News

POST TYPE

PERSPECTIVE

အခြေခံပညာရေးမှာ ဦးတည်ချက် ပေါက်မြောက်ကြပါစေ
23-Jun-2018



ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းလုပ်ငန်းစဉ်များအရ ပညာရေးစနစ်ဖွဲ့စည်းပုံကို ပြောင်းလဲဆောင်ရွက်လျက်ရှိပါသည်။ ယခင်က သူငယ်တန်းကို ယခု KG ဟူသော စကားလုံးဖြင့် အသုံးပြုနေသည်ဖြစ်သော်လည်း အမျိုးသားပညာရေးဥပဒေတွင် သူငယ်တန်းဆိုသောအမည်ကိုသာ ထည့်သွင်းထားသည်ကို သတိပြုသင့်ပါသည်။ အမျိုးသားပညာရေးဥပဒေက မည်သို့ပင် ဆိုထားစေကာမူ KG, Grade 1, ဆိုပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ အစပြု၍ နှစ်စဉ်မပျက် ဆောင်ရွက်လာခဲ့ပြီး ယခုနှစ်တွင် Grade 2 ကို ထပ်မံအကောင်အထည်ဖော်ကြတော့မည် ဖြစ်ပါသည်။

သင်ရိုးညွှန်းတမ်းပြောင်းသည်၊ သင်ပြနည်းစနစ်များပြောင်းသည်၊ ဆရာ/ဆရာမများသည် သင်နည်းစနစ်ကိုနားလည်ရန် လိုအပ်သည်ဟု ဆိုပြီး သင်တန်းများပေးလျက်ရှိပါသည်။ ကလေးများ အာရုံငါးပါး ဖွံ့ဖြိုးစေရန် သင်ထောက်ကူအဖြစ် KG သင်တန်းတွင် KG Kid ကို အသုံးပြုခဲ့သည်။ Grade 1 တွင် ပုလွေကို အသုံးပြုခဲ့ကြသည်။ Grade 2 တွင် သစ်ရွက်များကို အသုံးပြုလျက်ရှိသည်။ သင်ပြမှုနည်းစနစ်များ မည်မျှအထိ အောင်မြင်ခဲ့ပြီးပြီ၊ အောင်မြင်လိမ့်မည်ဆိုခြင်းကို တိကျသေချာစွာ မပြောနိုင်ကြသေးသော်လည်း KG နှင့် Grade 1 သင် နည်းစနစ်များအရ စီးပွားရေးလုပ်ငန်းရှင်များ ဈေးကွက်ကောင်းကောင်း ရရှိခဲ့ပြီးဖြစ်ပါသည်။ ယခုနှစ် Grade 2 သင်တန်းတွင်မှု သစ်ရွက်များကို အသုံးပြုခဲ့ကြသည့်အတွက် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများကို တွေ့နေရပါသည်။ ထိုသို့ သောဝေဖန်မှုများအား မည်သည့်ထင်မြင်ချက်မျှ မပေးလိုပါ။ အခြေခံ ပညာဦးစီးဌာန၊ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဒေါက်တာရဲအောင် ရေးခဲ့သော ဆရာများ ဦးတည်ချက်ရှိရှိ၊ အဓိပ္ပာယ်ရှိရှိ အလုပ်လုပ်တတ်ဖို့ ကြိုးစားကြပါဆိုသောဆောင်းပါးကိုသာ သတိရမိပါသည်။

ကျောင်းအုပ်ဖြစ်နေသော တပည့်တစ်ယောက်က လာ၍ကန်တော့ကြောင်း၊ သူ့ကျောင်းတွင် ယခင်က ဘာဆိုဘာမျှ မည်မည်ရရမရှိခဲ့ကြောင်း၊ ယခု သူတာဝန်ယူရမှ ဘင်ခရာတီးဝိုင်းအဖွဲ့တစ်ခုနှင့် ပန်းပွားအဖွဲ့တစ်ခု ဖွဲ့စည်းလှုပ်ရှားနိုင်ခဲ့ကြောင်း၊ အထက်တန်းကျောင်းတစ်ခု၏ အဆင့်အတန်းကို မီလာပြီဖြစ်ကြောင်း၊ အခြားဆောင်ရွက်ဖွယ်များကိုလည်း ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုပါသည်။ ဘင်ခရာတီးဝိုင်းအဖွဲ့ ဖွဲ့စည်းနိုင်ခြင်း၊ ပန်းပွားအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းတို့ဖြင့်သာ အထက်တန်းကျောင်းတစ်ကျောင်း၏အဆင့်အဖြစ် သတ်မှတ်ထားသည်ကို ဖော်ပြသွားပြီး မည်သို့သောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ထားခြင်းအား ဖော်ပြထားမှုမရှိကြောင်းကို တွေ့ရသည်ဟု ဆရာကြီးက သုံးသပ်ထားပါသည်။ ထိုအချက်ကိုအခြေခံ၍ ဆရာများ ဦးတည်ချက်ရှိရှိ အဓိပ္ပာယ်ရှိရှိ အလုပ်လုပ်တတ်ဖို့ကြိုးစားကြပါဆိုသော ဆောင်းပါးကို ရေးခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်နေကြခြင်းသည် သင်ရိုးသစ် ပြုပြင်ပြောင်းလဲမှုအတွင်းက လုပ်နည်းလုပ်ဟန်တစ်ခုမျှဖြစ်သော သင်ထောက်ကူအသုံးပြုသည့် ပုလွေမှုတ်ခြင်း၊ သစ်ရွက်အလှဆင်ခြင်း စသည့်လုပ်ဆောင်မှုများကိုသာ အထူးအာရုံစိုက်နေကြခြင်း၏တုံ့ပြန်မှုများသာ ဖြစ်ပါသည်။ လုပ်ငန်းစဉ်၏ အသွင်သဏ္ဌာန်ကို ဦးတည်ချက်များနှင့် ဆက်စပ်စဉ်းစားဝေဖန်မှုမပြုနိုင်ကြခြင်းမှာ ပြုလုပ်လျက်ရှိသော နည်းဗျူဟာနှင့် စီမံခန့်ခွဲမှု၏အလွဲများကြောင့်သာ ဖြစ်မည်ထင်ပါသည်။ 

ပြုပြင်ပြောင်းလဲမှုတစ်ခုကို ပြုလုပ်သည့်အခါတိုင်း ဘယ်လိုသင်ကြားရမည်၊ ဘယ်လိုစီမံခန့်ခွဲရမည်၊ ဘယ်လိုကြီးကြပ်ကွပ်ကဲရမည်ဆိုခြင်းကို သိရုံမျှဖြင့် ပြည့်စုံနိုင်မည်မဟုတ်ပါ။ ဘာကြောင့် ဆောင်ရွက်ကြရသည်နှင့် ဘာကိုဆောင်ရွက်ကြရမည် ဆိုခြင်းတို့ကိုလည်း သိရှိနားလည် လက်ခံနိုင်ကြရန် အထူးလိုအပ်လှပါသည်။ သင်ကြားနည်းများသည် ဆရာ၏ နေ့စဉ်အလုပ်တွင် အရေးကြီးသောအကြောင်းအရာများ ဖြစ်ကြသည်ကားမှန်၏။ သို့ရာတွင် ၎င်းတို့၏ အခြေခံသဘာဝကို ရှင်းလင်းစွာနားမလည်က အမြော်အမြင်နှင့် ပြည့်စုံသောသင်ကြားနည်းများ ဖြစ်နိုင်မည်မဟုတ်ချေဆိုသော လက်ထောက်ပညာမင်းကြီး ဦးထွန်းအောင်က ၁၉၄၇ ခုနှစ်တွင် ရေးသားခဲ့သော ပညာ၏အခြေခံသဘာဝ စာအုပ်၌ ဖော်ပြထားချက်ကို လက်တွေ့အကောင်အထည်ဖော်နေကြသည့် ပညာရေးနှင့်ဆက်စပ်ပတ်သက်သူအားလုံး သတိပြုကြရမည်ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာနသည် နှစ်စဉ် မေလနောက်ဆုံးပတ်တွင် ကျောင်းအပ်နှံရေးနေ့သတ်မှတ်ပြီး အခမ်းအနားများကို ၂၀၀၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပါသည်။ ဦးစီးဌာနများ၊ အဆင့်ဆင့်သောပညာရေးဌာနများမှ ပညာရေးအရာရှိများက အဆိုပါအခမ်းအနားများသို့ တက်ရောက်ခဲ့ကြသည်ကို ကြွားကြွားဝင့်ဝင့်ဖော်ပြခဲ့ကြသည်။ ဂုဏ်ယူခဲ့ကြသည်။ နိုင်ငံတော်၏ ပညာရေးဘတ်ဂျက်များကို အသုံးပြုကြသကဲ့သို့ သက်ဆိုင်ရာဒေသများမှလည်း နည်းမျိုးစုံဖြင့် ကုန်ကျခံခဲ့ကြရပါသည်။ ကျောင်းအပ်နှံရေးအတွက် နိုင်ငံတော်က ငွေကြေးကုန်ကျခံကာ ဆောင်ရွက်နေခြင်းနှင့် မိဘပြည်သူအားလုံး ကျောင်းနေခြင်း၏တန်ဖိုးနှင့် အကျိုးကျေးဇူးတို့ကို နားလည်လက်ခံလျက် တစ်ဦးချင်းစီ၏အသိစိတ်ဓာတ်ဖြင့် ကျောင်းအပ်နှံခြင်းနှစ်မျိုးတွင် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် မည်သည့်နည်းလမ်းက ပိုမိုအကျိုးပြုနိုင်မည်ဆိုခြင်းကို စဉ်းစားသင့်ပြီ ဖြစ်ပါသည်။

ကျောင်းထွက်နှုန်း လျော့နည်းပပျောက်ရေးအတွက် ကြိုးစားဆောင်ရွက်သင့်ကြောင်း ပညာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် အသိပေးရှင်းလင်းလျက်ရှိပါသည်။ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေးကို ၂၀၀၁ ခုနှစ်၊ ကလေးတိုင်းကျောင်းနေမြဲရေးအတွက် ၂၀၀၄ ခုနှစ်ကစ၍ နှစ်စဉ်ဆောင်ရွက်လျက်ရှိနေပါသည်။ တစ်ဆက်တည်းမှာပင် ကျောင်းပြင်ပ မူလတန်းပညာရေးဆိုပြီး အကောင်အထည်ဖော်ခဲ့ကြပြန်ပါသည်။ ကျောင်းပြင်ပ မူလတန်းပညာရေးဆိုသည်မှာ ကျောင်းပြင်ပသို့ရောက်နေသော ကလေးများ မူလတန်းပညာကို ဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းအား စီစဉ်ဖန်တီးပေးခြင်းဖြစ်သည်ဟု ဆိုသည့်တိုင်အောင် ထိုသို့သော သင်ယူမှုအခွင့်အလမ်းကို ပေးလိုက်ခြင်းသည် ကျောင်းထွက်နှုန်းကို ပိုမိုများပြားစေသည့် အပြင်စင်ပြိုင် ပညာရေးများဖြစ်နေမည်လားဆိုခြင်းကို စိုးရိမ်ဖွယ်ဖြစ်နေရပါသည်။ ဦးတည်ချက်များအရ လုပ်ဆောင်မှုကို သုံးသပ်ခြင်းဖြစ်ပြီး ကျောင်းပြင်ပ မူလတန်းပညာရေးကို ဝေဖန်ခြင်းမဟုတ်ပါ။ 

ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေးတို့ကို ကြွေးကြော်နေကြရမည့်အစား သာယာပျော်ရွှင်ဖွယ်ကောင်းသော ကျောင်းနှင့်ဝန်းကျင်ဖြစ်စေရန်၊ တက်ကြွသောစာသင်ခန်းများဖြစ်စေရန် စီစဉ်ဖန်တီးပေးခြင်းသည် ကျောင်းနေပျော်၍ ကျောင်းနေမြဲလာစေမည့် အခွင့်အလမ်းဖြစ်သဖြင့် မိဘပြည်သူများ၊ ပညာရှင်များ၊ ပညာရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ပြီး ဖြည့်ဆည်းပံ့ပိုးပေးကြရပါမည်။ အဓိကမှာ မိမိတို့ဆောင်ရွက်နေသော ပညာရေးလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်၊ သဘောသဘာဝ၊ နည်းဗျူဟာများကို ကောင်းစွာသိရှိ နားလည်မှုနှင့်အတူ ဆယ်စုနှစ်ကျော်ပြီဖြစ်သော လုပ်ငန်းစဉ်၏ ထိရောက်အောင်မြင်မှု၊ ခိုင်လုံမှု၊ ကိုးစားနိုင်မှုတို့ကို စနစ်တကျ ပြန်လည်လေ့လာသုံးသပ်ပြီး ဦးတည်ချက်ပေါက်မြောက်စေရန် ကြိုးစားရမည်ဖြစ်ပါသည်။

အခြေခံပညာအဆင့် ပညာရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်လျက်ရှိသော ဦးစီးဌာန များပြားနေခြင်းသည် မှန်ကန်သောပညာရေး စီမံခန့်ခွဲမှုအားနည်းရခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ရာတွင် ထိရောက်မှုမရှိရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ ကျင်းပနေဆဲဖြစ်သည့် Grade 2 သင်တန်းပေးရာတွင် ဦးစီးဌာနသုံးခု၏ စီမံခန့်ခွဲမှုအမျိုးမျိုးကြောင့် လက်တွေ့ဆောင်ရွက်ရာတွင် မြေပြင်အခြေအနေ၌ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်တွေ့ကြုံနေရသော်လည်း အခြေအနေအားလုံးကို အထက်အဆင့် တာဝန်ရှိသူများ ခံစားကြရလိမ့်မည်မဟုတ်ပါ။ ဥပမာအားဖြင့် သင်တန်းပေးရာတွင် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအုပ်စုအဆင့်ဟု သတ်မှတ်ထားသည့်တိုင်အောင် မြို့နယ်အဆင့်ကို ခရိုင်တွင်လည်းကောင်း၊ ကျောင်းအုပ်စုအဆင့်ကို မြို့နယ်တွင်လည်းကောင်း ကျင်းပခဲ့ကြသည့်အတွက် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဆိုသော ပညာရေးရည်မှန်းချက်ကို လျစ်လျူရှုသကဲ့သို့ဖြစ်ခြင်း၊ ဦးစီးဌာနများ ညှိနှိုင်းမှုအားနည်းခြင်း၊ သင်တန်းလက်စွဲစာအုပ်များကို အချိန်မီမရခဲ့ကြသည့်အတွက် လေ့လာသင်ယူရာတွင် ထိရောက်မှုမရှိရခြင်းမှာ ပကတိတွေ့ကြုံရင်ဆိုင်ခဲ့ရသည့် မြေပြင်အခြေအနေများ ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာနသည် နှစ်စဉ်အခြေခံပညာကျောင်းများကို အဆင့်တိုးပေးလေ့ရှိပါသည်။ ဒေသခံပြည်သူများကလည်း မိမိတို့ဒေသတွင် ကျောင်းရရှိရေးအတွက် နည်းအမျိုးမျိုးဖြင့် ကြိုးစားလျက်ရှိကြပါသည်။ ကျောင်းများဖွင့်လှစ်ပေးရခြင်း၊ ကျောင်းများ အဆင့်တိုးမြှင့်ပေးခြင်းများသည် ခေတ်စနစ်နှင့်အညီ ပညာသင်ယူမှု အခွင့်အလမ်း ပွင့်လင်းလာစေရန်ဖြစ်ပေရာ အရေအတွက်တိုးချဲ့သည်နှင့်အညီ ပညာရေးအရည်အသွေးမြင့်မားလာစေရေးမှာ ပညာရေးအဖွဲ့အစည်းများအပါအဝင် ပညာရေးနှင့် ဆက်စပ်ပတ်သက်သူအားလုံး၏ တစ်ဦးချင်းတာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေပွန်မှုတို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်သော လုပ်ငန်းစဉ်ဖြစ်ပါသည်။ ပကတိအခြေအနေများအရ ကျောင်းများအဆင့်မြှင့်တင်ပေးရခြင်း၊ တိုးချဲ့ဖွင့်လှစ်ရခြင်း၏ ဦးတည်ချက်များ မည်မျှအထိ ပေါက်မြောက်အောင်မြင်လျက်ရှိနေသည်၊ မည်သို့သောစိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းနေကြရသည်ဆိုခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး စနစ်တကျ ပြန်လည်သုံးသပ်ပြီး လိုအပ်သလို စူးစမ်းလေ့လာပြုပြင်ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ 

အဓိကမှာကား ပညာရေးတာဝန်ယူထားသူများ၏ ပညာရေးသဘောတရား ပြည့်ဝမှန်ကန်မှု ရှိလာသည်နှင့်အမျှ ပညာရေးစနစ်၏ ဦးတည်ချက်များ၊ အဆင့်အလိုက်ရည်မှန်းချက်ပန်းတိုင်များ၊ ပညာရေးနည်းဗျူဟာများ ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါသည်။ အခြေခံပညာအဆင့်တွင် ပညာရေးစံနှုန်းများနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်မှာ အမျိုးသားပညာရေးဥပဒေ၊ ပုဒ်မ ၅၄၊ ပုဒ်မခွဲ (ခ) အရ အတွင်းအရည်အသွေး အကဲဖြတ်မှု၊ ပြင်ပအရည်အသွေး အကဲဖြတ်မှုအဖွဲ့တို့ကို စနစ်တကျဖွဲ့စည်း၍ သက်ဆိုင်ရာ တာဝန်ယူထားသူများကလည်း နှစ်သက်ကြည်ဖြူစွာ လက်ခံကြလျက်လက်တွေ့အကောင်အထည်ဖော်ခြင်းဖြင့် အခြေခံပညာရေးကို ပြောင်းလဲချိန်တန်ပြီ ဖြစ်ပါသည်။

အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦး