News

POST TYPE

PERSPECTIVE

အစိုးရသက်တမ်းတစ်ဝက်မှာ ကျင်းပလာတဲ့ NLD ဒုတိယအကြိမ် ပါတီညီလာခံ
NLD ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို ဇွန် ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာပြုလုပ်ခဲ့ပြီး ဒီညီလာခံကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရဲ့ ဗဟိုကော်မတီဝင် ၁၄၀ ဦးကို အမိန့်ကြေညာချက်အမှတ် (၁/ဝ၆/၂၀၁၈) နဲ့လည်းကောင်း၊ အရန်ဗဟိုကော်မတီဝင် ၃၀ ဦးကိုတော့ ကြေညာချက်အမှတ် (၂/ဝ၆/၂၀၁၈)နဲ့လည်းကောင်း ဇွန်လ ၂၃ ရက်နေ့မှာပဲ ပါတီညီလာခံရဲ့ ဆုံးဖြတ်ချက်အရ အသီးသီးဖွဲ့စည်းခဲ့တာမြင်ရပါတယ်။ ဒါ့အပြင် ဇွန်လ ၂၄ ရက်နေ့မှာတော့ လစ်လပ်နေတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) နေရာတွေအတွက် ၆ ဦးနဲ့ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၈ ဦးကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း အမိန့်ကြေညာစာ (၃/ဝ၆/၂၀၁၈) နဲ့ (၄/ဝ၆/၂၀၁၈) တို့နဲ့ ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီညီလာခံရဲ့ပထမနေ့မှာတော့ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသအသီးသီးတို့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှတင်သွင်းတဲ့ နိုင်ငံရေးအစီရင်ခံစာနဲ့ စည်းရုံးရေး အစီရင်ခံစာတွေကို အသီးသီးဖတ်ကြားကြပြီး ပြန်လည်ဆွေးနွေးကြတာတွေကိုလည်း ပြုလုပ်ခဲ့သလို အချို့အချက်တွေကိုလည်း ဆုံးဖြတ်ခဲ့ကြတယ် သူတို့ရဲ့ fb Page မှာ တင်ထားတာ ဖတ်ခဲ့ရပြန်ပါတယ်။

ဒီညီလာခံရဲ့ သဘာပတိနေရာကိုတော့ ဦးညီပုက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး သူကအဖွင့်မိန့်ခွန်းပြောကြားခဲ့တဲ့နေရာမှာ ဗဟိုကော်မတီဝင်တွေအနေနဲ့ လေးလေးနက်နက်နဲ့ အမြော်အမြင်ကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ နိုင်ငံ့အကျိုးကို ကြိုးစားဆောင်ရွက်ပေးကြဖို့၊ ညီလာခံရဲ့ဆုံးဖြတ်ချက်တွေ ကိုလည်း သတ္တိရှိရှိ သိက္ခာရှိရှိနဲ့ ဆုံးဖြတ်ပေးကြဖို့၊ ပြည်သူတွေရဲ့အကျိုးကို ပြည်သူတွေရဲ့အရေးကို ဦးထိပ်ပန်ဆင်ပြီး ဆောင်ရွက်သွားကြရမှာဖြစ်တဲ့အတွက် အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာကြားခဲ့တဲ့အတိုင်း နိုင်ငံရေးလုပ်တဲ့နေရာမှာ နိုင်ငံရေးသမားတွေအနေနဲ့ မိမိတို့ရဲ့ ခံစားချက်ကို ရှေ့တန်းမတင်ဘဲ မိမိတို့ရဲ့ခံယူချက်၊ ယုံကြည်ချက်၊ မျှော်လင့်ချက်ပန်းတိုင်ကိုသာ အဓိကထားပြီးဆောင်ရွက်ကြဖို့၊ ညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ကြတဲ့အခါ ပုဂ္ဂိုလ်ရေးအာဃာတတွေ၊ မကျေနပ်မှုတွေ၊ အုပ်စုဖွဲ့တာမျိုးတွေ၊ ပါတီရဲ့စည်းမျဉ်းစည်းကမ်းမူဝါဒတွေနဲ့ မကိုက်ညီတာမျိုးတွေ တတ်နိုင်သမျှရှောင်ရှားပြီး ပါတီခေါင်းဆောင်တွေက ချမှတ်ထားတဲ့ ပါတီမူဝါဒလုပ်ငန်းစဉ်တွေနဲ့သာ ဆောင်ရွက်ကြဖို့နဲ့ ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးရောက်ဖို့ ကြိုးစားဆောင်ရွက်ကြဖို့ ပြောကြားခဲ့တာ လေ့လာမိပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ရည်မှန်းချက်ပန်းတိုင်ကိုမရောက်သေးတာမို့ အကျပ်အတည်းတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အမှားအယွင်းနည်းနည်းနဲ့ ဆောင်ရွက်ကြဖို့ ပြောကြားခဲ့ပါတယ်။ 

ဒီရက်ပိုင်း လူထုအနေနဲ့ စိတ်ဝင်တစားစောင့်ကြည့်လေ့လာနေတာကလည်း ဒီညီလာခံကျင်းပမှုနဲ့ ပြန်လည်ဖွဲ့စည်းမှုတွေပါပဲ။ ဒီညီလာခံကိုမှ စောင့်ကြည့်နေကြတယ်ဆိုတာကလည်း ဒီပါတီဟာ အမှန်တော့ ယနေ့လက်ရှိအစိုးရရဲ့ အာဏာရပါတီဖြစ်နေတာလည်းပါပါတယ်။ အာဏာရပါတီအနေနဲ့ နိုင်ငံ့တာဝန်ယူခဲ့တာ အခုဆိုရင် သက်တမ်းတစ်ဝက်ကျိုးခါနီးနေပြီး ဒီကာလတွေအတွင်းမှာ နိုင်ငံ့စီးပွားရေးနဲ့ ကျန်ပညာရေး၊ လူမှုရေးတွေကို လူထုကျေနပ်အောင် မဆောင်ရွက်နိုင်သေးတာဖြစ်တဲ့အတွက် သူတို့ပါတီအတွင်းက ပြင်ဆင်ဖွဲ့စည်းမှုအခင်းအကျင်းတွေနဲ့ သူတို့ အစိုးရရဲ့ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေအပေါ် လူထုက စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့အချိန်ပါ။ ဒီအချိန်နဲ့တိုက်ဆိုင်စွာပဲ ဒီညီလာခံကိုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် ပိုပြီးစိတ်ဝင်စားခဲ့ရတယ်ဆိုတာလည်း အထူးပြောစရာလိုမယ်မထင်ပါဘူး။ အခုမကြာမီမှာဆိုရင်ပဲ အစိုးရရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ထဲက အမြင့်ဆုံးဥပဒေပြုရေးအာဏာရရှိထားတဲ့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ လာမယ့်ဇူလိုင်လကုန်ဆိုရင် သက်တမ်းတစ်ဝက်ကျိုးလို့ နာယကတာဝန်ကိုတောင် လွှဲပြောင်းကြတော့မှာဖြစ်ပြီး ယခုလက်ရှိအနေအထားအထိတော့ ပါတီရဲ့ဗဟိုကော်မတီဝင်အများစု တာဝန်ယူထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ ဝန်ကြီးချုပ်တွေအနေနဲ့လည်း အခြေခံဥပဒေဇယား (၂) နဲ့ (၅) အရ အပ်နှင်းထားတဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေကို မထုတ်ဖော်မပြသကြနိုင်ကြသေးတဲ့အချိန်လည်း ဖြစ်နေတာ အားလုံးသိကြတဲ့အခြေအနေတွေပါ။

သူတို့အာဏာရပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တာဝန်ယူထားတဲ့ ပြည်ထောင်စုအဆင့် အစိုးရဝန်ကြီးဌာနတွေကို ကြည့်မယ်ဆိုရင်လည်း ဒီကနေ့ထိ စမ်းတဝါးဝါးနဲ့သာ လျှောက်လှမ်းနေကြဆဲဖြစ်နေတာ၊ ပါတီညီလာခံမှာ သဘာပတိကပြောသလို ပါတီရဲ့ရည်မှန်းချက်တွေကို အောင်မြင်အောင် အကောင်အထည်မဖော်နိုင်၊ မအောင်မြင်သေးတာ၊ နောက်ပါတီအတွင်းမှာ ပညာရှင်ရှားပါးပြီး နိုင်ငံ့စီးပွားရေး၊ ဘဏ္ဍာရေးအတွက် အဓိကကျတဲ့ အစိုးရရဲ့ အရေးကြီးတဲ့ဌာနတွေရဲ့ ဝန်ကြီးနေရာတွေမှာ အသက်ကြီးအုပ်စု ပြင်ပပညာရှင်တွေကိုသာ ရှာဖွေခန့်ထားနိုင်တာအပြင် ပါတီအတွင်းက များပြားလှတဲ့ ဗဟိုကော်မတီဝင်တွေရဲ့အားတွေကို ထိထိရောက်ရောက် အသုံးမချနိုင်သေးတာတွေကိုလည်း မြင်ကြရမှာပါ။ ဒီအပေါ် နိုင်ငံရေးလေ့လာသူတွေကတော့ ပါတီအဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းကိုသာ မှီခိုအားထားပြီး ဆောင်ရွက်နေကြသလိုမျိုး ဖြစ်နေကြတယ်လို့လည်း ဆိုပါတယ်။ မိမိတို့တာဝန်ယူထားတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်၊ ဌာနများအလိုက် လွတ်လပ်တဲ့ဆောင်ရွက်မှုမျိုးတွေနဲ့ နိုင်ငံ့စီးပွားရေးခေါင်းထောင်အောင်၊ ပညာရေးမူဝါဒတွေ လက်တွေ့ကျကျပြောင်းလဲအောင်၊ လူငယ်အလုပ်လက်မဲ့တွေ အလုပ်အကိုင်ရရှိအောင်၊ အဂတိလိုက်စားမှုတွေပပျောက်အောင်၊ တရားဥပဒေစိုးမိုးမှုရှိအောင်၊ သွင်းကုန်ပို့ကုန်လုပ်ငန်းတွေ ထိထိရောက်ရောက်ဖြစ်အောင်၊ မူးယစ်ဆေးဝါးတွေပပျောက်အောင် မည်သူတစ်ဦးတစ်ယောက်ကမျှ ထွန်းထွန်းပေါက်ပေါက် မဆောင်ရွက်တတ်ကြသလိုဖြစ်နေတဲ့အပြင် အဖွဲ့ချုပ်ခေါင်းဆောင်ကပြောမှသာ ထထလုပ်နေကြသလိုမျိုး ဖြစ်နေကြတယ်လို့လည်း လူထုကမြင်နေကြတယ်လို့ ဆိုတယ်။

အဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးတည်းအနေနဲ့သာ ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင့်မြောက်ပိုင်းကိစ္စ၊ ကမ္ဘာ့နိုင်ငံများနဲ့ သံခင်းတမန်ခင်းကိစ္စတွေအပြင် ယနေ့အချိန်မှာကျရောက်နေတဲ့ နိုင်ငံတကာဖိအားတွေကို ပြန်တွန်းလှန် နေရတဲ့ကိစ္စတွေ ဆောင်ရွက်နေကြရသလိုမျိုးဖြစ်နေပြီး အမျိုးသားရင် ကြားစေ့ရေးဆိုတဲ့အပေါ်မှာလည်း မည်သူတစ်ဦးတစ်ယောက်ကမှ မဖွင့်ဟကြသလို ဖြစ်နေတာလည်း မြင်နေကြရကြောင်း မီဒီယာအချို့က ထောက်ပြကြပြန်ပါတယ်။ ဒီကနေ့အချိန်အထိ အာဏာရပါတီအနေနဲ့ ရခိုင်မြောက်ပိုင်းက ပဋိပက္ခအတွက် ပြည်ပက ဖိအားတွေ၊ ပြည်တွင်းအတိုက်အခံပါတီတွေရဲ့ ဝေဖန်ထောက်ပြမှုတွေအကြားမှာသာ တစ်မျိုးမဟုတ်တစ်မျိုးကြုံ နေရတဲ့စိန်ခေါ်မှုတွေကို ကျော်ဖြတ်နေရဆဲဖြစ်ပြီး သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဆိုတဲ့ ပါတီမူဝါဒတွေကိုလည်း အကောင်အထည်မဖော်နိုင်သလို ဖြစ်နေတဲ့အချိန်လို့ ပြောလို့ရနိုင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၆၁ (က) အရ နိုင်ငံတော်သမ္မတ သက်တမ်းဟာ ငါးနှစ်ဖြစ်တာမို့ သူဦးစီးတဲ့အစိုးရရဲ့သက်တမ်းကလည်း ငါးနှစ်ဖြစ်တာနဲ့အညီ နိုင်ငံတကာကအစိုးရတစ်ရပ်တို့အနေနဲ့ လုပ်လေ့လုပ်ထရှိကြတဲ့အစဉ်အလာအရဆိုရင် ပထမတစ်နှစ် နှစ်နှစ်အတွင်းမှာ ရွေးကောက်ပွဲဝင်စဉ်က သူတို့က ပြည်သူတွေကို ပေးခဲ့တဲ့ကတိကဝတ်တွေအတိုင်း သူတို့ပါတီရဲ့မူဝါဒတွေကို တစိုက်မတ်မတ် အားသွန်ခွန်စိုက် အကောင်အထည်ဖော်ကြလေ့ရှိတတ်ကြပါတယ်။ နောက်တစ်ဖန် သက်တမ်းတစ်ဝက် အလယ်ရောက်ချိန်မှာဆိုရင်တော့ သူတို့အကောင်အထည်ဖော်ခဲ့တဲ့ပါတီမူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ အောင်မြင်ခဲ့သလား မအောင်မြင်ခဲ့ဘူးလား သုံးသပ်ရလေ့ရှိခြင်းနဲ့အတူ ထွက်ပေါ်လာတဲ့ရလဒ်အပေါ် မူတည်ပြီး မူဝါဒအသစ်တွေ တစ်ဖန်ပြောင်းလဲချမှတ်ရတာတွေ၊ အစိုးရအဖွဲ့အတွင်းက ဌာနဖွဲ့စည်းမှုတွေကို ပြန်ပြောင်းတာ၊ ဝန်ကြီးတွေကို နေရာပြန်ချတာ စတဲ့ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ကြရလေ့ရှိပါတယ်။ မူဝါဒအပြောင်းအလဲနဲ့ ဆောင်ရွက်ချက်တွေအပေါ် ပြည်သူတွေရဲ့ ထောက်ခံမှုကျဆင်းသွားမယ်၊ ထင်သလောက် ခရီးမပေါက်တော့ဘူးဆိုရင်တော့ နောက်တစ်ဖန်ရွေးကောက်ပွဲအတွက် လူထုထံကထောက်ခံမှုရဖို့၊ ထောက်ခံမဲတွေနဲ့အတူ နောက်အစိုးရသစ်သက်တမ်းကို ပြန်လည်ထမ်းဆောင်ခွင့်ရဖို့ ပြန်လည်အာရုံစိုက်ကြိုးပမ်းကြခြင်းနှင့်အတူ မူဝါဒတွေပြန်ပြောင်းပြီး ယခင်ကာလတွေထက် ပိုကောင်းအောင် ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်ကြရတတ်တဲ့ ထုံးစံတွေလည်း အခြားနိုင်ငံတွေက အာဏာရပါတီတွေမှာ တွေ့ရှိတတ်ကြပြန်ပါတယ်။ 

ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံအတွက်တော့ အတိတ်သမိုင်းဆီက ခေတ်အဆက်ဆက် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ခဲ့ကြတဲ့ အာဏာရပါတီတွေ အဆက်ဆက်ကို ပြန်လေ့လာကြည့်လိုက်မယ်ဆိုရင်တော့ အစတော့ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းမှာတာ့ အဖျားရှူးသွားတတ်ကြတာ သမိုင်းသက်သေတွေရှိနေပါတယ်။ ပါတီကိုအခြေခံထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ နောက်ခံပါတီအတွင်းမှာ နေရာပေးမှုတွေနဲ့ အစိုးရအဖွဲ့အတွင်းမှာ တာဝန်ပေးမှုတွေ မညီမျှမှု၊ ပညာရှင်များကို ဘေးဖယ်မှု၊ မူဝါဒတွေလွဲမှားမှုနဲ့ ပါတီခေါင်းဆောင်တွေရဲ့ အာဏာရှင်ဆန်ဆန် ဆောင်ရွက်လာမှုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရဌာနတွေအတွင်းက ဝန်ကြီးဝန်လေး၊ ဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုတွေကို မထိန်းသိမ်းနိုင်မှုတွေအကြားမှာ အကွဲကွဲအပြဲပြဲဖြစ်ပြီး နောက်ဆုံးမှာတော့ ပဲ့နင်းဦးထောင်၊ ဦးနင်းပဲ့ထောင်ဖြစ်ကာ လူထုထောက်ခံမှုအားကျပြီး ဇာတ်သိမ်းမလှဖြစ်သွားကြတော့တာပါပဲ။

ဒီလိုအဖြစ်တွေဟာ နိုင်ငံရေးပါတီတွေအကြားမှာ လွတ်လပ်ရေးမရမီ ကြိုးပမ်းကြစဉ်ကာလကတည်းက အမြစ်တွယ်ခဲ့ပြီး အခုနှစ်ပေါင်း ၇၀ လောက်အတွင်းမှာလည်း ပုံသေနည်းသဖွယ် မပြောင်းလဲဘဲသွားနေတတ်တဲ့ပုံစံ ဖြစ်နေခဲ့ပါတယ်။ ပါတီအတွင်းက နိုင်ငံရေးသမားတွေအချင်းချင်း မစည်းလုံးကြတာ၊ နိုင်ငံကိုဦးဆောင်ပြီး စီးပွားရေးခေါင်းမော့လာအောင်နဲ့ ပြည်သူတွေဝမ်းဝခါးလှနေအောင် မလုပ်ဆောင်တတ်ကြတာ၊ နိုင်ငံ့အကြီးအကဲတွေကိုယ်တိုင်က အကျင့်ပျက်လာဘ်စားကြတာ၊ အစိုးရအဖွဲ့အတွင်းက ဌာနတွေအချင်းချင်း မပူးပေါင်းမဆောင်ရွက်ဘဲ သူတစ်လူ ငါတစ်မင်းနဲ့ အဂတိတရားတွေကို ဖက်တွယ်ကြတာတွေကြောင့် နောက်ဆုံးမှာတော့ နိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်အကျဆုံးစာရင်း (Least Developed Country) စာရင်းဝင်သွားခဲ့ရပြီး လူထုထောက်ခံမှုကျဆင်းပြီး လူထုက နိုင်ငံရေးသမားတွေအပေါ် လုံးဝအယုံအကြည်မဲ့သွားတဲ့အထိ ဖြစ်ခဲ့ရတာ မြင်မိကြမှာပါ။

ဒီအတွက် အပေါ်ကဆိုခဲ့သမျှကို ပြန်ပြီး ကောက်ချက်ဆွဲထုတ်လိုက်ရင် အာဏာရပါတီဖြစ်တဲ့ NLD က တာဝန်ယူထားတဲ့ အစိုးရအနေနဲ့ အခုကျော်ဖြတ်ခဲ့ပြီးတဲ့ နှစ်နှစ်ကျော်ဆိုတဲ့အချိန်ကာလအတွင်းမှာ ဘယ် အရာတွေကိုအောင်မြင်ခဲ့ပြီလဲ၊ ဘယ်အရာတွေကတော့ လိပ်ခဲတည်းလည်း ဖြစ်နေတုန်းလဲ၊ ဘယ်ကိစ္စတွေကတော့ မအောင်မြင်သေးဘူးလဲ၊ ဘယ်သူတွေက မိမိတို့ယူထားတဲ့တာဝန်တွေ မကျေကြသလဲ၊ ဒါဆိုရင် ဘယ်လိုမူဝါဒတွေ ပြောင်းလဲကျင့်သုံးရမလဲ၊ ငါတို့အစိုးရအဖွဲ့အတွင်းက ဖွဲ့စည်းမှု၊ တာဝန်ပေးအပ်မှုတွေကို ဘယ်လိုပြောင်းလဲအစားထိုးရမလဲ၊ ဒီအပေါ်မှာ ပြည်သူတွေကရော ဘာတွေပြောနေကြပြီလဲ၊ ငါတို့အစိုးရ အပေါ် လူထုရဲ့ထောက်ခံမှုအားက ကျဆင်းနေလား၊ တိုးတက်လာနေလားဆိုတာတွေကို အခုလို သက်တမ်းတစ်ဝက်ရောက်တဲ့ကာလမှာ အနုလုံ ပဋိလုံ ပြန်လည်စစ်ဆေးကြရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အပေါ်က တင်ပြခဲ့တဲ့ မြေပြင်မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်တင်ပြချက် အမှန်တရားတွေအပေါ်ကိုလည်း ပြန်လည်သုံးသပ်စစ်ဆေးကြည့်ကြလို့ ထွက်ပေါ်လာတဲ့အဖြေတွေအပေါ် လာမယ့်လက်ကျန်သက်တမ်းမှာ ဘယ်လိုမူဝါဒတွေ ပြောင်းလဲကျင့်သုံးမယ်၊ ဘယ်လိုပြောင်းလဲ ဖွဲ့စည်းကြမယ်၊ ဘယ်အပိုင်းတွေကိုတော့ပြင်မယ်ဆိုတဲ့ မဟာဗျူဟာကိုလည်း ပြောင်းလဲကျင့်သုံးကြမှသာ Result Page ရလဒ်ဟာ တစ်မျိုးကောင်းပြီး ပြောင်းလဲမှုကို မျက်ဝါးထင်ထင်မြင်တွေ့လိုချင်နေတဲ့ ပြည်သူတွေရဲ့ထောက်ခံမှုကို ပိုမိုရရှိလာလိမ့်မှာ အမှန်ဖြစ်တယ်လို့လည်း သုံးသပ်မိပါကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားလိုက်ရပါတယ်။

အောင်ဇေယျ