News

POST TYPE

PERSPECTIVE

မျက်နှာပူပူနဲ့ပဲ
11-Jun-2018



ကျောင်းနေတုန်းက အရွယ်လေးကို ပြန်သတိရမိတယ်။ ဆရာမက စာကျက်ခဲ့ဖို့ဖြစ်ဖြစ်၊ စာတွက်ခဲ့ဖို့ဖြစ်ဖြစ် အိမ်စာလေးတွေ ပေးလိုက်လေ့ရှိတယ်။ အစကတော့ ပုံမှန်ကျက်တာပေါ့။ ပုံမှန်တွက်ခဲ့တာပေါ့။ တစ်နေ့စာတစ်နေ့ ပုံမှန်ရအောင် ကြည့်ဖို့တို့၊ ဒီနေ့ကြည့်ရမယ့်စာကို မနက်ဖြန်အထိရွှေ့လို့မရဘူးတို့ ဆရာ၊ ဆရာမတွေကလည်း မှာလိုက်တယ်။ လိုက်လည်း လိုက်နာခဲ့တယ်ပေါ့လေ။ ဆရာမက အိမ်စာတွေပေး။ အိမ်ကျတော့ ပြန်ကြည့်။ စာတွေရ။ စာတွေရတော့ နောက်တစ်နေ့ စာအပြန်ခိုင်းတဲ့အချိန်ကျရင် ကိုယ့်အလှည့်မရောက်မချင်းကို စိတ်တွေက လှုပ်ရှားနေရတာ။ စာတွေပြန်ချင်လှပြီ။ အထစ်အငေါ့မရှိ ဒိုးခနဲဒေါက်ခနဲ ပြန်ဆိုပြနိုင်တယ်ဆိုတာကို ပြချင်လှပြီ။ စာပြန်နိုင်လို့ တော်တယ်ဆိုတဲ့စကားလေးများ ကြားလိုက်ရရင် အဲ့ဒီနေ့ တစ်နေ့လုံးကို မြောက်ကြွမြောက်ကြွဖြစ်လို့။

ဒါပေမဲ့ အဲ့ဒီလိုဖြစ်နေတာကလည်း ကိုယ်ပိုင်တဲ့ဘာသာကျမှ ကွက်ပြီးဖြစ်တတ်တဲ့သဘောထင်ပါရဲ့။ မြန်မာစာလိုမျိုး ကိုယ်စိတ်ဝင်စားတဲ့ဟာကျတော့ အိမ်စာဆိုတာထက် ပိုပြီးတော့တောင်မှ ဖတ်ဖြစ်မှတ်ဖြစ် လေ့လာဖြစ်နေတယ်။ ကျောင်းမှာသင်တဲ့ဟာထက် ရှေ့ကိုကျော်ပြီး ဖတ်ပြီးသားဖြစ်ဖြစ်နေတယ်။ သင်္ချာလိုဟာမျိုး၊ ရူပဗေဒလိုဟာမျိုးကျတော့ စိတ်က သိပ်မပါတော့ဘူး။ စာသင်ချိန်လည်း စိတ်မပါ၊ ကိုယ်နားမလည်တာကို ဆရာ့ဆီပြန်မေးဖို့လည်း မဝံ့မရဲ၊ နားလည်တဲ့သူငယ်ချင်းတွေဆီ ချဉ်းကပ်ပြီး မေးရမြန်းရကောင်းမှန်းမသိလေတော့ ဒီစာတွေကို တဖြည်းဖြည်းစိတ်ကုန်လာတယ်။ ပစ်ထားလိုက်ချင်စိတ်တွေ ပေါက်လာတယ်။ နားမလည်ဘူးလေ။ ရှေ့ကဆရာက ဒေါက်ဒေါက်ဒေါက်ဒေါက်နဲ့ တွက်ချက်ပြတယ်။ တွက်ရင်းနဲ့လည်း “ဒီနေရာမှာ ဘယ်ပုံသေနည်းသုံးရမလဲ”လို့ ဆရာက မေးလိုက်တာနဲ့ ဘယ်ပုံသေနည်း၊ ဘယ်အီကွေးရှင်း၊ ဘယ်သူ့သီအိုရီဆိုတာတွေကို သိတဲ့သူတွေက သူ့ထက်ငါ အလုအယက် အော်ဟစ်ပြီး ကောက်ကာငင်ကာဖြေကြတယ်။ မှန်လည်းမှန်ကြတယ်။ ကိုယ်ကတော့ ပါးစပ်အဟောင်းသားနဲ့ပေါ့။ 

အဲ့သလို ပါးစပ်အဟောင်းသားနဲ့ ငေးငေးငိုင်ငိုင်နေခဲ့ရာက အိမ်စာတွေဘာတွေလည်းပေးလိုက်ရော တွက်တတ်ဖို့ဆိုတာ ဝေးရော့။ ကြည့်ရင်းကြည့်ရင်းနဲ့ကို ချာချာလည်ပြီး နားမလည်ဘဲ မျက်စိတွေလည်ကုန်တယ်။ ဦးနှောက်တွေ ခြောက်ကုန်တယ်။ ခေါင်းကုတ်လိုက်၊ မျက်စိပွတ်လိုက်နဲ့ ရှေ့စာမျက်နှာလှန်၊ နောက်စာမျက်နှာလှန်နဲ့ ဘယ်ဟာကအရင်ချရေးပြီး ဘယ်လိုအဖြေထုတ်ရမှန်း မသိတော့ဘူး။ ပြောရရင်တော့ ဘာမှကို မလုပ်တတ်တော့ဘူး ဆိုပါတော့။

ကိုယ့်ဘာသာမတွက်တတ်တော့ အကြံတွေအိုက်ကုန်တယ်။ စိတ်ပျက်လက်ပျက်နဲ့ အိပ်ပျော်သွားပြီးတော့ မနက်လင်းလာရင် ကျောင်းစောစောသွားနိုင်ဖို့ ကြိုးစားရတယ်။ စက်ဘီးလေးနဲ့ ကျောင်းကိုအပြေးကလေး နှင်ပြီးတော့ စာသင်ခန်းထဲကို စောစောရောက်အောင် သွားရတယ်။ ကိုယ်ရောက်တာနဲ့ ရှေ့က ဘယ်သူတွေရောက်နေနှင့်ပြီလဲ၊ နောက်ထပ် ဘယ်သူတွေ ရောက်လာကြသလဲဆိုတာတွေကို စပ်စုတယ်။ ပြီးရင် သူတို့ဆီမှာ မနေ့ကပေးလိုက်တဲ့ အိမ်စာတွက်ခဲ့ပြီးသား အဆင်သင့်ပါမပါ စုံစမ်းတယ်။ မျက်နှာချိုသွေးပြီးတော့ စာအုပ်ငှားရတယ်။ ပြီးရင် ကူးချလိုက်တာပေါ့လေ။

ဆရာက အိမ်စာစစ်ပြီဆိုရင် ကူးချထားတဲ့စာအုပ်လေးကို သွားထပ်လိုက်တယ်။ အမှန်ခြစ်လေးရတယ်။ တစ်ခါတစ်ခါ အမှန်ခြစ်လေးနဲ့အတူ “တော်” ဆိုတဲ့ ဆရာ့လက်ရေးလေးရတယ်။ ဆရာကသာ “တော်” ဆိုတဲ့ မှတ်ချက်လေး ရေးပေးလိုက်တာ။ ကိုယ့်မှာဖြင့် မျက်နှာပူလိုက်ရတာ။

အိမ်စာကိုကူးချလို့ရပေမယ့် စာသင်ခန်းထဲမှာပဲ ချက်ချင်းတွက်ခိုင်းတဲ့ဟာမျိုးကျတော့ ကိုယ့်ရဲ့ဇာတိရုပ်က ဘူးပေါ်သလိုပေါ်လာရော။ စဉ်းစားနေတာလိုလို၊ အကြံထုတ်နေတာလိုလိုနဲ့ ဟန်တွေပန်တွေခင်းပြီးတော့ ခဲတံလေးကိုကိုက်လိုက်၊ ဖောင်တိန်လေးကို ဖွင့်လိုက်ပိတ်လိုက်နဲ့ ဟိုစမ်းစမ်းဒီစမ်း စမ်းလုပ်နေရင်းနဲ့ ဘေးကသူငယ်ချင်း ဘာတွေရေးသလဲဆိုတာလေး ခိုးကြည့်ရတယ်။ သူက အီကွေးရှင်းတစ်ကြောင်းချရေးပြီ။ ကိုယ်လည်း လိုက်ရေးပြီ။ ဟာ၊ မဟုတ်ဘူး၊ ဒီနေရာ ဒါရေးရမှာမဟုတ်ဘူးဟ ဆိုပြီး အလောတကြီးဖျက်လိုက်ပြန်တော့ ကိုယ်လည်း လိုက်ပြီးဖျက်ရ ပြန်ပြီ။ သူထပ်ရေးပြီ။ ကိုယ်လည်း သူ့လိုရေးရပြန်ပြီ။ ရေးလို့သာရေးနေ ရတာ။ တစ်ခါတစ်ခါ သူဘာတွေရေးနေမှန်းမသိဘူး။ 

“တွက်ပြီးတဲ့သူလာပြ”လို့ ဆရာကအော်လိုက်ရင် အပြေးအလွှားသွားပြရတယ်။ ကိုယ့်သူငယ်ချင်းနဲ့ ကိုယ့်ရဲ့ စာအုပ်လေးနှစ်အုပ်ကိုယှဉ်ကြည့်ရင်းနဲ့ ပြင်ရာဖျက်ရာကအစတူနေတာကိုမြင်ပြီးတော့ ဆရာကပြုံးတယ်။ သူပြုံးပုံကြီးကဖြင့် ဘယ်လိုအဓိပ္ပာယ်ကိုရောက်သွားလေးသလဲ မသိဘူး။ တော်သေးတာပေါ့။ ဆရာက ဘာမှတော့မပြောဘူး။ ပြုံးဖြဲဖြဲ ပြောင်ချော်ချော်ကြီးလုပ်ပြီး ကိုယ့်မျက်နှာကို တည့်တည့်စိုက်ကြည့်နေတယ်။ သူက ဘာမှမပြောပေမယ့် ကိုယ့်မှာတော့ မျက်နှာတွေပူလိုက်ရတာ။ မျက်နှာပူရပုံများတော့ ဆရာ့ရှေ့မှာတင် အငွေ့ပျံပြီး ကွယ်ပျောက်သွားလိုက်ချင်တော့တာပဲ။

အိမ်စာအတွက်ပုစ္ဆာကို ကျောင်းစောစောလာပြီး ကူးချလို့ရတယ်ထားဦး။ ဘေးကသူငယ်ချင်းဆီကို မျက်လုံးကလေးဝေ့ဝေ့ပြီး ခိုးချလို့ရတယ်ပဲထားဦး။ ကျက်ရမှတ်ရမယ့်ဟာကိုကျတော့ ဘယ်သူ့ဆီကမှ ကူးလို့ခိုးလို့မရတော့ဘူး။ ထစ်အထစ်အနဲ့ တအမ်အမ်နဲ့ ခွေးအကြီးလှည်းနင်းသလို ဖြစ်ရပြီ။ တစ်လုံးမှားလိုက် ဆရာ့ကြိမ်ကလေးက ခေါင်းပေါ်ကို ဒေါက်ခနဲကျလာလိုက်၊ နောက်တစ်လုံးမှားလိုက် နောက်ထပ်ဒေါက်ခနဲ မြည်လိုက်နဲ့ စာပြန်ပွဲမဟာသဘင်ကြီးကို ဒေါက်သံတွေမစဲဘဲဆင်ယင် ကျင်းပရတာပေါ့လေ။ ရှက်ကလည်းရှက် မျက်နှာကလည်းပူဆိုတော့ မျက်နှာကို မထားတတ်တော့လောက်အောင်ပါပဲ။ 

နောက် ကျောင်းနေသက်တွေကြာလာလို့ ကျောင်းပါးလည်းဝလာရော စာမရတာကို သိပ်ပြီးမျက်နှာမပူတတ်တော့ဘူးဗျ။ ဘယ်လိုဖြစ်တယ်မသိဘူး။ စာမရလည်း အရိုက်ခံလိုက်ရုံပေါ့ကွာ၊ ဘာဖြစ်တာမှတ်လို့ဆိုတဲ့ အတွေးမျိုးက ဝင်ဝင်လာတယ်။ အဲ့ဒီအတွေးဝင်တာနဲ့ စပျက်တော့တာပါပဲ။ အဲ့ဒီဘာသာရပ်နဲ့ပတ်သက်ရင်ပေါ့။ ကိုယ်နိုင်တဲ့ဘာသာ၊ ကိုယ်စိတ်ပါဝင်စားတဲ့စာအုပ်ကိုချည်း ကောက်ကောက်လှန်ဖြစ်နေတော့တယ်။ ကိုယ်ညံ့တဲ့ဘာသာကို ကြောက်ကြောက်နဲ့ လှည့်မကြည့်ဖြစ်တော့ လူနဲ့ သတ္တဝါတစ်ကောင်ကောင် တောစပ်မြောင်ကြားမှာ ဘွားခနဲတွေ့ကြတဲ့ အခါ ကိုယ်ကလည်းသူ့လန့်၊ သူကလည်းကိုယ့်လန့်နဲ့ နှစ်ဦးသား နောက်ကြောင်းပြန် သုတ်ခြေတင်ပြီး ပြေးမိပြေးရာ တစ်ချိုးတည်းလစ်ကြသလို မျိုးဖြစ်မယ်ထင်ပါရဲ့။ ကိုယ်က အဲ့ဒီစာကိုစိတ်မဝင်စားသလို အဲ့ဒီစာကလည်း ကိုယ့်ကို စိတ်ကုန်သွားတယ်ထင်ပါရဲ့။ ဒီစာနဲ့ကိုယ့်ရဲ့ကြားမှာ မဟာသမုဒ္ဒရာကြီးခြားသွားသလိုမျိုး အလှမ်းဝေးသထက်ဝေးသွားတယ်။ ညံ့သထက်ညံ့ညံ့သွားတယ်။ 

ပြန်တွေးကြည့်လိုက်တော့ မျက်နှာမပူတတ်တော့တာကိုက ကိုယ့်ရဲ့ကျရှုံးခန်းကိုရောက်ဖို့ ဦးတည်လိုက်မိသလို ဖြစ်သွားလေသလားလို့ ပြန်မြင်ပါတယ်။ ဟုတ်လည်း ဟုတ်နိုင်ပါတယ်။ ရှက်ရမယ့်ဟာကိုမရှက်၊ မျက်နှာပူရမယ့်ဟာကိုမပူဘဲ ဖြစ်သွားတော့ ကိုယ်ညံ့တဲ့ဟာ ကိုယ်မပြင်နိုင်ဖြစ်ပြီးတော့ အဲ့ဒီနယ်ပယ်မှာ ဘာမှသုံးစားမရတော့တဲ့အဖြစ်မျိုးကို ရောက်သွားခဲ့တယ်လို့ သုံးသပ်မိလာတယ်။ တော်သေးတာပေါ့။ ကိုယ်ကြောက်တဲ့ ဘာသာရပ်လေးတွေကိုချည်း ကွက်ပြီးမျက်နှာပြောင်တိုက် ခဲ့မိလို့။ အားလုံးသာ အဲ့လိုလုပ်ခဲ့ရင် ဘာစာမေးပွဲမှတောင် အောင်ခဲ့မှာ မဟုတ်ဘူး။

ဘဝကိုပြန်တွေးကြည့်လိုက်တော့ မျက်နှာပူခဲ့ရတာတွေက တော်တော်ကိုများခဲ့ပါလားဆိုတာကို ပြန်တွေ့ရတယ်။ ကျောင်းသွားရင် စာကြိုးစားဖို့၊ လိမ်လိမ်မာမာနေဖို့၊ ရန်မဖြစ်ဖို့၊ တေလေတေလွင့်မလုပ်ဖို့ အိမ်က မိဘတွေက မှာလိုက်တယ်။ အလယ်တန်းကျောင်းသားဘဝမှာ နှစ်ရက်လား သုံးရက်လား ကျောင်းပြေးခဲ့ဖူးတယ်။ ကျောင်းဆိုပြီးတော့ အိမ်ကနေထွက်သွားလိုက်တယ်။ ကျောင်းသွားတယ်ဆိုပြီးတော့ တစ်နေ့လုံး ကန်ဘောင်ပေါ်မှာ အချိန်တွေကုန်ခဲ့တာ။ အဲ့ဒီလိုနဲ့ ညနေကျောင်းဆင်းချိန်ကျတော့ အိမ်ပြန်လာတယ်။ အိမ်ရောက်တော့ လွယ်အိတ်ကလေးကို တိုင်မှာချိတ်တယ်။ ကျောင်းဝတ်စုံလဲတယ်။ အိမ်ကလူကြီးတွေ ကိုယ့်ကိုကြည့်တော့ မျက်နှာပူလိုက်တာ။ သူတို့ကတော့ ဘာမှမသိဘူးပေါ့။ ကိုယ်ကျောင်းသွားခဲ့သလား၊ ကျောင်းပုန်းခဲ့သလားဆိုတာကို မသိလေဘူးပေါ့။ သူတို့မသိပေမယ့် ကိုယ်သိနေတယ်လေ။ ဒီတော့ မျက်နှာပူရပြန်ပြီပေါ့။ ကိုယ့်လိပ်ပြာကိုယ်မလုံဖြစ်ပြီး ရှက်နေရပြန်ပြီပေါ့။

ဘုန်းကြီးကျောင်းသားလုပ်ပြီးတော့ ကျောင်းမှာနေတယ်။ ကျောင်းမှာမပျော်တော့ စောင်လေး ခေါင်းအုံးလေးပိုက်ပြီး ဘုန်းကြီးမမြင်ခင် သုတ်ခြေတင်ပြီး အိမ်ကိုပြန်ပြေးခဲ့တယ်။ ဆွမ်းလောင်းပွဲရှိလို့ ဆရာတော် ဆွမ်းခံကြွတော့ မမြင်အောင်လို့ ပုန်းနေရတယ်။ မျက်နှာမပြရဲဘူး။ ကိုရင်ဝတ်ပြီး မြဲတော့မှာလိုလို ဘာလိုလိုပြောရင်းနဲ့ ဆရာတော် ဒေသစာရီ ကြွချီနေတုန်း ရှင်လိင်ပြန်ဖြစ်ခဲ့တယ်။ တော်တော်နဲ့မျက်နှာချင်းမဆိုင်ဝံ့ဘူး။ ဒီလိုပါပဲ။ မျက်နှာပူခဲ့ရတဲ့ အကြောင်းတွေကို ပြန်ပြောရရင်တော့ ကုန်နိုင်တော့မှာကို မဟုတ်ပါဘူး။

မျက်နှာပူရတဲ့အကြောင်းတွေကို ပြန်တွေးကြည့်လိုက်တော့ လုပ်ပါ့မယ်လို့ပြောထားတဲ့အလုပ်ကို မလုပ်ဖြစ်ခဲ့တာမျိုး၊ ထားခဲ့တဲ့ကတိကို မတည်ခဲ့မိတာမျိုး၊ ကျေရမယ့်တာဝန်ကို မကျေခဲ့မိတဲ့အဖြစ်မျိုးတွေနဲ့ ကြုံရတဲ့အခါတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ မြင်မိပါတယ်။ 

ငယ်တုန်းကတင် မျက်နှာပူရတာလား။ ဘယ်ဟုတ်လိမ့်မလဲ။ ကြီးလာတော့ ပိုများဆိုးလာလေသလားတောင် ထင်ရတယ်။ လုပ်ရမယ့်ဟာတွေကများ။ များပြီးရင်းများလာ။ အလုပ်တွေက တစ်ခုပြီးတစ်ခုတိုးရင်း တိုးရင်းနဲ့ ဒီရေအလား တိုးလို့သာလာနေတော့တယ်။ လျော့သွားတယ်လို့ ကမရှိဘူး။ ဒီအလုပ်တွေထဲမှာ တာဝန်ကျေနိုင်တာတွေရှိတယ်။ ကတိတည်နိုင်တာတွေရှိတယ်။ မကျေနိုင်သေးတဲ့တာဝန်တွေကလည်း တိုးလိုးတန်းလန်း တစ်ပိုင်းတစ်စကြီးတွေနဲ့ ကျန်နေသေးတယ်။ မပြီးသေးသောပန်းချီ ကားတွေက သိပ်ကိုများလှတယ်။

တာဝန်တွေ အလုပ်တွေထဲမှာမှ ဘယ်ဟာကိုရှေ့ကထားပြီး ဘယ်ဟာကိုနောက်ကထားရမလဲဆိုတဲ့ဟာက ဦးနှောက်ကို တော်တော်လေးရှုပ်ယှက်ခတ်သွားစေတယ်။ အရင်လုပ်ရမယ့်ဟာကို နောက်ကိုရွှေ့လိုက်မိတာနဲ့ ဘဝက ချာလပတ်လည်သွားတယ်။ ရှေ့နောက်ကလေးမှားစီမိတာနဲ့ ဘဝက စောက်ထိုးမိုးမျှော်ဖြစ်သွားတာမျိုးလည်း ရှိရဲ့။ တချို့ကိစ္စတွေကို မလုပ်ဖြစ်တာက သိပ်ပြီးမမှုလောက်ပေမယ့် တချို့ကိစ္စတွေကို မျက်ကွယ်ပြုခဲ့မိတဲ့အတွက်တော့ တော်တော်လေးကို စိတ်မကောင်းစရာတွေဖြစ်ရတယ်။ နောက်နှောင်း နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးဖြစ်ရပြန်တယ်။ 

ဒီလိုဖြစ်ရတာကလည်း သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့တဲ့အခါမျိုးမှာမှ ပိုပြီးတော့ဖြစ်လေ့ရှိတယ်။ အပြန်ကျရင် ခေါက်ဆွဲကြော်ဝယ်ခဲ့မယ်လို့ သားလေးကိုချော့မော့ထားခဲ့ပြီးခါမှ အိမ်ပြန်ရောက်တဲ့အခါ ဘာမှ ပါမလာတဲ့အခါမျိုး။ ကလေးက သူမှာတာကိုပြန်သတိရပြီး “ဖေဖေ၊ ခေါက်ဆွဲကြော်ပါသလား”လို့ မေးလိုက်တဲ့အခါ ကိုယ့်ကလေးကိုယ်တောင် ပြန်ပြီးမျက်နှာတွေပူနေရတယ်။ ကလေးကတော့ ဘာမှမသိဘူးပေါ့။ ဒါပေမဲ့ ကလေးကိုအာရုံလွှဲနေရင်းနဲ့ပဲ ကိုယ့်ဘာသာကိုယ်တွေးပြီး မျက်နှာတွေပူနေရတယ်။ ကလေးကိုပေးခဲ့တဲ့ ကတိလေးတောင်မှ မတည်ခဲ့ပါလားဆိုပြီးတော့။ တခြားကိစ္စတွေလည်းဒီလိုပဲလေ။ စာတမ်းလေးရေး အမြန်ရေးပါမယ်လို့ ကိုယ့်ဘာသာ ကတိပေးထားပြီးကာမှ နေ့ရွှေ့ရက်ရွှေ့လုပ်နေတာနဲ့ အခန်းတစ်ကနေ ဆက်မဆက်နိုင်တော့ ကြီးကြပ်တဲ့ဆရာဆီကို တောင် ဖုန်းမဆက်ရဲတော့ဘူး။ ဒီအစီရင်ခံစာကို ဒီနေ့အရောက်တင်ပြပါ့မယ်လို့ ကတိပေးပြီးကာမှ ဟိုဌာနကစာပြန်မတင်လို့၊ ဒီဌာနက ဘယ်အချက်အလက်တွေမပေးလို့၊ ဘယ်သူတွေက အလုပ်ကို ဖိဖိစီးစီးမလုပ်လို့ ဘာလို့ညာလို့နဲ့ အကြောင်းကြောင်းတွေကြောင့် အချိန်မီမတင်နိုင်တဲ့အခါမျိုးမှာ အပေါ်ရုံးကဖုန်းဆက်လာမှာကို လန့်လန့်နေရတယ်။ ဖုန်းမလာပါစေနဲ့လို့ ဆုတောင်းနေမိတယ်။

ကိုယ်လုပ်ထားတာ ဘာတစ်ခုမှမရှိတဲ့အခါပဲဖြစ်ဖြစ်၊ ကိုယ်လုပ်ထားတာက သိပ်ပြီးမဖြစ်မမြောက်ဖြစ်နေတဲ့အခါပဲဖြစ်ဖြစ် သက်ဆိုင်သူတွေကို ရဲရဲဝံ့ဝံ့ရင်မဆိုင်ရဲတော့ဘူး။ ထိပ်တိုက်ရင်မဆိုင်ရဲတော့တဲ့အခါကျတော့ ဘာတွေလုပ်သလဲ။ ရှောင်လွှဲဖို့ ကြိုးစားလာတယ်။ ပြဿနာကို ဖြေရှင်းဖို့မကြိုးစားဘဲနဲ့ ပြဿနာနဲ့ဝေးရာကို ရှောင်ထွက်ပြေးချင်လာတယ်။ ဒါမှမဟုတ် တခြားအကြောင်းအရာတစ်ခုခုကို ရှေ့တန်းတင်ပြီးတော့ အာရုံလွှဲရင်း ရသေ့စိတ်ဖြေလုပ်လုပ်လာမိတယ်။ 

တကယ်ဆို ဒီလုပ်ငန်းဒီလိုလုပ်လို့မအောင်မြင်ဘူးဆိုရင် ဘာတွေအားနည်းချက်ရှိနေလို့လဲ၊ ဘယ်အပိုင်းကို ပြန်ပြင်ရမလဲ၊ ဘယ်ဟာတွေကို ပြန်လည်သုံးသပ်ဖို့လိုသလဲဆိုတာမျိုးတွေကို အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ပြီးတော့ ရည်ရွယ်ချက်အောင်မြင်အောင် ကြိုးပမ်းရမှာပါ။ မရမနေဆိုတဲ့စိတ်ကလေး မွေးရမှာပါ။ ဒါပေမဲ့ တချို့ကိုပဲပြန်ကြိုးစားဖြစ်ခဲ့တယ်။ တချို့ကို ရှောင်လွှဲဖြစ်ခဲ့တယ်။ တချို့ကို မျက်ကွယ်ပြုထားဖြစ်ခဲ့တယ်။ တချို့လည်း ပြန်ကြိုးစားရင်း အဆင်ပြေသွားတယ်။ တချို့လည်း ကြာလေဝေးလေတွေ ဖြစ်ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ နောင်မှတတဲ့နောင်တတွေကလည်း ကိုယ့်ကို ဘယ်လိုကောင်းကျိုးပြုနေနိုင်မှာတဲ့လဲ။ ရှေ့ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလျှောက်မလဲဆိုတာကိုသာ ဆင်ခြင်သုံးသပ်ဖို့ အရေးကြီးတာ မဟုတ်ပါလား။

တာဝန်ယူရတဲ့အပိုင်းများလာတာနဲ့အမျှ လုပ်ရမယ့်လုပ်ငန်းဆောင်တာတွေက များများလာတယ်။ ပေးရတဲ့ကတိတွေက များများလာတယ်။ တည်ခဲ့တာတွေရှိသလို မတည်နိုင်ခဲ့တာလေးတွေလည်း ရှိလာတယ်။ အားလုံးမတည်နိုင်တာကလည်း သဘာဝတော့ကျနေပြန်တယ်။ “မတိုင်မီ” နဲ့ “ပြီးနောက်” ဆိုတဲ့စကားလုံးနှစ်ခုရဲ့အကြားမှာ အခြေအနေတွေက အရမ်းကို ကွာဟချက်ကြီးသွားတတ်တာမျိုးမဟုတ်လား။ ကိုယ်ကတော့ဒါကို ဒီလို လုပ်ပါ့မယ်လို့ ပြောခဲ့မိတာပဲ။ ဒါပေမဲ့ တကယ့်တကယ် လက်တွေ့လုပ်ကြည့် တဲ့အခါကျတော့ ထင်မှတ်မထားတဲ့အခက်အခဲလေးတွေ၊ ကြိုတင်တွက်ဆမထားမိတဲ့ အဟန့်အတားလေးတွေက ပေါ်ပေါ်လာတတ်တာကိုး။ ဒါသဘာဝပဲ။

ဒါပေမဲ့ ဒီလိုမျိုး အားလုံးအတွက် အသင့်ဖြစ်မနေတာကို၊ တချို့တချို့သောကိစ္စလေးတွေအတွက် တာဝန်မကျေနိုင်ခဲ့တာကို သဘာဝဟာ သဘာဝပါပဲလေဆိုပြီး မျက်နှာမပူဘဲနေလို့ကလည်း မဖြစ်ပြန်ဘူး ထင်ပါရဲ့။ ငယ်ငယ်တုန်းက ကိုယ်မရတဲ့ဘာသာကို ပစ်ထားခဲ့ရာက အားနည်းသထက်နည်း၊ ညံ့ပြီးရင်းညံ့ခဲ့ရတဲ့သင်ခန်းစာက ဘဝနဲ့ရင်းပြီးရထားခဲ့ပြီလေ။

ဒီတော့ ဘာလုပ်မလဲ။ မျက်နှာပူတတ်တဲ့အကျင့်ကို ဖျောက်မပစ်ဘဲ ပူသင့်သလောက်ပူလိုက်ကြရုံပေါ့။ ကိုယ်လုပ်ရမယ့်အလုပ်တွေကို အင်တိုက်အားတိုက်လုပ်လိုက်ကြရုံပေါ့။ အောင်မြင်တာတွေအတွက်လည်း ဂုဏ်ယူလိုက်ကြရုံပေါ့။ မအောင်မြင်တာလေးတွေအတွက်လည်း ဘယ်လိုအောင်မြင်အောင် လုပ်မလဲဆိုတဲ့အဖြေကိုရှာရင်း၊ ဦးနှောက်ကို အလုပ်ပေးရင်း၊ နားလည်တတ်ကျွမ်းတဲ့သူတွေဆီက အကြံတွေဉာဏ်တွေကိုယူရင်း ရှေ့ခရီးကို အကောင်းဆုံးဖြစ်အောင် နှင်ကြရုံပေါ့။ ဒီကြားထဲကမှ အဆင်မပြေသေးရင်လည်းပဲ မျက်နှာပူပူနဲ့ပဲ ဘဝခရီးကို ဆက်ကြရုံပေါ့လေ။

တစ်ခုတော့ရှိတယ်ဗျ။ ကြွေးများတော့မပူ၊ သန်းထူတော့ မယားဆိုသလိုပါပဲ။ လုပ်ရမယ့်ဟာတွေက များနေပါလျက်နဲ့ မလုပ်မိဘဲဖြစ်၊ ပေးထားတဲ့ကတိတွေက များနေပါလျက်နဲ့ မတည်မိဘဲဖြစ်ပြီးတော့ ဘယ်အရာကိုမှ မျက်နှာမပူဖြစ်တော့ဘဲ မျက်နှာပြောင်တိုက်နေခဲ့မိရင်တော့ သင်္ချာကို ကျွန်တော်ညံ့သွားခဲ့သလိုမျိုး၊ ရူပဗေဒအရာမှာ ကျွန်တော်ဆွံ့အသွားခဲ့သလိုမျိုး ကြုံရတွေ့ရနိုင်တယ်ဆိုတာကို တင်ပြလိုရင်းဖြစ်ပါတယ်။

ဒါ့ကြောင့် လုပ်စရာရှိတာအားလုံးကို တာဝန်ကျေအောင် မဆောင်ရွက်နိုင်တယ်ဆိုတာကလည်း သဘာဝပဲ၊ မျက်နှာပူရတယ်ဆိုတာမျိုးကလည်း သဘာဝပဲမို့ တချို့ကိစ္စတွေအတွက် မျက်နှာပူပူနဲ့ပဲ အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြင်ဆင်ကြိုးစားရင်းနဲ့ ရှေ့ခရီးကိုဆက်ကြပါစို့လို့...။

သိုက်စိုးထွန်း (နတ်ရွာ)