News

POST TYPE

PERSPECTIVE

ပညာရေးဆိုတာဘာလဲ
03-Jul-2018

အမှန်အတိုင်းပြောရလျှင် ဆရာကြီးဒေါက်တာမျိုးတင့်ကို နာမည်သာ ကြားဖူးနေသည် လူချင်း မတွေ့ဖူးခဲ့ပါ။ ဆရာကြီးကိုယ်တိုင်လာ၍ Lecture ပေးမည်ဟုဆိုသည်။ သို့ဖြင့် ဤပွဲလေးသို့ တက်ရန်ဆုံးဖြတ်ခဲ့သည်။

ဆရာကြီးသည် ၁၉၇၂ ခုနှစ်ကပင် ရှားပါးလှသည့် M.Ed တန်းကို တက်ခွင့်ရခဲ့သူဖြစ်သည်။ မြန်မာ့ပညာရေး လောကအကြောင်း ပညာရေးနှင့်ဆက်နွှယ်နေသည့် ပညာရေး သဘောတရားများကို ထဲထဲဝင်ဝင် နှံ့နှံ့စပ်စပ်သိသူဖြစ်သည်။ ယခုကဲ့သို့ ပညာရေး အပြောင်းအလဲ ကာလတွင် ဆရာကြီး ဒေါက်တာမျိုးတင့်အနေနှင့် ပညာရေးကို နိုင်ငံရေးအမြင် ရှုထောင့်မှ ချဉ်းကပ်ဟောပြောသွားခြင်းသည် များစွာ မှတ်သားဖွယ်ရာဖြစ်၏။ ပညာရေး ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆရာကြီး အဓိက ထောက်ပြသွားသည်မှာ ဆရာ၊ ဆရာမများ အားလုံး၏ စိတ်ဓာတ်ပိုင်း (Mindset) ပြုပြင်ရေးပင်ဖြစ်သည်။

ဆရာကြီးသည် ဆရာ၊ ဆရာမတိုင်းအား ပညာရေးနှင့်ပတ်သက်၍ ပညာရေးဆိုတာဘာလဲ (What is Education?) နှင့်ပတ်သက်၍ အတွေ့အကြုံများလှစွာကို အခြေခံကာ ပြောသွားခဲ့၏။ ပညာရေးနှင့်ပတ်သက်လျှင် အဓိက ဆောင်ရွက်ဖွယ်ရာ အစိတ်အပိုင်း ငါးခုရှိကြောင်း ပြောကြားသွား၏။

(၁) အတွေ့အကြုံ (Experience)
(၂) ကျွမ်းကျင်မှု (Skills)
(၃) ဗဟုသုတနှင့် ဗဟုသုတရှာဖွေနည်း (Knowledge)
(၄) အသိဉာဏ်ပညာ (Multiple Intelligence)
(၅) စိတ်လုပ်ငန်း (Mindset)

လူတစ်ဦး၏ အတွေ့အကြုံအနေနှင့် ၎င်းဖြတ်သန်းလာခဲ့ရသည့် ဘဝနှင့်ဆိုင်သည်။ ၎င်းလေ့လာမှတ်သားခဲ့သည်များနှင့်ဆိုင်သည်။ မိမိကိုယ်မိမိ ထာဝရ ကျောင်းသားကြီးဖြစ်နေရန် လေ့လာဆည်းပူးမှုများကို အစဉ်မြှင့်တင်ထားရန်လိုသည်။ အထူးသဖြင့် စာဖတ်အား နည်းနေခြင်းသည် ဆရာ၊ ဆရာမများအတွက် အဓိက အားနည်းချက်ပင် ဖြစ်နေသည်။

ကျွမ်းကျင်မှုနှင့်ပတ်သက်လျှင် ဆရာကြီးပြောသည်မှာ ၂၁ ရာစုတွင် လူတို့သည် အထူးသဖြင့် ဆရာ၊ ဆရာမတို့သည် ဘာသာစကားတစ်ခု (Foreign Language) တစ်ခုမဟုတ်တစ်ခု တက်မြောက်ထားရန် လိုအပ်သည်ဟု ဆိုပါသည်။ မြန်မာဘာသာကို နိုင်ငံခြားမှ တကူးတက လာရောက်သင်ယူနေပုံနှင့်ပတ်သက်၍ ထောက်ပြပြောဆိုသွားသည်။ အထူးသဖြင့် အင်္ဂလိပ်စာသည် နိုင်ငံတကာသုံးဖြစ်၍ လူတိုင်း တတ်ထားသင့်လေသည်။ ကျွမ်းကျင်မှုမျိုးစုံတို့တွင် ဆရာကြီးက Survival Skill ကို အထူးပြု ပြောဆိုသွားလေသည်။ ဗဟုသုတနှင့် ဗဟုသုတ ရှာဖွေနည်းတွင် အမျိုးမျိုး ကွဲပြားနိုင်သည့် အနေထားတစ်ရပ်တွင် မူတည်ကြောင်း ပြောကြားသွားသည်။

အသိဉာဏ်ပညာနှင့် ပတ်သက်၍ အသိဉာဏ် ရှစ်မျိုးအကြောင်း အသေးစိတ် ပြောသွားသည်။ ယင်းတို့မှာ -

(၁) ဘာသာစကားဉာဏ်ရည်
(၂) အတွက်အချက်ဉာဏ်ရည် (သင်္ချာ)
(၃) ကိုယ်လက်လှုပ်ရှားမှုဉာဏ်ရည် (အားကစား)
(၄) စိတ်ကူးတွင် ပုံဖော်ထားသောဉာဏ်ရည် (ပန်းချီ)
(၅) ဂီတဉာဏ်ရည် (Musical Intelligence)
(၆) ပေါင်းသင်းဆက်ဆံရေးဉာဏ် (Interpersonal Intelligence)
(၇) မိမိဖြစ်ချင်သည်ကို ဖြစ်အောင်လုပ်သည့်ဉာဏ်ရည် (Intrapersonal Intelligence)
(၈) သဘာဝကို ချစ်မြတ်နိုးသည့်ဉာဏ်ရည် (Natural Piety)တို့ ဖြစ်သည်။

စင်စစ် ယင်းအသိဉာဏ် ရှစ်မျိုးဆိုသည်မှာ ယနေ့ အခြေခံပညာကျောင်းများတွင် ဘက်စုံပညာ ထူးချွန်ရေးအတွက် သင်ကြားနေရသည့် ပညာရေးပင်ဖြစ်သည်။ ဆိုလိုသည်မှာ စာကိုလည်းသင် စိတ်ကိုလည်းပြင်နိုင်ဖို့ ယင်းအသိဉာဏ် ရှစ်မျိုးကို အခြေခံကျကျ အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်သည်။ လက်ရှိအနေအထားတွင် အခြေခံပညာ အထက်ဆင့်ဖြစ်သည့် နဝမတန်းနှင့်၊ ဒသမတန်းအဆင့် အချိန်ဇယားကိုကြည့်လျှင် ယင်းသို့သော အသိဉာဏ်ပညာမျိုး ရနိုင်သည့် အချိန်ဇယား မရှိပေ။ အချိန်အားလုံးသည် စာသင်ချိန်များသာ ဖြစ်နေတော့သည်။ ယခုဆိုလျှင် ပုဂ္ဂလိက အထက်တန်းကျောင်းများတွင် ကလေးများတွင် တီထွင်ဖန်တီးလိုစိတ်၊ စဉ်းစားဉာဏ် ရင့်သန်လာစေရန် ကွန်ပျူတာ၊ ပန်းချီ၊ ဂီတအားကစား စသည့်အချိန်များကို ထည့်သွင်းလာသည်ကို တွေ့ရ၏။

ဆရာကြီးက ပဉ္စမအချက်အနေနှင့် “ပညာရေးဆိုတာ ဘာလဲ”ဆိုသည့်အပိုင်းကို ရှင်းလင်းရာ အဓိကစိတ်လုပ်ငန်း ငါးမျိုးကို အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောပြ၏။

(၁) ရှုမြင်သုံးသပ်ခြင်း (Induction)
(၂) စည်းကမ်းအတိုင်း (ဥပဒေအတိုင်း) လုပ်ခြင်း (Deduction)
(၃) အမှားအမှန်ဝေဖန်ပိုင်းခြားခြင်း (Critical Thinking)
(၄) အကြောင်းပြချက်ပေးခြင်း (Reasoning)
(၅) ဆုံးဖြတ်ချက်ချခြင်း (Decision Making)

ယင်းနှင့်ပတ်သက်၍ ဆရာကြီးက ကျောင်းသား၊ ကျောင်းသူများအား Homework ပေးခြင်း၊  Group Work နှင့် Solving လုပ်ခြင်း Assignment တင်ခြင်းတို့သည် စိတ်လုပ်ငန်း ငါးမျိုးကို ပေးခြင်းဖြစ်ကြောင်း၊ ယင်းသို့သော ပညာရေး သဘောတရားများသည် မည်သို့ပင် ခွဲခြားထားနေစေကာမူ ပုံသဏ္ဌာန်အားဖြင့် သုံးမျိုးသာရှိကြောင်း ယင်းတို့မှာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ (Knowledge, Skill, Attitude) သာဖြစ်ကြောင်း ရှင်းပြလေသည်။

ပညာရေးနှင့်ပတ်သက်၍ ဆရာကြီးအမြင်ကို နိုင်ငံရေးရှုထောင့်မှ သုံးသပ်ပြသွားသည်ကို မှတ်သားမိ၏။ ပညာရေးသည် Product၊ ပညာရေးသည် Process တစ်ခုဖြစ်သည်။ Product ဖြစ်၍ စဉ်ဆက်မပြတ် ထုတ်လုပ်နေရမည်။ Process ဖြစ်၍ ရပ်တန့်၍မရသောအရာဖြစ်သည်။ ပညာရေးကိုရပ်တန့်လျှင် နိုင်ငံနိမ့်ကျသွားမည်သာဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ၁၉၄၁ မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်တို့ အုပ်စိုးစဉ်ကာလတွင် ကျောင်းများတစ်ကြိမ်သာ ပိတ်ခဲ့ရသည်။ အကြောင်းမှာ ပညာရေး၏ Process ကို သိသောကြောင့်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ပညာရေး၏ Process ကို မသိ၍ ကျောင်းများ အကြိမ်ကြိမ် ပိတ်ခဲ့ရသည်။ သို့ဖြစ်၍ ယင်းအချိန်မှစ၍ ပညာရေး နိမ့်ကျခဲ့ရသည်မှာ ယနေ့တိုင် မျိုးဆက်အလိုက် ခံစားနေရကြောင်း နိုင်ငံရေးရှုထောင့်မှ သုံးသပ်ပြခဲ့လေသည်။

အချုပ်ဆိုရလျှင် “ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီး တည်ဆောက်အံ့”ဟူ၍ ကြွေးကြော်ကာ ချီတက်နေသည်မှာ ကြာပြီဖြစ်၏။ ပညာရေး ပြုပြင်ပြောင်းလဲမှုများသည်ကား အစမ်းသပ်ခံဘဝမှ ရုန်းမထွက်နိုင်သေးပေ။ အဓိကအားဖြင့်ဆိုရလျှင်မူအားဖြင့် မည်သို့ပင် ကောင်းနေစေကာမူ၊ ယင်းမူဝါဒများကို အကောင်အထည်ဖော်မည့် ပညာရေးရပ်ဝန်းတစ်ခုလုံး၏ Mindset များ ပြုပြင်ပြောင်းလဲချိန်တန်ပြီ ဖြစ်၏။ စနစ်ဟောင်း၊ သင်နည်းဟောင်းများနှင့် ပျော်မွေ့ကာ နည်းပညာအားဖြင့် မည်သို့ပင် တိုးတက်နေစေကာမူ ဝါးလုံးခေါင်းထဲတွင် လသာနေကြဆဲဖြစ်၏။ ရေရှည်မျှော်မှန်းအပ်သည့် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေး၊ မျိုးဆက်သစ် ပညာတတ် လူကောင်းလူတော်များ ပြုစုပျိုးထောင်ရေးတွင် အရှိန်အဟုန်ဖြင့် မြှင့်တင်မဆောင်ရွက်နိုင်သေးသည်ကို တွေ့ရ၏။

သို့ဖြစ်၍ ယင်းသို့သောကာလမျိုးတွင် ပညာရေးနှင့်ပတ်သက်၍ ခံယူသည့် အမြင်သဘောထားများကို မျှဝေပေးသည့် ဆရာကြီးဒေါက်တာမျိုးတင့် (ဒုတိယပါမောက္ခချုပ် (ငြိမ်း)) အား ကျေးဇူးတင်မိသည်။ မိမိတို့ထက် အသက်ပညာ သမ္ဘာအတွေ့အကြုံ ရင့်ကျက်သည့် ပညာရှိများထံမှ တစ်ဆင့်စကား တစ်ဆင့်ကြားနေသည်မှာ တန်ဖိုးရှိလှ၏။ သို့ဖြစ်၍ ထပ်ဆင့် မျှဝေလိုက်ရပါသည်။

ခင်မောင်ဌေး (ပညာရေး)