News

POST TYPE

PERSPECTIVE

ညီမလေးရယ် စိုးရိမ်မိတယ်
27-Jun-2018

သြော် ... ဒါနဲ့စကားမစပ်။

အခုတစ်လော မိုးရွာချက်က ပြင်းလွန်လွန်းလို့ အိမ်ထဲမှာနေရတာ ကြာလာတော့ ငြီးငွေ့လာတယ်။ ဒါနဲ့ ထိုင်နေကျ လှည်းတန်းလမ်းမပေါ်က လက်ဖက်ရည်ဆိုင်ဘက်ကို ထွက်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီဆိုင်မှာ မထိုင်ဖြစ်တော့ဘဲ အချင်းချင်း ဖုန်းနဲ့ အချိန်းအချက်လုပ်ပြီး ဦးသောင်းတို့ ပင်စင်စားကျောင်းဆရာတစ်သိုက် လှည်းတန်းစင်တာကြီးရဲ့ အပေါ်ဆုံးထပ်ကို တက်လာခဲ့တယ်။

အပေါ်ဆုံးထပ်မှာက လက်ဖက်ရည်ဆိုင်ရှိတယ်။ အရသာက ပြောလောက်အောင် သိပ်မကောင်းပေမယ့် လူရှင်းတယ်။ လေအေးစက်လည်း တပ်ထားတာမို့ ထိုင်ရတာ အပူသက်သာပြီး အဆင်ပြေတယ်။ သက်သောင့်သက်သာ ရှိတယ်။

လက်ဖက်ရည်ကျကျ တစ်ခွက်စီနဲ့ အာလူးကြော်တစ်ပွဲမှာပြီး လက်ရှိပညာရေးအကြောင်းကို သူတစ်လှည့် ကိုယ်တစ်လှည့် စတင်ဆွေးနွေးကြတော့တာပေါ့။

“တက္ကသိုလ်ဝင်တန်း အောင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေက အခုပညာသင်နှစ်မှာ တက္ကသိုလ် ၁၁ ခုထဲက မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်ကို ဝင်ခွင့် လျှောက်ထားနိုင်တယ်လို့ သတင်းစာထဲမှာ ဖတ်လိုက်ရတယ်”လို့ ဦးခင်မောင်ဌေးကစပြီးပြောတယ်။

“ဘယ်သတင်းစာထဲမှာ ပါတာလဲ” ဦးမြသိန်းက မေးတယ်။

“စံတော်ချိန်မှာ ပါတာဗျ” ဦးသောင်းက ဝင်ဖြေတယ်။

“The Voice Daily မှာလည်း ပါပါတယ်” ဦးခင်မောင်ဌေးက ထပ်ပြီး အတည်ပြုလိုက်တယ်။

“အိမ်က နေ့စဉ်ယူတဲ့ ကြေးမုံထဲမှာ ဖော်ပြထားတာ မတွေ့မိဘူးဗျ”လို့ ဦးမြသိန်းက ခပ်ညည်းညည်းလေး ဖြေလိုက်တယ်။

“နိုင်ငံပိုင် သတင်းစာပဲ၊ ပါရမှာပေါ့ဗျ။ ခင်ဗျား မျက်စိလျှမ်းလို့နေမှာပါ” ဦးသောင်းက ပြေရာပြေကြောင်း ဝင်ထောက်လိုက်တယ်။

“ကြေးမုံထဲမှာ မပါလည်း အခုသိရပြီပဲ။ ထားလိုက်ပါတော့ဗျာ။ အရေးကြီးတာက တချို့တက္ကသိုလ်တွေက ဝင်ခွင့်အတွက် ရေးဖြေရော၊ နှုတ်ဖြေရော ရှိကြတယ်။ တချို့ကျတော့လည်း နှုတ်ဖြေပဲရှိသတဲ့” ဦးခင်မောင်ဌေးက သူသိထားတာကို ရှင်းပြတယ်။

“ဝင်ခွင့်အတွက် ရေးဖြေစာမေးပွဲ ရှိမယ်ဆိုရင်တော့ ပြဿနာတွေ အရစ်လိုက်တက်ကြဦးမှာပဲ”လို့ ဦးသောင်းက ဝေဖန်လိုက်တယ်။

“ဘာပြဿနာလဲဗျ” မျက်စိကို ပေကလပ် ပေကလပ်လုပ်ရင်း ဦးမြသိန်းက သိချင်စိတ်နဲ့ မေးလိုက်တယ်။

“ကျူရှင်ပြဿနာပေါ့။ ကိုယ်လိုချင်တဲ့ တက္ကသိုလ်ရဖို့အတွက် ငွေပေးပြီး ဝင်ခွင့် ကျူရှင်တက်ကြရမယ်။ သင်မယ့်ဆရာတွေလည်း ပေါ်လာတော့မှာပဲ”လို့ ဦးခင်မောင်ဌေးက ဖြေတယ်။

“ပညာရေးကတော့ ရှင်းလေရှုပ်လေ၊ လှုပ်လေ မြုပ်လေ ဖြစ်နေသလားလို့ပါ” ဦးသောင်းက သူ့အမြင် ကို သုံးသပ်ပြပြန်တယ်။

အဲ့ဒီအခါမှာ မြန်မာဆန်ဆန် ဝတ်ထားတဲ့ အသက် ၄၀ ကျော် အမျိုးသမီးတစ်ယောက်က စားပွဲဝိုင်းနားကို ခပ်သွက်သွက်လျှောက်လာပြီး ဦးမြသိန်းကို အားတက်သရော နှုတ်ဆက်လိုက်တယ်။

“ဆရာ နေကောင်းလား။ ကျွန်မကို မှတ်မိလား”

“နေကောင်းပါတယ်။ မင်း ... သင်းသင်းအေး မဟုတ်လား”

“ဟုတ်ပါတယ်ဆရာ”

“အခု ... ဘယ်မှာလုပ်နေသလဲ”

“... တက္ကသိုလ်မှာ မြန်မာစာဌာန၊ ကထိကဌာနမှူး လုပ်နေတယ် ဆရာ”

“ဒေါက်တာဘွဲ့ ရပြီးပြီလား”

“ဟုတ်ကဲ့ ... ရပြီးပြီဆရာ”

“အတော်ပဲ ... မေးရဦးမယ်။ ၁၀ တန်းအောင်ပြီးသူတွေ တက္ကသိုလ်တက်ဖို့အတွက် တချို့တက္ကသိုလ်တွေမှာ ရေးဖြေ၊ နှုတ်ဖြေ ရှိတယ်ဆိုတာ ဟုတ်သလား”

“ကျွန်မ မသိဘူးဆရာ”

“ဟေ ... တက္ကသိုလ်ဆရာမ လုပ်နေပြီး မသိဘူးလား”

“ဟုတ်ကဲ့”

“ဒီမှာ ဆရာ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရဦးမယ်။ သူတို့လည်း ကျောင်းဆရာ အငြိမ်းစား စာရေးဆရာတွေပဲ။ သူတို့ရဲ့ ကလောင်နာမည်တွေက ... ပေါ့”

“ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ဆရာတို့ရယ်။ ဒါပေမဲ့ ဆရာတို့နာမည်တွေကို မကြားဖူးဘူးရှင့်”

ဆရာမက ပြောပြောဆိုဆိုနဲ့ ရွှန်းရွှန်းဝေအောင် နှုတ်ဆက်ပြီး သူ့အပေါင်းအသင်းတွေရှိရာ တခြားစားပွဲဝိုင်းကို တစ်လှမ်းချင်းလှမ်းရင်း ထွက်သွားလေရဲ့။

ကျွန်တော်က ဒေါက်တာဘွဲ့ရ ကထိကဆရာမရဲ့ နောက်ကျောကို တစိုက်မတ်မတ်ကြည့်ရင်း သက်ပြင်း ရှည်ကြီးကို အခါခါချမိလိုက်တယ်။ တက္ကသိုလ်က ကထိကအဆင့်ရှိတဲ့ ဆရာမတစ်ယောက်ဖြစ်နေပြီး တက္ကသိုလ်တွေမှာ ဒီနှစ်တက်မယ့် ကျောင်းသားသစ်တွေအတွက် ဘာတွေလုပ်နေတယ်ဆိုတာ မသိဘူးပြောလို့ အံ့ဩမိတာပါ။ ဝန်ခံရရင် အံ့ဩမိတာထက် စိတ်ပျက်မိတာပါ။

သူ့အဆင့်က တက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်တဲ့အဖွဲ့ထဲမှာ မပါလို့ မသိဘူးဆိုရင်တောင်မှ စာဖတ်ရင် သိနိုင်တာပဲ။ စာဖတ်ဖို့ဆိုတာကလည်း ကမ္ဘာပေါ်မှာ နေ့စဉ် ဖြစ်ပျက်နေတဲ့ အခြား အကြောင်းအရာတွေကို မဖတ်ချင်နေဦး။ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ မြန်မာ့ပညာရေး အခြေအနေတွေကိုတော့ ဖတ်သင့်တာပေါ့။ ပိုဆိုးတာက နေ့စဉ်ထုတ် သတင်းစာတွေမှာ ပညာရေး ပြောင်းလဲမှုဖြစ်စဉ်တွေကို အမြဲမပြတ် ဝေဖန်ထောက်ပြပြီး ရေးသားနေတဲ့ စာရေးဆရာတွေကိုတောင် မကြားဖူးဘူးဆိုတော့ ခက်ကရောပေါ့။

ဆိုလိုချင်တာက တာဝန်ရှိသူတွေက စာကြည့်တိုက်တွေဖွင့်ဖို့ အစီအမံတွေချပြရင်း ပြည်သူတွေကို စာဖတ်ကြပါ၊ စာဖတ်ကြပါလို့ နည်းမျိုးစုံနဲ့ တွန်းအား တွေပေးနေပေမယ့် ပညာတတ်ဖြစ်တဲ့ ကျောင်းဆရာမ တွေတောင် ကျောင်းစာကလွဲလို့ တခြားစာတွေ မဖတ် ဖြစ်တာကို ထောက်ပြချင်တာပါ။

ဆိုမှတော့ ... သာမန်ပြည်သူတွေ စာမဖတ်ကြတာ ဘာဆန်းတော့မှာလဲ။ အခြေခံပညာကျောင်းတွေ၊ တက္ကသိုလ်တွေမှာလည်း ဘာထူးလို့လဲ၊ စာကြည့်တိုက်တွေ ဖွင့်ထားပြီး ကျောင်းသား ဘယ်နှယောက်၊ ဆရာဘယ်နှယောက် စာလာဖတ်ကြသလဲ။ ပြန်လည် သုံးသပ်ဖို့တော့ လိုနေပြီ။ 

ကျောင်းဆရာ၊ ဆရာမ အားလုံးကို သိမ်းကျုံးပြီးပြောတာ မဟုတ်ပေမယ့် စာမဖတ်တဲ့ ဆရာ၊ ဆရာမတစ်ယောက်က သူတပည့်တွေကို ဘယ်စာတွေ ဖတ်သင့်ပါတယ်လို့ ဘယ်လိုနည်းလမ်းတွေ ပေးမှာလဲ။ ဒီမိုကရေစီစနစ်ရဲ့ ခေတ်အမြင်၊ ခေတ်အတွေး၊ ခေတ်ရေးရာ ကိစ္စတွေကို ကလေးတွေ နှလုံးသားထဲရောက်အောင် ဘယ်လိုထည့်ပေးမှာလဲ။ ပြင်ပဗဟုသုတတွေ ဘယ်လိုမျှဝေမှာလဲ။

ဒီလိုစာဖတ်အားနည်းတဲ့ ဆရာ၊ ဆရာမတွေက အခြေခံပညာမှာရော၊ အဆင့်မြင့်ပညာမှာရော ဒုနဲ့ဒေးပါပဲ။ လစဉ်၊ အပတ်စဉ်ထွက်သမျှ စာအုပ်တွေကို မဖတ်နိုင်ဘူးဆိုတာ လက်ခံနိုင်ပါတယ်။ ကိုယ်တွေလည်း ထွက်သမျှဂျာနယ်နဲ့ စာအုပ်တွေကို ဝယ်မဖတ်နိုင်ကြောင်း ဝန်ခံလိုပါတယ်။ ဒါပေမဲ့ နေ့စဉ်ထုတ်သတင်းစာတစ်စောင်လောက်ကိုတော့ နေ့စဉ် ဖတ်သင့်တယ်လို့ ထင်တာပဲ။

အခုခေတ် သတင်းစာတွေထဲမှာ ပြည်တွင်းရေးရာသတင်း၊ နိုင်ငံတကာရေးရာသတင်း၊ ပြစ်မှုရေးရာ သတင်း၊ တရားဥပဒေစိုးမိုးရေးသတင်း၊ အနုပညာ သတင်း၊ ပညာရေးသတင်း၊ သိပ္ပံနှင့်အိုင်တီသတင်း၊ နိုင်ငံ ရေးသတင်းနဲ့ အားကစားသတင်းစတဲ့ ကဏ္ဍစုံပါနေတာ ဆိုတော့ သတင်းစာတစ်စောင် ဖတ်လိုက်ရတယ်ဆို ရင်ပဲ ဗဟုသုတဝမ်းစာ အသင့်အတင့်တော့ ရနိုင်တာပေါ့။

ဒါကြောင့် လူတိုင်းစာဖတ်ရမှာဖြစ်သလို ဆရာ၊ ဆရာမတွေက ပိုပြီးစာဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် ပညာရေးနဲ့ အသက်မွေးနေကြတဲ့ ဆရာ၊ ဆရာမတွေက အခုထိတိုင်အောင် စာမဖတ်ဖြစ်ကြသေးဘူးဆိုရင်တော့ ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ အခက်တွေ့နိုင်ပါတယ်။

စာမဖတ်ဖြစ်ကြသေးတဲ့ ပညာရေးဝန်ထမ်း ကျောင်းဆရာမ ညီမလေးတို့ရယ် ...။ အနာဂတ်မှာ မင်းတို့အတွက် စိုးရိမ်မိသေးတယ်လို့ ပြောလိုကြောင်းပါခင်ဗျား။