News

POST TYPE

PERSPECTIVE

ဇွန် ပုလဲကဖျက်ယဖျက်များနှင့် တကသ အဆောက်အအုံ (၃)
26-Jun-2018 tagged as တကသ

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအဖွဲ့သည် ၁၉၆၂ ကျောင်းသား ခေါင်းဆောင်ဟောင်းကြီး ဦးလှရွှေဆီသို့လည်း ဆက်သွယ်ဆွေးနွေးခဲ့ပါသည်။ (ဦးလှရွှေသည် ၁၉၆၂ ဗကသအတွင်းရေးမှူးအဖွဲ့ဝင်၊ တကသအမှုဆောင်၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ (၁၉၆၀-၆၁)၊ ကျောင်းသား ညီညွတ်ရေးတပ်ဦး အထွေထွေအတွင်းရေးမှူး (၁၉၆၀-၆၁) အပြင် ကျောင်းသားများ၏ အခြားတာဝန်များလည်း ထမ်းဆောင်ခဲ့ပါသည်)။ ဦးလှရွှေက စာဖြင့်အကြောင်းပြန်လာပါသည်။ (မူရင်းလက်ရေးမိတ္တူရှိပါသည်)။ ဦးလှရွှေ၏စာထဲမှအချို့မှာ (၁) 7th July သတ်ဖြတ်မှုကြီးနှင့် RUSU (Rangoon University Students' Union) Building ကိစ္စခွဲခြားစဉ်းစားခြင်းကို မိမိ (လုံးဝ၊ လုံးဝ) လက်မခံနိုင်ပါ။ ဤကိစ္စမှာ ကြံ့ဖွံ့အစိုးရက တစ်နည်းနည်းဖြင့် ပုံစံတစ်မျိုးမျိုးဖြင့် ပါဝင်မည်ဆိုပါက 7th July သတ်ဖြတ်မှုကြီးအတွက်တစ်ခုခု အရင်လုပ်ပေးရပါမယ်။ (၃) ဒီ (၁) (၂) ကိစ္စများအတွက် ကိုယ့်အခွင့်အရေးနှင့် လွတ်လပ်မှုယူ၍ သဘောထားပြီး ဆောင်ရွက်ပါက ဆောင်ရွက်သူပုဂ္ဂိုလ် အဖွဲ့အစည်းများကယူရမည့် “သမိုင်းတာဝန်” ဟူ၍ သဘောထားရပါမည်ဟု ပါရှိပါသည်။ 

မှတ်မိပါသေးသည်။ ထိုစဉ်က ကော်မတီထဲမှတစ်ယောက်က “ဦးလှရွှေ သဘောထားကို ခင်ဗျားဘယ်လိုလုပ်မလဲ” လို့မေးလိုက်တဲ့အခါ တို့က စိတ်မော၊ လူမောသံဖြင့် “အေး...တာဝန်ရှိသူတွေကလည်း အားလုံးနီးပါး သေကုန်ကြပြီ၊ ဒါပေမဲ့ “ဖြစ်ရပ်မှန်ဖော်ထုတ်ရုံနဲ့ စုံစမ်းရေးကော်မရှင်” ဖွဲ့ပြီး မှတ်တမ်းမှတ်ရာတွေရှာပြီး အဖြစ်မှန်ဖော်ထုတ်ရုံပဲ တတ်နိုင်တော့မှာပါကွာ”လို့ အလွတ်သဘောပြောလိုက်တဲ့အခါ “ဒါဆို အဲဒီအတိုင်း ဦးလှရွှေကို သွားပြောပါလား” တဲ့။ “အိုး...ငါ့ကို ထိုးလွှတ်လိုက်ရင် ဘယ့်နှယ်လုပ်မလဲ” ဆိုတော့ အားလုံးဝိုင်းရယ်ကြပါသည်။ 

သို့နှင့် ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အအုံ ပြန်လည်ဆောက်ရေးအဖွဲ့သည် စိတ်တိုင်းကျလက်ဖက်ရည်ဆိုင် (တောင်ဥက္ကလာပ) တွင် အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး တကသအဆောက်အအုံဆောက်လုပ်ရေးရန်ပုံငွေ ရှာဖွေရေးအဖြစ်လည်းကောင်း၊ ပြည်သူအများ တကသအဆောက်အုံကို စိတ်ဝင်စားစေရန်အတွက် လည်းကောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ယုဒဿန်ရိပ်သာ၌ “ရှင်သန်ဖူးဝေ ကံ့ကော်မြေ” အမည်ဖြင့် ပန်းချီပြပွဲပြုလုပ်ခဲ့သလို ၂၀၁၃ ဇွန်လတွင်လည်း “ရှင်သန်ဖူးဝေ ကံ့ကော်မြေ” အမည်ဖြင့် မဂ္ဂဇင်းထုတ်ဝေခဲ့သည်မှလွဲ၍ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အဖျားရှူးသွားခဲ့ပါကြောင်း ပွင့်လင်းစွာဝန်ခံရပေမည်။ 

သို့သော် ထိုအဖွဲ့တွင် တကသအဆောက်အအုံတည်ဆောက်ရေးအတွက် စေတနာရှင် အလှူရှင်များက လှူဒါန်းထားသောအလှူငွေများလည်း ယခုထိ ထိန်းသိမ်းထားဆဲဖြစ်ပါသည်။ အထူးသဖြင့် အလှူငွေ အများဆုံးလှူဒါန်းသူမှာ ပန်းချီဆရာနေမျိုးဆေးဖြစ်ကြောင်းကိုလည်း မှတ်တမ်းတင်ရပါမည်။ သူ၏ တကသအဆောက်အအုံပုံ ပန်းချီကားကြီးကို ဒေါ်လာနှင့်ရောင်းရငွေအားလုံးအား တက်ကြွစွာ စေတနာအပြည့်ဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်သလို ဦးသိန်းလင်းဇော် (ZMH ကုမ္ပဏီ) မှလည်း ဒုတိယအများဆုံးအလှူရှင်ဖြစ်ကြောင်း ထပ်ဆင့်မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ (ဇွန်ကော်မတီနှင့် ရှင်သန်ပြန်လည်တည်ဆောက်ရေးအဖွဲ့၏ မှတ်တမ်းမှတ်ရာများ၊ ဓာတ်ပုံများတိကျခိုင်မာစွာ ရှိပါသည်။)

၂၀၁၇ - ၂၀၁၈ မှာ အသစ်ပြန်ဖြစ်လာတဲ့ တကသအဆောက်အအုံကိစ္စ

တစ်ရက်တွင် အကြီးကောင် (ကျော်စိုးလင်း) က ရန်ကုန်တက္ကသိုလ်ထဲတွင် သမဂ္ဂအဆောက်အအုံကိစ္စ အစည်းအဝေးရှိတယ်ပြောမှ တို့သိရသည်။ ချက်ချင်းသွားမယ်ဟုဆုံးဖြတ်ကာ ကျင်းပမည့်နေ့တွင် ချိန်းလိုက်ကြသည်။ 

ရောက်သောအခါမှ ကိုရန်အောင် (ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်အမတ်၊ ရွှီး (ဒေါ်စန္ဒာမင်း-ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်အမတ်) တို့ကို တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ တာဝန်ပေးအပ်မှုအရ ကျောင်းသားသမဂ္ဂအဆောက်အအုံကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ ကိုရန်အောင်နှင့်မစန္ဒာမင်းတို့ တာဝန်ယူကျင်းပေနေကြောင်း သိရသည်။ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းများလည်း စုံစုံညီညီတွေ့ရသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ အစည်းအဝေးသည် အစည်းအဝေးနှင့်မတူ တစ်ယောက်အမြင် တစ်ယောက်အယူအဆများကို ကြုံသလိုပြောနေကြသည်။ ပြောဆိုပုံများတွင် စီနီယာအလိုက် ပြောဆိုနေကြသည်ကိုပင် ကျေးဇူးတင်ရမလိုလို။ 

တို့ စဉ်းစားမိသွားသည်။ တွေးမိသွားသည်။ တို့နှင့်သူငယ်ချင်း ရဲဘော်ကျောင်းသားဟောင်းများ ၂၀၁၂ ခုနှစ်ကတည်းက အချိန်ကုန်၊ အလုပ်ပျက်၊ ဦးနှောက်အပွန်းခံပြီးလုပ်ခဲ့သည့် “၁၉၈၈ (ဇွန်) တစ်ပါတီစနစ် ဆန့်ကျင်ရေး ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု” ငွေရတုအကြို အခမ်းအနား၏အဆက် “ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအဖွဲ့” ကို အသိအမှတ်ပြုသင့်ပါလျက် အသိပေးသင့်ပါလျက် ဘာကြောင့်လဲ...။ တို့စိတ်ထဲ နောက်ကျိသွားခဲ့ချေပြီ။ 

ထိုကော်မတီ၊ ထိုအဖွဲ့သည် ခမ်းနားအောင်မြင်စွာလည်း ကျင်းပခဲ့သည်။ စည်ကားသိုက်မြိုက်စွာလည်း ပန်းချီပြပွဲ ကျင်းပခဲ့သည်။ သိပါလျက်နှင့် မသိယောင်ဆောင်ခြင်းလော...။ ဘေးအမှိုက်ပုံသို့၊ လမ်းဘေးမြောင်းထဲသို့ တမင်ပို့ပစ်ခြင်းလော...။ တို့ရဲ့စိတ်နှင့်ရင်ထဲမှာ တနုံ့နုံ့။ ကျောင်းသား သမဂ္ဂအဆောက်အအုံကိစ္စအတွက် သမ္မတထံအထိ စာပို့ခဲ့သော ပုဂ္ဂိုလ်၊ အဖွဲ့မည်သူရှိသနည်း။ မျိုးဆက်ဟောင်း၊ မျိုးဆက်လတ်၊ မျိုးဆက်သစ် မျိုးဆက်စုံ ပါဝင်ခဲ့သော ထိုအဖွဲ့ကြီးကို ရေးရလျှင် စာလုံးရိုင်းများ ဖြစ်ကုန်ပေတော့မည်။ 

တစ်ဖန် တို့သည် ကိုရန်အောင်နှင့် သရက်မြို့ရှိ တောမည်းကြီးထဲတွင် နှစ်အတန်ကြာအတူနေခဲ့ဖူး၏။ လူချင်းခင်မင်ရင်းနှီး၏။ တကသအဆောက်အအုံကိစ္စအတွက် တို့နှင့်အကြီးကောင် (ကျော်စိုးလင်း) တို့ ကိုရန်အောင်ဆီ ရောက်သွားသည်။ မသိသေးသောအချက်များကို သိခဲ့ရပါသည်။

အစိုးရက သမဂ္ဂအဆောက်အအုံအတွက် ဘတ်ဂျက် ၂ ဒသမ ၅ ဘီလီယံ လျာထားကြောင်း ဗကသကျောင်းသားအများစုက ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာရှင်သန်ဖွံ့ ဖြိုးမှုရရှိရေးအတွက် အမျိုးသားပညာရေးဥပဒေနှင့် အဆင့်မြင့်ပညာရေးဥပဒေတို့ကို ပြဋ္ဌာန်းပေးရန်၊ ဥပဒေပြဋ္ဌာန်းပြီးမှသာ ကျောင်းသားသမဂ္ဂအဆောက်အအုံဆောက်လုပ်ရန်၊ လက်ရှိကျောင်းတက်ဆဲ ကျောင်းသားသမဂ္ဂများ၏ သဘောထားမှာလည်း ကျောင်းသားသမဂ္ဂများ တရားဝင်လှုပ်ရှားခွင့်ရရန် ဥပဒေပြဋ္ဌာန်းခြင်းနှင့် သမဂ္ဂအဆောက် အအုံ ဆောက်လုပ်ခြင်းကို တစ်ပြိုင်တည်းပြုလုပ်ရန်၊ ခေတ်အလိုက် မျိုးဆက်နိုင်ငံရေးသမားများကလည်း ဤနေရာတွင် ကျောင်းသားလှုပ်ရှားမှုသမိုင်းပြတိုက်လုပ်ရန်၊ အခြားနေရာတွင် သမဂ္ဂအဆောက်အအုံဆောက်ရန်၊ ဦးလေးမြင့် (၆၂ ကျောင်းသားဟောင်းကြီး) ရဲ့ သဘောထားမှာ တကသအဆောက်အအုံ ပြန်ဆောက်ရန်သဘောတူပြီး ၎င်းတို့၏အိပ်မက်ဖြစ်ကြောင်းများကို ပြောဆိုခဲ့ကြောင်း သိရပါသည်။

အကြီးကောင် (ကျော်စိုးလင်း) က “ကျောင်းသားသမဂ္ဂတွေ တရားဝင်လှုပ်ရှားဖို့ကရော” ကိုရန်အောင် အမေးကို “ဒါက ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖွဲ့ဖို့ဆိုတာကို တချို့က ဥပဒေပြဋ္ဌာန်းပေးရမယ်ပြောတယ်၊ ဥပဒေပြဋ္ဌာန်းဖို့ဆိုတာ ကြာမယ်ဗျ... အခုလည်း ကျောင်းတွေမှာ တက္ကသိုလ်တွေမှာ မပိတ်ပင်ထားပါဘူး... ဖွဲ့နေကြတာပဲ...၊ သမဂ္ဂရုံးခန်း ဖွင့်ပွဲကို ပြည်ထောင်စုပညာရေးဝန်ကြီးနဲ့ ပညာရေးဝန်ကြီးတွေ ဖိတ် ကြည့်ပါ၊ သူတို့ အားရင်အားသလို တက်နေပါတယ်... အခုဟာကတော့ အစိုးရက ဘတ်ဂျက်မပိတ်ခင် ဘတ်ဂျက်ချပေးတုန်း ဆောက်စေချင်တာပါ...” ဟု ဆိုသည်။

တို့စဉ်းစားကြည့်ပါသည်။ တို့နှင့်တို့သူငယ်ချင်းများ အလုပ်ရှုပ်ခံ၊ ဦးနှောက်အပွန်းခံပြီး ကြိုးစားခဲ့သော ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး အမြန်ဖြစ်ထွန်းစေချင်သည်မှာ တို့ဆန္ဒ။ တို့ဆန္ဒတစ်ခုတည်း မကြည့်ဘဲ အများဆန္ဒကိုလည်း ထည့်စဉ်းစားရပေမည်။ ယခုလက်ရှိတွင် အာဏာခွဲဝေရယူနေသော NLD အစိုးရလည်း သမိုင်းဝင်ကျောင်းသား သမဂ္ဂအဆောက်အအုံကြီးကို ဆောက်ပေးစေချင်သော စိတ်စေတနာရှိပေလိမ့်မည်။ ချပေးသောဘတ်ဂျက်ကို တို့မက်၍မဟုတ်။ တကယ်တမ်း ဆောက်မည်ဆိုလျှင် သမဂ္ဂအဆောက်အအုံအတွက် အလှူငွေတွေသည် ဗုံးပေါလအောဝင်လာပေလိမ့်မည်။ လက်ရှိကျောင်းသားများအနေနှင့်လည်း ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရန် “အမျိုးသားပညာရေး ဥပဒေ” နှင့် “အဆင့်မြင့်ပညာရေးဥပဒေ” တို့ကို အမြန်ပြဋ္ဌာန်းစေချင်ပေလိမ့်မည်။ ထို့ကြောင့် တို့ဆိုလျှင် မည်သို့ဆုံးဖြတ်မည်နည်း။ 

တို့သည် “အစိုးရ၏ဆုံးဖြတ်ချက်မှန်လျှင် ထောက်ခံမည်၊ မှားလျှင် ဝေဖန်မည်” ဆိုသောမူကို ယုံကြည်ချက်သံနှင့် တို့နှလုံးသားကို ရိုက်ထုထားသောသူ။ ယခု ကျောင်းသားသမဂ္ဂအဆောက်အအုံကိစ္စကို တို့စဉ်းစားတွေးမိသည်များမှာ ဦးလှရွှေလို မျိုးဆက်ဟောင်းပုဂ္ဂိုလ်ကြီးက သမဂ္ဂအဆောက်အအုံကိစ္စကို ဦးဆောင်ပြီး မျိုးဆက်မျိုးစုံကို ခေါ်ယူစည်းဝေးသင့်၏။ အစိုးရဘက်မှလည်း ၆၂ မျိုးဆက်ဟောင်းကြီးများကို ကနဦး ဆွေးနွေးပြီး ယုံကြည်စွာ ဦးဆောင်ခွင့်ပေးသင့်၏။ သို့မှသာ ၁၉၆၂ နောက်ပိုင်း အစိုးရဆန့်ကျင်ရေးစိတ်ပြင်းထန်လာသည့် ကျောင်းသားများသည် “အစိုးရဆိုတိုင်း ဆန့်ကျင်ရမည်” ဆိုသော အစွဲပျောက်သွားပါလိမ့်မည်။ အစိုးရပိုင်းမှလည်း မိမိတို့အစိုးရကို ကျောင်းသား ပြည်သူအပေါင်းက ယုံကြည်မှုရစေရန်ပြယုဂ်အဖြစ် တည်ဆောက်သင့်သည်ဟု မြင်ပါသည်။ ထိုသို့သော “သမဂ္ဂအဆောက်အအုံတည်ဆောက်ရေးကော်မတီ” သည် ခိုင်မာခဲ့လျှင် ဦးလှရွှေပြောဆိုနေသော ဆဲဗင်းဇူလိုင်အရေးကိုလည်းကောင်း၊ ခေတ်သစ်မျိုးဆက်သစ်များ ပြောဆိုနေသည့် “အမျိုးသားပညာရေးဥပဒေ” နှင့် “အဆင့် မြင့်ပညာရေးဥပဒေ” တို့ကို အမြန်ပြဋ္ဌာန်းရန်အဆိုလည်းကောင်း၊ အသစ်ဖွဲ့စည်းမည့် ထိုကော်မတီသည် ဖြေရှင်းနိုင်လိမ့်ဟု ထင်မြင်ယူဆမိပါသည်။ (ထိုကော်မတီသည်လည်း ဖြစ်နိုင်ခြေရှိမည်ပြောဆိုဆွေးနွေးမှုများဖြစ်ရန် လိုအပ်ပါသည်။)

ထို့အပြင် တို့သာဆိုလျှင် သမိုင်းဆိုင်ရာတန်ဖိုး အလွန်ကြီးမြတ်လှသည့် တကသရင်ပြင်တွင် (၁) သမိုင်းဆိုင်ရာအရ နှောင်းလူများကို ယခင် တကသအဆေက်အအုံပုံကိုယူမည်၊ (၂) ခေတ်စနစ်အရ ယခင်သမိုင်းဝင်ပုံစံအတိုင်း တည်ဆောက်သော်လည်း မြေညီထပ်တွင် စားသောက်ဆိုင်ကင်န်တင်းနှင့် ဆံသဆိုင်၊ ပထမထပ်တွင် အပန်းဖြေခန်းနှင့်စာကြည့်တိုက်၊ ဒုတိယထပ်တွင် အစည်းအဝေးခန်းမ (Hall) နှင့် နယ်ကိုယ်စားလှယ်ကျောင်းသားများတည်းခိုရန် အခန်းများ၊ တတိယထပ်တွင် တကသ၊ ဗကသရုံးခန်းများ၊ စတုတ္ထထပ်တွင် ဆဲဗင်းဇူလိုင်သမိုင်းနှင့် ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုသမိုင်းပြခန်းများ...၊ ထို့ထက်လိုအပ်လျှင် တက္ကသိုလ်အားကစားလေ့ကျင့်ရေးရုံကိုလည်း ပေါင်းထည့်ပြီး ငါးထပ် (သို့မဟုတ်) ခြောက်ထပ်အဆောက်အအုံကြီးကို တည်ဆောက်စေချင်ပါသည်။ သို့မှသာ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ (အာဏာရှင်) တို့၏ ရဲဘော်ကြီး ဗိုလ်အောင်ကျော် အထိမ်းအမှတ်ကျောက်တိုင်သည် သမဂ္ဂရင်ပြင်တွင် အထီးကျန်ဖြစ်မနေဘဲ ကိုအောင်ဆန်းတို့မျှော်မှန်းပြီး မဖြစ်လာခဲ့သည့် ဗိုလ်အောင်ကျော်၏ဦးခေါင်းသည် ကျောက်တိုင်ပေါ်တွင် ခံ့ခံ့ထည်ထည် ရပ်တည်သွားပေလိမ့်မည်။ 

ထိုသည်ကား တို့၏စိတ်ကူးယဉ်စဉ်းစားချက်များပါ။ တို့မျှော်လင့်ခဲ့သော တို့တစ်တွေကြိုးစားခဲ့သော၊ တို့တစ်တွေ သမိုင်းအရမီခဲ့ပြီး လက်တွေ့မမီခဲ့သော ရန်ကုန်တက္ကသိုလ် တကသအဆောက်အအုံကြီးကို မြင်ချင်လှပါဘိ၊ တွေ့ချင်လှပါဘိ၊ အောင်မြင်ချင်လှပါချေဘိ။ မျိုးဆက်အသီးသီးမှ ပုဂ္ဂိုလ်ကြီး၊ ပုဂ္ဂိုလ်လတ်၊ ပုဂ္ဂိုလ်လေးများကိုတို့ ရှင်းရှင်းပပပြောလိုသည်မှာ သမဂ္ဂရင်ပြင်တွင် တည်ဆောက်မည့်သမိုင်းဝင် တကသအဆောက်အအုံကြီးအတွက် ကဖျက်ယဖျက်မလုပ်ကြပါရန်၊ ဆောက်လုပ်ခွင့်ရမည့် အခွင့်အသာကိုလည်း ကဖျက်ယဖျက်မလုပ်ကြပါရန်၊ ရာနှုန်းပြည့်လိုချင်ပေမယ့် ငါးဆယ်ရာနှုန်းရချိန်တွင် အချို့လျှော့သင့်သည်များလျှော့၊ တင်းဆိုမည့်နေရာများတင်းကာ စဉ်းစားဆုံးဖြတ်ကြပါစေလိုကြောင်းတို့မှ ဦးခိုက်လေးစားစွာ အသိပေးလိုက်ရပါသည်။ 

(အကြံပေးပြုလုပ်ကြပါဆိုသော စာအသုံးများကို မသုံး၊ မရေးပါ၊ အကြံပေးပြုလုပ်ကြပါ စာအသုံးများသုံးလျှင် ရေးလျှင် ၈၈ နှင့် ၈၈ မျိုး ဆက်နောက်ပိုင်းအများစုသည် သူပြောလို့ သူအကြံပေးလို့ဆိုသော “မာန်” ကို တို့သိပါသည်။ စာတိုမှတ်ချက် “တို့” သည် “ပေါင်းစည်းခြင်းကိုပြသော စကားလုံး”၊ “နာမ်ကို လေးနက်အောင်သုံးသောစကားလုံး” ဟု မြန်မာအဘိဓာန် (ခရီးဆောင်) တွင်ဖွင့်ဆိုထားပါသည်။)

ဗညိုထွန်း