News

POST TYPE

PERSPECTIVE

လည်ထွက်သွားသော အတွေးများ
30-Jun-2018

ကျွန်မစီးနင်းလိုက်ပါလာသောကားသည် ကျိုက်လတ်-ဖျာပုံ လမ်းမကြီးအတိုင်း တရွေ့ရွေ့ ပြေးနေ၏။ နံနက် ၅ နာရီခွဲသာ ရှိသေးသည်မို့ နေရောင်မရသေးသည့် ပတ်ဝန်းကျင်သည် ဖြူကြည်စွာ လင်းစပြုနေလေပြီ။ နေရောင်မထိသေးသည်မို့ နှင်းငွေ့ မြူမှုန်တို့က ရစ်ဖွဲ့သိုင်းခြုံလျက်ပင် ကျန်ရှိနေသေးသည်။ ဧရာဝတီတိုင်း၏သင်္ကေတပီသစွာပင် ကားလမ်းဘေး ဝဲ၊ ယာတစ်လျှောက်တွင် ကားလမ်းနှင့် မျဉ်းပြိုင်တည်ရှိနေသည့် ရေမြောင်းများ၊ စိမ်းဖန့်ဖန့် လယ်ကွင်းများချည်းသာရှိနေပြီး မြစ်၊ ချောင်းများကိုလည်း မကြာခဏ ဖြတ်သန်းရလေသည်။ ကားသည် တံတားများပေါ်မှ ဖြတ်သန်းသွားသောအခါဝယ် ဝါညိုညိုမြစ်ရေတို့နှင့်အတူ ခေါင်းထောင်ကြည့်နေသည့် အုန်းပင်စုတို့ကို စီရရီမြင်နေရသည်။ အမြင့်မှ အုပ်မိုးကြည့်သည့်နှယ် ဖြစ်နေသောကြောင့် အရွက်အခက်အားဖြင့် သိသာထင်ရှားသည့် အုန်းပင်တို့ကိုသာ စီတန်းလျက် မြင်နေရသည်။ တံတားကိုမဖြတ်ရချိန် ပုံမှန်လမ်းတွင်မူ မြစိမ်းရောင်လယ်ကွင်းတို့ကသာ မြင်ကွင်းအပြည့် နေရာယူထားလေသည်။ ညက မိုးရွာထားသည်မို့ လယ်ကွင်းများမှာ စိမ်းစိုလျက်ရှိကာ ရေတဖွေးဖွေးနှင့် လန်းဆန်းနေ၏။ လယ်ကွင်းများမှ အေးမြလတ်ဆတ်သော သဘာဝရနံ့သည် ကျွန်မထံသို့ ကူးစက်စိမ့်ဝင်လာရင်း စိတ်နှလုံးကြည်နူးလာသည်မို့ 
ယမထာ ရွှေကြိမ်လုံးရယ်နဲ့ ထွန်တုံးကိုတဲ့ ခြေတော်တင် နွားကြန်စုံနှင်။
ပျိုးခင်းကိုဝင်
ကောင်းကင်က ရွှေပိန်ညင်းရယ်
မိုးခေါ်လို့ဆင်း။ ။ 
ဟူသော လယ်ထွန်မင်္ဂလာကဗျာလေးကို ခပ်ဖွဖွ ရွတ်ဆိုကြည့်မိသည်။

သို့သော်...

“ထွန်တုံးကိုတဲ့ ခြေတော်တင်၊ နွားကြန်စုံနှင်”တဲ့လားဟု တွေးမိသောအခါ ခံစားမှုမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့သည်။ ကျွန်မတို့မြို့နယ်တွင် စပါးကို အဓိကထား စိုက်ပျိုးပါသော်လည်း နွားဖြင့်လယ်ထွန်သည်ကို ပေါပေါများများ တွေ့ရလေ့မရှိပေ။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲလာသည့်ခေတ်တွင် နွားများကိုအသုံးပြု၍ လယ်ယာထွန်ယက်ခြင်းမှာ လျော့နည်းလာခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျွန်မသည် လယ်ကွင်းများ စပါးခင်းများကိုမြင်တိုင်း အထွက်တိုးကြပါစေ၊ ပိုးမကျပါစေနှင့်၊ ခရုမစားပါစေနှင့်၊ ဆန်စပါးဈေးကွက် ကောင်းပါစေဟုသာ ခပ်တိုးတိုး ဆုတောင်းဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်မတို့ ဈေးသည်များအတွက် အရောင်းအဝယ်၊ ဝင်ငွေအတက်အကျသည် ယင်းလယ်သမားတို့၏ ဝင်ငွေအပေါ် တိုက်ရိုက်မှီခိုနေသည် မဟုတ်ပါလော။ အခြားမြို့ကြီးများတွင် မသိသာလှသော်လည်း ကျွန်မတို့မြို့ကဲ့သို့ နယ်မြို့ အများစုသည် တောင်သူလယ်သမားများ၏ ဝင်ငွေအပေါ်မူတည်ကာ စီးပွားရေး အတက်အကျကို ခံရလေ့ရှိသည်။ လယ်သမားများ ငွေရှားပြီဆိုလျှင် ကျွန်မတို့သည်လည်း ငွေရှားတော့မည်မှာ အသေအချာပင်။ လယ်သမားများ ဝင်ငွေကောင်းမှသာ ကျွန်မတို့လည်း အရောင်းအဝယ် စိုပြည်လေသည်။ ထိုသို့ လယ်သမားတို့၏ ဝင်ငွေအပေါ် မူတည်နေစေကာမူ လယ်အထွက်နှုန်းမှာ အတိအကျ ခန့်မှန်းရန်ခက်လေသည်။ စပါးကို အချိန်အခါနှင့် သေချာစိုက်ပျိုးထားပါသော်လည်း ရာသီဥတုကောင်းမှ။ ရာသီဥတုကောင်းသော်လည်း ပိုးမကျမှ။ တစ်ခါတစ်ရံ စပါးနှံဖြစ်ပြီး ရိတ်သိမ်းရက်နီးပြီမို့ ပိုးမကျနိုင်တော့ပြီဟု ယုံကြည်နေရာမှ အတွင်းဘက်၌ ပိုးများလှိုက်စားနေသဖြင့် အရှုံးပေါ်မှုများ၊ သူတစ်ပါးလယ်ကိုပါ ပိုးများ မကူးစက်စေရန် မိမိလယ်ကို မီးရှို့ဖျက်ဆီးပေးလိုက်ရသည်များလည်း ကြုံရတတ်ပေသည်။ အချို့နှစ်များတွင်မူ ခရုများကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးတတ်သေး၏။ စပါးများကို ရိတ်သိမ်းပြီးသော်လည်း နေပူလှန်းနေစဉ် မိုးမရွာပါမှ။ ထိုသို့ အခြေအနေ အဆင့်ဆင့်ကို ဖြတ်သန်းပြီး နောက်ဆုံး စပါးဖြစ်လာပြီးသော် မြို့သို့သယ်ယူကာ ရောင်းချကြသည်။ ထိုအခါတွင်လည်း စပါးဈေးကောင်းမှသာ မြို့ပေါ်ရှိဆိုင်များ အရောင်းအဝယ် ဖြစ်ကြလေသည်။ ကျွန်မတို့မြို့ကဲ့သို့ နယ်မြို့ကလေးများတွင် အဓိက ဝယ်ယူစားသုံးသူများမှာ တောင်သူလယ်သမားများ ဖြစ်သည်မို့ ဈေးသည်များ၏ အခြေအနေမှာ ရေတက်လျှင် လျှံလျှံဖြိုးဖြိုးရှိကာ ရေကျနေလျှင် ခြောက်သွေ့အက်ကွဲနေတတ်သည့် မြစ်ကမ်းစပ်ပမာ ဖြစ်နေတော့သည်။

ယခုနှစ်ဆိုလျှင် မူဆယ်မှ တိုက်ပွဲများကြောင့် တရုတ်သို့ ဆန်တင်ပို့မှု လျော့ကျသွားလေရာ ဆန်ဈေးပါ လိုက်၍ကျတော့သည်။ ထိုအခါ စပါးမှ ဆန်အဖြစ် ကြိတ်ပြီးရောင်းမည့်သူများမှာ မကြိတ်နိုင်သေးဘဲ ငွေမပေါ်နိုင် ဖြစ်နေသည်များလည်း ရှိတတ်ပါသေးသည်။ မြန်မာပြည်မြောက်ပိုင်းမှ စစ်ပွဲများသည် မြန်မာပြည်အောက်ပိုင်းမှ ဈေးကွက်ကိုလာ၍ အထိနာစေလိမ့်မည်ဟု မည်သူကများ ထင်ပါမည်နည်း။ တကယ်တမ်းတွင်မူ လက်သည်း ဆိတ်တော့ လက်ထိပ်နာဆိုသကဲ့သို့ နိုင်ငံ့တစ်နေရာမှ ပဋိပက္ခများသည် အခြားနေရာ၌လည်း သက်ရောက်မှု ရှိနေသည်သာ။ နာဂစ်ဖြစ်ခဲ့စဉ်ကလည်း နိုင်ငံ၏ ဆန်အိုးကြီးဖြစ်သော ဧရာဝတီတိုင်း၏ အထိနာမှုသည် တစ်နိုင်ငံလုံးကို ရိုက်ခတ်ခဲ့သည်သာ မဟုတ်ပါလော။ ထိုအခြေအနေ အရပ်ရပ်အပေါ် မူတည်နေသည့် စပါးဈေးကွက်အပေါ်လိုက်၍ လယ်သမားတို့၏ဘဝများ ပြောင်းလဲသွားတတ်သကဲ့သို့ သူတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည့် ကျွန်မတို့၏ စီးပွားရေးဈေးကွက်သည်လည်း လိုက်၍ပြောင်းလဲနေလေသည်။ ဤကဲ့သို့ ကျွန်မတို့၏ စီးပွားရေးဈေးကွက်သည် တောင်သူလယ်သမားများအပေါ် မှီခိုနေရသော်လည်း လယ်သမားအများစုမှာ ချမ်းသာကြွယ်ဝသူများ မဟုတ်ကြပါ။ တချို့တလေမှလွဲပြီး အများစုမှာ အကြွေးသံသရာ၌ လည်နေသည့် လည်သမားများ ဖြစ်ကြလေသည်။ နှစ်ရာသီ စိုက်ပျိုးနိုင်သည့်လယ်ယာဖြစ်စေ၊ တစ်ရာသီသာ စိုက်ပျိုးနိုင်သည့် လယ်ယာဖြစ်စေ စပါးပေါ်ချိန်မှသာ ငွေပေါ်လေ့ရှိလေရာ၊ ငွေမရမီကာလအတွင်း အသုံးစရိတ်များအတွက် အပိုအလျှံ စုဆောင်းမထားသူများမှာ သူတစ်ပါးထံမှ ချေးရ၊ ငှားရလေသည်။ အချို့ကမူ စပါးပေါ်ပေးစနစ်ဖြင့် အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူကြသည်။ စပါးပေါ်ပေးစနစ်မှာ ငွေပေးချေခြင်းနှင့် စပါးပေးရခြင်း နှစ်မျိုးရှိလေသည်။ ငွေသားဖြင့်ပေးချေမည့်သူအတွက် ရောင်းကုန်မှာ ဈေးပိုတင်ထားပြီးဖြစ်သည်။ သို့မဟုတ် ဈေးမှန်ဖြင့်ရောင်း သော် ကြာချိန်ကိုလိုက်ပြီး အတိုးပေးရသည့်စနစ် ဖြစ်သည်။ စပါးပေးစနစ်မှာမူ ငွေ၊ ပစ္စည်းကို ယူချိန်တွင်ရှိနေသည့် စပါးပေါက်ဈေးအတိုင်း တွက်ချက်ပြီး ရယူရန်စပါးကို သတ်မှတ်ထားခြင်းဖြစ်သည်။ စပါးပေါ်ချိန် ရောက်သောအခါ စပါးက မည်သည့်ဈေးနှုန်း ဖြစ်နေပါစေ မူလတွက်ချက်ထားသည့် စပါးအရေအတွက်ကိုပင် ပေးချေရခြင်းဖြစ်သည်။ ဤသို့ ငွေမဝင်မီကပင် ငွေကို ကြိုတင်သုံးစွဲထားရသဖြင့် စပါးပေါ်ချိန်တွင် အကြွေးများကို နုတ်ဖယ်လိုက်လျှင် သူတို့လက်ထဲ၌ ငွေအများအပြား ကျန်ရစ်လေ့မရှိပါ။ ယင်းမှတစ်ဖန် စိုက်ဘဏ်ချေးငွေကို ဆပ်ရမည့်အချိန်ကိုရောက်သော် ချေးကြ၊ ငှားကြရှိသည့် ပစ္စည်းဥစ္စာကို ပေါင်နှံ၊ ရောင်းချကာ ငွေကို ရှာကြရပြန်သည်။ ဘဏ်ထုတ်ချိန်ရောက်၍ ငွေပြန်ထုတ်ပြီးသောအခါ ချေးငှားထားရသည်များကို ပြန်ဆပ်လိုက်သဖြင့် ကုန်လုနီးပါး ဖြစ်သွားကြပြန်သည်။ အချို့မှာမူ ဘဏ်ချေးငွေကိုဆပ်ရန် လက်ထဲ၌ ပိုက်ဆံမရှိသောအခါ ပွဲစားများကို အားကိုးရပြန်သည်။ ပွဲစားများမှာ ဘဏ်ဆပ်ငွေအတွက် ငွေစိုက်ထုတ်ပေးထားပြီး၊ ဘဏ်ချေးငွေ ပြန်ထုတ်သောအခါ စိုက်ပေးထားသည့်ငွေအပြင် အတိုး ၁ လစာ ပေါင်းယူပြီး ချေးပေးခြင်းဖြစ်သည်။ ထို့ကြောင့် ဘဏ်ချေးငွေထုတ်သော်လည်း ထုတ်ရုံမျှသာဖြစ်ပြီး အမှန်တကယ် အသုံးပြုနိုင်သည်မှာ နည်းပါးကြပါသည်။ ဤနည်းဤပုံဖြင့် လယ်သမားများမှာ အကြွေးသံသရာ၌ လည်နေကြသည့် လည်သမားများ ဖြစ်နေကြလေသည်။

ကျွန်မသည် တစ်ခါတစ်ရံ သူတို့ကို သနားမိသည်။ တစ်ခါတစ်ရံတွင်မူ အားမလို အားမရ ဖြစ်မိပြန်သည်။ စိုက်ပျိုးရေး စရိတ်အတွက် ထုတ်ချေးသည့်ငွေကို အခြားနေရာမှာ သုံးမပစ်ဘဲ စိုက်ပျိုးရေးမှာပဲ သုံးဖြစ်အောင် ချွေတာပြီး သုံးကြပါတော့လား။ အကြွေးမတင်အောင် နေပြီးမှ အခြားအသုံးအဆောင်တွေ ဝယ်ကြပါရော့လားဟု ခပ်ဆတ်ဆတ်ကလေး ပြောလိုက်ချင်သည်။ တစ်ခါတစ်ရံတွင်မူ သူတို့၏ ဝင်ငွေ၊ ထွက်ငွေကို စိတ်ကူးဖြင့် လိုက်ပြီးစီမံကြည့်မိသည်။ အစမှစ၍ စီမံခွင့်ရှိမည်ဆိုလျှင် အကြွေးသံသရာမရှိ စေရန် စီမံနိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်အဝရှိသော်လည်း သူတို့ လည်ပတ်နေသည့်ဘဝထဲသို့ဝင်ပြီး စီမံကြည့်လျှင်မူ ကျွန်မ၏စိတ်ကူးများပါ သူတို့၏ အကြွေးသံသရာ စက်ဝန်းထဲတွင် လုံးချာပတ်လည်လိုက်ပြီး မျောပါသွားလေ့ ရှိလေသည်။ ထိုမျှသာမကသေး ယခုနှစ်တွင် စိုက်ဘဏ် အကြွေးဆပ်ရန်နှင့် ငွေထုတ်ရန် မြို့ပေါ်သို့ တက်လာကြသည့် တောင်သူလယ်သမားများကို ပစ်မှတ်ထားကာ ခါးပိုက်နှိုက် အလစ်သုတ်မှုများကိုလည်း စိတ်မကောင်းစရာ ကြားသိရလေသည်။ ဈေးထဲ လူရှုပ်ချိန်တွင် ပိုက်ဆံအိတ်ကို ဓားဖြင့်ခွဲ၍ ငွေယူသည်။ စိုက်ဘဏ်ထဲ၊ စိုက်ဘဏ်အနီး လူရှုပ်ရာနေရာများတွင် တောင်သူတို့၏ငွေအိတ်ကို ခါးပိုက်နှိုက်ယူကြသည်။ ငွေအလုံးအရင်းလိုက် ထုတ်ပြီးချိန်မို့ တစ်ဦးစီတိုင်းတွင် သိန်းချီပြီး ပါလေရာ ရှိသမျှ အကုန်ပါသွားကာ ရင်ထုမနာဖြစ်ကြရသည်။

ငွေကို၊ လယ်ကို အသေအချာ စီမံနိုင်သူ လယ်သမားအချို့မှာမူ အဆင်ပြေပြေရှိကြကာ ရိတ်သိမ်းခြွေလှေ့စက်များ၊ အိမ်၊ လယ်အများအပြားနှင့် နေနိုင်ကြပါသည်။ သို့သော် ထိုသို့နေနိုင်သူ အရေအတွက်မှာ နည်းပါးလှလေသည်။ အများစုမှာ အကြွေးသံသရာတွင် လည်နေကြပြီး၊ ရုန်းကန်ကြိုးစားနေရသူများသာ။ ကျွန်မသည် မပြေလည်သည့် လယ်သမားများကို အဆင်ပြေကာ ကြွယ်ဝနေသည့် လယ်သမားများအဖြစ် တိုးတက်စေချင်သည်။ လည်သမားများမဟုတ်ဘဲ လယ်သမားစစ်စစ်များ ဖြစ်စေချင်သည်။ ထိုသို့ ပြောင်းလဲပေးနိုင်မည့်အဖြေကို ရှာဖွေ တွေးကြည့်ပါသော်လည်း အဖြေ ထွက်မလာသည့်အပြင် ကျွန်မ၏အတွေးများပင် လည်ထွက်သွားလေသဖြင့် ပြတင်းတံခါးမှ တိုးဝင်လာသောလေကို အားပါးတရ ရှူသွင်းလိုက်သည်။

ကားသည် အစိမ်းရောင် လယ်ကွင်းများကြား တရိပ်ရိပ်ပြေးနေဆဲ။

လယ်သမားအချို့လည်း လည်သမားဖြစ်နေဆဲ။

ကျွန်မ၏ အတွေးများလည်း ချာချာလည်ပြီး ပြေးနေဆဲပါလေ ...။

သုမေ (ကျိုက်လတ်)