News

POST TYPE

PERSPECTIVE

အထွေထွေယိုယွင်းလာသော လူ့အဖွဲ့အစည်း၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်
13-Jun-2018



ဇွန်လ ၂ ရက်နေ့တွင် ၁၀ တန်း စာမေးပွဲအောင်စာရင်းများ ထွက်ခဲ့ပါသည်။ တစ်နိုင်ငံလုံး အမှတ်အများဆုံးရသူကိုလည်း ဂုဏ်ပြုကြ၊ အင်တာဗျူးတွေလုပ်ကြတာ တွေ့ရပါသည်။ ထိုရက်မတိုင်မီမှာပင် တက္ကသိုလ် ၁၁ ခု ခန့်က ဝင်ခွင့်ကို ကိုယ့်ဘာသာကိုယ် စစ်ဆေးမည်။ အင်တာဗျူးတော့ပါမည်။ သို့သော် ၁၀ တန်းအမှတ်ကို အခြေခံမည်ဟု ဆိုလာပြန်ပါသည်။

စာရေးသူမှာ တော်လှန်ရေးကောင်စီတက်ပြီးနောက် စနစ်သစ်ပညာရေးဆိုသည်နှင့် ဒွန်တွဲ၍ ကြီးပြင်းခဲ့ရပါသည်။ စာရေးသူ၏အစ်ကိုအကြီးဆုံးမှာ စာရေးသူထက် ၁၅ နှစ် ပိုကြီးပါသည်။ ဇူလိုင် ၇ ရက် အရေးတော်ပုံကာလတွင် ရန်ကုန်တက္ကသိုလ်ကျောင်းဆောင်တစ်ခု၏ သဟာယနှင့် စာဖတ်အသင်းအတွင်းရေးမှူးလည်း ဖြစ်ပါသည်။ အစ်ကိုကြီးမှာ စာတော်သူဖြစ်ပါသည်။ Scholarship စကော်လာရှစ်ခေါ် ပညာသင်ဆုရရှိသလို အားကစားအပါအဝင် ဘက်စုံထူးချွန်ပါသည်။ ညီငယ်များအားလည်း ဗဟုသုတနှင့်အတူ စာပေကိုမြတ်နိုးသော အမွေများပေးခဲ့ပါသည်။ ဇူလိုင် ၇ အရေးတော်ပုံ ဖြစ်သွားခြင်းကြောင့် အစ်ကိုကြီးမှာ B.Sc (Engineering) ကို မတက်ရတော့ပါ။ ဥပစာတန်းမှထွက်ခဲ့ကာ နောင်မှသာ လုပ်သားကောလိပ်မှ ဘွဲ့ရရှိခဲ့ပါသည်။ ထိုခေတ်က ဥပစာတန်းခေါ် ဒုတိယနှစ်အောင်ပြီးမှသာ ဆေးကျောင်း၊ အင်ဂျင်နီယာကျောင်း စသဖြင့် ခွဲခဲ့သည်ကို သိရှိရပါသည်။

သေချာသည်မှာ ထိုခေတ်ကပုဂ္ဂိုလ်များမှာ အများအားဖြင့် ဘက်စုံထူးချွန်သည်ကို တွေ့ရသည်။ ကစားချိန်တွင်ကစားသည်။ အပြင်စာများလည်း ဖတ်ကြသည်။ လူမှုရေးလုပ်ငန်းများမှာလည်း ပါဝင်ကြသည်။

ယနေ့ခေတ်တွင် ပညာရေးကို အလွန်ကြိုးစားကြသည်။ ငယ်စဉ်က တစ်နိုင်ငံလုံး One to Ten ဆိုသည်မှာ မကြားဖူးခဲ့။ ယခုတော့ ပေါ်လာကြသည်။ ကြိုးစားမှုကိုတော့ အသိအမှတ်ပြုရမည်။ တစ်ဆက်တည်းတွင် လူငယ်များ၏စိတ်ဓာတ်မဏ္ဍိုင်များ ကျဆင်းလာသည်။ အားကစားစံများကလည်း ကျဆင်းလာသည်။ ယဉ်ကျေးမှုလျော့ပါးသည်။ လည်ရင်လည်သလိုစားမည်။ ငွေရရင်ပြီးရောဆိုသော စိတ်ဓာတ်များပြန့်ပွားလာသည်။ 

စာရေးသူအနေနှင့် Time၊ Newsweek မဂ္ဂဇင်းများကို ဖတ်ရှုခဲ့သည်မှာ သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်း၏ တပည့်အဖြစ် ၁၉၇၉-၁၉၈၀ ခုနှစ် မဟာဝိဇ္ဇာ (သုတေသနထုံး) တက်ဆဲကာလမှ ယခုအထိဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတစ်ခုလုံး အခြေခံပညာ အထက်တန်းစာမေးပွဲတွင် One to Ten မည်သူရသည်ဟု တစ်ခါမျှ မဖတ်ခဲ့ဖူးပါ။ ရှိမည်ဟုလည်းမထင်ပါ။ ပညာရေးစနစ်ချင်း တူမည်မဟုတ်ပါ။ ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက် ဘန်ကောက်ရှိ ကုလသမဂ္ဂ၏ အာရှနှင့်ပစိဖိတ် စီးပွားရေးကော်မရှင် (UNESCAP) ဆိုသည့် ရုံးကြီးမှ အကြီးအကဲဖြစ်သူ Noleen Heyzar ဆိုသည့်အမျိုးသမီးကြီးတစ်ဦး ရှိပါသည်။ ကုလသမဂ္ဂ၏ လေးဦးသော လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်ထဲမှ တစ်ဦးဖြစ်ပါသည်။ စာရေးသူနှင့် ရင်းနှီးခဲ့ပါသည်။ ယနေ့မြန်မာပြည်၏ ဒုက္ခ၊ သုက္ခအဝဝမှာ မြန်မာတို့၏ ပညာရေးစနစ်တွင် ဘာသာရပ်တတ်မြောက်မှုကိုသာ အလေးထားပြီး လူကြီးလူကောင်းတစ်ဦး၏ ပြုမူ ပြောဆိုနေထိုင်ရမည့် အကျင့်အမူအရာ၊ စိတ်ဓာတ်  (Ethics, Attiquettes) စသည်တို့ကို ချောင်ထိုးထားမှုမှ ဆင်းသက်လာကြောင်း ဆွေးနွေးခဲ့ဖူးပါသည်။

ထိုနည်းတူစွာပင် ယနေ့အခြေခံပညာအထက်တန်းစာမေးပွဲကို ထားရှိသည့် လူထု၏သဘောထား တက္ကသိုလ်ဝင်ခွင့်စနစ်တို့မှာလည်း တိုင်းပြည်၏ လူမှုရေးအခြေနေတစ်ခုခုကို ဖန်တီးပေးလျက်ရှိပါသည်။ သို့ပါ၍ အခြေခံပညာနှင့် အဆင့်မြင့်ပညာဆိုသည်ကို အဓိပ္ပာယ်ဖော်ထုတ်ရန် လိုအပ်လာပါသည်။ အခြေခံပညာဆိုသည်မှာ စာရေးသူ၏နားလည်မှုအရ လူသားတစ်ဦးအနေနှင့် လူ့လောကကြီးတွင် ရပ်တည်နိုင်ရန်အတွက် မဖြစ်မနေသိသင့်သောအသိပညာ၊ အတတ်ပညာများဖြစ်ပါသည်။ အခြေခံပညာ ရူပဗေဒသင်ရိုးတွင် အာခိမိဓိ၏ တွေ့ရှိချက်သည်လည်းကောင်း၊ လျှပ်စစ်အလင်း စသည်တို့သည်လည်းကောင်း၊ လောကတွင် နေ့စဉ်ရင်ဆိုင်ရသည့်ဘာသာရပ်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံသားတစ်ဦးအနေနှင့် မြန်မာ့သမိုင်း၊ ဆက်စပ်သည့်ကမ္ဘာ့သမိုင်း၊ ပတ်ဝန်းကျင် ရေ၊ မြေ၊ ရာသီဥတု သုံးသပ်သည့် ပထဝီဘာသာရပ်၊ အခြေခံစာရင်းကိုင် စသည်အားလုံးမှာ လိုအပ်ချက်ဖြစ်ပါသည်။ အားလုံးလိုအပ်ချက်ဖြစ်၍ ဘာသာရပ်တစ်ခုစီအလိုက် ဖော်ပြခြင်းမပြုပါ။ အခြေခံပညာအောင်မြင်သည်ဆိုရာဝယ် မိမိယူထားသော ဘာသာတွဲအလိုက် အောင်မြင်သည်ဆိုလျှင် လောကတွင် ရှင်သန်နိုင်ရန် အခြေခံအရည်အချင်းနှင့် ပြည့်စုံခြင်းဟုဆိုရပါမည်။ အဆင့်မြင့်ပညာဆိုသည်ကား ပညာရပ်တစ်ခုတွင် ထိုးထွင်း၍နားလည်မှုပြုရန် အသုံးချနိုင်ရန် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရှင်သန်နိုင်ရန်အတွက် အခြေခံပညာတွင် အောင်မြင်ရုံအဆင့်ဖြင့် လုံလောက်ပြီဖြစ်ပါသည်။ အဆင့်မြင့်ပညာတွင်မူ ရွေးချယ်သောဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိရန် လိုလာပါသည်။ မြန်မာပြည်တွင် အဆင့်မြင့်ပညာ တက္ကသိုလ်ကောင်းရရှိရန်အတွက် ၎င်းတက္ကသိုလ်နှင့်မဆိုင်သော အခြေခံပညာဘာသာရပ်အားလုံးတွင် အမှတ်အလွန်ကောင်းရန် လိုအပ်နေပါသည်။ ဥပမာအားဖြင့် ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိရန် အနည်းဆုံးဘာသာရပ် ၅ ခုခန့်တွင် အမှတ်ပြည့်နီးနီး ဂုဏ်ထူးရရှိရန် လိုအပ်နေပါသည်။ ဂုဏ်ထူးမထွက်သောကျန်ဘာသာ ရပ်တစ်ခုတွင်လည်း ဂုဏ်ထူးမှတ်နီးနီး ရရှိရန်လိုအပ်ပါသည်။ ဆိုလိုသည်မှာ ဆေးတက္ကသိုလ်နှင့်မဆိုင်သော မြန်မာစာ၊ သင်္ချာ၊ ရူပဗေဒစသည်တို့တွင်ပါ ဂုဏ်ထူးထွက်ရန် ကျောင်းသားအနေနှင့် ကြိုးစားရပေမည်။ ဆရာဝန်ဖြစ်ပြီးသွားသော် မြန်မာစာဂုဏ်ထူးထွက်ခဲ့သော ဆရာဝန်မှာ စာရေးဆရာမလုပ်ပါက ဂုဏ်ထူးထွက်ရန်ကြိုးစားခဲ့သမျှ အလဟဿဖြစ်ခဲ့ရပါသည်။ ထိုကဲ့သို့ ကြိုးစားမှုများ အဟောသိကံ (အလကားလေလွင့်ခြင်း) ဖြစ်မှုများမှာ ဘာသာရပ် အနည်းဆုံး ၃ ခုစာခန့်ရှိပါသည်။ ယခုခေတ်တွင် ထိုထိုသောအဟောသိကံ ကြိုးစားမှုများအတွက် ပေးရမည့် လုပ်အားကို အားကစား၊ ရသစာပေဖတ်ရှုခြင်း၊ အများတကာနှင့် အကျိုးပြုလုပ်ငန်းများတွင် လုပ်ဆောင်ခြင်း စသည့် ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးချခဲ့ပါက လူမှုရေးတွင် အလွန်နားလည်သော လူ့ယဉ်ကျေးများဖြစ်လာမည်။ ဘာသာရေးအဆုံးအမခံယူသော လူငယ်များဖြစ်လာမည်။ တိုင်းပြည်တွင် စာအုပ်စာပေဖတ်ရှုခြင်းဓလေ့ ထွန်းကား ပြီး တိုင်းပြည်အတွက် လူ့အဖွဲ့အစည်းအတွက် အာဇာနည်များပေါ်ပေါက်လာမည်။ မြန်မာ့အားကစားလည်း ကမ္ဘာသို့လွှမ်းလာမည်။ 

အမေရိကန်နိုင်ငံသို့ ကျွန်တော်မရောက်ဖူးပါ။ သို့သော်သားငယ်အား မက်ဆာချူးဆက်တက္ကသိုလ် (University of Massachusette) တွင် ဘွဲ့ရသည်အထိ ပညာသင်စေခဲ့ပါသည်။ အမေရိကန်တက္ကသိုလ်များတွင် ဝင်ခွင့်အတွက် တက္ကသိုလ်မှ ထပ်မံစစ်ဆေးသည်။ ကျောင်းသားလိုချင်သည့်ဘာသာရပ်များနှင့် ပတ်သက်သော ဘာသာရပ်များကိုသာ စစ်သည်။ အမေရိကန်အထက်တန်းကျောင်းများတွင် အပျိုပေါက်၊ လူပျိုပေါက် ကျောင်းသားကျောင်းသူများမှာ နည်းမျိုးစုံဖြင့် ပျော်ရွှင်နေကြသည်။ အားကစားလှုပ်ရှားမှုများတွင် ပါဝင်နေကြသည်။ အမေရိကန်ကျောင်းသားများ အခြေခံပညာအဆင့်တွင် အလွန်ကြိုးစားကြောင်းမတွေ့ရ ဝါသနာပါသူအချို့ကတော့ ကြိုးစားကောင်းကြိုးစားကြပေမည်။ တက္ကသိုလ်ရောက်သောအခါ ၎င်းတို့ ရည်မှန်းထားသော အသက်မွေးဝမ်းကျောင်းဘာသာကို အလွန်ကြိုးစားကြသည်။ ပညာရှင်ချင်းယှဉ်မည်ဆိုလျှင် ယေဘုယျအားဖြင့် မြန်မာတို့မှာ အမေရိကန်တို့ကိုမယှဉ်နိုင်ကြောင်း ရိုးသားစွာဝန်ခံရမည်ဖြစ်ပါသည်။ ယခုအခြေခံပညာအထက်တန်းစာမေးပွဲနှင့် ထိုစာမေးပွဲရမှတ်ကိုမူတည်၍ တက္ကသိုလ်ဝင်စေသည်ကား အနာဂတ်ခေါင်းဆောင်များဖြစ်သော လူငယ်များကို ညံ့သွားစေသည်။ လူမှုရေး၊ နိုင်ငံရေး စသည့်ကဏ္ဍအသီးသီးတွင် အထွေထွေကျဆင်းမှုဆိုနိုင်သည်။ အထူးသဖြင့် အားကစားတွင် ကျဆင်းမှုအညွှန်းကိန်းမှာ သိသာလှသည်။ မြန်မာစာပေရေးရာတွင်လည်း ထိုနည်း၎င်းပင်၊ စီးပွားရေးပိုင်းကတော့ သက်ဆိုင်မှုမရှိပါ။ ထိန်းကျောင်းသူမိဘနှင့် စီးပွားရေးလုပ်လိုသူ လူငယ်များ၏ဆန္ဒအပေါ်တွင်သာ မူတည်နေခဲ့ပါသည်။ အမေရိကန်တို့မှာ အခြေခံပညာအဆင့်တွင် မြန်မာတို့ကဲ့သို့ ဘက်စုံထူးချွန်ရန် မကြိုးစားတစ်နိုင်ငံလုံးအဆင့် One to Ten ရရန်လည်းမရှိ ဝါသနာပါရာဘာသာတွင်သာ ကြိုးစားကြသည်။ နောက်ဆုံးထွန်းပေါက်သည့်အခါ ၎င်းတို့ကသာ ထွန်းပေါက်ကြသည်။ မြန်မာလူငယ်တို့က ပိန်လှီ၍ မိန်းမလျာအသွင်ပေါက်နေချိန် အမေရိကန်လူငယ်များက ကိုယ်ကာယကစားကြသည်။ မြန်မာရုပ်ရှင်မင်းသားများနှင့် အမေရိကန်ရုပ်ရှင်မင်းသား နှိုင်းယှဉ်စေလိုပါသည်။

အကျိုးတရားရှိလျှင် အကြောင်းတရားရှိပါသည်။ ထိုအချက်ကားဆိုင်ရာတက္ကသိုလ်များအနေနှင့် တာဝန်ယူ တာဝန်ခံ၍ ဆိုင်ရာဘာသာရပ်ကို မစစ်ဆေးဘဲ အခြေခံပညာအောင်မှတ်ကိုမူတည်၍ ဝင်ခွင့်ကို ယခုအထိ ဆုံးဖြတ်နေခြင်းကြောင့် ဖြစ်ပါသည်။ တော်လှန်ရေးကောင်စီကာလမတိုင်မီ မူလတက္ကသိုလ်ဥပစာတန်းမှစ၍ အသက်မွေးဝမ်းကျောင်းဘာသာရပ်ခွဲသည့်စနစ်တွင် သက်ဆိုင်ရာကျောင်းမှ စစ်ဆေးခဲ့သည်။ ဥပမာအားဖြင့် (ရန်ကုန်တက္ကသိုလ် ဆေးကောလိပ်ကျောင်း၊ ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာ ကောလိပ်၊ မဟာဌာနကြီးများစသည်) ကျောင်းသားလည်းသက်သာစေလို သက်ဆိုင်ရာတက္ကသိုလ်လည်း သက်သာစေလိုပါက ၁၀ တန်း အောင်မှတ်တွင် သက်ဆိုင်သောဘာသာရပ်၏ အမှတ်ကိုသာ ကြည့်ရန်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် Biology, Chemistry, English ရမှတ်များကိုသာ ကြည့်သင့်ပါသည်။ ကျန်ဘာသာ ရပ်များကို ထည့်သွင်းစဉ်းစားခြင်းမပြုရန် ဖြစ်ပါသည်။ စက်မှုတက္ကသိုလ်အတွက် သင်္ချာ၊ ရူပ၊ ဓာတုတို့ကိုသာ ကြည့်ရပါမည်။ အမှတ်မမီသော်လည်း ဆရာဝန်၊ အင်ဂျင်နီယာ၊ ဥပဒေပညာရှင်စသည် ဖြစ်လိုသူတိုင်းအတွက် Second Chance ကို ယခုနှစ်တွင် လူဦးရေကျော်လွန်သွားပါက နောင်နှစ်တွင် သီးခြားဝင်ခွင့်စာမေးပွဲဖြင့် စစ်ဆေးကာ ဝင်ခွင့်ပေးရပါမည်။ ဤသို့ဆိုလျှင် ဆရာဝန်ဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်လုပ်ကာ စီးပွားရှာသူများအရေ အတွက်လျော့နည်းသွားပါလိမ့်မည်။ စာရေးသူတင်ပြသည့်အတိုင်းစနစ် ပြောင်းပါက ရရှိလာသောအကျိုးကျေးဇူးများမှာ ကျူရှင်လျော့နည်းသွားပြီး ထိုအချိန်များမှ လူငယ်များ၏ကုန်ထုတ်စွမ်းအားသည်လည်းကောင်း၊ ရသစာပေဖတ်ရှုခြင်းမှ နိုင်ငံသားကောင်းအဖြစ်သို့လည်းကောင်း၊ စာပေဖတ်ရှုခြင်းဓလေ့သည်လည်းကောင်း၊ အားကစားကဏ္ဍသည်လည်းကောင်း အလိုအလျောက် တိုးတက်လာပါလိမ့်မည်။ ဤသို့ဆိုပါလျှင် တိုင်းပြည်၏အထွေထွေကဏ္ဍအားလုံး ယခုထက်ပိုမို၍ တိုးတက်လာမည်မှာ သေချာပါသည်။ ဆက်စပ်၍တင်ပြရမည်ဆိုသော် ထိုကျောင်းသားအားလုံးအား တက္ကသိုလ်များသို့ချည်း တက်ရောက်စေသည်မှာ မှန်ကန်သောနည်းလမ်းမဟုတ်ပါ။ ကျောင်းသားများအတွက် လုပ်ငန်းခွင်ပညာသင်ကျောင်းများ (Vocal Training School) များလည်း ရှိရမည်ဖြစ်ပါသည်။ ထိုကျောင်းများမှာ စင်ကာပူအခေါ် (Poly Technics) ကျောင်းများဖြစ်ပါသည်။ ထိုကျောင်းများရှိပါက ကျောင်းသားအားလုံး မိမိတို့၏ ဝါသနာ၊ ဘဝအတွက်လိုအပ်ချက်၊ မိဘများ၏ ထောက်ပံ့မှုအလိုက် ရွေးချင်ရာကို ရွေးနိုင်ရမည်ဖြစ်ပါသည်။ ယခုကဲ့သို့တင်ပြခဲ့သည့်အတွက် သဘာဝသိပ္ပံဘာသာရပ်များ (Natural Science) ဖြစ်သည့် ရူပ၊ ဓာတု၊ ရုက္ခ၊ ဇီဝနှင့် လူမှုရေးသိပ္ပံ (Social Science) ဖြစ်သည့် သမိုင်း၊ ပထဝီ၊ ဘောဂဗေဒစသည်တို့လည်းကောင်း၊ သင်္ချာနှင့် ယဉ်ကျေးမှုဘာသာရပ် များဖြစ်သည့် မြန်မာစာ၊ ပါဠိ စသည်တို့အတွက် အရေးမပါဟုဆိုလိုခြင်း မဟုတ်ပါ။ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်တွင် သင်ကြားရသည့်အခါ စိတ်ဝင်စားစွာဖြင့် ကြိုးစားမှုသည်သာ ထူးချွန်မှုအတွက် အဓိကဖြစ်ပါသည်။ ထိုဘာသာရပ်များသည် အသက်မွေးဝမ်းကျောင်းဘာသာရပ် (Professional Subjects) များမဟုတ်သော်လည်း သုတေသနနှင့် စူးစမ်းလေ့လာမှုအတွက် အဓိကဘာသာရပ်များဖြစ်ပါသည်။ ဥပမာအားဖြင့် သမိုင်းသည် လူမှုရေးသိပ္ပံဆိုပါက အသုံးချသမိုင်းသည် နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များဖြစ်ပါသည်။ သင်္ချာပညာနှင့် ရူပဗေဒထူးချွန်ပညာရှင်များမရှိဘဲ အမေရိကန်အာကာသ စူးစမ်းလေ့လာမှုမှာ ဖြစ်မြောက်လာမည် မဟုတ်ပေ။ အာကာသယာဉ်တစ်စီး ကမ္ဘာ့လေထုသို့ ဘေးမသီရန်မခ မီးလောင်မှုမရှိဘဲ ဝင်ရောက်ရန်လိုအပ်သည့် ဒီဂရီထောင့်ချိုးအား သင်္ချာပညာရှင်မှ တာဝန်ယူတွက်ချက်ပေးရပါသည်။ သင်္ချာပညာရှင် လူမည်းအမျိုးသမီးတစ်ယောက်အကြောင်း အမေရိကန် ပထမဆုံးသော အာကာသယာဉ်မှူး ဂျွန်ဂလင်းအကြောင်း ပါဝင်သည့် ရုပ်ရှင်ကားတစ်ကားတွင် ကြည့်ရှုခဲ့ရပါသည်။ အမေရိကန်တွင် သမ္မတအများစုမှာ ဥပဒေပညာရှင်များ ဖြစ်ပါသည်။ ကမ္ဘာကြီးအားမပြိုကွဲစေရန် ထိန်းကျောင်းခဲ့သူများမှာ ဟင်နရီကစ်ဆင်းဂျားကဲ့သို့ သမိုင်းနှင့် နိုင်ငံရေးသိပ္ပံပညာရှင်များ ဖြစ်ပါသည်။ 

သို့ပါ၍ သဘာဝနှင့်လူမှုသိပ္ပံဘာသာရပ်များဖွံ့ဖြိုးစေရန်အတွက် အစိုးရတွင် တာဝန်ရှိပါသည်။ နိုင်ငံ၏အခြေခံပညာကဏ္ဍတွင် တာဝန်ယူရမည့် ဆရာ၊ ဆရာမများကို ဝိဇ္ဇာသိပ္ပံဘာသာရပ်သင် တက္ကသိုလ်များမှ မွေးထုတ်ပေးရန် တာဝန်ရှိပါသည်။ စာရေးသူကိုယ်တိုင်ပင် ဘဝ၏ကြမ်းတမ်းခဲ့မှုအရ ၁၀ တန်းတွင် ၃၁၆ မှတ်ဖြင့် အောင်ခဲ့သူဖြစ်ပါသည်။ ယနေ့ မဟာဘွဲ့ ၂ ခုနှင့် ပါရဂူဘွဲ့ကြီးအား အဆင့်တန်းမြင့်စွာဖြင့် ကျမ်းပြု၍ ရရှိကာ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခု၏ အကြီးအကဲညွှန်ချုပ်အဖြစ် ၁၃ နှစ်ကြာ တာဝန်ယူခဲ့ရပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအရာ ထမ်းများအတွက် သမိုင်းစသည့် လူမှုရေးသိပ္ပံထူးချွန်သူများကို ရွေးချယ်ခေါ်ယူရန် မူဝါဒချမှတ်ထားလျှင် (သမိုင်း) ပျောက်မှာ စိုးကြောက်စရာ မလိုတော့ပါ။ ယခုသော် ဆွီဒင်ဘုရင်၏ သမိုင်းဆိုင်ရာပညာသင်ဆု (ဖဒိုဒေးဗစ်ထော Scholarship) မှာလည်း မည်ကဲ့သို့အခြေနေရှိမှန်းမသိတော့။ သို့ပါ၍ အသက်မွေးပညာသင်ကောလိပ်များ တိုးချဲ့ဖွင့်ပြီး သဘာဝသိပ္ပံနှင့် လူမှုသိပ္ပံဘွဲ့ရများအတွက် လူ့စွမ်းအားအရင်းအမြစ်မူဝါဒချမှတ်ထားလျှင် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မည်ဟု စာရေးသူ ယုံကြည်ပါသည်။ ပထမအဆင့်အားဖြင့်မူ တက္ကသိုလ်ဝင်တန်းမှ အမှတ်အားလုံးကို အခြေခံ၍ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ရွေးချယ်ပေးပြီး ကျန်ဝိဇ္ဇာ သိပ္ပံဘာသာရပ်များအတွက် မူဝါဒမရှိသည့်အခြေအနေကို ပြောင်းလဲပေးရမည် ဖြစ်ပါသည်။ ၂၀၁၆ တွင် အစိုးရသစ်အနေနှင့် စနစ်ကောင်းသို့ ကူးပြောင်းလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ယခု ၂၀၁၈ ခုနှစ်အထိ တက္ကသိုလ် ၁၁ ခုခန့်ကသာ မိမိဘာသာ (ယခင်စနစ်ဟောင်းဖြစ်သော ၁၀ တန်းအမှတ်ကို) အခြေခံ၍ ရွေးချယ်မည်ဟု ပြောဆိုဆဲအပေါ် စိတ်ပျက် အားငယ်မိပါသည်။ နောင်နှစ်တွင်တော့ လုံးလုံးပြောင်းလဲသွားရန် မျှော်လင့်ပါသည်။ 

ဒေါက်တာအောင်မျိုး