News

POST TYPE

PERSPECTIVE

တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်သည့် အကျဉ်းကျကျောင်းသားများ လွတ်ငြိမ်းခွင့်ရရန် မျှော်လင့်
19-Jun-2018


ရန်ကုန်၊ ဇွန် ၁၉

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော အကျဉ်းကျကျောင်းသားများက နိုင်ငံတော်မှလွတ်ငြိမ်းခွင့်ပေးရန်မျှော်လင့်နေကြောင်း အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဦးက ပြောကြားသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ယနေ့ (ဇွန် ၁၉ ရက်)မွန်းလွဲပိုင်းကကျင်းပသည့် တက္ကသိုလ်ဝင်တန်းအောင် အကျဉ်းကျောင်းသား ၁၉ ဦးနှင့် စာပေသင်ကြားပေးခဲ့ကြသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မနှစ်က နိုင်ငံတော်က ဂုဏ်ထူးနဲ့အောင်တဲ့ ထူးချွန်ကျောင်းသားတွေကို အားပေးတဲ့အနေနဲ့ ချီးမြှောက်ပေးတာလေ။ ဒီနှစ်ကလည်း မျှော်လင့်တာပေါ့။ ဒါပေမယ့် နိုင်ငံတော်အဆင့်ဖြစ်တော့ ပြောလို့တော့ အခြေအနေ မပေးဘူး။ အောင်ချက်စာရင်းတော့ တင်ပြထားတယ်”ဟု ၎င်းကဆိုသည်။

၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် အကျဉ်းဦးစီးဌာနမှ စာစစ်ဌာန ၈ ခုဖွင့်၍ ဆယ်တန်းဖြေဆိုသူ အကျဉ်းသား/ အကျဉ်းသူ ၉၃ ဦး၊ အချုပ်သား ၁၁ ဦး ဝင်ရောက် ဖြေဆိုခဲ့ရာမှ ၄၇ ဦး အောင်မြင်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနစာရင်းအရ သိရသည်။

“အမေဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလို့ သားလေးအတွက် ဝမ်းသာနေတယ်။ ရန်ကုန်နိုင်ငံခြားဘာသာသင် တက္ကသိုလ်ကို တက်ချင်တယ် ပြောတယ်။ အမှတ်ကလည်း ၄၅၀ ကျော် ရထားတယ်။ ဖြစ်နိုင်ရင်တော့ အန်တီ သားလေးကို ဒီနေ့ ပြန်ခေါ်သွားချင်တာ”ဟု အင်းစိန်ထောင်မှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်သူ အကျဉ်းကျကျောင်းသား ကိုဉာဏ်လင်းမောင်၏ မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းက ပြောကြားသည်။

ယခုနှစ်အတွက် အင်းစိန်အကျဉ်းထောင် စာစစ်ဌာနမှ ဖြေဆိုသူ အကျဉ်းကျ ကျောင်းသား ၂၃ ဦး၊ အကျဉ်းသူတစ်ဦးနှင့် အချုပ်သားတစ်ဦး အပါအဝင် စုစုပေါင်း ၃၄ ဦးဖြေဆိုခဲ့ရာမှ ၁၉ ဦး အောင်မြင်ခဲ့သည်။

အဆိုပါ အောင်မြင်သူများအနက် သုံးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် လေးဦးအထိ ပါဝင်ခဲ့ပြီး အောင်ချက် ၅၆ ရာခိုင်နှုန်းနီးပါးရှိကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်ထံမှ သိရသည်။ 

ယခင်နှစ်ပညာသင်နှစ်ကလည်း အင်းစိန်အကျဉ်းထောင် စာစစ်ဌာနမှ ဖြေဆိုခဲ့သော အကျဉ်းသားများအနက် ဂုဏ်ထူးတစ်ဘာသာရရှိသော အကျဉ်းကျကျောင်းသား ကိုရဲထွဋ်အောင်မှာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်ခဲ့ဖူးသည်။

J-17