News

POST TYPE

PERSPECTIVE

လူမှုကွန်ရက်တွင် ကောလာဟလသတင်းဖြန့်သူ သတင်းထောက်ကို ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်
13-Jun-2018

စစ်တွေ၊ ဇွန် ၁၂ 

မောင်တောမြို့၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားသည်ဟု ကောလာဟလသတင်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖြန့်ဝေခဲ့သော အလွတ်တန်းသတင်းထောက် ကိုမြတ်သူထွန်း (ခ)ဖိုးသီဟကို ဇွန်လ ၁၂ ရက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ (က) ဖြင့် အမှုဖွင့်လိုက်ကြောင်း မြောက်ဦးမြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်သူရက ပြောကြားသည်။

အဆိုပါ အမှုဖွင့်ခံရသူကို လတ်တလောတွင် အာမခံပေးထားကာ စစ်ဆေးနေပြီး မမှန်သတင်းဖြန့်ဝေသဖြင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇွန်လ ၁၀ ရက် ညပိုင်းက မြတ်သူထွန်းအကောင့်ဖြင့် မောင်တော အင်းဒင်စခန်းကို အကြမ်းဖက်သမားများလာရောက် ပစ်ခတ်၍ အနည်းဆုံး ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံးဟူ၍လည်းကောင်း၊ ယင်းနောက် အင်းဒင်စခန်း အပါအဝင် စခန်းအချို့ကို အကြမ်းဖက်သမားများ လာရောက်ပစ်ခတ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးသည်ဟု ရေးသားခဲ့ပြီး မျှဝေသူများပြားခဲ့သည်။ 

ယင်းသို့ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် “ရည်းစားနဲ့ ရန်ဖြစ်လို့ တင်ချင်တာတင်တယ်၊ အကောင့်ဖျက်တော့မှာမို့ အမှတ်တရပေါ့”ဟု ထပ်မံ၍ ရေးသားခဲ့ပြီး လက်ရှိအကောင့်မှာ ဖျက်သိမ်းထားသည်။

အဆိုပါ ရေးသားမှုနှင့်ပတ်သက်၍ အလွတ်တန်းသတင်းထောက် ကိုမြတ်သူထွန်းက “ကျွန်တော်ရေးတင်တာ မဟုတ်ဘူး၊ အဲဒီနေ့က လိုင်းလုံးဝသုံးလို့မရဖြစ်နေတာ။ အကောင့်လည်း သုံးလို့မရလိုက်ဘူး။ ကျွန်တော်ရဲ့ အဆက်ဆက်မှာ မဟုတ်မမှန်သတင်းရေးတာ တစ်ခါမှမရှိဘူး။ သတင်းထောက်လုပ်ငန်းကို ဖျက်ချင်လို့ အခုလိုလုပ်တဲ့ ပုံစံမျိုး၊ ကျွန်တော့်ဘက်ကတော့ ဥပဒေအတိုင်း ရဲရဲရင်ဆိုင်သွားမယ်”ဟု ပြောဆိုသည်။

အလွတ်တန်းသတင်းထောက် မြတ်သူထွန်းမှာ ယခင်က ပုဂ္ဂလိကသတင်းစာနှင့် ရုပ်သံမီဒီယာတွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ ၎င်းကို စွဲဆိုထားသော ဆက်သွယ်ရေးပုဒ်မမှာ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးချမှတ်ရန် ယင်းဥပဒေတွင် ဖော်ပြထားသည်။ 

လက်ရှိတွင် မြတ်သူထွန်း၏ အိမ်ကိုရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေပြီး ဆင်းမ်ကတ်နှစ်ကတ်၊ ဖုန်းတစ်လုံးကို သိမ်းဆည်းသွားကြောင်း ၎င်းထံမှသိရသည်။ 

R-22

  • VIA