News

POST TYPE

PERSPECTIVE

အိမ်မက်ထဲက ရန်ကုန်-ဒလ မြစ်ကူးတံတားကြီး
23-Jun-2018



၂၀၁၅ ခုနှစ်ကတည်းက ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားခဲ့တဲ့ ဒီတံတားစီမံကိန်း၊ အခုထိတော့ အိပ်မက်လို့ ကောင်းနေတုန်းပဲ။ အမှန်တော့ သူတို့အိပ်မက်မက်မယ်ဆိုလည်း မက်ဖို့အတော်ကောင်းခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတံတားစီမံကိန်း စတင်ခြင်းအခမ်းအနားကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အရင်အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးနဲ့ ကိုရီးယားသံအမတ်ကြီးတို့က တခမ်းတနားနဲ့ လာပြီးဖွင့်ပွဲလုပ်ခဲ့သေးတာကိုး။ အမှန်တော့ ဒီအိပ်မက်ကို အမြန်ဆုံးအကောင် အထည်ဖော်ဖို့ အလိုလားဆုံးသူတွေက ဒလဘက်ကမ်းကပြည်သူတွေသာဖြစ်ပြီး သူတို့အနေနဲ့ ရန်ကုန်နဲ့ဒလဆိုတာ ကြားထဲမှာ ရန်ကုန်မြစ်လေး တစ်စင်းသာခြားနေပေမယ့် တစ်ဖက်နဲ့တစ်ဖက်က တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံလိုမျိုး၊ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံလိုမျိုး ကွာခြားချင်တိုင်း ကွာခြားနေတာ။ တစ်ဖက်ရန်ကုန်အခြမ်းက အိမ်ခြေတိုက်တာတွေ အထပ်မြင့်ပြီး မိုးပျံနေအောင်ထိုးတက်နေတာတွေ၊ ရန်ကုန်ဘက်ကဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့သင်္ဘောကြီးတွေရဲ့ ကုန်တင်ကုန်ချပြုလုပ်တာတွေက တစ်ဖက်ကမ်းဒလမှာနေတဲ့ ပြည်သူတွေရဲ့မျက်လုံးထဲမှာ ကလိကလိဖြစ်ချင်စရာ၊ အဲ့ဒီဘက်ကမ်းကလှမ်းကြည့်ရင် ရင်သပ်ရှုမော အားကျချင်စရာကောင်းလှသလို သူတို့ဘက်မှာတော့ တံငါလှေတွေ၊ ကူးတို့လှေတွေသာ ရှိနေဖြစ်နေတာကိုက ကွာခြားလွန်းလှသလို ဖြစ်နေခဲ့တာ။ အခုဆိုရင် နှစ်ပေါင်းတောင် အတော်ကြာလှပြီပဲ။

အခုထိ ဒလကိုသွားဖို့ဆိုရင် တံတားသာရှိလို့ကတော့ ငါးမိနစ်လောက်နဲ့ရောက်နိုင်မယ့်ခရီးကို ရွှေပြည်သာဘက်ကနေလှည့်ပြီး သွားနေရတော့ သုံးလေးနာရီလောက်ကြာနေရတဲ့အဖြစ်။ ဒီအတွက် ဒီတံတားကို မမျှော်မိတဲ့သူ ရှိပါ့မလားပေါ့။ မဆီမဆိုင် စာရေးသူက ကြားထဲကငထွားကခါးနာနေပြီး သူတို့နေရာကနေဝင်ပြီး စဉ်းစားနေမိတာ။ အမှန်ဆို လွန်ခဲ့တဲ့သုံးလလောက်ကလည်း စာရေးသူကိုယ်တိုင် ဒလကိုတစ်ခေါက် ရောက်ခဲ့ဖူးသေးတယ်။ အဲ့ဒီတုန်းကလည်း ဒလသားတွေလိုပဲ ရန်ကုန်ဘက်ကို သင်္ဘောနဲ့မကူးခင် ဒလဘက်ကမ်းကနေ ရန်ကုန်ဘက်ကမ်းကိုငေး မောကြည့်ခဲ့ဖူးသေးတယ်။ အဲ့လိုကြည့်တော့ အမယ် ရန်ကုန်ဘက်ခြမ်းက ဟောင်ကောင်လိုလို ဘာလိုလိုနဲ့ မိုးထိအောင်ထောင်နေတဲ့တိုက်တာတွေနဲ့ ကိုယ်တွေ ခဏကြည့်မိတာတောင် ရင်သပ်ရှုမော။

ဒီအတွက်ပဲ ဒီတံတားကြီးစီမံကိန်းကြီးကို သူတို့မျှော်တော်ဇောနဲ့ မောနေခဲ့ကြတာနေမှာ။ အမှန်ကလည်း ဒီစီမံကိန်းကစတင်ခဲ့တာ အခုဆိုရင် ၃ နှစ်တောင်ကြာနေပြီကိုး။ ဒီလိုနဲ့ပဲ ၂၀၁၅ နှစ်ကုန်ပိုင်းကစလို့ အခု သုံးနှစ်တာနီးနီးအထိ သူတို့မျှော်လင့်ခဲ့ကြပေမယ့် နောက်ဆုံးအကောင်အထည်ပေါ်မလာတဲ့အဆုံး ပြီးခဲ့တဲ့ဇွန်လ ၁၇ ရက်နေ့မှာတော့ ဒလသူ ဒလသားတွေစုရုံးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အထိ ဖြစ်လာတော့တာပါပဲ။ ဒီတော့ အပေါ်ကကိစ္စတွေအသာထားပြီး သူတို့မျှော်နေတဲ့ ရန်ကုန်-ဒလ မြစ်ကူးတံတားကြီး အခုထိဘာလို့အကောင်အထည်မပေါ်လာသေးတာလဲဆိုတဲ့အကြောင်း စုံစမ်းထောက်လှမ်းပြီး ပြောရဦးမယ်။

ဒီတံတားကြီးက အမှန်ဆိုရင် ကိုရီးယားနိုင်ငံက JACA ချေးငွေနဲ့ဆောက်ဖို့ ယခင်အစိုးရလက်ထက်ကတည်းက စီစဉ်ခဲ့ကြတာ။ ဒါပေမဲ့ ဒီအစိုးရလက်ထက် ၂၀၁၆ ဇွန်လ ၂၇ ရက်နေ့အရောက်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီတံတားကြီးရဲ့စီမံကိန်းကို ပြန်လည်သုံးသပ်ကြတဲ့အခါမှာတော့ ယခင်ရေးဆွဲထားတဲ့ဒီဇိုင်းက မြင့်လွန်းနေတာ၊ နှစ်ထပ်လမ်းတွေပါတာ၊ ချဉ်းကပ်လမ်းများကြောင့် ယာဉ်ကြောကျပ်တည်းမှာတွေနဲ့ တိမ်ကောလာနေတဲ့ ရန်ကုန်မြစ်ရဲ့အခြေအနေတွေအကြားမှာ ဒီအတိုင်းဆောက်ရင် နောင်ပြန်ဖျက်ကြရမဟဲ့...ဆိုတဲ့အတွေးတွေနဲ့ ဒီဇိုင်းနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ဆက်လက်ညှိနှိုင်းခဲ့ကြတယ်လို့ဆိုတယ်။ ဒီအတွက် ဒါနဲ့ပတ်သက်လို့ ဒီတံတားစီမံကိန်းကို ရပ်ဆိုင်းမယ်ဆိုရင်လည်း အခြားနေရာမှာ မြစ်ဖြတ်တံတားဆောက်ပေးဖို့် အစီအစဉ်ရှိ၊ မရှိဆိုတဲ့မေးခွန်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဒလမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ပြည်သူ့လွှတ်တော်မှာ တင်မေးခဲ့ပါလေရော။

ဒီအခါ ဆောက်လုပ်ရေးဝန်ကြီးက ယခင်ကရေးဆွဲခဲ့တဲ့တံတား ဒီဇိုင်းဟာ ယခုအစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီးနဲ့ JACA တို့ ပူးပေါင်းပြီးရေးဆွဲတဲ့ ၂၀၄၀ 2040 Yangon City Plan မှာမပါဝင်ခဲ့ပေမယ့်လည်း JACA မှရေးဆွဲတဲ့ 2040 Yangon Stratigic Urban Development City Plan စီမံကိန်းရေးဆွဲခြင်းနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒလချစ်ကြည်ရေးတံတား တည်ဆောက်ရေးစီမံကိန်းနှစ်ခုဟာ ၂၀၁၃-၁၄ မှာ တစ်ပြိုင်တည်းဖော်ဆောင်ခဲ့တာဖြစ်ကြောင်း၊ အခုအခါမှာတော့ ဒီတံတားဒီဇိုင်းကို ပြန်လည်ပြင်ဆင်ရေးဆွဲနေကြောင်းနဲ့ လမ်းအူကြောင်းကို ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနဲ့ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ပြီး တံတားစီမံကိန်းကို စတင်နိုင်ဖို့ Consultant Company ရွေးချယ်ခြင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ရေး ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ထံတင်ပြသွားမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ငန်းတွေအတွက်လည်း အချိန်လေးလခန့်ကြာမြင့်မှာဖြစ်ကြောင်းနဲ့ ဒလတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြီးစီးအောင် စီစဉ်ရေးဆွဲထားကြောင်းတွေအပြင် တံတားတည် ဆောက်စဉ်ကာလတွေမှာလည်း ယာဉ်ကြောကျပ်တည်းမှု မဖြစ်ရစေရေး ကိုရီးယားအတိုင်ပင်ခံကုမ္ပဏီနဲ့ အသေးစိတ်တွက်ချက်စီစဉ်သွားမှာဖြစ်ပြီး အခြားနေရာကနေ မြစ်ဖြတ်ရေအောက်လိုဏ်ခေါင်းတည်ဆောက်ရန် အစီအစဉ်လည်းမရှိဘူးလို့ အဲ့ဒီတုန်းက ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြည်သူ့လွှတ်တော်မှာ ဖြေဆိုထားခဲ့ပေမယ့်လည်း သူဖြေရှင်းချိန်ကစလို့ အခုအချိန်အထိ ကိုးလတိတိကြာမြင့်သွားချိန်မှာတော့ ဒီတံတားကြီးဆောက်ဖို့အတွက် အရိပ်အယောင်တောင်ပေါ်မလာခဲ့တာမို့ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာတော့ ဒလမြို့သူမြို့သားတွေက မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားအမြန်ဆုံးအကောင်အထည်ပေါ်ရေး ဒို့အရေး၊ ရန်ကုန်-ဒလတံတားကြီးစီမံကိန်းအား မူလအစီအစဉ်အတိုင်း အမြန်ဆုံးအကောင်အထည်ဖော်တည်ဆောက်ရေး ဒို့အရေး၊ တံတားကြီးစီမံကိန်း ကြန့်ကြာအောင် ကန့်ကွက်သူများ အလိုမရှိ၊ အလိုမရှိလို့ ဆိုတဲ့ သံချပ်တွေနဲ့ ဆန္ဒထုတ်ဖော်ကြတဲ့အထိ ဖြစ်သွားကြရတော့တာပါပဲ။

အမှန်ဆို ဒီလိုဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်တဲ့ဒီတံတားကြီး ဖြစ်မြောက်ဖို့အတွက်ဆိုရင် ၂၀၁၅ ခုနှစ်ကတည်းက ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး (EDCF Loan) မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနဲ့ ပြည်တွင်းလိုအပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းနဲ့ဆောင်ရွက်ဖို့ လွှတ်တော်က သဘောတူပေးခဲ့တာဖြစ်တဲ့အပြင် စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းကုန်ကျမယ်လို့လည်း ခန့်မှန်းထားကြတဲ့စီမံကိန်းကြီးပါ။ ဒါပေမဲ့လည်း နောက်ဆုံးထွက်ရှိလာတဲ့ သတင်းတွေအရတော့ ဒီတံတားကြီးတည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေချိန်မှာမှ မြန်မာ့ဆိပ်ကမ်း (MPI) ဘက်က သင်္ဘောကြီးတွေဆိုက်ကပ်ဖို့အတွက် အခက်အခဲရှိလာနိုင်တဲ့အတွက် နေရာရွှေ့ပြောင်းပေးဖို့ စာပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအပေါ် ဒလမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးတင် (ခ) ဦးမြသိန်းက “အခုမှ သူတို့က ဒီဟာလေးကို နေရာပြောင်းချင်ပြောင်း၊ မပြောင်းရင် ဥမင်လိုဏ်ခေါင်းလုပ်ဆိုပြီး ပြောပါတယ်၊ မနေ့ကလည်း နယ်သာလန်က လာရှင်းသွားပါတယ်၊ ဒီလိုလုပ်ဖို့ဆိုရင် လေ့လာဆန်းစစ်မှုတွေလုပ်တာက အနည်းဆုံး သုံးလေးနှစ်ကြာမယ်၊ တံတားနဲ့ဆိုရင် အနည်းဆုံး ခုနစ်နှစ်၊ ရှစ်နှစ်ကြာမယ်လို့ ပညာရှင်တွေက ပြောသွားတယ်၊ ဒီမှာက အားလုံးလုပ်ပြီးသွားပြီ၊ EIA/SIA အကြိမ်ကြိမ်လုပ်ပြီးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဖြစ်စေချင်တာကတော့ ဆုံးဖြတ်ပြီးတဲ့အတိုင်းလုပ်ပါ၊ လျော်ကြေးငွေတွေလည်း သုံးဘီလီယံလောက် ပေးပြီးပြီဖြစ်တဲ့အတွက် ဒါကိုတော့ မပြောင်းသင့်တော့ဘူး၊ ဖျက်သင့်တာတွေလည်း လုပ်ပြီးပြီ၊ အသစ်ဆောက်မယ့်ဟာတွေလည်း အကုန်လုပ်ပြီးပြီ၊ အားလုံးလည်း ရွှေ့ပြောင်းဖျက်ပြီးသွားပြီ၊ အခုမှ ဥမင်လိုဏ်ခေါင်းလုပ်ဖို့ ချပြတာကတော့ ကျွန်တော်တို့မြို့နယ်က သဘောမကျဘူး၊ အပေါ်က ညွှန်ကြားတဲ့အတိုင်းပဲ ၂၀၁၈ ခုနှစ် တစ်လပိုင်းမှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်”လို့ သူက ဆိုခဲ့ပေမယ့်လည်း အခုဆို ငါးလလောက်ထပ်ကြာသွားခဲ့ပြန်တာ တွေ့ရပါတယ်။

ဒီအတွက် နောက်ဆုံးမှာတော့ ဒလဘက်ကပြည်သူတွေက အပေါ်ကလို ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ကြရတဲ့အထိဖြစ်လာပြီး ယခုနောက်ဆုံးရရှိသတင်းတွေအရတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးဘဏ္ဍာရေး၊ စီမံကိန်းနဲ့စီးပွားရေးကော်မတီက မြန်မာ့ဆိပ်ကမ်းနဲ့တွေ့ဆုံကာ ညှိနှိုင်းမှုတွေ ပြုလုပ်မယ်ဆိုတာလည်း ကြားမိသလို ဒီအပေါ် မူလက ပြည်သူ့လွှတ်တော်မှာ မေးခွန်းတင်မေးထားတဲ့ ဒလမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးအနေနဲ့လည်း ဒီအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနကို လွှတ်တော်အတွင်းမှာ အရင်တစ်ခါလို မေးခွန်းမေးဖို့ ၎င်းကစီစဉ်ထားတဲ့အပေါ် ဝန်ကြီးဌာန တာဝန်ရှိသူကတော့ ဒီတံတားစီမံကိန်းကို မူလစီစဉ်ထားတဲ့အတိုင်း လူထုဆန္ဒနဲ့အညီ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ သဘောတူညှိနှိုင်းထားပြီးဖြစ်ကြောင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ဆောင်ရွက်ဖွယ်ရာကိစ္စတွေ ပြီးစီးပြီဆိုရင်တော့ မင်္ဂလာသတင်းကို တရားဝင်ကြားရတော့မှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးက ပြောခဲ့တယ်လို့ ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးရဲ့ Fb စာမျက်နှာမှာ တင်ပြထားခဲ့တာကိုလည်း နောက်ဆုံးတွေ့ရပါတယ်။

ဒီအတွက် အထက်ကဆိုခဲ့သမျှ အနှစ်ကောက်ကြည့်တဲ့အခါ ဒလပြည်သူတွေ မျှော်တော်ဇောနဲ့မောနေရပြီး လိပ်ခဲတည်းလည်းဖြစ်နေရတဲ့ ဒီကိုရီးယား-မြန်မာ ချစ်ကြည်ရေးဒလတံတားစီမံကိန်းဟာ မကြာမီမှာ အထက်က နောက်ဆုံးရရှိထားတဲ့သတင်းလိုများ အမှန်တကယ်ပေါ်လာပါ့မလား၊ ပြည်သူတွေအနေနဲ့ အိပ်မက်အနေနဲ့ပဲ ဆက်မက်ပြီး စိတ်ကူးနဲ့ပုံဖော်ထားတဲ့ ဒီတံတားကြီးအပေါ်ကပဲ အခါခါ ဖြတ်လျှောက်နေကြမလားဆိုတာ စောင့်ကြည့်ကြရတော့မယ့်အပြင် ဒီတံတားကြီးနဲ့ တစ်ဆက်တည်းကျစွာ ရန်ကုန်ဘက်အခြမ်းမှာ နောင်ပေါ်ပေါက်လာမယ်ဆိုတဲ့ မိုးပျံအမြန်လမ်းကြီးအတွက်ပါ ဒလဘက်ကသူတွေအနေနဲ့ ပေါင်းစပ်ပြီး အမှန်သာဖြစ်ခဲ့ပြီဆိုရင်တော့ ဒလကနေ ရန်ကုန်လေဆိပ်နဲ့ မန္တလေးဘက်ကိုထွက်တဲ့ အမြန်လမ်းဆီကို နာရီဝက်လောက်အတွင်း လေဟုန်စီးသလို ခရီးနှင်သွားနိုင်တော့မှာမို့ စိတ်ရှည်လက်ရှည်နဲ့သာ ဆက်လက်စောင့်မျှော်ရင်း မက်နေကျအိပ်မက်ရှည်ကိုသာ ဆက်မက်ကြပါဦးလို့သာ။

အောင်ဇေယျ