News

POST TYPE

PERSPECTIVE

မူးယစ်ဆေးဝါး ပြည်ပပို့ကုန်အထိ ဖြစ်လာနေပြီလား
13-Jun-2018 tagged as



ပြီးခဲ့တဲ့ မေလအတွင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၈၇၀ မှုရှိခဲ့ပြီး ကျူးလွန်သူ ၁၂၃၁ ဦးကို အရေးယူနိုင်ခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ဇွန်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယခုဇွန်လအတွင်းမှာလည်း နေ့စဉ်ဆိုသလို မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုသတင်းတွေ ကြားသိနေရသလို ကြားသိရတဲ့သတင်းတွေအရဆိုရင် ဒီမူးယစ်ဆေးဝါးတွေကို ပြည်တွင်းမှာသာ သယ်ယူဖြန့်ဖြူးရောင်းချနေရုံ မဟုတ်တော့ဘဲ ပြည်ပနိုင်ငံများအထိပါ ပို့ကုန်တစ်ခုသဖွယ် တင်ပို့နေကြတာကိုလည်း မြင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ မူးယစ်မှောင်ခိုဂိုဏ်းတွေကထုတ်လုပ်တဲ့ မက်သာဖက်တမင်း မူးယစ်ဆေးဝါးတွေဟာ နယူးဇီလန်ရဲ့ လမ်းကြားတွေအထိ အရောင်းအဝယ်ဖြစ်နေတယ်လို့ နယူးဇီလန် မူးယစ်ဆေးဝါးတိုက်ဖျက်မှုပညာရှင် တွေကပြောခဲ့တဲ့ သတင်းတစ်ခုကို ဖတ်ခဲ့ရသလို မေလ၂၈ ရက်နေ့ကလည်း မလေးရှားမှာ မြန်မာပြည်မှလာတဲ့သင်္ဘောထဲမှာ ကွန်တိန်နာထဲ ထည့်ပြီး ပို့ဆောင်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မက်သာ ဖက်တမင်း စိတ်ကြွမူးယစ်ဆေး အလေးချိန် ၁ ဒသမ၂ တန်လောက်ကို မလေးရှားအကောက်ခွန်က စံချိန်တင်ဖမ်းဆီးရမိခဲ့ပါတယ်ဆိုတဲ့ သတင်းလည်း ကြားခဲ့ရပါတယ်။ ဒီမူးယစ်ဆေးဝါးတွေကိုပို့တဲ့ မြန်မာနိုင်ငံက အဓိကတရားခံကိုလည်း လွန်ခဲ့တဲ့ရက်က မြန်မာနိုင်ငံရဲက မိထားပြီးပြီဆို တဲ့သတင်းတွေလည်း ဖတ်ရပြီးဖြစ်မယ်ထင်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံကနေ သူတို့နိုင်ငံမှာ ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသားနှစ်ဦးပါဝင်မှုအပေါ် စစ်ဆေးချက်တွေအရ မြန်မာပြည်မြောက်ပိုင်း ရှမ်းပြည်နယ်ထဲမှာ ရာဘဆေးပြားချက်ပြီး ထုတ်လုပ်တဲ့စခန်း ၃၇ ခုရဲ့တည်နေရာတွေနဲ့ သယ်ယူဖြန့်ဖြူးတဲ့လမ်းကြောင်းတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီသတင်းနဲ့ တစ်ဆက်တည်းလိုလိုမှာပဲ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် ဖမ်မြို့နယ် မဲယင်ခရိုင် ရဲစစ်ဆေးရေးဂိတ်မှာ ဇွန်လ ၂ ရက်နေ့မှာ ရာဘစိတ်ကြွဆေးပြားပေါင်း ၁၄,၉၃၆,၀၀၀ တွေကို အစိမ်းရောင်အိတ် ၇၅ ထုပ်နဲ့ ထုပ်ထားပြီး သယ်ဆောင်လာစဉ် ဖမ်းမိခဲ့ပါတယ်။ ဒီအပေါ် စစ်ဆေးချက်အရ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးစက်ရုံကြီး ၃၇ ရုံကနေ တစ်နေ့ သန်းရာနဲ့ချီထွက်တဲ့ ရာဘစိတ်ကြွဆေးတွေကို ထိုင်း-မြန်မာနယ် ခြားဒေသတွေမှာ မူးယစ်နှိမ်နင်းရေးတွေ တိုးမြှင့်လုပ်ဆောင်လာနေတာကြောင့် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသတွေဆီ အလုံးအရင်းသယ်ဆောင်ပြောင်းရွှေ့လာနေကြစဉ် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လည်း တွေ့ခဲ့ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း မူးယစ်ဆေးဝါးမက်သာဖက်တမင်းဆေးပြား ၂၉၅ သန်းခန့်ပြုလုပ်နိုင်တဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် ၁၅ တန်ခန့်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ပို့ဆောင်ရန် သယ်ယူလာစဉ် ဖမ်းဆီးရမိခဲ့တာကိုလည်း ဖတ်ခဲ့ရပါသေးတယ်။

ဒီနေရာမှာ ထူးခြားမှုတွေရှိတာကတော့ မူးယစ်ဆေးဝါးများဖမ်းဆီး ရမိမှုများလာတာနဲ့အမျှ ဖမ်းဆီးရမိမှုပမာဏကလည်း များပြားသထက် များပြားလာနေတာ တွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့ရက်ကလည်း မန္တလေးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး ဖြန့်ဖြူးနေကြတဲ့နေရာကို ဝင်ဖမ်းဆီးတဲ့သတင်းတွေ၊ နောက် မူးယစ်ဆေးဝါးတွေရောင်းဝယ်နေတဲ့နေရာကို ပြည်သူလူထုက သတင်းပေးလို့ သွားရောက်ရှာဖွေစဉ်မှာ ဖမ်းမမိတော့တဲ့သတင်းတွေလည်း ဖတ်ခဲ့ကြရမယ်ထင်ပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုအတော်များများကို လေ့လာကြည့်ကြတဲ့အခါ ယခင်ကာလများဆီက မကြားဖူး မတွေ့ဖူးတဲ့ပုံစံတွေနဲ့ ရူးရူးမိုက်မိုက် ကျူးလွန်ကြတဲ့ပုံစံမျိုးတွေ တွေ့နေကြရခြင်းရဲ့ အဓိကလက်သည်တရားခံက ဘယ်သူလဲဆိုတာကိုလည်း ဆက်စပ်စဉ်းစားကြည့်ရင် အဖြေထွက်နိုင်မယ်ထင်ပါတယ်။

အခုလက်ရှိအနေအထားမှာတော့ အထက်မှာဖော်ပြခဲ့တဲ့ဖြစ်စဉ်တွေအရ အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါးအထွက်ရှိဆုံးနိုင်ငံနဲ့ အဓိက ဖြန့်ဖြူးတဲ့တရားခံနိုင်ငံအဖြစ် စာရင်းသွတ်သွင်းခြင်းခံနေရပြီဆိုတာ အားလုံးလက်ခံကြရမယ့်အခြေအနေပါ။ မိမိတို့နိုင်ငံအနေနဲ့ အာဆီယံဒေသတွင်းမှာလည်း မူးယစ်ဆေးဝါးတိုက်ဖျက်မှုဆိုင်ရာ အချက်အလက်ရှာဖွေရေးကော်မတီ (AIFOCOM) အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ထားပြီး နှစ်စဉ်ပြုလုပ်နေကြအစည်းအဝေးတွေမှာ မိမိတို့အနေနဲ့ ဘယ်လိုမျက်နှာနဲ့များ တက်ရောက်ဆွေးနွေး ပြောကြားတင်ပြကြရမလဲဆိုတာလည်း တွေးကြည့်ရင် ရင်ပူစရာဖြစ်နေကြရပါပြီ။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီ (Central Committee for Drug Abuse and Control/ CCDAC) အနေနဲ့လည်း ဒီအပေါ် အထူးအာရုံစိုက်သင့်ပါပြီ။

အခုဆိုရင် ဒီမူးယစ်ဆေးဝါးပြဿနာကို အပ်နဲ့ထွင်းရမယ့်အခြေအနေမျိုးကနေ ပုဆိန်နဲ့ထွင်းမှရကြတော့မယ့် အနေအထားမျိုးကို ကျွန်တော်တို့နိုင်ငံက အစိုးရအနေနဲ့ရော ပြည်သူတွေအနေနဲ့ပါ လူငယ်တွေအားလုံး အနေနဲ့လည်း ဒီလိုအဖြစ်မျိုးကို လိုချင်ကြသလား၊ အဖြစ်ခံမလားဆိုတာကို ယနေ့အချိန်အခါမှာ နှိုင်းဆတွေးယူလို့ သင်ခန်းစာယူပြီး ရပ်ချိန်တန်ရပ်၊ တားချိန်တန်တားပြီး ဒီမူးယစ်ဆေးအန္တရာယ်ကို အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ လုပ်ဆောင်ကြဖို့ အချိန်တန်နေပါပြီ။ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ယခင့်ယခင်အစိုးရတွေက လုပ်ခဲ့ဖူးတဲ့စစ်ဆင်ရေးအကြောင်းတွေလည်း ဖတ်ခဲ့မှတ်ခဲ့ကြဖူးမယ်ထင်ပါတယ်။

ယနေ့အချိန်ကာလမှာ ကြားသိနေကြရတဲ့ ဒီမူးယစ်ဆေးတွေရဲ့ သတင်းတွေအကြားမှာ နိုင်ငံအတွင်းက မိဘတွေ၊ သားရှင်သမီးရှင်တွေဟာ သူတို့ရဲ့ကလေးတွေ အနာဂတ်အတွက် ဘယ်လိုစိတ်အေးနိုင်ကြတော့မလဲ။ အစိုးရသစ်ရဲ့ ပြောင်းလဲချိန်တန်ပြီလို့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အနာဂတ်ကောင်းတစ်ခုကိုပိုင်ဆိုင်ကြဖို့ ဝိုင်းဝန်းပုံဖော်နေကြတဲ့နေရာမှာ ဒီမူးယစ်ဆေးဝါးကိစ္စကြီးဟာ အနာဂတ်ကလေးတွေအတွက် ကြီးမားတဲ့ အန္တရာယ်ကြီးဖြစ်လာနေတာပါ။ အစိုးရအဆက်ဆက် ဒီမူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းတွေ အသီးသီးလုပ်နေခဲ့ကြသလို အဖွဲ့တွေဖွဲ့၊ သင်တန်းတွေပို့ချ၊ ဖမ်းဆီးထောင်ချခဲ့ကြတာတွေ အများကြီးရှိခဲ့ပေမယ့်လည်း ဘာကြောင့် ယနေ့ထိ အမြစ်မပြတ်ဘဲ တိုးသထက်တိုးလို့ ဆိုးသထက်ဆိုးနေကြရတာလဲ ဆိုတဲ့မေးခွန်းတစ်ရပ်လည်း အမှန်ထွက်ပေါ်လာနေပါပြီ။

နယ်စပ်ကနေ ဂိတ်တွေအလီလီဖြတ်ပြီး ရန်ကုန်လို၊ မန္တလေးလို ပြည်မအတွင်းကမြို့ကြီးတွေနဲ့ အခြားမြန်မာပြည်အလယ်ပိုင်းက မြို့ငယ်တွေ၊ အခုဆို ကျေးရွာလိုနေရာမျိုးကိုတောင် ဝင်ရောက်အခြေချပြီး တစ်ပါးနိုင်ငံတွေအထိကို ပို့ကုန်တစ်ရပ်အသွင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်နေရာ ယူလာပြီဆိုရင် နိုင်ငံတစ်နံတစ်လျားက နယ်မြို့တွေမှာလည်း ဘယ်လောက်အထိ ပျံ့နှံ့စိမ့်ဝင်ပျံ့နှံ့နေပြီလဲ။ လူငယ်တွေ၊ လူကြီးတွေ၊ မိန်းမပျိုတွေ ဘယ်လောက်အသုံးပြုနေကြပြီဆိုတာလည်း မစဉ်းစားတတ်အောင်ပါပဲ။ အမှန်တော့ ဒီမူးယစ်ဆေးဆိုတာ အသံတိတ်လူသတ်သမားဖြစ်ပြီး တစ်မျိုးသားလုံးလူညွန့်တုံးစေတယ်ဆိုတာ အားလုံးလည်းသိပြီးသားတွေ ဖြစ်နေတာတောင် ဒီနေ့အချိန်အထိ ဘာဖြစ်လို့ အမျိုးသားရေးရန်သူအဖြစ် စစ်ဆင်ရေးတစ်ရပ်သဖွယ် အမြစ်ပြတ်အောင်မကိုင်တွယ် မဆောင်ရွက်နိုင်ကြသေးတာလဲဆိုတာလည်း မတွေးတောတတ်အောင် ဖြစ်ခဲ့ရပါတယ်။

အခုရက်ပိုင်းအတွင်းမှာကို ဖမ်းဆီးရမိတာတွေ ခပ်စိပ်စိပ်တွေ့နေရတဲ့အခါ ယခင့်ယခင်ကတည်းက ဆိုင်ရာဌာနတွေက အသေအချာတာဆီးကာကွယ်ခဲ့ရင် ဒီလိုဖမ်းမိတာတွေ၊ သုံးစွဲကြတာတွေ ဖြစ်ပေါ်ဖော်ပြလာနိုင်စရာမရှိပါဘူးလို့လည်း တွေးမိကြမှာပါ။ ဒီမူးယစ်ဆေးတွေဆိုတာ အခုရေတွင်းတူး အခုရေကြည်သောက်ဆိုသလို အားချင်းထလုပ်ယူလို့ရတဲ့ အရာမဟုတ်မှန်း လူတိုင်းသိကြပါတယ်။ ဘိန်းပင်တွေ၊ ဆေးခြောက်ပင်တွေကို တစ်ရာသီတော့ အနည်းဆုံး အချိန်ယူစိုက်ပျိုးရပါတယ်။ နောက် ခူးဆွတ်လို့ အဆီထုတ်ပြီးမှ ဓာတုဆေးတွေနဲ့ပေါင်းစပ်ပြီး စက်တွေနဲ့ချက်ကြ၊ ထုတ်လုပ်ကြတာပါ။ ဒါနဲ့မပြီးသေးပါဘူး။ ပြီးတဲ့အခါ အရောင်းအဝယ်တွေလုပ်ကြ၊ သယ်ဆောင်ကြလုပ်ကြတဲ့အခါ ကားလမ်း၊ ရထားလမ်းကနေ ပြည်တွင်းကမြို့တွေကို ပုံစံအမျိုးမျိုးနဲ့ခိုးဝှက်သယ်ယူတင်သွင်းနေကြတာပါ။ ဒီလိုခိုးဝှက်သယ်ဆောင်နေကြတာတွေကို စစ်ဆေးနိုင်မယ့် ခေတ်မီ ICT စက်ပစ္စည်းကိရိယာတွေလည်း ပေါများလာနေတဲ့ကာလပါ။

ဒီမူးယစ်ဆေးဝါးတွေအတွက် ထုတ်လုပ်တာ၊ သယ်ဆောင်တာ၊ ဖြန့်ဖြူးသုံးစွဲတာတွေ စတဲ့အလုပ်တွေဟာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အခြားတစ်ဖက်ကလည်း ဒီလိုမလွယ်ကူတဲ့အလုပ်ကို ဒီနေ့အချိန်အခါမှာ လွယ်လွယ်ကူကူဖြစ်နေတာကိုက မှားနေတာပါလို့ ပြောလို့ရနိုင်ပါတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ မသမာသူတွေရဲ့ ဝိသမလောဘ စီးပွားရှာသူတွေရဲ့ စနက်အတွင်း ကျွန်တော်တို့လူငယ်တွေ သက်ဆင်းကျရောက်နေကြရပါပြီ။ တစ်မျိုးသားလုံး အန္တရာယ်ကြီး ဖြစ်နေပါပြီ။ အနာဂတ်နိုင်ငံတော်အတွက် ရင်လေးစရာဖြစ်လာနေပါပြီ။ ယခင်ရက်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြတဲ့ ထောင်အတွင်းက လူငယ်တွေရဲ့စာရင်းကိုကြည့်တဲ့အခါ မူးယစ်ဆေးဝါးသုံးစွဲလို့ အပြစ်ခံနေကြရတဲ့ လူငယ်စာတော်သူလေးတွေပါနေတာကိုလည်း ရင်နာဖွယ်ရာ မြင်ခဲ့ရပါသေးတယ်။

အမှန်ဆိုရင် ယနေ့အချိန်မှာ အခြားမှောင်ခိုပစ္စည်းတွေ အကောက်ခွန်မဲ့ကား၊ ဆိုင်ကယ်တွေ၊ စားသောက်ကုန်တွေကိုတော့ လှည့်လည်စစ်ဆေးရေးလှုပ်ရှားအဖွဲ့တွေနဲ့ ကာကွယ်တားဆီး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြသလို အဲ့ဒီလိုကုန်ပစ္စည်းတွေထက် အဆတစ်ရာအန္တရာယ်ကြီးတဲ့ တစ်မျိုးသားလုံး လူညွန့်တုံးစေတဲ့ မူးယစ်ထုံထိုင်းဆေးကိုတော့ ဘာလို့များ ဒီလိုအခြေအနေထိရောက်အောင် မကာကွယ်မတားဆီး မထိန်းချုပ်ကြဘူးသလဲဆိုတဲ့အဖြေကိုလည်း အစိုးရတာဝန်ရှိသူတွေ၊ တားဆီးကာကွယ်ပေးကြရမယ့်ဌာနတွေက အဖြေပေးကြရတော့မှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်တင်ပြရရင်တော့ ဒီမူးယစ်ဆေးတွေဟာ ဘယ်သူတွေနဲ့ပတ်သက်နေတယ်၊ ဘာကြောင့် တွင်တွင်ကျယ်ကျယ်ဖမ်းဆီးတားမြစ်ဖို့ မလုပ်တာလဲ၊ ဘယ်သူတွေက ဘယ်သူ့မျက်နှာတွေကို ထောက်နေရတယ်၊ ဘယ်အဖွဲ့တွေက ဘယ်လိုလိုင်းကြေးတွေ၊ ထောက်ပံ့ကြေးတွေယူပြီး မသိချင်ယောင်ဆောင်နေကြတယ်၊ ဘယ်တာဝန်ရှိတဲ့အဖွဲ့တွေက အဂတိတရားလိုက်စားပြီး ကိုယ့်တစ်မျိုးသားလုံးကို လူညွန့်တုံးအောင် လုပ်နေကြတယ်ဆိုတာကို ပြည်သူတွေအနေနဲ့လည်း တဖြည်းဖြည်း တစ်စတစ်စ သိသိလာနေကြပါပြီ။ ဒီတော့ အနှစ်ချုပ်ကြည့်တဲ့အခါ ဒီလို မကင်းရာမကင်းကြောင်းဆိုတာတွေ၊ အပေးအယူကိစ္စတွေ၊ သက်သာချောင်ချိရေးတွေ၊ လစာနဲ့မလုံလောက်တာတွေ စတဲ့ အကြောင်းပြမှုမျိုးစုံကို အသားထား ဘေးဖယ်ပြီး ပြည်သူ့မျက်နှာကိုသာ ကြည့်တတ်တဲ့၊ လူငယ်တွေရဲ့ရှေးအနာဂတ်ကိုသာ ဦးစားပေးစဉ်းစားပေးတဲ့ တာဝန်ရှိသူနိုင်ငံ့ ဝန်ထမ်းတွေကိုသာ ပြည်သူတွေက အားကိုးမျှော်လင့်လာနေကြပါပြီ။ ဒီလိုအကျင့်သီလနဲ့ပြည့်စုံပြီး ပြည်သူ့အကျိုးကိုသာကြည့်တတ်တဲ့နိုင်ငံ့ ဝန်ထမ်းတွေ ပေါများလှမှသာ တစ်မျိုးသားလုံးလူညွန့်တုံးစေမယ့် မူးယစ်ဆေးအန္တရာယ်ကြီး လုံးဝပပျောက်သွားမှာ အမှန်ပင်ဖြစ်ပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားတင်ပြလိုက်ရပါတယ်။

သန်းဖြိုးနိုင်

  • TAGS