News

POST TYPE

PERSPECTIVE

ကုလအထူးကိုယ်စားလှယ်ကို ၂၁ ရာစုပင်လုံတက်ရန် အစိုးရဖိတ်ကြား
01-Jul-2018
ရန်ကုန်၊ ဇွန် ၃၀

ယခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ခြောက်ရက်ကြာပြုလုပ်မည့် ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှယန်နာဘာဂီနာကို ဖိတ်ကြားထားကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

“ဟုတ်တယ်။ နိုင်ငံခြားရေးက ဖိတ်တာ။ လေ့လာသူအဖြစ်နဲ့တော့ မဆိုင်ဘူးဗျ။ ထုံးစံအတိုင်း ဘန်ကီမွန်းတို့လည်း အဲဒီပွဲမျိုး ခဏခဏတက်ခဲ့တာပဲ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှယန်နာဘာဂီနာကို ဖိတ်ပေးရန် အစိုးရအဖွဲ့က ညွှန်ကြားခြင်းဖြစ်ကြောင်း၊ တက်ရောက်မှု အခြေအနေနှင့်ပတ်သက်၍ လတ်တလော၌ မသိရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားထားသည်။

ထို့အပြင် ဇွန်လနောက်ဆုံးပတ်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး၌ လုပ်ငန်းအဖွဲ့အလိုက် အကြိုညှိနှိုင်းသဘောတူထားသည့် ခေါင်းစဉ်များကို ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ ဆက်လက်ပြုလုပ်မည့်လုပ်ငန်း ကော်မတီအစည်းအဝေး၌ ထပ်ဆင့်ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးသုဝေက ပြောဆိုသည်။

ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှယန်နာဘာဂီနာ၏ ဆယ်ရက်ကြာခရီးစဉ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအဝင် ၎င်းတောင်းဆိုသည့် နေရာအားလုံးကို ခွင့်ပြုပေးခဲ့သည့်အပြင် အထူးကိုယ်စားလှယ်၏ အထောက်အကူပြုရုံးခန်းကိုလည်း နေပြည်တော်၌ဖွင့်ခွင့်ပေးရန် သဘောတူညီထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

J-17


  • VIA