News

POST TYPE

PERSPECTIVE

ငြိမ်းချမ်းရေးရရှိရေးနှင့် ဖမ်းဆီးခံလူငယ်များ လွတ်မြောက်ရေး တောင်းဆိုသူ ၈ ဦး ဖမ်းဆီးခံရ

ပြည်၊ မေ ၃၁

ငြိမ်းချမ်းရေးရရှိရေးနှင့် ငြိမ်းချမ်းရေးရရှိရန် တောင်းဆိုမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံရသော ကျောင်းသားလူငယ်များလွှတ်ပေးရေး ပြည်မြို့တွင် ဆုတောင်းဆန္ဒပြပွဲလုပ်ခဲ့သော ကျောင်းသားလူငယ် ၈ ဦးကို ပြည်မြို့နယ် ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားကြောင်း ပြည်မြို့နယ်၊ ရဲမှူးသန်းထွန်းအောင်က ပြောကြားသည်။

မေလ ၃၁ ရက်နေ့ မွန်းလွဲ၂ နာရီခန့်က ပြည်မြို့၊ ရွှေဆံတော်စေတီရှေ့ ဆန္ဒပြတောင်းဆိုသူငါးဦးနှင့် ဘုရားပေါ်တက်၍ ဆုတောင်းသော လူငယ်သုံးဦး စုစုပေါင်းရှစ်ဦးကို ဖမ်းဆီးကာ ရွှေဆံတော်ဘုရားအနီးရှိ ပြည်မြို့မ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး၂ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မြန်မာနိုင်ငံနဲ့အဝန်းမှာ ငြိမ်းချမ်းရေးရဖို့ တောင်းဆိုတဲ့သူတွေကို ဖမ်းဆီးခံရတာတွေရှိတယ်။ အဲဒီသူတွေကိုလွှတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။ ကျွန်တော်တို့ ဆန္ဒပြလမ်းလျှောက်လာတာမှာ ဘုရားရှေ့အရောက်မှာပဲ အဖမ်းခံရတယ်”ဟု ဖမ်းဆီးအမှုဖွင့်ခံရသော ဗမာ့လူငယ်များ လွတ်မြောက်ရေး ကွန်ဂရက် လူငယ်ရေးရာ တာဝန်ခံ ကိုရန်ပိုင်ထက်က ပြောဆိုသည်။

ငြိမ်းစုစီတင်ပြီး ဆန္ဒပြရန် လာရောက်ညှိနှိုင်းခဲ့သော်လည်း ယခင်ကပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှုများရှိခဲ့၍ ငြိမ်းစုစီ မတင်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဆန္ဒဖော်ထုတ်မယ်ဆိုတာ ကြိုသိတဲ့အတွက် သူတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာခေါ်ပြီး ခွင့်ပြုမိန့် တင်ပြီးမှလုပ်ဖို့ ခေါ်ယူညှိနှိုင်းခဲ့ပါတယ်။ အဲဒါကိုမတင်ဘဲ အခုလို ဆန္ဒဖော်ထုတ်တဲ့အတွက် ဦးဆောင်သူနှစ်ဦးကို ပုဒ်မ ၁၉ နဲ့ အရေးယူထားပါတယ်”ဟု ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းအောင်က ပြောဆိုသည်။

အဆိုပါဖမ်းဆီးခံရသူ ၈ ဦးမှာ ပြည်မြို့နှင့် နတ်တလင်းမြို့ အခြေစိုက် ဗမာ့လူငယ်များ လွတ်မြောက်ရေး ကွန်ဂရက် (B.Y.L.C) အဖွဲ့ဝင်များဖြစ်ပြီး ဖမ်းဆီးသူ ၈ ဦးအနက် နှစ်ဦးကိုသာ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူကာ အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့်မေလ ၁၅ ရက်နေ့ကလည်း နတ္တလင်းမြို့ သကျမဟာမုနိဘုရားကြီးတွင် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် စစ်ပွဲများရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပြီး လမ်းလျှောက်သည့် လူငယ် ၁၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့အနက်မှ သုံးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

M-06