News

POST TYPE

PERSPECTIVE

လူငယ်နှင့် နိုင်ငံရေး
တက္ကသိုလ်ကောလိပ်တွေမှာ နိုင်ငံရေးနှင့်ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ကျင်းပခွင့်မပြုတဲ့အကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်ဘဝ ပိုမိုသာယာလှပနိုင်ရေးအတွက် ပညာရပ်ဆိုင်ရာ၊ သုတေသနဆိုင်ရာ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဆန်းသစ်တီထွင်ဖန်တီးခြင်းဆိုင်ရာ ဟောပြောဆွေးနွေးပွဲတွေကိုပဲ ခွင့်ပြုမယ်လို့ ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ အဆင့်မြင့်ပညာက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်သတဲ့။ 

ဒီလိုညွှန်ကြားချက်မျိုးထုတ်လိုက်တယ်ဆိုပေမယ့် တက္ကသိုလ်တွေမှာက နိုင်ငံရေးသိပ္ပံဘာသာရပ်တို့၊ နိုင်ငံရေးဘောဂဗေဒဘာသာရပ်တို့လိုဟာမျိုးတွေကိုလည်း တရားဝင် သင်ကြားပေးနေရပြန်တော့ ဒီဘာသာ ရပ်တွေသင်တဲ့ ပါမောက္ခတွေ၊ ကထိကတွေလည်း တော်တော်လေးမျက်ခုံး လှုပ်သွားလိမ့်မယ်ထင်တယ်။ ဘဝရှေ့ရေးကိုတွေးပြီး ဗေဒင်တွေ ဘာတွေမေး၊ ယတြာတွေ ဘာတွေချေ၊ ဟိုကပ်သည်ကပ်နှင့် ဆောက်တည်ရာမရ ပျာပျာသလဲတွေများ လုပ်လိုက်ကြလေမလား မသိပါဘူး။

ဒါပေမဲ့ ဒီဟာက သိပ်တော့ကြာကြာမခံလိုက်ဘူး။ ညွှန်ကြားချက်နှင့် ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ မြင့်တက်သွားတယ်။ ဝေဖန်သံတွေကြောင့်ပဲလား၊ တခြားအကြောင်းကြောင့်လားတော့မသိ။ ဇွန်လ ၂ ရက်နေ့ကျတော့ စောစောကညွှန်ကြားချက်ကို ပယ်ဖျက်လိုက်ပြန်သတဲ့။ 

ဒီနေရာမှာပြောစရာရှိတာက နိုင်ငံရေးဆိုတဲ့အသုံးအနှုန်း ဝေါဟာရနှင့်ပတ်သက်လို့ပါ။ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကိုကြားလိုက်တာနဲ့ ဘာကို ပြေးမြင်မိကြသလဲ၊ ဘာကိုစဉ်းစားမိလိုက်ကြသလဲ ဆိုတဲ့အချက်ပါ။ ဒီတော့ နိုင်ငံရေးဆိုတာဘာလဲ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ဘယ်လိုဟာကိုခေါ်သလဲ ဆိုတဲ့အချက်တွေကို စဉ်းစားကြည့်ဖို့လိုမယ်လို့ ထင်ပါတယ်။ အများအားဖြင့်ကတော့ နိုင်ငံရေးလို့ပြောလိုက်ရင် လက်ရှိအစိုးရကို ထောက်ခံတာပဲဖြစ်ဖြစ်၊ အတိုက်အခံလုပ်ပြီး ဆန့်ကျင်ဘက်ပြောတာတွေကိုပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်ထားပုံရပါတယ်။ တစ်နည်းအားဖြင့် ပါတီ နိုင်ငံရေးလုပ်တာကိုပဲ နိုင်ငံရေးလို့ လက်ခံထားပုံရပါတယ်။ ဒါ့ကြောင့်သာလျှင် တက္ကသိုလ်၊ ကောလိပ်တွေမှာ နိုင်ငံရေးဆွေးနွေးတာတွေမလုပ်ဖို့ ညွှန်ကြားချက်ထုတ်လိုက်တာ ဖြစ်ပါလိမ့်မယ်။ ပြီးတော့မှ ဒီလိုညွှန်ကြားလိုက်တာ သိပ်တော့မဟန်သေးဘူးလို့ ပြန်စဉ်းစားမိပြီး မဟုတ်သေးဘူးဟေ့၊ စောစောကစာကို ပြန်ဖျက်လိုက်ကြဦးလို့ ထပ်ညွှန်ကြားလိုက်တာ ဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ နိုင်ငံရေးဆိုတဲ့ဟာကို အဓိပ္ပာယ်ပြန်ဖွင့်ကြည့်ဖို့လိုလိမ့်မယ်ထင်ပါတယ်။ ပါတီနိုင်ငံရေးတစ်ခုတည်းကိုသာ နိုင်ငံရေးလို့ပြောနိုင်တာတော့ ဟုတ်ပုံမရပါဘူး။ နိုင်ငံဆိုတာရယ်၊ အရေးအရာဆိုတာရယ် ပေါင်းပြီးတော့မှ နိုင်ငံရေးဆိုတဲ့စကားလုံး ပေါ်ပေါက်လာတယ်လို့ ယူဆစရာရှိပါတယ်။ သေးသေးလေးကစပြောရရင် ကိုယ်ဆိုတာရှိတယ်၊ အရေးအရာဆိုတာရှိတယ်၊ ဒီနှစ်ခုပေါင်းလိုက်တော့ ကိုယ်ရေးကိုယ်တာကိစ္စဆိုတာတွေ ဖြစ်လာတယ်။ နောက်တစ်ခါ ရပ်ရွာဆိုတာရှိတယ်၊ အရေးအရာဆိုတာရှိတယ်၊ ဒီနှစ်ခုပေါင်းလိုက်တော့ ရပ်ရေးရွာရေးဆိုတာတွေဖြစ်လာတယ်။ ကိုယ်ရေးကိုယ်တာလုပ်ငန်း မလုပ်တဲ့သူမရှိသလို ရပ်ရေးရွာရေးလုပ်တဲ့သူလည်း ရှားမှာပါ။ ပြီးတော့ ရပ်ရေးရွာရေးလုပ်တယ်ဆိုတာ ဘယ်လိုဟာလဲ၊ ရပ်ရေးရွာရေးလုပ်တာ ကောင်းသလား၊ မကောင်းဘူးလား။ ဒီလိုစဉ်းစားလိုက်ရင် နိုင်ငံရေးနှင့်ပတ်သက်တဲ့အဖြေကို အနီးဆုံး စဉ်းစားလို့ရနိုင်မယ် ထင်ပါတယ်။

နိုင်ငံတစ်ခုမှာနေတယ်။ အဲ့ဒီနိုင်ငံရဲ့ အရေးအရာကိစ္စရပ်တွေကို စဉ်းစားတွေးတောတယ်၊ ပြောဆိုဆွေးနွေးတယ်၊ လုပ်ကိုင်ဆောင်ရွက်တယ်။ ဒါကိုမကောင်းတဲ့ကိစ္စလို့တော့ ပြောဖို့ခက်လိမ့်မယ်ထင်ပါတယ်။ လူငယ်အရွယ်မို့လို့ နိုင်ငံရေးမလုပ်ရဘူး၊ နိုင်ငံရေးစကား မပြောရဘူးလို့လည်း ကန့်သတ်ဖို့သင့်ပါ့မလားလို့လည်း စဉ်းစားစရာ ရှိပြန်ပါတယ်။ ခက်တာက နိုင်ငံရေးဆိုတဲ့စကားလုံးအပေါ်မှာ အဓိပ္ပာယ်ကောက်ယူပုံပါ။ နိုင်ငံရေးလို့ပြောလိုက်တာနဲ့ လက်သီးလက်မောင်းတန်းပြီး ဒေါနဲ့မောနဲ့ ပြောကြဆိုကြ၊ ထောက်ခံကြ၊ ကန့်ကွက်ကြတာတွေကိုပဲ ပြေးမြင်ရတော့မလိုဖြစ်နေပါတယ်။ 

နိုင်ငံတော်အနေနဲ့ နိုင်ငံရေးဆိုသည်မှာ မည်သည့်အရာကို ခေါ်ဆိုပါသည်ဆိုတဲ့ သတ်မှတ်ပြဋ္ဌာန်းချက်မျိုး ထုတ်ပြန်ထားတာ မတွေ့ဖူးပေမယ့် နိုင်ငံရေးနဲ့ပတ်သက်လို့ ဘာတွေကိုဦးတည်ထားတယ်၊ ဘာတွေကို ဆောင်ရွက်မယ်ဆိုတဲ့ နိုင်ငံရေးဦးတည်ချက်တွေကိုတော့ တရားဝင်၊ တိတိကျကျ ထုတ်ပြန်ထားတာရှိပါတယ်။ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုတဲ့အချက်တွေပါ။ ဒီတော့ တည်ငြိမ်အောင်၊ အေးချမ်းသာယာအောင်လုပ်တာ နိုင်ငံရေး၊ တရားဥပဒေ စိုးမိုးအောင်လုပ်တာ နိုင်ငံရေး၊ အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာအောင်လုပ်တာနိုင်ငံရေး၊ အဲ့သလို ပြောရလိမ့်မယ်ထင်တယ်။

ဒါဆိုရင်တော့ တချို့တွေလက်ခံထားတဲ့နိုင်ငံရေးဆိုတာနဲ့ ကွဲကောင်းကွဲနေလိမ့်မယ်ထင်တယ်။ ကျွန်တော် နိုင်ငံရေးလုပ်လာတာ နှစ်ပေါင်း ဘယ်ရွေ့ဘယ်မျှရှိနေပြီ၊ တစ်လျှောက်လုံးအနစ်နာခံလာခဲ့တာ စသည်အားဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုမိတ်ဆက်ကြသူတွေ တွေ့ဖူးပေါင်း များလှပါပြီ။ ဝါရင့်နိုင်ငံရေးသမားလို့တောင် ပြောလို့ရပြီ ဆိုသူတွေလည်းရှိပါရဲ့။ အဲ့ဒီဝါရင့်နိုင်ငံရေးသမားဆိုတဲ့ ပုဂ္ဂိုလ်ကြီးများကိုယ်တိုင်လည်း နိုင်ငံရေးဆိုတာနဲ့ ပါတီနိုင်ငံရေးကို သိပ်မကွဲပြားကြတဲ့သဘော ရှိနေပြန်ပါတယ်။ ပါတီနိုင်ငံရေးနှင့် နိုင်ငံရေးကို ရောထွေးနေတဲ့သူတွေ တော်တော်များများ တွေ့နေမြင်နေရပါတယ်။

နိုင်ငံ့အရေးအရာတွေမှန်သမျှကို နိုင်ငံရေးလို့ပြောနိုင်တယ်ဆိုရင် ပါတီနိုင်ငံရေးကိုတော့ ဘယ်လိုပြောမလဲလို့ မေးစရာရှိပါတယ်။ မှန်ပါတယ်။ ပါတီနိုင်ငံရေးလည်း နိုင်ငံရေးပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ မဆိုဝံ့စကားကိုဆိုရရင် ပါတီနိုင်ငံရေးဆိုရာမှာ နိုင်ငံ့အရေးအပြင် ပါတီရဲ့အရေးတွေလည်း ပါဝင်နိုင်တယ်လို့ ပြောရမှာပါ။ ပါတီနိုင်ငံရေးကိုတော့ ကိုယ်ယုံကြည်ရာအတိုင်း သက်ဆိုင်ရာပါတီနှင့် လက်တွဲပြီးတော့ ဆောင်ရွက်လိုက ဆောင်ရွက်နိုင်ပါတယ်။ ပါတီစုံဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ပါတီနိုင်ငံရေးဟာလည်း နိုင်ငံရေးမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ဦးဆောင်ပါဝင်နေပါတယ်။ နိုင်ငံရေးသီးသန့်ဆိုရင်တော့ တစ်နိုင်ငံလုံးနဲ့ပတ်သက်တာမို့ ဘယ်သူဘယ်ဝါမှ ကင်းကွာလို့ရနိုင်မယ် မထင်ပါဘူး။ ပါတီနိုင်ငံရေးဆိုရင်တော့ ကင်းလို့ရနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းတွေဆိုရင် ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ သတ်မှတ်ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ပါတီနိုင်ငံရေးမဟုတ်တဲ့ နိုင်ငံရေးသီးသန့်ကိုတော့ အမျိုးသားနိုင်ငံရေးလို့ ပြောရမယ်ထင်ပါတယ်။ အမျိုးသားနိုင်ငံရေးကို နိုင်ငံသားတိုင်း ဆောင်ရွက်ခွင့်ရှိပါတယ်။ ဒီတော့ နိုင်ငံရေးသမားလို့ ပြောလိုက်ရင် အဲ့ဒီအထဲမှာ နိုင်ငံသားအားလုံးပါနေမှာပါ။ နိုင်ငံ့အရေးအရာ ကိစ္စရပ်တွေကို လုပ်ကိုင်ဆောင်ရွက်နေသူမှန်သမျှဟာ နိုင်ငံရေးသမားတွေချည်းပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ နိုင်ငံရေးဆိုတာနဲ့ ပါတီနိုင်ငံရေးကိုတော့ ရောထွေးမသွားဖို့လိုမှာပါ။

ဒီတော့ စောစောက ထုတ်ပြန်လိုက်၊ ပယ်ဖျက်လိုက်လုပ်ခဲ့တဲ့ ညွှန်ကြားချက်ကတော့ ပါတီနိုင်ငံရေးကိုသာ ရည်ညွှန်းတာဖြစ်မှာပါ။ တက္ကသိုလ်နယ်မြေမှာ၊ လူငယ်အရွယ်မှာ ပါတီနိုင်ငံရေးမလုပ်သင့်ဘူးလို့ ယူဆတဲ့အတွက် ဒီလိုညွှန်ကြားချက်မျိုးကို ထုတ်ခဲ့တာဖြစ်မှာပါ။

ဒီလိုအယူအဆမျိုးကို ဆရာကြီးဦးအောင်သင်းလည်း ယုံကြည်လက်ခံခဲ့တာကို တွေ့ရပါတယ်။ ဆရာမ မိုးမိုး (အင်းလျား) အမှတ်တရအနေနဲ့ ကျင်းပတဲ့ “အမွေ” ဆိုတဲ့ ဟောပြောပွဲမှာ လူငယ်နှင့် နိုင်ငံရေးဆိုတဲ့ အကြောင်းအရာနှင့်ပတ်သက်လို့ “သိပ်အများကြီးမပြောဘူးနော်။ နိုင်ငံရေးဆိုတော့ ဟိုဝါဒတွေ၊ ဒီဝါဒတွေ ထင်မနေနဲ့။ တစ်ချက်တည်းပဲ။ ကြောက်စရာ အကောင်းဆုံးက နိုင်ငံရေးစည်းရုံးမှု။ သိပ်ကြောက်ဖို့ကောင်းတယ်။ ထိုး ဖောက်နိုင်မှု အင်မတန်အားကြီးတယ်။ ပယ်နိုင်ဖို့ခက်တယ်။ ယုံကြည်လွယ် တယ်။ သိပ်အပြောကောင်းတယ်။ သူတို့ဟာ အဲ့ဒီတော့ နိုင်ငံရေးစည်းရုံးမှု ပါသွားတာနဲ့ ဘဝပျက်သွားတာမျိုး ရှိတတ်တယ်။ ဘာကြောင့်ပျက်သလဲ။ ဘယ်လိုပျက်တတ်သလဲ။ ငယ်ငယ်မှာ နိုင်ငံရေးထဲပါသွားရင် ပျက်တတ်တယ်”လို့ ပြောပြီးတော့ သူ့ရဲ့ကိုယ်တွေ့ အဖြစ်အပျက်တွေကို ဟောပြောခဲ့ပါတယ်။ ဆရာပြောခဲ့တဲ့နိုင်ငံရေးဆိုတာလည်း ပါတီနိုင်ငံရေးကိုပဲ ဆိုလိုခဲ့တာ ဖြစ်မယ်ထင်ပါတယ်။ 

လူငယ်တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောခဲ့ဖူးတာလည်းရှိပါတယ်။ “ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဘူး ဆိုတာကတော့ ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ မဖြစ်စေချင်တဲ့လူတွေက ပြောတဲ့စကားပါ။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ဘူး၊ လူငယ်တွေ နိုင်ငံရေးမလုပ်ဘူးဆိုရင် ဘယ်တော့မှ ဒီမိုကရေစီမထွန်းကားနိုင်ပါဘူး။ အဲ့ဒီတော့ ကျွန်မကတော့ အဲ့ဒါကိုလုံးဝဆန့်ကျင်တယ်လို့ ပြောကြားလိုပါတယ်”တဲ့။ 

အချုပ်အားဖြင့် တင်ပြရရင်တော့ ပါတီနိုင်ငံရေးကို လုပ်ချင်လုပ်နိုင်တယ်၊ မလုပ်ချင်လည်း မလုပ်ဘဲနေနိုင်တယ်၊ အမျိုးသားနိုင်ငံရေးကိုတော့ နိုင်ငံသားတိုင်း လူကြီး လူငယ် မခွဲခြားဘဲ ပါဝင်လုပ်ဆောင်သင့်တယ်လို့ သဘောရရှိပါကြောင်းခင်ဗျာ။

သိုက်စိုးထွန်း (နတ်ရွာ)