News

POST TYPE

PERSPECTIVE

ရခိုင်အရေး သိခြင်း၊ မသိခြင်း
11-Jun-2018 tagged as



“ဆက်စပ်နေတဲ့ သမိုင်းကြောင်းကိစ္စရပ်တွေအားလုံးကို မြန်မာနိုင်ငံပြင်ပကလူ အနည်းငယ်လောက်နဲ့ မြန်မာနိုင်ငံတွင်းမှာတောင်မှ လူအနည်းငယ်လောက်ပဲ သတိထားမိကြပါတယ်။ ဒါကြောင့် ဒါက ပြင်ပကမ္ဘာအတွက်တင် မဟုတ်ပါဘူး၊ နိုင်ငံတွင်းက ကျွန်မတို့လူထုအနေနဲ့လည်း ဘာဖြစ်နေတယ်၊ ကျွန်မတို့လုပ်ဆောင်တာတွေဟာ ဘာ့ကြောင့်လုပ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ အရေးအကြီးဆုံးက ကျွန်မတို့လူထု နားလည်သင့်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့လုံခြုံရေးကို ကျွန်မတို့ပဲ ထိန်းသိမ်းရမှာပါ”

ဒါကတော့ ပြီးခဲ့တဲ့ရက်အတွင်း ဂျပန် NHK သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တဲ့စကားပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအရဆိုရင် ရခိုင်အရေး (Rakhine Issue) နဲ့ပတ်သက်ပြီး အဖြစ်မှန်ကို အမှန်တကယ် နားလည်သဘောပေါက်သူ အနည်းငယ်သာရှိပြီး နိုင်ငံတော်က လုပ်ကိုင်ဆောင်ရွက်နေတဲ့အပေါ် သဘောပေါက်သူလည်း အနည်းငယ်သာရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။ 

ဒီနေရာမှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်မှုတွေဟာ ပညာရှိပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလို နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ သူ့အမြင်၊ ကိုယ့်အမြင် အကွဲကွဲအပြားပြား ဖြစ်နေတာကို တွေ့ကြရတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ တကယ့်အဖြစ်အပျက်အမှန်တွေကို သိသူက နည်းနည်း။ မသိသူက များများ ဖြစ်နေချိန်မှာတောင် သိသူတွေကိုယ်တိုင်က အမှန်တကယ် သိရှိနားလည်သဘောပေါက်ပါရဲ့လားလို့ မေးစရာတွေ ရှိနေပါသေးတယ်။ 

ရခိုင်မြောက်ပိုင်းပြဿနာကို ပြောတဲ့အခါ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တစ်ခုတည်းသောအမြင်က “လူ့အခွင့်အရေးကိစ္စ” ဖြစ်ပြီး ပြည်တွင်းမှာတော့ “ဒါဟာ အမျိုးသားရေး၊ အချုပ်အခြာအာဏာကိစ္စ” အဖြစ် မှတ်ယူကြတယ်။ ဒီပြဿနာဟာ ပြည်တွင်းအခြေအနေတစ်ခုကနေ နိုင်ငံနယ်နိမိတ်ပြင်ပကို ပျံ့နှံ့ရောက်ရှိသွားတဲ့အခါ နိုင်ငံတကာအရေးအဖြစ် ကူးပြောင်းသွားခဲ့တယ်။ ပြည်တွင်းမှာ ဘယ်လိုပြဿနာ၊ ပဋိပက္ခတွေ ရှိနေခဲ့ပါစေ နိုင်ငံပြင်ပကို ရောက်ရှိသွားတဲ့အခါ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြည်တွင်းမှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို မမြင်တော့ဘဲ နိုင်ငံတကာစံနဲ့ပဲ ဝေဖန်သုံးသပ်ပြောဆိုမှုတွေ ရှိလာတော့တယ်။ ဒီအခြေအနေမှာ ပဋိပက္ခက နိုင်ငံတကာနဲ့ ပြည်တွင်းအဖြစ်ကို ကူးပြောင်းသွားပြီး အဖြေရှာဖို့လည်း ပိုမိုရှုပ်ထွေးခဲ့ရတယ်။ လက်ရှိ ရခိုင်ပြဿနာက ဒီအခြေအနေကို ရောက်ရှိနေတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်မှာ ရခိုင်ပြည်နယ်ကနေ စွန့်ခွာသွားကြတဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံနိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုနဲ့ မြန်မာအစိုးရတို့အကြား နားလည်မှုစာချွန်လွှာ MoU တစ်ခု လက်မှတ်ရေးထိုးလိုက်ကြတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုဆိုတာက UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) နဲ့ UNDP (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) တို့ဖြစ်ပြီး မြန်မာအစိုးရဘက်ကတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုးမှုဟာ ရခိုင်မြောက်ပိုင်းဖြစ်စဉ်အပေါ် နိုင်ငံခြားသားတစ်ဦးပါဝင်တဲ့ ပုဂ္ဂိုလ်သုံးဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းမယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။ ဒီဖြစ်စဉ်နှစ်ခုဟာ နိုင်ငံတကာဖိအားများနဲ့ တောက်လျှောက်ရင်ဆိုင်နေရတဲ့ အစိုးရရဲ့ ဖိအားများလျှော့ချနိုင်ရေး ပထမဦးဆုံးခြေလှမ်းတွေလို့ သုံးသပ်ရပါတယ်။ 

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်တွေရဲ့ နောက်ဆက်တွဲဂယက်က ပြည်တွင်းမှာ အတော်ပြင်းထန်ခဲ့သလို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အစရှိတဲ့ နိုင်ငံတော်အစိုးရထိပ်တန်းခေါင်းဆောင်တွေ ပထမဦးဆုံး (ရုတ်တရက်) တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ရတဲ့အခြေအနေအထိ တွန်းပို့သွားခဲ့တယ်။ ရုတ်တရက်လို့ဆိုရတာက ကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော်ကြီးကို တစ်ရက်တာ ရပ်နားပြီး တွေ့ဆုံခဲ့ကြလို့ပါ။ အဖွဲ့ဝင်သုံးဦးပါ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းမယ်၊ ဒီအထဲမှာ နိုင်ငံခြားသားတစ်ဦးပါဝင်မယ်လို့ ကြေညာထားပေမယ့် ခုချိန်ထိ ဒီအဖွဲ့တရားဝင်ဖွဲ့စည်းတာ မတွေ့ရသေးသလို ဘယ်သူတွေဟာ အဖွဲ့ဝင်ရယ်လို့လည်း မသိရသေးပါဘူး။ 

ဘယ်သူတွေပါဝင်သည်ဖြစ်စေ ဒီအဖွဲ့မှာ “နိုင်ငံခြားသားတစ်ဦး” ဆိုတဲ့ အဖွဲ့ဝင်တစ်ဦး ထည့်သွင်းထားတဲ့ကိစ္စအပေါ်မှာတော့ ကန့်ကွက်မှုတွေများစွာ ရှိနေပါတယ်။ ရခိုင်တိုင်းရင်းသားများက ကန့်ကွက်နေကြသလို အမျိုးသားရေးအကဲဆတ်သူတွေကလည်း မလိုလားကြဘူး။ ကိုဖီအာနန် ကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့စဉ်တုန်းကလိုပဲ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသူတွေဟာ အခုစုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါ နိုင်ငံခြားသားတစ်ဦး ထည့်သွင်းလာတဲ့ကိစ္စကို သဘောမတူပါဘူး။ 

နောက်တစ်ခုက ကုလသမဂ္ဂအဖွဲ့အစည်းကြီးနှစ်ခု (UNDP, UNHCR) တို့နဲ့ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးလိုက်တဲ့ကိစ္စပါ။ UNDP, UNHCR တို့ဟာ ရခိုင်အရေးကိစ္စမှာ လွန်ခဲ့တဲ့ ၂၀၁၂ မတိုင်မီ ကတည်းက ပူးပေါင်းပါဝင်ခဲ့ကြပြီး မြေပြင်အခြေအနေအရ တစ်စုံတစ်ရာ တိုးတက်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို မဖန်တီးနိုင်ခဲ့တဲ့အပြင် ပဋိပက္ခကို ပိုမိုတွန်းပို့စေတဲ့အခြေအနေတွေ ဖန်တီးခဲ့တာ ရှိခဲ့တယ်။ မတူညီတဲ့ ကိုးကွယ်ယုံကြည်သူတွေအကြား Harmony ဖြစ်အောင် မဆောင်ကြဉ်းနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးတွေရှိခဲ့တယ်။ ဒီအဖွဲ့အစည်းနှစ်ခုဟာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေဖြစ်ပြီး ပဋိပက္ခဖြစ်ပွားရာ ကမ္ဘာ့နေရာအနံ့မှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတာမှန်ပေမယ့် မယုံကြည်နိုင်စရာ သံသယတွေရှိနေတယ်။ 

အစိုးရအနေနဲ့က နိုင်ငံတကာဖိအားတွေ လျော့ကျသွားအောင် သင့်လျော်ကောင်းမွန်မယ်ထင်တဲ့ ဖြေရှင်းမှုတွေ၊ (စုံစမ်းရေးကော်မရှင်ဖွဲ့တာ၊ UN အဖွဲ့အစည်းနှစ်ခုနဲ့ ပူးပေါင်းတာ) လုပ်ဆောင်နေတာဖြစ်တယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ အစိုးရစစ်တပ်က ဘင်္ဂါလီတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဖိအားတွေပေးနေတယ်။ ဒီအပေါ်မှာ တစ်စုံတစ်ရာတုံ့ပြန်မှုမပြုရင် အခြေအနေဆိုးလာနိုင်တယ်။ ဒါကြောင့် အခုလို ကုလသမဂ္ဂနဲ့ပူးပေါင်းမှု အစီအစဉ်တွေကို လုပ်ခဲ့ရပုံရတယ်။ 

ဒါပေမဲ့ အစိုးရရဲ့ဖြေရှင်းမှုဟာ မမျှော်မှန်းနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိလာနိုင်တယ်။နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာနိုင်တဲ့အခြေအနေမျိုးထိ စိုးရိမ်စရာဖြစ်ခဲ့ပုံရတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အသေးစိတ် ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ မသိနိုင်ပေမယ့် ခန့်မှန်းလို့ရနိုင်တာကတော့ ရခိုင်အရေးမှာ အစိုးရရဲ့ ဖြေရှင်းပုံအပေါ် တပ်မတော်ဘက်က မေးခွန်းထုတ်တာဖြစ်နိုင်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် NHK သတင်းဌာနကို ပြောခဲ့သလိုပဲ ရခိုင်အရေးနဲ့ပတ်သက်ပြီး ပြည်တွင်းကရော ပြည်ပကပါ နားမလည်တာတွေ အများကြီးရှိနေတယ်။ ဒီပြဿနာကိုဖြေရှင်းရတာ အင်မတန်သိမ်မွေ့နက်နဲတယ်။ ဒါဟာ အမှန်ပဲ။ နောက်ဆုံး နားလည်ပါတယ်လို့ ထင်နေကြသူတွေကိုယ်တိုင် နားမလည်နိုင်သေးတာ အများကြီးရှိနေတယ်။ စာရွက်ပေါ်ကအစီအမံတွေ၊ စိတ်ကူးတွေဟာ မြေပြင်အရှိတရားနဲ့ ကွာဟနေရင် အဖြေရှာဖို့ ခက်နေဦးမှာဖြစ်တယ်။ ဘင်္ဂါလီဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူစာချုပ်ချုပ်ခဲ့တာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကတည်းက ဖြစ်တယ်။ ပြန်လည်လက်ခံရေးစခန်းနဲ့ ကြားစခန်းတွေတည်ဆောက်ပြီး အမှန်တကယ်နေထိုင်ခဲ့သူတွေကို လက်ခံဖို့ အသင့်ဖြစ်နေတာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်ကတည်းကပါ။ ဒါပေမဲ့ ဒီနေ့အထိ ပြန်မဝင်လာကြဘူး။ မိမိသဘောဆန္ဒအလျောက် လုံခြုံဘေးကင်းစွာ ပြန်လည်ဝင်ရောက်ခွင့်ကိစ္စအတွက် အစီအမံတွေ အဆင်သင့်လုပ်ပေးထားတယ်ဆိုပေမယ့် လက်တွေ့မှာ အလုပ်မဖြစ်ခဲ့ဘူး။ ဘာ့ကြောင့် ဒီအစီအစဉ် မအောင်မြင်သလဲ။ 

အခုတစ်ခါ UNDP, UNHCR အကူအညီနဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေးအစီအစဉ်သစ်တစ်ခု ချလာပြန်တယ်။ ဒီမှာ ပြဿနာရှိတာက ကုလသမဂ္ဂအေဂျင်စီတွေရဲ့ ရပ်တည်ချက်ပဲ။ ဒီအဖွဲ့တွေဟာ ဟိုအရင် ၂၀၁၂ အရေးအခင်းပြီးကတည်းက ဒီဒေသတွေမှာ ကူညီစောင့်ရှောက်ရေး တာဝန်ယူခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ပါဝင်မှုဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးထက် ပဋိပက္ခဘက်ကို ပိုပြီးတွန်းပို့နေခဲ့တယ်။ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အဓိကအကျဆုံးက ဒေသခံတွေ၊ အထူးသဖြင့် ရခိုင်နဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ ခံစားမှုကို နားထောင်ဖို့လိုသလို ဒုက္ခသည်တွေရဲ့ခံစားချက်တွေကို နားထောင်ဖို့လိုတယ်။ ပဋိပက္ခကြောင့် သံသယ စိတ်ကြီးထွားနေပြီဖြစ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခု အတူပြန်လည်ယှဉ်တွဲနေထိုင်ရေးဟာ စာရွက်ပေါ်က စီမံချက်တွေလို လက်တွေ့မှာ မလွယ်ကူလှဘူး။ ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ နိုင်ငံတကာပဋိပက္ခများရဲ့ ကြားခံဆိုပေမယ့် တစ်ခါတစ်ရံ ပြဿနာကိုဖိတ်ခေါ်ထားသလို ဖြစ်နေတတ်တယ်။ 

အစိုးရအနေနဲ့ နိုင်ငံတကာဖိအားများအောက်က လွတ်မြောက်ဖို့ နည်းလမ်းရှာတဲ့အခါ စားပွဲဝိုင်းပေါ်ကဖြေရှင်းနည်းတွေထက် လက်တွေ့ အောက်ခြေမြေပြင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပကတိအခြေအနေအရပ်ရပ်နဲ့ ဒေသခံများရဲ့ ခံစားမှုတွေကိုပါ ထဲထဲဝင်ဝင်နားထောင်ပြီးမှ အဖြေရှာဖို့ လိုမယ် ထင်မိကြောင်းပါ။ 

ချစ်ဝင်းမောင် (၉-၆-၂၀၁၈)

  • TAGS