News

POST TYPE

PERSPECTIVE

မျှော်လင့်ခြင်းအရုဏ်ဦး
25-Jun-2018

ဘွင်းဘွင်းကျ အမျိုးသားအကျိုးစီးပွား

ကမ္ဘာကျော် စာရေးဆရာ ကစ်ရှိုးမာဘူဘာနီ (Kitshore Mahbubani) က အောင်မြင်မှုပေါင်းစုံရရှိနေသော အမေရိကန်ပြည်ထောင်စုအနေနှင့် ကဏ္ဍစုံတွင်အောင်မြင်မှုသရဖူဆောင်းနေသော စံနမူနာများနှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးစံများဖြင့် ကမ္ဘာကြီးကိုဆက်လက်ထွန်းညှိထားရန် Beyond the Age of Innocence စာအုပ်တွင် မှတ်ချက်ပြုဖူးသည်။ ကမ္ဘာကြီးက ယင်းတို့အပေါ်ရှုမြင်ချက်ကို အလေးမထားမှုအား ထောက်ပြရင်း ကမ္ဘာကြီးနှင့် ပြန်လည်ယုံကြည်မှုတည်ဆောက်ရန် တိုက်တွန်းထားခြင်းဖြစ်သည်။ 

ခုတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၏ဘိုးအေဖြစ်သော၊ ကမ္ဘာကြီးကို လူ့အခွင့်အရေးလေးစားလိုက်နာရန် တိုက်တွန်းလေ့ရှိသော အမေရိကန် “အန်ကယ်ဆမ်” တစ်ယောက် ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်သွားခဲ့ချေပြီ။ ထိုအပြုအမူမျိုးသည်အမေရိကန်အဖို့ အဆန်းမဟုတ်။ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်ကလည်း ဖန်လုံအိမ်အာနိသင်ရှိဓာတ်ငွေ့များ လျှော့ချရေးဆိုင်ရာသဘောတူညီချက် ကျိုတို ပရိုတိုကော (Kyoto Protocol) မှလည်း နုတ်ထွက်ခဲ့ဖူးပြီ။ အကြောင်းရင်းကား အမေရိကန်နိုင်ငံတွင်းရှိ ကျောက်မီးသွေးလောင်စာအသုံးပြု လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အကျိုးစီးပွားအရ မရပ်ဆိုင်းနိုင်၍ ဖြစ်သည်။ 

ယခုလည်း ယင်း၏မဟာမိတ်အစ္စရေးနိုင်ငံအပေါ် လူ့အခွင့်အရေးကောင်စီက အပြစ်တင်လာခြင်းနှင့် မက္ကဆီကိုနိုင်ငံက တရားမဝင်ရောက်ရှိလာသူများအပေါ် အမေရိကန်အစိုးရ၏ လျစ်လျူရှုမှုအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အပြစ်တင်လာမှုအပေါ်အကြောင်းပြု၍ နုတ်ထွက်ခဲ့သည်ဟုဆိုသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ သမ္မတရာထူးလက်ခံသည့်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း၌ပင် အမေရိကန် ပထမနေရာပြန်ရရန်၊ အမျိုးသားအကျိုးစီးပွားတည်ဆောက်ရန်၊ ခိုင်မာသောတပ်မတော်ဖွဲ့စည်းရန်နှင့် ပြည်တွင်း၌ ခိုင်မာသည့်အင်အား တည်ဆောက်ရန်တို့သာ ပါဝင်ခဲ့သည်။ အကျိုးစီးပွားမှလွဲ၍ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကိစ္စ တစ်ခွန်းမှမဟခဲ့ပေ။ အယုံအကြည်ရှိပုံလည်းမရ။ သူ့လက်ထက်တွင် အမျိုးသားအကျိုးစီးပွားသည် ဒီမိုကရေစီလူ့အခွင့်အရေး၏ အထက်တွင်ရှိကြောင်း ဘွင်းဘွင်းကျအောင် အလုပ်နှင့်သက်သေပြပြီးဖြစ်သည်။ 

အမေရိကန်၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ

မဝေးသောအတိတ်က အမေရိကန်တို့အနေနှင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် မြန်မာနိုင်ငံအပေါ် အရေးယူမှုပိတ်ဆို့မှုအကြောင်းများ တင်ပြရသော် ကျမ်းတစ်စောင်ပေတစ်ဖွဲ့ ဖြစ်နိုင်သည်။ သိပ်မဝေးလှသော ၁၉၉၀ ခုနှစ်များအတွင်း အမေရိကန်သမ္မတ ဘီကလင်တန်လက်ထက်မှ စ၍ EO ခေါ် Presidential Executive Order များကိုထုတ်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုအဟန့်အတားဖြစ်စေသည့် အပြုအမူများအတွက် သမ္မတများကိုယ်တိုင် အောက်ပါအတိုင်း တစ်ချက်လွှတ်အမိန့်များ ထုတ်ပြန်ခဲ့သည်။ 

(၁) ၁၉၉၇ မေ ၂၀ အမိန့်အမှတ် EO 13047 ကို သမ္မတဘီကလင်တန်ကထုတ်ပြန်၍ “မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ မပြုလုပ်ရန်” စီးပွားရေးအရ ပိတ်ဆို့အရေးယူခဲ့ခြင်း၊ 

(၂) ၂၀၀၃ ဇူလိုင် ၂၈ တွင် အမိန့်အမှတ် EO 13310 ကို သမ္မတ ဂျော့ဒဗလျူဘုရှ်ကထုတ်ပြန်၍ မြန်မာနိုင်ငံ၏ ထိပ်ပိုင်းအရာရှိအချို့၏ ပိုင်ဆိုင်မှုများနှင့် ယင်းတို့အတွက် ငွေကြေးဝန်ဆောင်မှုများကို ထိန်းချုပ်ခြင်း၊ 

(၃) ၂၀၀၇ အောက်တိုဘာ ၁၈ တွင် အမိန့်အမှတ် EO 13448 ကို သမ္မတဂျော့ဒဗလျူဘုရှ်က ထုတ်ပြန်၍ မြန်မာနိုင်ငံ၏ ထိပ်ပိုင်းအရာရှိ အချို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ 

(၄) ၂၀၀၈ ဧပြီ ၃၀ တွင် အမိန့်အမှတ် EO 13464 ကို သမ္မတ ဂျော့ဒဗလျူဘုရှ်က ထုတ်ပြန်၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရန် မြန်မာနိုင်ငံ၏ထိပ်ပိုင်းအရာရှိအချို့၏ အမည်စာရင်းကို ထပ်မံစိစစ်ဖြည့်စွက်ခြင်း၊ 

(၅) ၂၀၁၂ ဇူလိုင်လ ၁၁ ရက်နေ့တွင် အမိန့်အမှတ် EO 13619 မြန်မာနိုင်ငံ၏ ထိပ်ပိုင်းအရာရှိအချို့ကို ပြည်ဝင်ခွင့်ဗီဇာများပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းတို့ဖြစ်ပါသည်။ 

ထိုအမိန့်များအပြင် အမေရိကန်သမ္မတ ဘီကလင်တန်လက်ထက် ၁၉၉၆ အောက်တိုဘာ ၃ ရက်နေ့က Presidential Proclamation 6925 ကား ပို၍ပင်စိတ်ဝင်စားဖွယ်ကောင်းသေး၏။ ယင်းကား “မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဟန့်တားနှောင့်ယှက်သည့် မူဝါဒဖန်တီးသူ၊ အကောင်အထည်ဖော်သူ၊ ထိုမူဝါဒကြောင့် အကျိုးခံစားခွင့်ရှိသူများ” ကို အရေးယူခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတဂျော့ဒဗလျူဘုရှ်ကလည်း ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး “အမေရိကန် ပြည်ထောင်စု၏ အမျိုးသားအကျိုးစီးပွားအလို့ငှာ” (so was in the national interest of the United States)  ကန့်သတ်မှုများပြုလုပ်ခဲ့ပြန်ပါသည်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံလေးက ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံ၏ အကျိုးစီးပွားကို အဘယ့်ကြောင့် ထိခိုက်ရသည်ကို စုံစမ်းသည့်အခါ “ဒီမိုကရေစီကို ဆန့်ကျင်ခြင်းနှင့် လူ့အခွင့်အရေးကိုချိုးဖောက်ခြင်းသည် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည်” ... ဟု ဆိုခဲ့သည်။ 

ခုတော့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးသည် “အန်ကယ်ဆမ်” တို့ အကျိုးစီးပွားမဟုတ်တော့ပြီလော...။

ကောင်းကျိုးမပေးသည့်အရေးယူမှုများ

ထိရောက်သည် မထိရောက်သည် မသေချာသော်လည်း တကယ်ခံစားရသည်မှာ အများပြည်သူတစ်ရပ်လုံးဟု ထင်ပါသည်။ မြန်မာနိုင်ငံ၏ အလားအလာကောင်းများသည် ပိတ်ဆို့မှုများကြောင့် တုံ့ဆိုင်းသွားခဲ့သည်မှာ သေချာသည်။ နိုင်ငံနှင့်မမျှသောအရေးယူရန် စီစဉ်မှုများအတွက် တရုတ်နှင့် ရုရှားတို့၏ ဗီတိုအကာအကွယ်ကိုယူခဲ့ရသည်။ နိုင်ငံတကာ နိုင်ငံရေး၏ အမျိုးသားအကျိုးစီးပွားကစားပွဲတွင် မြန်မာက ဓားစာခံဖြစ်ခဲ့ရခြင်းဖြစ်သည်။ တရုတ်ကိုထိန်းချုပ်နိုင်ရေးအတွက် ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံက အရေးကြီးနေခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာဆက်ဆံရေးနှင့် ကုန်သွယ်ရေး၊ သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင် တရုတ်မှလွဲ၍ ရွေးချယ်စရာမရှိ။ နိုင်ငံရေးအရရော၊ စီပွားရေးအရပါ တရုတ်၏လက်ဝေခံနီးပါးဖြစ်ခဲ့ရသည်။ အကျိုးဆက်ကား သယံဇာတများ စည်းကမ်းမဲ့ထုတ်လုပ်ခြင်း၊ ပတ်ဝန်းကျင်ယိုယွင်းခြင်း၊ အဂတိလိုက်စားမှုများ များပြားလားခြင်းတို့ အဖတ်တင်သည်။ 

ယခုအချိန်တွင်လည်း ဒီမိုကရေစီတာထွက်စ နိုင်ငံငယ်လေးအား ဘင်္ဂါလီပြဿနာကိုအကြောင်းပြု၍ နိုင်ငံရေးအကျပ်အတည်းအတွင်းသို့ တွန်းပို့ခံရသည်မှာလည်း အမေရိကန်တွင်တာဝန်မကင်းပေ။ အဖြေက ဒီမိုကရေစီမဟုတ်။ တရုတ်၏ သမုဒ္ဒရာနှစ်စင်းမူဝါဒ (သို့မဟုတ်) ပုလဲသွယ်စီမံကိန်း၊ သို့မဟုတ် OBOR ခေါ် One Belt, One Road ကို မြန်မာအရေးမှတစ်ဆင့် အတားအဆီးပြုရန်သာဖြစ်သည်။ ယနေ့ “ဟိုင်းကြီးကျွန်းကို အမေရိကန်စစ်အခြေစိုက် စခန်းချခွင့်ပေးပါမည်” ဆိုပါက မနက်ဖြန် ဒေါ်နယ်ထရမ့် ရောက်ချလာပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ဟိမဝန္တာချီးမွှမ်းခန်းဖွင့်မှာ သေချာသည်။

ခုတော့ သူတော်ကောင်းစကား ဆိုချေပြီ

“ကမ္ဘာ့လူသားမဆန်ဆုံးသော အုပ်စိုးမှုပုံစံတွေဟာ စောင့်ကြည့်ထိန်းချုပ်မှုတွေအောက်က ဆက်ပြီးလွတ်ထွက်နေပါတယ်။ သူတို့ထဲမှာရှိနေတဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေထံကနေ အာရုံလွှဲပြောင်းနိုင်ဖို့ ကောင်စီဝင်တွေဟာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ၊ လူ့အခွင့်အရေး အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ငံတွေကို သားကောင်အဖြစ်အသုံးပြုမှုတွေရှိနေပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုစကားသည် မြန်မာနိုင်ငံအတွက် အမှန်ပင်ဖြစ်သည်။ 

အမေရိကန်သံအမတ်ကြီးလေသံက မြန်မာနိုင်ငံအပေါ် အပြုသဘောအမြင်ဖြင့် ရေးသားခဲ့သော စာရေးဆရာ M.S Dobb Higginson ၏ ကမောက်ကမကမ္ဘာသစ်ထဲက ယင်း၏အခန်းကဏ္ဍ (Asia Pacific: It’s Role in New World Disorder) မှ သဘောထားမျိုးဖြစ်သည်။ မြန်မာနိုင်ငံအဖြစ်က နိုင်ငံကြီးတွေရော အမြတ်ထုတ်လိုသောနိုင်ငံအချို့၏ အကျိုးစီးပွားအလို့ငှာ စတေးခံဖြစ်ခဲ့ရသလို မြန်မာပြည်သူများလည်း စစ်အုပ်ချုပ်ရေးအောက်ဝယ် မျက်စိပိတ်နားပိတ်နှင့် ဒီမိုကရေစီကိုသာ မျှော်လင့်ချက်ရောင်ခြည်အဖြစ် တမ်းတနေကြခဲ့ရသည်။

ကောင်းကျိုးမပေးခဲ့သော ကိုယ်စားလှယ်များ

အမှန်ပြောရလျှင် ယင်းတို့အပေါ် ယခင်က မျှော်လင့်ချက်ထားမိခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များဖြစ်သည့် ယိုဇိုယိုကိုတာ  (Yozo Yokota)၊ ရာ့ခ်ျဆူးမားလယ်လား (Rajsoomer Lallah)၊ ဆာဂျီယိုပီညဲရိုး (Pinheiro)၊ ကွင်တားနား (Quintana)၊ ယန်ဟီလီ (Yanghee Lee) တို့၏ သဘောထားမှတ်ချက်များမှာလည်း ဘယ်တုံးကမှ အပြုသဘောမဆောင်ခဲ့။ ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးအကြံပေးပုဂ္ဂိုလ်များနှင့် သံတမန်များဖြစ်ကြသော အယ်ဗာရိုဒီဆိုတို (Alvaro de Soto)၊ ရလာဇီအစ္စမေးလ် (Razali Ismail)၊ ဂမ်ဘာရီ (Gambari)၊ ဗီဂျေနမ်ဘီယာ (Vijay Nambia)၊ ရှရန်နာဗာဂျင်နာ (Schraner Burgener) တို့လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ 

ယင်းတို့ကို အဆိုးမြင်သက်သက်နှင့် ရေးသားနေခြင်းမဟုတ်ပါ။ လူ့အခွင့်အရေးကောင်စီဝင်နိုင်ငံများသည် ယင်းတို့နိုင်ငံတွင်ဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ကွယ်ပြုကာ အခြားနိုင်ငံ၏ သေးငယ်သည့်ပြဿနာများအပေါ် ငွေကြေးအင်အား၊ မီဒီယာအင်အားများကိုသုံးကာ ပြဿနာကြီးထွားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြကြောင်း ယင်းတို့အသိုင်းအဝိုင်းမှာပင် ရေးသားပြောဆိုမှုများရှိလာသည်မှာ သာဓကပင်ဖြစ်သည်။ ကိုယ်စားလှယ်ဆိုသူများမှာလည်း မိမိကိုငွေကြေးထောက်ပံ့နေသာ အဖွဲ့အစည်းများ၏အလိုကျ ကပြနေသော ရုပ်သေးရုပ်များသာဖြစ်ပေသည်။ အခြေအနေမှန်ကို သိဖို့ကောင်းနေပြီဖြစ်သည်။ အဓိက နိုင်ငံရေးအဖွဲ့အစည်းများအနေနှင့် ဘုန်းတော်ဘွဲ့တွေ၊ ခြေထိုးခြေခံတွေ ရပ်ပြီး ပူးပေါင်းအဖြေရှာရန် လိုအပ်နေပြီဖြစ်သည်။ 

မြန်မာအနေနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို တကယ်တမ်းပြုလုပ်လာသောအခါ သွေးရိုးသားရိုးမဟုတ်သော စွက်ဖက်မှုများ ကြုံတွေ့ခဲ့ရသည်။ မြန်မာ၏ပြည်တွင်ရေးကို ဒေသတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ အချို့ကပင် ရွေးကောက်ပွဲအတွက် အမြတ်ထုတ်ခဲ့သည်။ ယမန်နှစ်များက လှေစီးဒုက္ခသည်များကို မြန်မာနိုင်ငံက လက်မခံ၍ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ရောက်ရှိလာသည်ဟု အခြေအမြစ်မရှိ စွပ်စွဲသူက စွပ်စွဲသည်။ မူလပြဿနာဖြစ်သည့် လူကုန်ကူးမှု၊ လူဦးရေပေါက်ကွဲမှုကို မည်သူကမျှ ဖော်ပြခြင်းမရှိ။ ဘက်လိုက်သည့် ပြည်ပမီဒီယာများအားကိုးဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုကိုသာ ကမ္ဘာလုံးချီထင်ဟပ်စေခဲ့သည်။ ပြည်တွင်းမှ အမြော်အမြင်နည်းပါးသူအချို့၏ မြန်မာအမျိုးသားပုံရိပ်ကို မှေးမှိန်စေသောလုပ်ရပ်အချို့ကလည်း အခြေအနေကိုပိုဆိုးစေခဲ့သည်။ 

ကိုယ့်ရှူးကိုယ့်ပတ်

အမှန်တကယ်တော့ အမေရိကန်က ရွှေ့ပြောင်းလာသူများကို အမျိုးသားအကျိုးစီးပွားအရ လက်မခံလိုဘဲနှင့် ဥရောပတွင်လည်း လှေစီးဒုက္ခသည်များ၏ပြဿနာနှင့် ပြောင်းရွှေ့လူမျိုးများအရေး ရတက်မအေးဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ အကြမ်းဖက်မှုများအပါအဝင် ပြောင်းရွှေ့သူများ၏ပြဿနာများက ယင်းတို့၏နိုင်ငံများ လုံခြုံရေးနှင့်တည်ငြိမ်ရေးကိုပင် ထိပါးလာခဲ့သည်။ ပထမတွင် အသံကျယ်ကျယ်မဟသော်လည်း နောက်ပိုင်းတွင် အတိအလင်း ပြောဆိုလာပြီဖြစ်သည်။ ယင်းတို့ပညာရှင်များ ကိုယ်တိုင်ပင်လျှင် ကမ္ဘာလုံးဆိုင်ရာ၊ လစ်ဘရယ်ဒီမိုကရေစီ ဈေးကွက်စီးပွားရေးအပေါ် သံသယရှိလာကြသည်။ ပညာရှင် Nail Ferguson ကဲ့သို့ ပုဂ္ဂိုလ်မျိုးပင် “လစ်ဘရယ်နိဂုံးလော” ဟူသည့် အဆိုတင်၍ CNN ရုပ်သံလိုင်းတွင် Fareed Zakaria နှင့် စကားစစ်ထိုးလာခဲ့ပြီဖြစ်သည်။ Nail Ferguson အနေနှင့် “ကျွန်တော် မညှာတမ်းပြောရလျှင် လစ်ဘရယ်ရဲ့ အကျိုးခံစားခွင့်ရှိနေတဲ့ လူတွေရဲ့ပမာဏဟာ လက်ချိုးရေလို့ရလောက်ပါတယ်... ဒါဘို့စ်မြို့ (ဆွစ်ဇာလန်)၊ အက်စ်ပင်မြို့ (ကော်လိုရာဒို၊ အမေရိကန်) လိုနေရာမှာနေထိုင်တဲ့ လူတစ်စုကသာ လစ်ဘရယ်လှိုင်းစီးနေတာ” ...“ပြန်ပြီးစဉ်းစားစေချင်တာက ဂလိုဘယ်လိုက်ဇေးရှင်းဟာ အရှိန်လွန်သွားခဲ့ပြီ၊ ဒီရဲ့အဆုံးသတ်က ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရွှေ့ပြောင်းအခြေချတဲ့လူတွေ မြင့်တက်လာတဲ့ပြဿနာတွေ ဖြစ်ပေါ်လာတာပဲ” ဟု ဆိုခဲ့သည်။ 

လစ်ဘရယ်ဒီမိုကရေစီက အကျိုးအမြတ်ထင်သလောက်ရှိမလာဘဲ တရုတ်ကွန်မြူနစ်နိုင်ငံကြီးက ကမ္ဘာကြီး၏ အကျိုးအမြတ်အားလုံးကို ရယူသွားပြီး ကမ္ဘာ့စီးပွားရေး၏ ၁၈ ရာခိုင်နှုန်းဖြစ်လာ၍ အမေရိကန်နှင့် ကနေဒါ နှစ်နိုင်ငံပေါင်းလျှင်ပင် နိမ့်ကျနေသေးကြောင်း Nail Ferguson က ထောက်ပြခဲ့သည်။ 

သွေဖည်သွားသည့်သဘောတရားများ

အထက်ပါအတိုင်းဆိုခြင်းအားဖြင့် လစ်ဘရယ်အတွေးအခေါ် မှားယွင်းပြီး ခေတ်သစ်ကွန်မြူနစ်အိုင်ဒီယာများက မှန်လာသည်ဆိုခြင်းမဟုတ်ပါ။ အိုဒီယိုလိုဂျီတို့၏သဘောမှာ အစဉ်ပြောင်းလဲနေသောခေတ်များ၏ အစိတ်အပိုင်းအချို့ကိုသာ ထင်ဟတ်နိုင်ပြီး အမြဲတမ်းမှန်ဖို့မဖြစ်နိုင်ပါ။ ခေတ်မစားတော့ပါဟုဆိုသော အိုင်ဒီယိုလိုဂျီတစ်ခုကို ပြောဆိုနေကြသည့်တိုင် ထိုအိုင်ဒီယိုလိုဂျီသည် အခြားအသွင်တစ်မျိုးဖြင့် တစ်နေရာတွင် ပေါ်လာတတ်သည်ဟု အဆိုရှိပါသည်။ မည်သည့်အိုင်ဒီယိုလိုဂျီမဆို သူ့လမ်းညွှန်သဘောတရား၊ သူ့လုပ်ငန်းစီမံချက်ဖြင့် ပိုကောင်းသောလူ့အဖွဲ့အစည်းဖြစ်လာအောင် လမ်းညွှန်ပေးမြဲဖြစ်သည်။ အကောင်အထည်ဖော်သည်က လူသားတို့ပင်ဖြစ်သည်။ အကောင်းအဆိုးသည် လူသားတို့အပေါ်၌သာ အခြေခံသည်။ အိုင်ဒီယိုလိုဂျီမှန်သမျှ ခေတ်၏ပြောင်းလဲမှုကိုလိုက်၍ အတွေးအခေါ်ကိုပြုပြင်ဆန်းသစ်ရမြဲဖြစ်၍ ကွန်ဆာဗေးတစ်၊ နီယိုကွန်ဆာဗေးတစ်၊ ကလပ်ဆစ်လစ်ဘရယ်လစ်ဇင်၊ နီယိုလစ်ဘရယ်လစ်ဇင် စသည်ဖြင့် ရောင်စုံအိုင်ဒီယိုလိုဂျီများ စသည့်အမည်မျိုးစုံနှင့် ပေါ်ထွက်နေခြင်းဖြစ်သည်။ 

အမှန်တော့ အမျိုးသားအကျိုးစီးပွားလမ်းကြောင်းကို လျှောက်လှမ်းသွားခြင်းဖြစ်ပါသည်။ လစ်ဘရယ် အိုင်ဒီယိုလိုဂျီက လောလောဆယ် သူ့အတွက် အမြတ်မထွက်၍ဖြစ်သည်။ အမြတ်ထွက်မည့်အခြေအနေတွင် ယင်းကို အကျိုးစီးပွားလက်နက်အဖြစ် ပြန်သုံးမည်ပင်ဖြစ်သည်။ 

ကိုယ့်အဆင်းနှင့်အလင်းနှင့်

တကယ်တော့ အမေရိကန်ရော၊ တရုတ်တို့ပါ မိမိအမျိုးသား ကောင်းစားရေးအတွက် အလုပ်ဖြစ်မည့်နည်းလမ်းကိုသာ လက်တွေ့ကျကျ ရွေးချယ်လိုက်ခြင်းဟု ယုံကြည်ပါသည်။ မြန်မာလူ့အဖွဲ့အစည်းတွင်လည်း ထိုအတွေး ထိုအသိတရားများ ကိန်းအောင်းနေမည်ဟု ထင်ပါသည်။ ခေတ္တမျှ နောက်ဆုတ်ကြည့်လိုက်ပါ။ ရှေ့သို့လောနေလျှင် အမှန်တရားကိုမြင်ချင်မှမြင်ရမည်ဖြစ်သည်။ မြန်မာတို့သည် ထေရဝါရ ဗုဒ္ဓဘာသာနှင့် ဒီမိုကရေစီကို ရွေးချယ်ခြင်းကပင် တစ်စုံတစ်ခုသောအတိုင်းအတာအထိ အသိတရား အခြေခံရှိကြောင်း သိနိုင်ပါသည်။ 

ဗုဒ္ဓအရှင် လက်ထက်တော်ကာလအတွင်း အဇာတသတ်မင်းက ဝေသာလီကို တိုက်ခိုက်မည့်အကြံဖြစ်၍ ဝေဿကာရ ပုဏ္ဏားအား ဥပါယ်တံမျဉ်ဖြင့် ဗုဒ္ဓ၏ အလိုတော်ကိုစုံစမ်းခိုင်းသည့်အခါ “ချစ်သား အာနန္ဒာ ဝေသာလီပြည်သူ ပြည်သားတွေဟာ (လွှတ်တော်ကဲ့သို့) အစည်းအဝေးမပြတ်ဘဲ တိုင်းပြည်အတွက် တွေ့ဆုံဆွေးနွေးကြပြီး ဆုံးဖြတ်ချက်ကို အညီအညွတ်ဖြစ်စေတယ်၊ အစဉ်အလာပညတ်ချက်တွေကို ပယ်ဖျက်ခြင်းမရှိဘဲ လိုက်နာကြတယ် (ဥပဒေစိုးမိုးရေး)၊ မိမိထက်အသက်ကြီးသူများကို ရိုသေစောင့်ရှောက်တယ်၊ တိုင်းပြည်ရဲ့ သမီးပျိုတွေကို မစော်ကားမညှဉ်းဆဲကြဘူး (အမျိုးသမီးအခွင့်အရေး)၊ ပေးမြဲတိုင်း ဗာလိနတ်စာတွေကို အစဉ်အလာအတိုင်း ပသပူဇော်ကြတယ် (လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်)၊ သမဏ၊ ဗြာဟ္မဏတွေကိုစောင့်ရှောက်ကြတယ် (အကျင့်သီလရှိသောသူ၊ ပညာရှိသောသူတို့ကို လစာရိက္ခာပေးကမ်း၍ တို့အကူအညီဖြင့် နိုင်ငံတည်ဆောက်ခြင်း)၊ ဒါကြောင့် ဝေသာလီပြည်ဟာ ကြီးပွားသည်ထက် ကြီးပွားစရာဖြစ်တယ်။ မည်သည့်ရန်သူမျှ အနှောင့်အယှက် မပေးနိုင်ဘူး ချစ်သားအာနန္ဒာ” ဟု ဝေဿကာရပုဏ္ဏားကြားသိအောင် ဟောပြခဲ့ဖူးသည်။ ဗုဒ္ဓ၏စကားတော်များက ဒီမိုကရေစီ အုပ်ချုပ်ရေးအငွေ့အသက် များပါဝင်နေသည်ကို သိနိုင်သည်။ 

ဒီမိုကရေစီရော ဗုဒ္ဓဘာသာနှစ်ရပ်စလုံး မတူကွဲပြားမှုကို လက်ကိုင်ထားကာ မတူကွဲပြားမှုကိုလက်ခံသော ခန္တီတရား (Toleration) လက်ကိုင်ထားရန် လမ်းညွှန်ချက်များရှိပြီးဖြစ်သည်။ လစ်ဘရယ်ဝါဒီတစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ ဆဲဆိုနေကြလျှင်၊ လစ်ဘရယ်ကလည်း အတုအယောင်ဖြစ်သလို ဗုဒ္ဓဘာသာဝင်ကလည်း အမည်ခံသာဖြစ်ပေမည်။

မျှော်လင့်ခြင်းအရုဏ်ဦး 

အမှန်တကယ်တွင်လည်း နိုင်ငံတကာဆက်ဆံရေးတွင် ဒီမိုကရေစီက အမျိုးသားအကျိုးစီးပွားနောက်တွင် ရှိနေသည်။ ရှေ့ဆောင်လမ်းပြအင်အားကြီးနိုင်ငံကိုယ်တိုင် လစ်ဘာတီမီးရှူးတိုင်ကို မှုန်ဝါးဝါးဖြစ်အောင် လုပ်ခဲ့လေပြီ။ မည်သည့်နိုင်ငံမဆို မိမိအမျိုးသားအကျိုးစီးပွားရှိမည်ဆိုလျှင် မိမိကိုင်စွဲထားသောမူဝါဒကို စွန့်လွှတ်၍ မူဝါဒအသစ်ဖော်ဆောင်ခွင့်ရှိသည်။ မြန်မာနိုင်ငံအဖို့ကား မိမိလျှောက်ရမည့်လမ်းအတွက် မိမိတို့၏ မီးရှူးတန်ဆောင်ကို အမြန်ဆုံးထွန်းညှိနိုင်ပါမှ နိုင်ငံရေးအရရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေ (deadlock) ဖြစ်နေမှုကို ကျော်လွှားနိုင်မည်ဖြစ်သည်။ 

မီးရှူးတန်ဆောင်မှာ ဉာဏစွမ်းအားသာဖြစ်သည်။ ပြိုင်တူထွန်းညှိနိုင်မှ မိမိနှင့်ကိုက်ညီသည့်လမ်းကို တွေ့မည်ဖြစ်သည်။ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာဆက်ဆံရေး၊ ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးစသည့် နယ်ပယ်အသီးသီးကို မည်သည့်ကဏ္ဍမျှမကျန်ရစ်စေပဲ ဝိုင်းဝန်းအဖြေရှာစေလိုပါသည်။ 

----- 

“ရှေ့ပြေးအရုဏ်ခြည်ဖြင့်

မှုန်ရီရီ တောင်ညိုစောင်းခွင်က

ခေါင်းတင်ကာပေါ်လာဆဲဟာမို့

ခဲလို့စောင့်တုန်း”

ဆရာမောင်အာယု၏ “ခရီးသွား” ကဗျာလေးကို ကောက်နုတ်၍ မြန်မာနိုင်ငံအခြေအနေအတွက် အငှားခံစားရင်း တောင်ညိုစခန်းက အရုဏ်ဦးလင်းရောင်ခြည်အတွက် သွေးစည်းညီညွတ်သော၊ စုစည်းသော ဉာဏ်အပေါင်းတို့ဖြင့် အဖြေရှာနိုင်မည်ဟု ယုံကြည်ပါသည်။ မျှော်လည်း မျှော်လင့်မိပါသည်။ တစ်ပါးသူထံမှ မမျှော်လင့်နိုင်ကြောင်းလည်း သေချာခဲ့ပြီဖြစ်ပါသည်။ 

ထင်အောင်အောင် (၂၃၊ ၆၊ ၂၀၁၈)