်တော်တွေရဲ့ ဥပဒေပြုရေးလုပ်ငန်းစဉ်တွေ ချွတ်ချော်တိမ်း ပါးမှုရှိမယ်၊ အာဏာရပါတီအပေါ် ဘက်လိုက်မှုတွေရှိခဲ့မယ်ဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကပဲ ပြန်လည်ထိန်းကျောင်းကြကြောင်း လေ့လာခဲ့ရဖူးပါတယ်။ ဒီအတွက် ရွေးကောက်ပွဲကော်မရှင်ရယ်၊ လွှတ်တော်ရယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရယ်ဆိုတာ ဒီမိုကရေစီစနစ်ကို ခိုင်မာတည်တံ့အားကောင်းအောင်၊ သမာသမတ်ကျအောင် အထောက်အကူပေးရတဲ့ အဓိကဒေါက်တိုင်တွေအဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။

သူတို့သုံးဖွဲ့ (Three Cross) က ကနဦးစတင်ခဲ့ပြီးတော့မှ အစိုးရဖွဲ့တာတွေလုပ်ကြရတာဖြစ်တဲ့အတွက် သူတို့ဟာ ကနဦးအဖွဲ့အစည်းတွေဖြစ်ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း ပြန်လည်ထိန်းကျောင်းခြင်းပြုကြရတာကိုလည်း အနောက်ဥရောပက ဒီမိုကရေစီသက်တမ်းရင့်နိုင်ငံတွေမှာ လေ့လာခဲ့ရဖူးပါတယ်။ ဒါ့အပြင် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်တာနဲ့အညီ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်တွေကိုလိုက်နာပြီး မှတ်ပုံတင်ကြတဲ့ပါတီတွေကိုလည်း ကြားကျကျ မျှချေတစ်ခုအပေါ်ကနေ စိစစ်ပြီး ဖြစ်သင့်တယ်၊ မှန်ကန်တယ် ဆိုရင်လည်း ခွင့်ပြုပေးကြရပါတယ်။

ရွေးကောက်ပွဲတွေအပေါ် နိုင်ငံသားတွေ စိတ်ပါဝင်စားမှုရှိမရှိဆိုတဲ့ အချက်အပေါ်မူတည်ပြီးတော့လည်း နိုင်ငံတစ်ခုရဲ့ ရှေ့ကြမ္မာကို ခန့်မှန်းကြရတတ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲတွေကို ပြည်သူတွေ စိတ်ဝင်စားမှုနှင့် ပါဝင်မဲပေးကြမှု ရာခိုင်နှုန်းများလေလေ နိုင်ငံရေးတည်ငြိမ်ပြီး ဒီမိုကရေစီစနစ်ခိုင်မြဲလေလေလို့ ဆိုစမှတ်ရှိခဲ့ကြပါတယ်။ ပြည်သူတွေ ရွေးချယ်မှုမှန်ကန်ရင် ကောင်းမွန်တဲ့အစိုးရကို ရတတ်ပြီး ရွေးချယ်မှုမှားခဲ့ရင်လည်း မကောင်းတဲ့အစိုးရကိုသာ ရလေ့ရှိတာကို နိုင်ငံရေးသိပ္ပံပညာရှင်ကြီးတစ်ဦးက ပြည်သူတွေနဲ့ထိုက်တန်တဲ့အစိုးရကို ပြည်သူတွေရလေ့ရှိပါတယ်လို့ပြောခဲ့ဖူးတာလည်း ရှိပါတယ်။

ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဒီမိုကရေစီစနစ်ကို ခိုင်မှာအားကောင်းစေချင်တယ်၊ ဒီစနစ်ကို ရေရှည်ထိန်းကျောင်းချင်တယ်၊ အာဏာရှင်စနစ်ဆီကို တစ်ဖန်ပြန်လည်မကျရောက်စေချင်ဘူးဆိုရင် ဒီလိုရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မှုမှာ တရားမျှတမှု ရှိ မရှိ၊ ဘက်လိုက်မှု ရှိ မရှိ၊ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းပြုလုပ်ကြရမှုနဲ့ ကျင်းပစဉ်မှာလည်း သူတို့ထုတ်ပြန်တဲ့အမိန့်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ၊ တည်ဆဲဥပဒေတွေကို ကျော်လွန်ခြင်းနဲ့ ပွင့်လင်းမြင်သာမှုရှိ မရှိတွေအပြင် ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကိုပါ ထိပါးခြင်း ရှိ မရှိဆိုတာတွေကိုပါ စောင့်ကြည့်လေ့လာသွားကြရမှာ ဖြစ်ပါတယ်။

ဒီအတွက် နိဂုံးချုပ်အားဖြင့် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်နဲ့ သန့်ရှင်းတဲ့အစိုးရ၊ အဂတိတရားကင်းစင်တဲ့ အုပ်ချုပ်သူတွေကို လိုချင်ကြရင်ဖြင့် ထိုသူတွေဖွဲ့စည်းဖို့အတွက် ကနဦးရွေးချယ်ခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ ဒီလိုရွေးကောက်ပွဲတွေကိုသာ စိတ်ဝင်တစား လေ့လာစောင့်ကြည်သွားသင့်ပါကြောင်းနဲ့ ဒီဓလေ့ကို နောင်လာနောင်သားတွေအတွက် လက်ဆင့်ကမ်းအမွေတစ်ရပ်အဖြစ် ပုံဖော်သွားကြစေလိုပါကြောင်း တွန်းလိုက်ရပါတယ်။

အောင်ဇေယျ