News

POST TYPE

PERSPECTIVE

နိုင်ငံတကာနှင့် ကုန်သွယ်မှုမြှင့်ရန် စီးပွားရေးသံမှူးများ ထပ်မံစေလွှတ်မည်
02-Jun-2018

ရန်ကုန်၊ ဇွန် ၂

နိုင်ငံတကာနှင့် ကုန်သွယ်မှုလုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးသံမှူးများ ထပ်မံစေလွှတ်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

လက်ရှိတွင် အိန္ဒိယ၊ အမေရိက၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယားနှင့် တရုတ် စသည့် နိုင်ငံများကို စီးပွားရေးသံမှူးများ စေလွှတ်ထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

“အဆက်အသွယ်ခက်တဲ့နေရာတွေမှာ နောက်ပိုင်းစီးပွားရေးသံမှူးတွေကို သံရုံးနဲ့တွဲပြီးထားဖို့ ကြိုးစားနေပါတယ်။ သီးခြားစီးပွားရေးသံမှူးတွေရဲ့ ရုံးဖွင့်ဖို့ကိုတော့ အချိန်ယူရပါဦးမယ်။ မြန်မာနိုင်ငံ သံရုံးရှိတယ်။ နိုင်ငံခြားရေးသံရုံး ရှိတယ်ဆိုရင် အဲဒီရုံးတွေကိုမှီပြီးတော့ ကိုးနိုင်ငံမှာ စီးပွားရေးသံမှူးတွေ လွှတ်ထားတာ ရှိပါတယ်။ နောက်လည်း ထပ်ပြီးလွှတ်ဖို့ စီစဉ်နေပါတယ်”ဟု ဦးတိုးအောင်မြင့်က ပြောဆိုသည်။ 

နောက်ပိုင်းတွင် နိုင်ငံပေါင်း ကိုးနိုင်ငံအပြင် အခြား ဆက်သွယ်ရခက်ခဲသည့် နိုင်ငံများသို့လည်း စီးပွားရေးသံမှူးများ ထပ်မံ စေလွှတ်သွားမည်ဖြစ်ပြီး စေလွှတ်မည့်စီးပွားရေးသံမှူး အရေအတွက်ကို အတိအကျ ပြော၍မရသေးကြောင်း ၎င်းကဆိုသည်။

စီးပွားရေးသံမှူးများသည် အဆိုပါနိုင်ငံများရှိ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ ကုန်စည်ပြပွဲများနှင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းဝယ်ယူလိုသူများကို ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

J-11