News

POST TYPE

PERSPECTIVE

လျှောကျခြင်းဝေဒနာ
02-Jul-2018

အဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲတစ်ခုအကြောင်း ညီငယ်တစ်ယောက်က လူမှုကွန်ရက်မှာတင်တယ်။ ရွာသူရွာသားတွေ သိပ်ပျော်ကြတဲ့အကြောင်း၊ “တို့ရွာကျောင်း အလကဖြစ်ပြီတဲ့တော်ရေ” ဆိုပြီး ကကြ ခုန်ကြ သီဆိုကြတဲ့အကြာင်း။ အဲ့ဒီစာစုလေးရဲ့အောက်မှာ ပညာရေးအသိုင်းအဝိုင်းက ဖြစ်ဟန်တူတဲ့ အန်တီတစ်ယောက်က မှတ်ချက်ဝင်ရေးထားတယ်။ “ကျောင်းအုပ်ကြီးတော့ ကြိတ်ငိုနေတာ ဘယ်သူမှမသိ (လူတွေရှေ့မှာတော့ ဟန်လုပ် ပြုံးရရှာမှာပေါ့လေ)”တဲ့။ 

ဒီအကြောင်းအရာလေး မြင်ရကြားရတော့ ကျောင်းအုပ်ကြီးနေရာကတွေးပြီး ကိုယ်ချင်းစာစိတ်နဲ့ စိတ်မကောင်းဖြစ်မိတယ်။ ဟုတ်တယ်။ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတွေက အလယ်တန်းကျောင်း ခွဲအဆင့်အထိ တာဝန်ယူစီမံအုပ်ချုပ်ကြရတာ။ ကျောင်းက အဆင့်တိုးမြှင့် ခွင့်ရပြီးတော့ အလယ်တန်းကျောင်းလည်းပွင့်ရော ဒီကျောင်းမှာ ကျောင်း အုပ်တာဝန်နဲ့ ဆက်နေလို့ မဖြစ်တော့ဘူး။ အလယ်တန်းကျောင်းအုပ် အဆင့်ရှိတဲ့သူတစ်ယောက်လာပြီး တာဝန်ယူရတော့မှာ။ ဒီတော့ ကျောင်းအုပ်ကြီးက တခြားတစ်ကျောင်းကို ရွှေ့ရပြောင်းရပြီပေါ့လေ။ 

ရွှေ့ရပြောင်းရတာက ကိစ္စမရှိဘူးထားပါတော့။ ကျောင်းတွေက အများစု အဆင့်တိုးခွင့်ရကြတာဆိုတော့ မူလတန်းကျောင်းတို့၊ မူလွန်တို့၊ အလယ်တန်းကျောင်းခွဲတို့က ရှားလာတယ်။ ဒီတော့ ဆရာကြီးတွေအတွက် အခက်ကြုံလာတော့တယ်။ တခြားကျောင်းတစ်ကျောင်းပြောင်းပြီးတော့ သင်ကြားရေးတာဝန်ပြန်ယူရင်ယူ၊ ဒါမှမဟုတ်လို့ အပြောင်းအရွှေ့ မလျှောက်ချင်ဘူး၊ ဒီကျောင်းမှာပဲ နေချင်တယ်ဆိုရင်တော့ ကျောင်းအုပ်ကြီးရုံးခန်းကနေ ဖယ်ပေးပြီးတော့ စာသင်တဲ့အလုပ်သက်သက်ကို ပြန်လုပ်ရတော့တယ်။ ကျောင်းဆရာပဲလေ၊ စာသင်ရတာ ဘာဆန်းတာမှတ်လို့လို့ ပြောချင်ပြောပါလိမ့်မယ်။ ဒါပေမဲ့ ဒါကတော့ မတူဘူးလေ။

အစကတော့ စာသင်ခဲ့ရတာပဲ။ စာသင်ပေးရတာ ဝါသနာပါလို့သာ ကျောင်းဆရာအလုပ်ကို ဝင်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ ရာထူးတွေအဆင့်ဆင့်တက်ပြီး ကျောင်းအုပ်ကြီးဆိုတဲ့နေရာကို ရောက်လာ။ အကြီးအကဲနေရာ ရောက်ပြီဆိုတော့ အကြီးအကဲပီပီ တစ်ကျောင်းလုံးရဲ့ စာသင်ကြားရေးကိစ္စ၊ စီမံခန့်ခွဲရေးကိစ္စ၊ ကျောင်းသားရေးရာကိစ္စ စတာတွေကို တာဝန်ယူစီမံခန့်ခွဲပြီးတော့ လူကြီးနေရာကနေ စီမံခန့်ခွဲရတော့တယ်။ သာမန် ကျောင်းဆရာနဲ့ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ရပုံချင်းက မတူညီနိုင်တော့ဘူး။

အဲ့သလိုတွေ အနေအထားတွေ ပြောင်းလဲလာပြီးကာမှ သင်ကြားရေးတာဝန်သက်သက်ကိုပဲ ပြန်ယူရတော့မယ်ဆိုတော့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ်။ ရာထူးတိုးလို့၊ အထက်တန်းပြတွေ ဘာတွေဖြစ်လို့ ကျောင်းအုပ်မဟုတ်တော့တာမျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။ အခုဟာကတော့ ရာထူးမတိုးရုံတင်မက ရာထူးလျှောတယ်လို့ပါ ပြောရတော့မလို ဖြစ်နေတယ်။ ဒီလစာနဲ့ပဲ အလုပ်လုပ်ရမှာဆိုပေမယ့် နေရာအနေအထားအရ ပထမလူကနေ အောက်အဆင့်ကိုလျှောပြီး နေရတော့မယ်ဆိုတဲ့အတွေးက တော်ရုံတန်ရုံပုဂ္ဂိုလ်တွေအတွက်ဆိုရင်တော့ ရင်ထဲမှာ ဗလောင်ဆူအောင်ခံစားကြရမှာပါပဲ။

ဒီခံစားချက်မျိုးက ဝန်ထမ်းအချင်းချင်းပဲ ကိုယ်ချင်းစာနားလည်ပေးနိုင်ကြလိမ့်မယ်ထင်တယ်။ အထူးသဖြင့် ပထမနေရာကနေ ဒုတိယနေရာ၊ ဒုတိယနေရာကနေ တတိယနေရာကို ဆင်းပြီးတာဝန်ယူကြရတဲ့သူ၊ အထူးသဖြင့် အဲ့ဒီအပေါ်ကနေ အောက်ကိုဆင်းရတာက တခြားရုံးတစ်ရုံး၊ ဌာနတစ်ခုကိုပြောင်းရွှေ့ပြီးမှ လျှောဆင်းရတာ မဟုတ်ဘဲနဲ့ ဒီရုံး၊ ဒီဌာနမှာပဲ အောက်ကိုဆင်းလိုက်ရတာမျိုးဆိုရင် ပိုပြီးတော့ မခံချိမခံသာ ဖြစ်ရတတ်တယ် ဆိုတာမျိုးကို ကြုံဖူးသူတွေက ပိုပြီး စာနာနားလည်ပေးနိုင်ကြလိမ့်မယ်ထင်ပါတယ်။

ကျောင်းတွေအဆင့်တိုးပြီဆိုရင်တော့ ဒီပြဿနာက ကြုံကြရတာပါပဲ။ မူလတန်းကနေ အလယ်တန်းကျောင်းခွဲဖြစ်လာတယ်။ ဒါကိစ္စမရှိသေးဘူး။ အလကခွဲကနေ အလကဖြစ်လာရင်တော့ ကျောင်းအုပ်ပြောင်းရတော့မှာ။ အလယ်တန်းကျောင်းကနေ တွဲဖက်အထကတို့၊ အထကခွဲတို့ဖြစ်လာရင် ကိစ္စမရှိသေးဘူး။ အထကဖြစ်လာပြီဆိုရင်တော့ ကျောင်းအုပ်ပြောင်းရတော့မှာ။ ကျောင်းအုပ်ပါပြောင်းဖို့လိုတဲ့ ကျောင်းအဆင့်တိုးမျိုး ကျရင်တော့ စောစောကပြောသလို ပြောင်းရမယ့်ကျောင်းအုပ်ကြီးတွေ ခမျာရင်ထဲမှာ ကျိတ်ငိုရတာမျိုးတွေ ဘာတွေ ဖြစ်ရပြန်ရော။

ကျောင်းအဆင့်တိုးဆိုတဲ့သဘောကလည်း သက်ဆိုင်ရာကျောင်းက တိုးမြှင့်ဖွင့်လှစ်ခွင့်တင်ပြမှသာ ရတတ်တာမျိုးဆိုတော့ နေရာဌာနန္တရ လျှောကျသက်ဆင်းခြင်းဆိုတဲ့ လောကဓံတရားကို ရင်ဆိုင်ဖို့မဝံ့တဲ့ဆရာကြီး၊ ဆရာမကြီးတွေခမျာ ဒီကျောင်းအဆင့်တိုးကို တင်ပြရအခက်၊ မတင်ဘဲထားရအခက် ဒွန်တွဲလွန်ဆွဲပြီးတော့ ဝိရောဓိတွေ ထွေပြားရတာမျိုး ဖြစ်ရပြန်ပါတယ်။ သက်ဆိုင်ရာကျေးရွာကလူတွေကတော့ သူသူကိုယ်ကိုယ် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရွာကျောင်းကို အဆင့်တိုးချင်ကြတာချည်းပါပဲ။ အမကဖြစ်တော့ အလကခွဲဖြစ်ချင်တယ်။ အလကခွဲရလာပြန်တော့ အလကဖြစ်ချင်တယ်၊ အထကခွဲဖြစ်ချင်တယ်၊ အထကဖြစ်ချင်တယ်။ အားလုံးက အဆင့်တိုးဖွင့်ခွင့် ရချင်ကြတာချည်းပါပဲ။ တင်တိုင်းရတာ မဟုတ်ပေမယ့် အများအားဖြင့်ကတော့ မူဘောင်အချို့ကို ကင်းလွတ်ခွင့်ပြုတန်တာပြုပြီး ဒေသအကျိုးအတွက် အဆင့်တိုးခွင့်ပြုလိုက်တာပါပဲ။

ဒီလိုအခြေအနေမျိုးမှာ ကျောင်းအုပ်ကြီးတွေအနေနဲ့ ကျောင်းရဲ့ အရေးနဲ့ ကိုယ့်အရေးကို တစ်ဖက်စီ ချိန်ဆရင်းနဲ့ သောကပူဗျာတွေပွားကြရပါတယ်။ အများအားဖြင့်ကတော့ အစကတည်းကမှ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုပြီးတော့ နာသုံးနာနဲ့ အနစ်နာခံခဲ့ကြတဲ့သူတွေပီပီ ကိုယ့်အရေးနဲ့ ကျောင်းအရေး ယှဉ်လာတဲ့အခါ ကျောင်းအတွက်ပဲ ဦးစားပေးပြီးတော့ အဆင့်နေရာ လျှောကျတဲ့ဝေဒနာကို ကျိတ်မှိတ်မျိုသိပ်ရင်းနဲ့ ဒီစာတွေတင်ပြလိုက်ရင် ဒီလိုတွေဖြစ်လာမယ်ဆိုတာကိုသိသိကြီးနဲ့ ကျောင်းအဆင့် တိုးခွင့်တင်ပြလိုက်ကြတာပါပဲ။ ဒါဟာ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ အလွန်အင်မတန် မွန်မြတ်တဲ့စိတ်ထားတွေ၊ မွန်မြတ်တဲ့လုပ်ရပ်တွေဖြစ်ပါတယ်။

ရှားရှားပါးပါးလို့ ဆိုရမယ့်ကိစ္စလေးတွေကတော့ တချို့ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ကြီးတွေအနေနဲ့ အဆင့်လျှောဝေဒနာကို မကျော်လွန်နိုင်တဲ့အခါကျတော့ ကျောင်းအဆင့်တိုး တင်ပြရမယ့်အချိန်မှာ မတင်ဘဲနဲ့ အသာလေး မသိချင်ယောင်ဆောင်ပေးလိုက်တာမျိုးရှိတယ်လို့ ကြားရပါတယ်။ ကျောင်းအဆင့်တိုးတွေကျလာတဲ့အချိန်ကျတော့ ကိုယ့်ဘေးနားပတ်ဝန်းကျင်ရွာကကျောင်းတွေက ဟိုရွာကျောင်းလည်းအဆင့်တိုး၊ ဒီရွာကျောင်းလည်းအဆင့်တိုးတွေ ကျလာပြီးတော့ ကိုယ့်ရွာကျမှ ဘာဖြစ်လို့ကျန်ခဲ့ရတာလဲဆိုပြီး ရွာကလူတွေက ပွစိပွစိ ဖြစ်ကုန်ကြတယ်။ နောက်ဆုံး အရင်းစစ်လိုက်တော့မှ အမြစ်ကိုတွေ့တယ်။ အစကတည်းက မတင်လိုက်လို့ကို အဆင့်တိုးမရတာ။ ရွာကတော့တင်ရ ကောင်းမှန်းမသိကြဘူး။ တင်ရမယ်ဆိုရင်လည်း ဘယ်အချိန်၊ ဘယ်လိုလမျိုးမှ တင်ရမယ်၊ ဘယ်ပုံစံနဲ့တင်ရမယ်ဆိုတာကို မသိကြဘူး။ သူများရွာတွေ ကျောင်းအဆင့်တိုး ဖွင့်ခွင့်ကျပြီတဲ့လို့ကြားမှ ကိုယ့်ရွာက ကျောင်းလေးအကြောင်းကို ပျာပျာသလဲ မေးကြမြန်းကြတော့ နဂိုကတည်းက အဆင့်တိုးမတင်ခဲ့တာဆိုတာတွေ သိကြရရော။ ဒီတော့မှ ဘာဖြစ်လို့ မတင်ရတာလဲ၊ ဘာလဲညာလဲနဲ့ ကျောင်းအုပ်ကြီးနဲ့ အချေအတင်တွေဖြစ်ကုန်ကြရော။ 

အဆင့်တိုးမတင်ဖြစ်တဲ့ ကျောင်းအုပ်ကြီးများကိုလည်း အပြစ်ဆိုစရာ မဟုတ်ပါဘူး။ သူလည်းလေ လောကီသားပေမို့ ဆိုတဲ့အတိုင်း အဆင့်လျှောဝေဒနာကို မခံနိုင်တဲ့အတွက် အဆင့်တိုးတင်ပြရမယ့်အချိန်မှာ အသာလေး မသိချင်ယောင်ဆောင်ခဲ့မိတာ ဖြစ်မှာပါ။ ဒီနေရာမှာတင်ပြလိုတဲ့ အကြောင်းအရာကတော့ ကျောင်းတွေ အဆင့်တိုးခွင့်ကျတဲ့အချိန်မှာ ကျောင်းအုပ်ကြီးတွေမှာ ဖြစ်ရတတ်တဲ့ခံစားမှုလေးတွေကို ကိုယ်ချင်းစာပြီးတော့ တင်ပြလိုရင်းသာ ဖြစ်ပါတယ်။

နိမ့်တုံမြင့်တုံဖြစ်တတ်တာက လောကဓံတရားတစ်ခုပါပဲရယ်လို့ ဖြေဆည်နိုင်မှာဖြစ်ပေမယ့် သာမန်အားဖြင့်ကတော့ တကယ်ကို အခံရခက်တဲ့ဝေဒနာတစ်ခုဖြစ်နေမှာပါ။ စဉ်းစားကြည့်လေ။ ဓာတ်ဆီ၊ ဓာတ်ဆံလူရွှင်တော်ကြီးတွေ ပြက်လုံးထုတ်ခဲ့ကြသလို “ငါ့လူကြီးတက်သွားပြီဟေ့၊ ဟာ မင်းလူကြီးကျလာပြီဟ”ဆိုတာလိုပါပဲ။ ဒီတစ်ယောက်တည်းကိုပဲ တက်တုန်းကတော့ ငါ့လူငါ့လူတဲ့။ ကျလည်းလာရော ချက်ချင်းကို မင်းလူ ဖြစ်သွားသတဲ့။ ဒီလိုပါပဲ။ ကိုယ်က အမြင့်ကိုရောက်နေတဲ့အချိန်ဆိုရင်တော့ တော်တော်များများက ကိုယ့်လူကိုယ့်လူဆိုတဲ့ သဘောမျိုးတွေနဲ့ ချဉ်းကပ်ကြ ဆက်ဆံကြမှာပေါ့လေ။ အဲ့ဒီအမြင့်ဆိုတဲ့နေရာကနေလည်း ပြန်လျှောလာရော၊ ဟိုတုန်းက ခင်ခဲ့မင်ခဲ့တာတွေတောင်မှ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတတ်တဲ့သဘောလေးတွေ ရှိနေပြန်ပါတယ်။ 

မူလအခြေအနေနဲ့ အဆင့်လျှောပြီးနောက် အခြေအနေနှစ်ရပ်ကြားမှာ ဘယ်လိုဆက်ဆံရေးပြဿနာမျိုးမှ မဖြစ်ရပါဘဲနဲ့ ဟိုတုန်းက အတင်းကိုချဉ်းကပ်အရောဝင်ခဲ့သူတွေက ဒီဘက်ပိုင်းမှာ လူမြင်တာတောင်မှ မခေါ်ချင် မပြောချင်တာလိုလိုတွေ ဘာတွေဖြစ်ကုန်တာမျိုး။ ဒီတော့မှ ဪသာ်၊ သူတို့တွေ အရင်က ခင်မင်လှချေရဲ့၊ ရင်းနှီးလှချေရဲ့ ဆိုတဲ့ဟာတွေက လူကို ခင်တာမဟုတ်ဘဲ နေရာဌာနကို၊ ရာထူးဌာနန္တရကို ခင်ကြမင်ကြတာပါလား ဆိုတာကို ပြန်လည်သဘောပေါက်မိရတော့တယ်။

တကယ်တမ်းကျတော့ ဒီအဆင့်လျှောဝေဒနာက ကျောင်းအုပ်ကြီးတွေသာ မဟုတ်ပါဘူး။ ဘယ်လိုနေရာက လူတွေပဲဖြစ်ဖြစ်၊ နေရာတစ်ခုကနေ၊ ရာထူးတာဝန်တစ်ခုကနေ လျှောကျသွားတဲ့အချိန်မှာ မလွဲမသွေ ကြုံကြရတဲ့ လောကဓံတရားတွေပါ။ အထူးသဖြင့် ကိုယ်ကအမြင့်တစ်နေ ရာကိုရောက်နေတဲ့အချိန်မှာ ငါအကြီးဆုံးပဲ၊ ငါအမြင့်ဆုံးပဲဆိုပြီး ကိုယ့် ထက်ရာထူးအားဖြင့်ငယ်တဲ့သူတွေ၊ နေရာအားဖြင့် နိမ့်တဲ့သူတွေကို အရမ်းကာရော ခွဲခြားဆက်ဆံတတ်ခဲ့တဲ့လူမျိုးဆိုရင် ရာထူးတာဝန်က ပြန်လည်ဆင်းသက်ရတဲ့အချိန်မျိုးမှာ ဒီဝေဒနာပြင်းထန်လေ့ရှိပါတယ်။ ဟိုအရင်တုန်းက အခြေအနေ အချိန်အခါအရ မချစ်သာလည်း အောင့်ကာနမ်းခဲ့ရ သူတွေက အဲ့ဒီအမြင့်ကနေ ကိုယ်ပြန်လျှောကျတဲ့အချိန်မှာတော့ လုံးဝကို အရောမဝင် အဖက်မလုပ်တော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။

ပိုးစုန်းကြူးကို အမှောင်ထဲမှာမှ မြင်ရတယ်၊ ကိုယ်ဒုက္ခရောက်နေတဲ့အချိန်ကျမှ မိတ်ဆွေစစ်ကို မြင်ရတယ်ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ။ နေရာအမြင့်ကနေ နေရာအနိမ့်ကို ပြန်လည်ဆင်းသက်ချိန်မျိုးမှာတော့ ဘယ်သူတွေက ကိုယ့်ကို အစစ်အမှန် ခင်မင်ခဲ့ကြသလဲဆိုတာတွေက အထင်းသား မြင်တွေ့ခွင့်ရသွားပါတယ်။ တစ်နည်းအားဖြင့် လောကဓံ တရားရဲ့ ရိုက်ခတ်မှုဒဏ်ကနေတစ်ဆင့် အသိဉာဏ်တွေရင့်ကျက်သွားမယ် ဆိုရင်တော့ ဒီလောကဓံက ကိုယ့်အတွက် ကောင်းမွန်မြင့်မြတ်တဲ့အရွေ့ တစ်ခုဆီကို တွန်းပို့ပေးနိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ ငါဟိုနေရာတုန်းက ငါ့ကို ဘယ်လိုတွေ ပလူးပလဲလုပ်ခဲ့တဲ့သူတွေက ငါဒီနေရာရောက်တော့မှ ဘယ်လို တွေပမာမခန့်လုပ်နေတယ် ဆိုတာမျိုးနဲ့ ဟိုလူ့ကိုအမုန်းပွား၊ ဒီလူ့ကိုအမုန်းပွားလုပ်နေရင်တော့ ကိုယ့်အတွက်လည်း မကောင်းနိုင်ပါဘူး။

ဆရာကြီးတွေနဲ့ပတ်သက်လို့ တွေးမိရာကတစ်ဆင့် တခြားနယ်ပယ်တွေဘက်ကိုပါ အတွေးနယ်ချဲ့မိပြန်ပါတယ်။

အမြင့်ကိုရောက်နေတဲ့သူတွေအနေနဲ့ ချင့်ချိန်ဖို့လိုမယ့်အရာတွေ အများကြီးရှိနေလိမ့်မယ်လို့ ထင်တယ်။ ကိုယ် အနိမ့်စံဘဝတုန်းက ဘယ်မှာမှန်းမသိတဲ့သူတွေက ကိုယ်လည်း နေရာတစ်ခုရလာရော၊ တကယ့်ကို သည်းသည်းလှုပ်ဖြစ်လာပြီးတော့ နေရာတကာ ကိုယ်မှကိုယ်ဆိုပြီးဖြစ်လာတတ်တာမျိုး၊ အပြောင်းအလဲမှာ ကိုယ့်ဆီကို တစ်ရှိန်ထိုးဝင်ရောက် ချဉ်းကပ်လာပြီးတော့ အခြေအနေတွေ ရုတ်ခြည်းပြောင်းလဲသွားတာမျိုးတွေ ကြုံရမှာပါ။ ဒီလိုအချိန်မှာ ဒီလူက ကိုယ့်ကို တကယ်အစစ်အမှန် ခင်တွယ်လို့ရောက်လာတာလား၊ ကိုယ့်ရဲ့နေရာ ဌာနလေးကို အကြောင်းပြုပြီးတော့ အဲ့ဒီနေရာကြောင့် သူ့အတွက်ရလာမယ့် အခွင့်အရေးတွေအတွက် ချဉ်းကပ်လာတာလားဆိုတာကို ခွဲခြားနိုင်ဖို့လိုပါလိမ့်မယ်။

ဝန်းရံသူတွေများလာချိန်မှာ အစစ်အမှန်ကို ခွဲခြားရတာအလွန်ခက်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ဟိုးအနိမ့်ကနေမှ အမြင့်ကို ခက်ခက်ခဲခဲ ကြိုးစားရင်းနဲ့ ရရှိလာသူတွေအတွက်ကတော့ ဒီအခြေအနေကို ကောင်းကောင်းသုံးသပ်နိုင်ကြပါလိမ့်မယ်။ အနိမ့်မှာနေရတုန်းက ခပ်ခွာခွာနေတဲ့အပြင် အမြင့်မှာရှိတဲ့သူဘက်ကနေ လုံးဝရပ်တည်ပြီးတော့ အနိမ့်ကလူ မကောင်းကြောင်း၊ ဒီလူတွေကို ဘယ်လိုဘယ်လိုတွေ လုပ်ပစ်သင့်တဲ့အကြောင်း စသည်အားဖြင့် အမြင့်ဘက်က တစ်ဖက်သတ်ဝန်းရံသူတွေရှိခဲ့ပါလိမ့်မယ်။ အဲ့ဒီလူတွေက ကိုယ်လည်း အမြင့်ဘက်ကို ရောက်လာခဲ့ရော၊ ကိုယ့်ဘက်ကို တစ်ဟုန်ထိုးဝင်ရောက်ပူးကပ်လာပြီးတော့ ကိုယ့်ဘက်သားအသွင်ကို ဆောင်ကြပြန်လိမ့်ဦးမယ်။ 

ဒါဟာ ဖြစ်မြဲဓမ္မတာလို့ဆိုရမယ့်ကိစ္စတစ်ခုပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ်သာ ပြုပြင်ကြရမှာပါပဲ။ 

ကိုယ်က အမြင့်ကိုရောက်နေပြီလား။ ဒါဆိုရင်လည်း ကိုယ့်ဆီကို ချဉ်းကပ်လာတဲ့သူတွေကို အစစ်အမှန်လား၊ အတုအယောင်လား ခွဲခြားတတ်ဖို့လိုမှာပါ။ ဒီလိုခွဲခြားသိမြင်နိုင်ပေမယ့် အစစ်အမှန်ချဉ်းကပ်သူတွေကို ပဲဖြစ်ဖြစ်၊ အတုအယောင် ချဉ်းကပ်လာသူတွေကိုပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကောင်းရာကောင်းကျိုးတွေကို ဆောင်ရွက်ပေးလိုက်ရုံပါပဲ။ ဒါပေမဲ့ ဒီလိုဆောင်ရွက်ပေးထားဖူးတဲ့အတွက် တစ်ချိန်ချိန် ကိုယ့်အခြေအနေ ပြောင်းသွားမယ့်အချိန်မှာ ဒီလူတွေက ကိုယ့်ကျေးဇူးကို ပြန်လည်သိမြင်ပြီးတော့ ကိုယ့်ဘက်က ဆက်လက် ရပ်တည်ပေးနေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးကိုတော့ ဖြတ်တောက်ထားနိုင်ရမှာပါ။ အဲ့ဒီအမြင့် ဆိုတဲ့နေရာကြီးကို အကြောင်းပြုပြီးတော့လည်းပဲ ငါနိမ့်တုန်းက ငါ့ကို ဘယ်လိုလုပ်ခဲ့တဲ့သူတွေကို ဘယ်လိုပြန်ပြီး ပညာပြလိုက်ဦးမယ်ဆိုတဲ့ အတွေးမျိုးကိုလည်း အလျင်အမြန်စွန့်ပယ်နိုင်ရမှာပါ။ မောက်မာနေဖို့လည်းမသင့်ဘူး၊ သွေးနားထင်ရောက်နေဖို့လည်း မလိုပါဘူး။

မြင့်ရာကနေ နိမ့်သွားပြီလား။ ဒါဆိုရင်လည်း အဲ့ဒီအနိမ့်နေရာမှာ ကိုယ့်အတွက် ကောင်းရာကောင်းကျိုး၊ ကိုယ့်ပတ်ဝန်းကျင်အတွက် ကောင်းရာကောင်းကျိုးတွေကို ဘယ်လိုသယ်ပိုးရွက်ဆောင်နိုင်မလဲဆိုတဲ့ အချက်တွေကိုပဲ အဓိကရှာဖွေပြီးတော့ ကိုယ်စွမ်းနိုင်ရာဘက်က အကျိုးပြုရမှာပါ။ ငါမြင့်တုန်းက ငါ့အနားမှာရှိခဲ့တဲ့သူတွေက အခုတော့မှ ငါ့ကိုပစ်ထားရက်လေခြင်းဆိုတာမျိုးနဲ့ ယူကြုံးမရဖြစ်နေဖို့မသင့်ပါဘူး။ စိတ်ပျက်အားငယ်နေဖို့လည်း မသင့်ဘူး၊ ဟိုတစ်ဖက်လူတွေကိုသွားပြီး မျက်မာန်တွေရှနေဖို့လည်း မသင့်ပါဘူး။

အဓိကကတော့ ဘယ်လိုနေရာကိုပဲရောက်နေရောက်နေ၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို အဖြူစင်ဆုံးဖြစ်အောင်ထားပြီးတော့ မိမိအကျိုး၊ သူတစ်ပါးအကျိုး၊ နှစ်ဖြာသောအကျိုးကို ပွားတိုးအောင် ဆောင်ရွက်နိုင်ကြရင်တော့ ဘယ်လိုလောကဓံလှိုင်းမျိုးကပဲ ရိုက်ခတ်ပုတ်လှဲသည်ဖြစ်စေ၊ အဲ့ဒီလှိုင်းကြား လေကြားမှာ အပြုံးမပျက် ဆက်လက်ချီတက် နေနိုင်မှာပါ။ မြင့်ခြင်း နိမ့်ခြင်းတို့ရဲ့သဘောသဘာဝတွေကိုလည်း ကောင်းစွာနားလည်သဘောပေါက်ပြီးတော့ ရှေ့ခရီးကို အကောင်းဆုံးဖြစ်အောင် ဆက်လက်ချီတက်နိုင်ကြမှာပါ။

တချို့က မြင့်လာတဲ့ဒဏ်ကို မခံနိုင်ကြဘူး။ နိမ့်နေတုန်းက ရတာလေးနဲ့ ဝအောင်စား၊ ရှိတာလေးနဲ့ လှအောင်ဝတ်တတ်ခဲ့ကြပေမယ့် မြင့်လာတော့ စောင့်ကြွားစောင့်ကြွားတွေဖြစ်ကုန်ရော။ 

တချို့က နိမ့်သွားတဲ့ဒဏ်ကို မခံနိုင်ကြဘူး။ အထည်ကြီးပျက်ဝေဒနာကို ထွန့်ထွန့်လူးခံစားရင်းနဲ့ ရှေ့ခရီးကို ကောင်းကောင်းမဆက်နိုင်ကြတော့ဘူး။ ရှေ့ကိုချီတက်ဖို့ အင်အားတွေကုန်ဆုံး ကွယ်ပျောက်ကုန်ကြတယ်။

တကယ်တမ်းကျတော့ လောကဓံတရားဆိုတဲ့ဟာမျိုးက အကောင်းအဆိုး ဒွန်တွဲတယ်ဆိုပေမယ့် ကောင်းနေတဲ့ဟာတွေလာရင်လည်း အဖော်အပေါင်းနဲ့လာတတ်သလို၊ ဆိုတဲ့ဟာတွေလာရင်လည်း သူ့အဖော်တွေ ပါလာတတ်စမြဲပါ။ ဒီတော့ အဆိုးကြုံတဲ့အချိန်ဖြစ်ဖြစ်၊ အကောင်းကြုံတဲ့အချိန်ဖြစ်ဖြစ် အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်ဆိုင်ကြရမှာပါ။

အညာဘုရားပွဲကြီးတွေမှာပဲဖြစ်ဖြစ်၊ ကစားကွင်းတွေမှာပဲဖြစ်ဖြစ် ရဟတ်ကြီးတွေ စီးဖူးကြမှာပေါ့။ ကိုယ်စီးနေတဲ့ခုံမြင့်တက်သွားတဲ့အချိန်မှာလည်း စိတ်တွေလှုပ်ရှားရသလို၊ အမြင့်ဆုံးကနေ နိမ့်ဆင်းလာတဲ့အချိန်ကျပြန်တော့လည်း အသည်းတအေးအေး၊ ရင်တလှပ်လှပ်နဲ့ မနောဓာတ်ဘဝင်မှာ ကတုန်ကယင်တွေ ဖြစ်ရတာပါပဲ။ ဒီလိုပါပဲ။ ဘဝဆိုတာကလည်း ရဟတ်ကြီးစီးရသလို နိမ့်တုံမြင့်တုံ ကြုံကြတွေ့ကြရမှာပါပဲ။

လျှောကျခြင်းဝေဒနာကိုလည်း ဖြတ်သန်းလွန်မြောက်နိုင်ကြပါစေ။ မြင့်တက်ခြင်းဝေဒနာကိုလည်း အကောင်းဆုံးရင်ဆိုင်နိုင်ကြပါစေ။

သိုက်စိုးထွန်း (နတ်ရွာ)