News

POST TYPE

PERSPECTIVE

မုတ်သုံဦး၏ အရိုးစွဲဝေဒနာ သို့မဟုတ် တက္ကသိုလ်ဝင်တန်း
06-Jun-2018 tagged as ပညာရေး

နှစ်စဉ် မုတ်သုံမိုးဦးနှင့်အတူ ကိုယ်ခန္ဓာရောဂါဝေဒနာ ကျရောက်ခြင်းများရှိမည်ဖြစ်သော်လည်း စာရေးသူတင်ပြမည့် အရိုးစွဲဝေဒနာဆိုသည်မှာ မုတ်သုံမိုးဦးကာလတွင် A4 စာရွက်ဖြူဖြူလေးပေါ်တွင် အမည်စာရင်းများဖတ်ရှုပြီးနောက် ဝမ်းနည်းပူဆွေးရသည့် ဝေဒနာနှစ်စဉ်ရင်ဆိုင်နေရသော လူဦးရေ သိန်းနှင့်ချီ ကျောင်းသားများကို ဆိုလိုပါသည်။

တက္ကသိုလ်ဝင်တန်းကျရှုံးတာ ဘဝပါ

အခြေခံပညာကျောင်းများ ဖွင့်လှစ်ခြင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်းကာလသို့ ရောက်လာပြန်ချေပြီ။ ဤကာလရောက်တိုင်း အရေအတွက် သိန်းနှင့်ချီသော တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးကျောင်းသားများ၏ ဝမ်းနည်းပူဆွေးမှု မြင်ကွင်းများသည် နှစ်စဉ်နှစ်တိုင်း မြင်တွေ့နေရ၍ ဖြစ်ရိုးဖြစ်စဉ်သဖွယ် မထူးဆန်းတော့သလို။ ကာယကံရှင်မဟုတ်သူများအနေနှင့် မိမိနှင့်သိကျွမ်းသူ မိတ်ဆွေအပေါင်းအသင်းတို့၏ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသော သားငယ်သမီးငယ်ရှိသူများ၏ အောင်/ရှုံးသတင်းကို မေးကြမြန်းကြနှင့် ဇွန် ၂ ရက်နေ့ကား ပြီးဆုံးသွားခဲ့သော်လည်း ကျရှုံးကျောင်းသားများအနေနှင့်ရော မိဘများအနေနှင့်ပါ မပြီးသေးသောပန်းချီကားအား ဆက်လက်ခြယ်မှုန်းရန် ဝန်ထုပ်ဝန်ပိုးတစ်ရပ်ကို တာဝန်ယူရပြန်ပေပြီ။ ကျရှုံးကျောင်းသားများအတွက် အားပေးစကားတို့ ဆိုသည်မှာလည်း စကားလုံးမျှသာ ဖြစ်သည်။ မိတ်ဆွေသူငယ်ချင်းများ၏ စာမေးပွဲအောင်လားဟူသော မေးခွန်းကို ကာယကံရှင်တို့မှ ကျရှုံးပါသည်ဟု အကြိမ်ကြိမ် ပြန်လည်ဖြေကြားရန် အဘယ်ခွန်အားတို့ ရှိနိုင်တော့ပါမည်နည်း။ စာမေးပွဲကျရှုံးခြင်းသည် ဂုဏ်ယူပျော်ရွှင်စွာ ပြောရသည့်အရာမဟုတ်ပေ။ စာမေးကျတာ ဘဝမဟုတ်ဘူး အခြားနည်းဖြင့် အောင်မြင်နိုင်သည်ဟူ၍ တက္ကသိုလ်ဝင်တန်း မအောင်မြင်ဘဲ စီးပွားရေးနှင့် အခြားနယ်ပယ်တွင် အောင်မြင်နေသောပုဂ္ဂိုလ်များကို စံနမူနာ ဥပမာပေး နှစ်သိမ့်သော်လည်း နှစ်သိမ့်မှုမျှသာဖြစ်သည်။ အရေအတွက် လွန်စွာနည်းလှသော ထိုအောင်မြင်မှုဥပမာများကား နိုင်ငံ၏ သိန်းနှင့်ချီသော ကျရှုံးကျောင်းသားများကို ကိုယ်စားမပြုပေ။ ထိုသို့စာမေးပွဲဟာ ဘဝမဟုတ်ဘူးဟု ပြောနိုင်သည့်အချိန်ကာလကား ထိုသူသည် စာမေးပွဲ ပြန်လည်အောင်မြင်သည့်အချိန်ကျမှသာ ပြောဆိုနိုင်သည့်စကားဖြစ်သည်။ သို့မဟုတ် စာမေးပွဲဆက်လက်မဖြေတော့ဘဲ စီးပွားရေးသော်လည်ကောင်း၊ အခြားနယ်ပယ်တွင်လည်းကောင်း အောင်မြင်သည့် ကာလရောက်မှသာ ပြောနိုင်သည့်စကားဖြစ်သည်။ သို့မဟုတ်ပါပဲ အောင်စာရင်းတွင် မိမိအမည်လည်းပါမလာ အဆင့်မြင့်ပညာနှင့် သက်ဆိုင်ရာ ကောလိပ်တို့သို့ ဆက်လက်ပညာမသင်ယူနိုင်ပါဘဲ စာမေးပွဲဟာ ဘဝမဟုတ်ပါဘူးဟုပြောနေပါလျှင် သဘာဝကျမည်မဟုတ်ပေ။ ဆယ်စုနှစ်ပေါင်းများစွာ အရိုးစွဲနေသော ဆုံးမစကားဖြစ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ဘဝ၏တစ်ဆစ်ချိုး အလှည့်အပြောင်းဖြစ်သည်ဆိုသည်မှာ ယနေ့အထိ ပေတံမကျိုးသေးပေ။ မည်သို့ဆိုစေ ကျရှုံးကာယကံရှင် ကျောင်းသားမှာကား နောက်နှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို မဖြစ်မနေ ပြန်လည်ဖြေဆိုမှသာ အောင်မြင်မှုအခွင့်အလမ်းရှိမည်ဖြစ်သည်။ ထိုအတူ ကျရှုံးကျောင်းသား၏ မိဘများသည်လည်း တစ်နှစ်စာ စရိတ်စကတို့ ထပ်မံကုန်ကျတော့မည်သာ။ ထို့ကြောင့် ကာယကံရှင်တို့အနေနှင့် စာမေးပွဲကျရှုံးခြင်းသည် ဘဝဖြစ်သည်။ စိတ်ကူးယဉ် အိပ်မက်တစ်ခု မဟုတ်ပေ။ တစ်ကြိမ်ကျရှုံးမှုကို ခြေချော်လက်ချော်ဟု ပြော၍ရသော်လည်း တက္ကသိုလ်ဝင်တန်းအား နှစ်ကြိမ်ကျရှုံးသော ကျောင်းသားအတွက် မိမိတို့လူ့အဖွဲ့အစည်းက မည်သို့သုံးသပ်မည်နည်း။ ယေဘုယျလွယ်လွယ်အဖြေကား ကျောင်းသားက စာမလိုက်နိုင်၍ ကျရှုံးသည်ဟု အဖြေပေးကြမည်သာ။ ကျောင်းသား၊ ဆရာ၊ မိဘဟူသော ပညာရေး တြိဂံတွင် အဘယ်ကြောင့် ကျရှုံးမှု၊ မအောင်မြင်မှုနှင့် ကြုံတွေ့ရသောအခါ ကျောင်းသားမျက်နှာစာ တစ်ဖက်တည်းကသာ တာဝန်ခံ၊ တာဝန်ယူရသည့် သဘောဖြစ်နေသနည်း။ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ တွင် ကျောင်းသား ကျောင်းသူများ၏ ပညာရေး အရည်အသွေးတိုးတက်လာရန် မည်သူသည် အဓိကအခရာဟု ဖော်ပြထားသနည်း။

အောင်မြင်ကြ၍ ဝမ်းပန်းတသာ

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်သည် ၁ ရာခိုင်နှုန်း ၃ ရာနှုန်းမှသည် ယခုအခါ ၃၀ ရာခိုင်နှုန်းကျော်ထိ အောင်မြင်လာကြသည်ကို တွေ့ရပေမည်။ ယခု ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူ နှစ်သိန်းခြောက်သောင်းခန့်နှင့် ဂုဏ်ထူးဖြင့် အောင်မြင်သူ ခုနစ်သောင်းခြောက်ထောင်ခန့်ရှိသည်။ ၂၀၁၇ ခုနှစ် အောင်ချက်နှင့် နှိုင်းယှဉ်လျှင် အောင်မြင်သူဦးရေ တစ်သောင်းခြောက်ထောင် ပိုမိုမွေးထုတ်နိုင်ခဲ့သည်။ ထို့ပြင် ၂၀၁၆ ထက်စာလျှင် အောင်မြင်သူဦးရေ ခြောက်သောင်းရှစ်ထောင်ကျော် ၂၀၁၂ ထက်စာလျှင် အောင်မြင်သူဦးရေ တစ်သိန်းနီးပါးခန့်ထိ ပိုမိုတိုးတက် မွေးထုတ်နိုင်ခဲ့သည်။ ထိုမျှမက ယခု ၂၀၁၈ အောင်မြင်မှုသည် ၂၀၁၃ ထက်စာလျှင် ဂုဏ်ထူးရထူးချွန် ကျောင်းသားသုံးသောင်းခုနစ်ထောင်ကျော် မွေးထုတ်ခဲ့သည်။ ယမန်နှစ် ၂၀၁၇ ထက်စာလျှင် ဂုဏ်ထူးရထူးချွန်ကျောင်းသား တစ်သောင်းကိုးထောင်ကျော် ပိုမိုထွက်ရှိခဲ့သည်။ ဂုဏ်ထူးရ အများဆုံးဘာသာများအနေနှင့်လည်း ဘောဂဗေဒဘာသာရပ်ဖြင့် ဂုဏ်ထူးရ ကျောင်းသား သုံးသောင်း ခုနစ်ထောင်ကျော်နှင့် ဇီဝဗေဒ ဂုဏ်ထူးရကျောင်းသား နှစ်သောင်းခြောက်ထောင်ကျော် ထွက်ရှိခဲ့သည်။ ကျောင်းထွက်နှုန်းလျော့ကျရေး စီမံချက်ဖြင့် နိုင်ငံတော်မှ ကြိုးစားလုပ်ဆောင်ခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် အခြေခံပညာတွင် အတန်းစဉ်အလိုက် ကျောင်းတက်သူဦးရေ ပိုမိုများပြား လာရုံမျှမက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေနှင့် အောင်မြင်သူ ဦးရေ တိုးတက်လာသည့်အတွက် ဝမ်းသာကြိုဆိုရမည်ဖြစ်သည်။ တစ်ဖန်ကျရှုံးကျောင်းသားဦးရေသည်လည်း ၂၀၁၂ ခုနှစ်တွင် ကျောင်းသားဦးရေ သုံးသိန်းခန့်ကျရှုံးနေရာမှ ယခုအခါ ၂၀၁၈ ခုနှစ်တွင် ငါးသိန်းသုံးသောင်းကျော် တိုးတက်ကျရှုံးလာခဲ့သည်။ ခရိုင်စစ်ဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့၏ အောင်ချက်သည် ရာနှုန်းပြည့်နီးပါးအောင်မြင်ကြသည်။ ထို့ပြင် အခြေခံပညာ၏ အခြားအတန်းများသည်လည်း ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရခဲ့သည်။ သို့သော် နဝမတန်းတွင်ရာနှုန်းပြည့်နီးပါးအောင် မြင်ခဲ့ကြသော ထိုကျောင်းသား ရှစ်သိန်းခန့်သည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသောအခါ မျက်လှည့်ပြသလို ကျောင်းသားငါးသိန်းကျော် အဘယ်ကြောင့်ကျရှုံးရသနည်း။

တက္ကသိုလ်ဝင်တန်း သင်ကြားသော ကိုယ်ပိုင်ကျောင်းအချို့သည် နဝမတန်းအောင်ကျောင်းသားများအား ဝင်ခွင့်စာမေးပွဲဖြင့်စိစစ်ပြီးမှ လက်ခံသင်ကြားပေးသည့်စနစ်ကို ကျင့်သုံးခဲ့ကြသည်။ ထိုသို့ စိစစ်လက်ခံခြင်းအားဖြင့် ထိုကျောင်းများသည် စာသင်နှစ်စကတည်းက တက္ကသိုလ်ဝင်တန်းကို အောင်မြင်နိုင်ခြေရှိသူများဟု အကြမ်းဖျင်းသတ်မှတ်နိုင်သည်။ ဤသို့ဆိုလျှင် တစ်နိုင်ငံလုံးရှိ နဝမတန်းအောင် ကျောင်းသားများအား တက္ကသိုလ်ဝင်တန်းမတက်မီ ထိုကဲ့သို့ စိစစ်စာမေးပွဲဖြေဆိုစေပါက အောင်မြင်နိုင်ခြေရှိသူနှင့် မရှိသူကို စာသင်နှစ်မစမီကပင် ကြိုတင်သိရှိနိုင်ပေမည်။ ထိုကြိုတင်သိရှိမှုမှတစ်ဆင့် အောင်မြင်နိုင်ခြေအားနည်းသူ အများစုအား အထူးအစီအစဉ်ဖြင့် ကြပ်မတ်သင်ကြားပေးမည်၊ သို့မဟုတ် ပိုမိုကောင်းမွန်သောပညာရေးစနစ်များ တီထွင်ပေးမည်ဆိုလျှင် ယခုထက် အောင်ချက်ပိုမိုကောင်းလာနိုင်မည်လောဟု အတွေးပွားမိသည်။

နည်းပညာနှင့် သက်မွေးပညာရေးသည် ဒုတိယတန်းစားပညာရေးမဟုတ်

အဋ္ဌမတန်းဖြေဆိုပြီးသူများကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ အစိုးရ အထက်တန်းကျောင်းများတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှင့်အတွက် သင်တန်းသားသစ်များအား မေလဒုတိယပတ်က စတင်လက်ခံစိစစ်ခဲ့သည်။ တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၃၅ ကျောင်းမှ ပထမနှစ်သင်တန်းသားများကို လက်ခံခဲ့သည်။ ဝင်ခွင့်အောင်မြင်သူများကို စာတွေ့ လက်တွေ့ နှစ်နှစ်သင်ကြားပေးမည်ဖြစ်ပြီး ထိုသင်တန်းနှစ်နှစ်တက်ရောက်ပြီးသူများကိုလည်း တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ပေးမည်ဖြစ်သည်။ ထို့ပြင် ထိုနည်းပညာအထက်တန်းကျောင်း သင်တန်းပြီးဆုံးသူများကိုလည်း သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ နည်းပညာကောလိပ်နှင့် နည်းပညာတက္ကသိုလ်တို့ကို အဆင့်ဆင့်ပေါင်းကူးတက်ရောက် ခွင့်ရမည်ဖြစ်သည်။ ပေါင်းကူး ဆက်လက်မတက်ရောက်တော့သည့် ကျောင်းသားသည် နည်းပညာအထက်တန်းကျောင်းပြီးမြောက်သူ အင်ဂျင်နီယာတစ်ယောက် ဖြစ်လာပေမည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် နည်းပညာအထက်တန်းကျောင်း နှစ်နှစ်သင်ကြားခြင်းသည် အခြေခံပညာအထက်တန်း (နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း) နှစ်နှစ်နှင့် တူညီသည်ဟု သတ်မှတ်ထားသည်။ သို့သော် ကွာခြားချက်ကား ဥပမာ-ကျောင်းသားတစ်ယောက်သည် အခြေခံပညာအဆင့်ဖြင့်သာ ပညာရေးရပ်တန့်၍ အဆင့်မြင့်ပညာကို ဆက်လက်မသင်ယူတော့ဟု ဆိုပါစို့။ အထက်တန်းပညာသင်နှစ် (နှစ်) နှစ်ဟူသော အတိုင်းအတာသည် အခြေခံပညာအထက်တန်းသင်ယူ၍ တက္ကသိုလ်ဝင်တန်းကျရှုံးသော ကျောင်းသားနှင့် နည်းပညာအထက်တန်း (GTHS) အောင်မြင်သော အင်ဂျင်နီယာတစ်ယောက်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် ဂုဏ်သိက္ခာအရရော အသုံးချ အတတ်ပညာတတ်မြောက်မှုအရပါ ကွာခြားပါလိမ့်မည်။ ထို့ကြောင့်လည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ နည်းပညာနှင့် သက်မွေးပညာရေးဟာ ဒုတိယတန်းစားပညာရေးမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူနေမှုအဆင့် အတန်းမြင့်မားတိုးတက်ဖို့အတွက် ပထမတန်းစားနည်းပညာနှင့် သက်မွေးပညာရေးစနစ် လိုအပ်ပါတယ်ဟု မိန့်မှာခဲ့သည်။

အဆင့်မြင့်ပညာတက်ရောက်နိုင်ဖို့ အော်တာနေးတစ်နည်းလမ်းတွေ ပိုမိုလာပါစေ

ယခုအခါ အခြေခံပညာရေးတွင် ကျောင်းထွက်နှုန်းလျော့ကျရေးနှင့် အခမဲ့ပညာရေး စီမံအောင်မြင်မှုအရ ကျောင်းသားဦးရေ တိုးတက်လာခဲ့သည်။ ထို့ကြောင့် အောင်မြင်သူဦးရေလည်း တိုးတက်လာသည်။ထို့အပြင် ကျရှုံးကျောင်းသားများမှာလည်း သိန်းနှင့်ချီများပြားလျက်ရှိနေသေးသည်။ နည်းပညာအထက်တန်းကျောင်း (GTHS) မှနေ၍ သတ်မှတ်ချက်များနှင့်ညီညွတ်ပါက အဆင့်မြင့်ပညာကို သင်ယူနိုင်မည့် အခွင့်အရေးရှိသည်။ ထို့ကြောင့် အခြေခံပညာ အထက်တန်းကျောင်းသားများအား ကျရှုံးသည်အထိ စောင့်ဆိုင်းမနေဘဲ အဆင့်မြင့်ပညာရေး ဆက်လက်တက်ရောက်နိုင်အောင် ပေါင်းကူးနိုင်မည့် အခြားနည်းလမ်းများ များများဖန်တီးပေးနိုင်ပါစေဟု ဆုတောင်းလိုက်ပါသည်။

ဦးခီ